စောင့်ကြည့်မှုနှင့် ထပ်တူ

ဘာဝနာ ပွားနည်းတွေ ရာနဲ့ချီပြီး ရှိပါတယ်။ ဒါပေမယ့် ဝိပဿနာ ဘာဝနာဟာ အထီးတည်း တစ်ကြောင်းတည်းသော လမ်း ဖြစ်ပါတယ်။ ခက်ခဲနက်နဲ ပါတယ် ဆိုတဲ့ အရာပေါင်း သောင်းခြောက်ထောင် ကြားမှာ ဗုဒ္ဓဟာ သူ့ရဲ့ နည်းစနစ်ကို အရှင်းလင်း အပြတ်သားဆုံး ချပြပေးနိုင် ခဲ့တယ် ။ ဘယ်ရှုထောင့်ကပဲ ရှုမြင်ပါစေ ဗုဒ္ဓဟာ ပြိုင်ဘက်ကင်း အတုမဲ့ ဖြစ်ပါတယ်။ လူမှုလူ့ဘောင်မှာ ဗုဒ္ဓထက် ပိုသာတဲ့ လူသားမျိုး ကျနော် မတွေ့ခဲ့၊ မသိခဲ့ဘူး ။ ဗုဒ္ဓရဲ့ သစ္စာ တရား ရှာဖွေကြိုးပမ်းမှုဟာ ရိုးသားတယ်၊ အခြား လူသားတွေထက် ပိုပြီး ဖြူစင်သန့်ရှင်း နေပါတယ်။

ဗုဒ္ဓအကြောင်းကို ကျနော် ဘာလို့ ဒီလောက် ပြောနေရသလဲ ဆိုရင် ခင်ဗျား မေးတဲ့ မေးခွန်းက ဝိပဿနာ ဘာဝနာ ဖြစ်နေလို့ပါ။ ဒီ ဝိပဿနာ ဟာ ဗုဒ္ဓဂေါတမ ဥာဏ်အလင်း ရခဲ့တဲ့ လမ်း၊ ဗုဒ္ဓ ဘုရား ဖြစ်ခဲ့တဲ့ ဘာဝနာ ဖြစ်လို့ပဲ။

ဝိပဿနာ ဆိုတဲ့ ပါဠိစကားဟာ ဗုဒ္ဓ ဟောကြားသုံးစွဲတဲ့ ဘာသာ စကားလို့ ဆိုပေမယ့် သူ အပြည့်အဝ ရင်းနှီးကျွမ်းဝင် တဲ့ ဘာသာစကားဟာ တန်းမြင့် သက္ကတ ဘာသာ ဖြစ်ပါတယ်။ မင်းသားတစ်ပါး အနေနဲ့ အဲ့သည် ခေတ်အခါက ပညာရပ်တွေ၊ စာပေတွေကို အဆင့်အမြင့်ဆုံး တဖက်ကမ်းခတ် သင်ကြား ခဲ့ရပါလိမ့်မယ်။ တတ်လည်း တတ်မြောက် ခဲ့မယ်။ ဒါပေမယ့် သူ တရား ဟောကြားချိန်မှာ ဘာလို့ သက္ကတ ဘာသာကို များများစားစား မသုံးစွဲရတာတဲ့လဲ။ အကြောင်းက သက္ကတ ဘာသာဟာ အဲ့ခေတ်အခါက ပညာတတ်၊ ဗြဟ္မဏ၊ ဘုန်းတော်ကြီး၊ မင်းသားတွေ အတွက်သာ လျို့ဝှက်နက်နဲခဲ့ပြီး၊ ပြည်သူတွေ အတွက် မဟုတ်လို့ပါ။

ဒါကြောင့်လည်း သက္ကတဘာသာဟာ ရှင်သန်နေတဲ့ ဘာသာစကား တစ်ရပ် မဖြစ်လာ ခဲ့ဘူး။ ကမ္ဘာ့ ဘာသာစကား တွေ အားလုံးထဲက ဘာသာ အသေ တစ်ခု ဖြစ်သွားခဲ့တယ်။ ဒီ ဘာသာစကားဟာ ပညာတတ် ဆိုတဲ့ သူတွေမှ ပြောဆိုနိုင်ကြ တယ်။ ခေတ်စကားနဲ့ ပြောရင် စကောလား တွေမှ သိနိုင်ကြတယ်။ ဒီဘာသာစကား ဟာ ခက်ခဲနေတယ်၊ လျို့ဝှက်ချက်တွေနဲ့ ပြည့်လျှမ်း နေတယ်။ ဒါပေမယ့် တကယ်တမ်း အခြား ဘာသာ တစ်ခုကို ပြန်ဆိုကြည့်ရင် သာမာန် ဘာသာလို ဘာမှ မထူးခြားဘူးရယ်။ နားထောင်လို့ ကောင်းမယ့် အသံတွေချည်း သက်သက် ဖြစ်နေ သလိုပဲ။ နောက်ပြီး သက္ကတ ဘာသာရဲ့ ဖွဲ့စည်းပုံဟာ လေးနက်ပါတယ်။ ကမ္ဘာ ပေါ်က ဘာသာစကားတွေထဲမှာ အပြည့်စုံဆုံး ဖွဲ့စည်းပုံပါ။ သိပ် အားစိုက်ရပါတယ်။ သူ့မှာ ဗျည်းအက္ခရာ ငါးဆယ့်နှစ်လုံးရှိတယ်။ အင်္ဂလိပ်စာ မှာဆို နှစ်ဆယ့် ခြောက်လုံးသာ ရှိတာ။ သူက ခေါက်ချိုး တစ်ဝက် ပိုများတယ်။ အင်္ဂလိပ်အသံထွက်နဲ့ ဘယ်လိုမှ လိုက်မမှီတဲ့ အသံ နှစ်ဆယ့်ခြောက်လုံး ပိုပါ နေတယ် လို့ ဆိုလိုပါတယ်။ ဗျည်းချည်း သက်သက် ရွတ်ဆိုဖို့တောင် အသံထွက်ရ တော်တော် ခက်ခဲတယ်။ အဲ့တော့ တော်ရုံလူ ဘယ်လို သွားသုံးနိုင်မလဲ။

ဂေါတမ ဗုဒ္ဓဟာ သူ့ရဲ့ တရားတော် ကို ရှင်းလင်းပြနိုင်ဖို့ အများပြည်သူ နားလည်လွယ် နိုင်မယ့် ဘာသာစကား ကို ရွေးချယ်ပါတယ်။ အဲ့ဒါဟာ ထူးခြားတဲ့ အချက်တစ်ခု ဖြစ်သလို အဲ့သည် ခေတ်အခါက တော်လှန်တဲ့ အမြင်လည်း ဖြစ်ခဲ့တယ်။ တကယ် စင်စစ် ခက်ခဲတဲ့ အရာလည်း ဖြစ်ပါတယ်။ ဘာလို့ ဆိုတော့ အဲ့ဒီ ခေတ်အခါက လေးနက်တဲ့ ဓမ္မတရားတွေ၊ ဥပနိသျှတွေ ကို ဆရာသခင်တွေ၊ အထက်တန်းလွှာ တွေသာ သိနားလည် ကြတယ်။ သက္ကတ ဘာသာစကား အနေနဲ့ သာ တသီး တသန့် ရှိတယ်။  အောက်တန်းလွှာတွေနဲ့ မအပ်စပ်ဘူးလို့ အညီအညွတ် လက်ခံထားကြပြီး ဖြစ်ပါတယ်။ နောက်ပြီး ပြည်သူအများသုံးတဲ့ ဘာသာစကား မှာ ဝိဝါဒတွေ ရှိတယ်။ မကျစ်လျစ်ဘူး။ ဒွိဟတွေ ရှိတယ်။ အခြေခံ အတိအကျ မမှန်နိုင်တာတွေ ရှိပါတယ်။ သာမန်ပြည်သူတွေဟာ သူတို့ လျာ၊ သူတို့ အသံ၊နဲ့ လိုက်ပြီး ဘာသာစကားကို သုံးစွဲတဲ့အတွက် ဝေါဟာရ အလွယ်ကူဆုံးတွေကို သုံးရပါတယ်။ ဗုဒ္ဓအတွက် သူ့ရဲ့ နက်နဲတဲ့ တရားဓမ္မအတွက် အလွယ်ဆုံး စကားလုံး ဘယ်လိုသုံးရမတဲ့လဲ။ ဒါပေမယ့် ဗုဒ္ဓ ဂေါတမဟာ အဲ့ဒီ အလွယ်ကူဆုံးတွေထဲကမှ အရှင်းလင်းဆုံး တွေကိုသာ ရွေးချယ် သုံးသွားခဲ့ပါတယ်။ ဒါ့ကြောင့် ဗုဒ္ဓရဲ့ စကား၊ တရားတော် တွေဟာ ရိုးရှင်းတယ်။ ဒါပေမယ့် နက်နဲလှပါတယ်။ ဘာသာ စကားကို အလွယ်ကူဆုံး သုံးရတဲ့ အတွက် ဖြစ်ရတဲ့ ပြဿနာ တစ်ခုက ပြည်သူတွေဟာ သူတို့ နားလည်ချင်သလို နားလည်သွားတယ်။ ဝေါဟာရ တစ်ခုက ရိုးစင်းလေ- နားထောင်ရသူ အတွက်က နားလည်ချင်သလို နားလည်သွားလေပဲ။ အဓိပ္ပာယ် အတိမ်အနက် ပြောင်းလဲ သွားဖို့ အင်မတန် လွယ်ကူပါတယ်။ ဒီလို အကြောင်းချက် အခက်အခဲ တွေကြားက ဗုဒ္ဓဟာ သူ့ရဲ့ နက်နဲတဲ့ ဓမ္မတရားကို အရိုးစင်းဆုံး ဟောကြား သွားခဲ့တယ်။ ဒီအချက်နဲ့တင် သူဟာ ဘယ်လောက် ပညာရှင် ပီသပါသလဲ။ ဘယ်လောက် အသိဥာဏ် ပြည့်စုံ ကြွယ်ဝပါသလဲ။

ပါဠိစကားဟာ အဲ့အချိန်က ပညာမတတ်၊ မသိနားမလည်သူတွေလည်း သုံးစွဲတဲ့ ဘာသာစကား ဖြစ်ပါတယ်။ ဝိပဿနာ ဆိုတဲ့ ဝေါဟာရ ဟာ သူတို့ စကား၊ သူတို့ ဝေါဟာရ ပါ။ သက္ကတ ဘာသာ ကလည်း ပါဠိနဲ့ အပြိုင် တည်ရှိခဲ့တယ် ဆိုပေမယ့် လူတန်းစား ကွာဟချက်ကြားမှာ လျို့ဝှက်ထားနေတဲ့ ဘာသာ စကား ဖြစ်ပါတယ်။ ဝိပဿနာကို သက္ကတဘာသာမှာ ဝိပသျှရြာနာ ( Vipashyana ) လို့ ခေါ်ပါတယ်။ အသံထွက်ခက်တယ်။ ဒါပေမယ့် အဓိပ္ပာယ်က တော့ အတူတူပဲ။ ဝိပဿနာ ရဲ့ တိုက်ရိုက်အဓိပ္ပာယ်က “ကြည့်ခြင်း” ဖြစ်ပါတယ်။ လေးနက်တဲ့ အမြင်နဲ့ ပြောရင် “စောင့်ကြည့်ခြင်း” “မြင်သိခြင်း” လို့ ဆိုပါမယ်။

ဗုဒ္ဓဟာ ဘာဝနာ ပုံစံ အမျိုးမျိုးထဲက အနှစ်သာရ အကျဆုံး ဘာဝနာ ကို ရွေးချယ် လမ်းပြခဲ့တယ်။ အခြား ဘာဝနာတွေမှာလဲ “စောင့်ကြည့်ခြင်း” ဆိုတဲ့ အနှစ်သာရ ပါရှိကြတယ်။ ဒီ စောင့်ကြည့်မှုဟာ ဘယ်လို ဘာဝနာ မဆို ရှောင်လွှဲဖယ်ထားလို့ မရတဲ့ အရာ လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဗုဒ္ဓရဲ့ ဝိပဿနာ ဘာဝနာ လို အနှစ်သာရကို တိုက်ရိုက်ညွှန်ပြ ပြီး အဓိက ထားတာ မရှိဘူး။

ဗုဒ္ဓဟာ ဝိပဿနာ ဘာဝနာ ပွားများနိုင်ဖို့ စဦး အနေနဲ့ အချို့ အကူတွေကို သုံးတယ်။ ဥပမာ ခင်ဗျားရဲ့ အသက်ရှူမှု။ အဲ့ဒါကို သုံးပြီး ဝိပဿနာ ပွားမယ် ဆိုပါတော့။ ခင်ဗျား လုပ်ရမှာက ခင်ဗျားရဲ့ အသက်ရှူ နေသမျှကို စောင့်ကြည့်ရုံလေးပဲ။

တကယ်တမ်းက အသက်ရှူတယ် ဆိုတာ ခင်ဗျားဆီမှာ ရှိနေတဲ့ အရိုးရှင်းဆုံး သဘာဝ အကျဆုံး အရာတစ်ခု ဖြစ်ပါတယ်။ တစ်ရက်မှာ တစ်ရက်လုံးလုံး၊ နှစ်ဆယ့်လေးနာရီ ပတ်လုံး ရှိနေတဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ အဲ့ဒီ ဝိပဿနာ အကူ အတွက် ခင်ဗျား အားစိုက်ထုတ်ပြီး ရှာနေစရာ မလိုဘူး။

မန္တြ ကျင့်စဉ်တွေနဲ့ ယှဉ်ကြည့်ပါ။ ခင်ဗျား မန္တြ ကျင့်စဉ် တစ်ခုကို အားစိုက်ထုတ်ပြီး လုပ်ရတယ်။ မန္တြ တစ်ခု “ရားမ်၊ ရားမ်၊ ရားမ်” ဆိုပါတော့။ ခင်ဗျား အဲ့ဒီ အတွက် အားစိုက်ထုတ်ပြီး ပီသအောင် ရွတ်ရတယ်။ အဲ့ဒီ အသံအပေါ်မှာ ခင်ဗျား စိတ်ကို နှစ်ထား ရတော့တယ်။ ပျံ့ချင်လည်း ပျံ့လွင့်သွားလိမ့်မယ်။ အဲ့ထက် ပိုဆိုးတာက အဲ့ဒီ “ရားမ်” ဆိုတာကြီးဟာ ခင်ဗျား စိတ်မှာ သီးခြား မှတ်သားနေရတဲ့ အရာတစ်ခု ဖြစ်နေတယ်။ ခင်ဗျား စိတ်ထဲကို အဲ့လို တစ်ခုခု ထည့်နေရမှ တော့ စိတ်ရဲ့အလွန်ကို ခင်ဗျား ဘယ်လိုလုပ် ရောက်နိုင်ပါတော့ မလဲ။

ဗုဒ္ဓကတော့ ဒီအချက်မှာ ထူးခြား ကွဲပြားပါတယ်။ ခင်ဗျား လုပ်နေကျ အသက်ရှုမှုလေးကို သဘာဝ အတိုင်း အနှောင့်အယှက် ကင်းကင်း စောင့်ကြည့်ရုံလေး စောင့်ကြည့်ဖို့ပဲ။ ဘာမှ ပြုပြင် မှတ်သား နေစရာ မလိုပါဘူး။ အသက်ရှူသွင်းတယ်၊ အသက် ရှူထုတ်တယ်။ အဲ့ဒါပါပဲ။

ခင်ဗျား ဆန္ဒ ရှိမယ် ဆိုရင် ဒီနေရာမှာ အချက် ပွိုင့် တွေထုတ်ပြီး ကြည့်မယ် ။ လေးချက်ရှိမယ် ဆိုပါစို့။ ခင်ဗျား စပြီး ထိုင်ပြီ၊ အသက်ရှူတာကို စောင့်ကြည့်တာ့မယ်။ စပြီး အသက်ရှူသွင်းတယ် ။ အဲ့ဒါ ပထမဆုံး ပွိုင့် ဖြစ်ပါတယ်။ အဲ့ဒီနောက် ရှူသွင်းလိုက်တဲ့ အသက် ( လေ) ရပ်သွားတယ်။ တခဏလေး၊ တကယ့်တခဏလေး ပဲ။ အဲ့ဒါ ဒုတိယ ပွိုင့်ပါ။ အဲ့ဒီနောက် အသက်ပြန်ရှူထုတ်ပြီ ။ ဒါဟာ တတိယ ပွိုင့်ဖြစ်ပြီ။ အပြင်ကို လေအကုန်အစင် ရောက်သွားပြီးတဲ့နောက် အသက်ရှူတာ ခဏကလေး ရပ်ပြန်တယ်။ အဲ့ဒါ စတုတ္ထပွိုင့် ဖြစ်ပါတယ်။ အဲ့ဒါပြီးရင် ခင်ဗျား ပထမပွိုင့်ကို ပြန်ရောက်ပြီး တစ်ပါတ် ပြန်လည်ပါမယ်။

ခင်ဗျား အဲ့ပွိုင့် လေးခုစလုံးကို စောင့်ကြည့်နိုင် ပါသလား။ စောင့်ကြည့်နိုင်ပါတယ် ဆိုရင်တော့ ခင်ဗျားဟာ တော်တော် အံ့အားသင့် စရာ ကောင်းတဲ့ သူပဲ ဖြစ်မယ်။ တကယ်က မလွယ်လှဘူးရယ်။ လက်တွေ့ကျကျ အရေးကြီးတာ တစ်ခုက ဒီရိုးရိုးရှင်းရှင်း အသက်ရှူမှု ဖြစ်စဉ်လေးမှာ ခင်ဗျားရဲ့ စိတ်ကူး အကြံအတွေးတွေ မပါဝင် လာစေဖို့ပါ။ ဝိပဿနာရဲ့ လုပ်ငန်း ဖြစ်တဲ့ “စောင့်ကြည့်တာ” ဟာ စိတ်ကူး မဟုတ်ဘူး။ အတွေးမဟုတ်ဘူး။ ဆင်ခြင်နေတာ မဟုတ်ပါဘူး။ သိမှတ်မှု သဘောလေး သက်သက်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်နည်း အားဖြင့် စောင့်ကြည့် သိမှတ်မှုဟာ စိတ်ပိုင်းဆိုင်ရာ ဖြစ်စဉ်တွေထဲမှာ မဝင်ပါဘူး လို့ ပြောချင် ပါတယ်။ ခင်ဗျား စေ့စေ့စပ်စပ် စောင့်ကြည့်နေနိုင်တဲ့ အခါ ခင်ဗျားရဲ့ အတွေးတွေ ၊ စိတ်ကူးတွေက ရပ်နေတာ။ ရပ်သွားတာကို တွေ့ရမှာ ဖြစ်ပြီး၊ ခင်ဗျားဟာ ပစ္စက္ခ စောင့်ကြည့်မှု အပေါ်လေးမှာပဲ တည်ရှိနေတာကို တွေ့ရမှာ။

အစပထမတွေမှာ ခင်ဗျား ဒါကို မေ့နေဦးမယ်။ အတွေးတွေက ခင်ဗျားရဲ့ စောင့်ကြည့်တဲ့ အလုပ်ကို ဝင်ဝင် နှောင့်ယှက်နေဦးမယ်။ ပြီးတော့ ဇာတ်လမ်း ဟောင်းကြီး တွေကို ပြန်တွေး ခိုင်းနေဦးမယ်။ ဒါပေမယ့် ခင်ဗျား ပြန်သတိဝင်လာချိန်မှာ စောင့်ကြည့်တဲ့ အလုပ်ကို မေ့သွားတယ် ဆိုတာ တွေ့လိုက်ရပါလိမ့်မယ်။ အဲ့အခါ ကိုယ့်ကိုယ်ကိုယ် စိတ်မကောင်း ဖြစ်သွား တာမျိုး၊ ကိုယ့်ကိုယ်ကိုယ် အားငယ်သွားတာမျိုး မလိုအပ်ဘူး။ ခင်ဗျား တကယ် လိုအပ်တာက ပြန်စောင့်ကြည့်ဖို့ပဲ။ ထပ်ပြီး မေ့ရင်၊ ထပ်ပြီး စောင့်ကြည့်မယ်။ အဲ့လိုနဲ့ ထပ်ကာ ထပ်ကာ ခင်ဗျားရဲ့ အသက်ရှူ နေမှုလေးကို စောင့်ကြည့် သွားမယ်။ အဲ့ဒီအခါ ခင်ဗျားရဲ့ စိတ်ကူး အတွေး၊ ဆန္ဒ၊ စတာတွေ ဝင်ရောက် နှောင့်ယှက်သမျှ ဟာ တဖြည်းဖြည်း လျော့နည်းသွားပါလိမ့်မယ်။

လေးဆယ့်ရှစ် မိနစ်စာလောက် ဘာအတွေးမှ ကြားမဝင်ဘဲ ခင်ဗျားရဲ့ အသက်ကို စောင့်ကြည့်နိုင်မလား။ အဲ့လိုဆိုရင် ခင်ဗျား ဥာဏ်အလင်း ရလောက် မယ် ထင်တယ်။ ဒီလိုပြောလို့ မအံ့ဩပါနဲ့။ ဒီလေးဆယ့် ရှစ်မိနစ်လေးနဲ့များ ဟုတ်ပါ့မလား လို့လဲ မထင်ပါနဲ့။ ကျနော် ပြောတာ လေးဆယ့်ရှစ် “မိနစ်”ပါ။ သံသယ ရှိတယ် ဆိုရင် လေးဆယ့်ရှစ် “စက္ကန့်” ကိုပဲ ခင်ဗျား အပြည့်အဝ လုပ်ကြည့်ပါ။ အတွေးတွေ၊ ဆန္ဒတွေ၊ ပုံရိပ်တွေက ခင်ဗျားရဲ့ စောင့်ကြည့်မှု အလုပ်ကို ဝင်ဝင် နှောင့်ယှက်ကြဦးမှာ ဖြစ်ပါတယ်။ ခင်ဗျား ရှေ့မှာ နာရီလေး တစ်လုံးချထားပြီး ကြိုးစား ကြည့်မယ်။ စက္ကန့်ခြောက်ဆယ်၊ တမိနစ် ပြည့်အောင် တကယ် မလွယ်ဘူး ဆိုတာ တွေ့ရပါမယ်။ ခင်ဗျား ငိုက်မြည်းသွားတာမျိုး၊ အတွေးတွေ နောက်ကို သာယာပြီး လိုက်သွားတာမျိုး၊ တစ်ခုခုကို ပူပန်နေတာမျိုး စသဖြင့် စောင့်ကြည့်မှု ဟာ ဘေးရောက်လို့ ရောက်မှန်း မသိ ဖြစ်မယ်။ စောင့်ကြည့်မှုကို ဘေးဖယ် ထားမိ ရက်သား ဖြစ်ဖြစ်နေမယ်။ ခင်ဗျားရဲ့ တကယ့်အလုပ်ကို မေ့မေ့ ထားခဲ့မယ်။

အတွေးတွေက အဝေးကြီး သယ်သွားပြီးနောက်မှ ရုတ်တရက် သတိပြန်ဝင်လာမိမယ်။ အဲ့အခါ နာရီ ကြည့်ကြည့်လိုက်ပါ။ ခင်ဗျား ဆယ် စက္ကန့်လောက် ကုန်သွားတာမျိုး တွေ့ရမယ်။ ဆယ်စက္ကန့် လောက် ခင်ဗျား ရဲ့ စောင့်ကြည့်မှု အလုပ် ပျက်ကွက် သွားတယ်။ ဒါပေမယ့် တကယ်လိုအပ်တာက သတိပြန်ဝင် တိုင်း ၊ ပြန်ဝင်တိုင်းမှာ ပြန်စောင့်ကြည့်ဖို့ပဲ။

ဒီလိုနဲ့ ခင်ဗျားဟာ တဖြည်းဖြည်း ဘာဝနာရဲ့ အရသာကို သိလာပါမယ်။ ဘာဝနာမှာ ဘယ်ပျော်ရွှင်မှုနဲ့ မှ မတူတဲ့ လေးနက်တဲ့ စိတ်ကြည်နူးမှု ရှိတယ်။ ဘယ်အလှတရားနဲ့ မှ မတူတဲ့ အန္တိမ အလှတရား ရှိပါတယ်။ အဲ့ဒါကို ခင်ဗျား မြင်လာတာနဲ့ ခင်ဗျားရဲ့ စောင့်ကြည့်တဲ့ အလုပ်ကို ပိုပြီး မြတ်နိုးလာမယ်။ ပိုပြီး လုပ်ချင်လာမယ်။ ပထမတော့ ပျင်းမှာပဲ။ ငိုက်မြည်းမှာပဲ။ နောက်ပိုင်းတော့ ပျံ့လွင့်ချင်တိုင်း ပျံ့လွင့်မယ့် စိတ်ကနေ မကြာခဏ ပြန်လှည့်လာနိုင်မယ်။ အဲ့လို ပြန်လှည့်လာနိုင်တာဟာ အခြား ရည်ရွယ်ချက်တွေ ၊ ဖြစ်ချင်တဲ့ ဆန္ဒ၊ လောဘတွေ အတွက် မဟုတ်ဘူး။ ခင်ဗျား အခု ပစ္စက္ခ အသက်ရှူနေမှု အပေါ် ငြိမ်းချမ်းစွာ ရှိနေဖို့ အတွက် သက်သက်ကို ခင်ဗျား လိုချင်လာလို့။

မှတ်သားထား ဖို့ တစ်ခု ရှိပါတယ်။ ဒီ အသက်ရှူမှုကို စောင့်ကြည့်တဲ့ ဝိပဿနာ ဘာဝနာကို ယောဂ ကျင့်စဉ် ပုံစံမျိုးလို့ လွဲမှား မမြင်မိဖို့ လိုတယ်။ ယောဂမှာ အသက်ရှူမှု အပေါ် ကျင့်ကြံတဲ့ ကျင့်စဉ်တစ်ခုက ပရာဏယံ လို့ ခေါ်ပါတယ်။ အခု ဘာဝနာနဲ့ လုံးဝ ကွဲပြားပါတယ်။ ဗုဒ္ဓရဲ့ ဝိပဿနာနဲ့ ဆန့်ကျင်ဘက် လို့တောင် ပြောနိုင်ပါတယ်။ ပရာဏယံမှာ ခင်ဗျားက အသက်ကို ပြင်းပြင်းရှူရတယ်။ ခင်ဗျားရဲ့ ချက်မ တိုင်အောင် လေ အပြည့်အဝ ရနိုင်သမျှ များများ ရှူပစ်ရတယ်။ ပြီးရင် ခင်ဗျားရဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ အကုန် ပြန်ထုတ်ပစ်ရ တယ်။ ဒါဟာ ခန္ဓာရဲ့ လေ့ကျင့်ခန်းပါ။ ဝိပဿနာ အတွက် ဘာမှ အသုံးမဝင်ဘူး။ ဝိပဿနာမှာ ခင်ဗျားရဲ့ ပုံမှန် အသက်ရှူနေကျ နှုန်းကို ဘာမှ ပြောင်းလဲ ပစ်စရာ မလိုဘူး။ လေးလေးနက်နက်တွေ၊ အပြည့်အဝဆိုတာတွေ ရှူသွင်း၊ ရှိုက်ထုတ် လုပ်နေစရာ မလိုဘူး။ ခင်ဗျားဟာ သာမန် ပုံမှန် အနေအထားကနေ ဘာမှ ထူးကဲပြီး ပြုပြင် လုပ်သွားစရာ မလိုဘူး။ ခင်ဗျားအတွက် သဘာဝ အတိုင်း ပုံမှန် အတိုင်း အားလုံး ရှိနေမှာ။ ခင်ဗျားလုပ်ရမှာ တစ်ခုတည်း။ အဲ့ဒါက စောင့်ကြည့်ဖို့။

ခင်ဗျားက ခင်ဗျားရဲ့ အသက်ရှူမှုကို စေ့စေ့ စပ်စပ် စောင့်ကြည့်နိုင်လာပြီ ဆိုရင် ခင်ဗျား လုပ်သမျှ အခြား အရာတွေလည်း စောင့်ကြည့်နိုင်လာ ပါလိမ့်မယ်။ လမ်းလျောက် နေရင်း၊ စားနေရင်း၊ စောင့်ကြည့်နိုင်လာမယ်။ ခင်ဗျားရဲ့ လှုပ်ရှား လုပ်ကိုင်သမျှ အကုန်လုံး စောင့်ကြည့် နိုင်လာမယ်။ နောက်ဆုံး၊ အဆုံးစွန်ဆုံးမှာ ခင်ဗျား အိပ်ရင်တောင် စောင့်ကြည့်မှု မလွတ်ဘဲ နေနိုင်လာပါမယ်။ အဲ့ဒီလို မိမိရဲ့ အိပ်စက်မှုကိုတောင် စောင့်ကြည့်နိုင်လာမယ့် နေ့ဟာ ခင်ဗျား အတွက် ထူးခြားတဲ့ နေ့တစ်နေ့ ဖြစ်သွား ပါလိမ့်မယ်။ ခင်ဗျားရဲ့ ခန္ဓာကိုယ် အိပ်စက် နားနေ နေပေမယ့် ခင်ဗျားရဲ့ အတွင်းသန္တာန်က အလင်းရောင်လေး ကတော့ တောက်ပ လင်းလက် နေလိမ့်မယ်။ ခင်ဗျားရဲ့ စောင့်ကြည့်နေမှု တစ်ခုတည်းသာ အနှောင့်အယှက် ကင်းကင်း ကျန်ရစ်ခဲ့မယ်။ ခင်ဗျားရဲ့ နေ့စဉ် ဘဝ ဖြတ်သန်းမှုကို ဘေးက ထိုင်ကြည့်နေတဲ့သူ လို ဖြစ်လာမယ်။ ဆိုလိုတာက ခင်ဗျားဟာ ပုံမှန်အတိုင်း နေ့စဉ် ကိစ္စတွေ လုပ်မြဲ လုပ်နေမှာ။ ခင်ဗျားရဲ့ ပြင်ပကမ္ဘာအတွက်တော့ ခင်ဗျားဟာ ဘာမှ ပြောင်းလဲမှာ မဟုတ်ပါဘူး။ ခင်ဗျား ပုံမှန် သွားလာ အလုပ်လုပ်နေဆဲပဲ။ ဒါပေမယ့် ခင်ဗျား အတွက်တော့ အရာအားလုံးက ပြောင်းလဲသွားတော့တယ်။
………………………………………………………………………………………………

ဒီနေရာမှာ အသက်ရှူမှုဟာ ဥပမာပဲ ဖြစ်ပါတယ်။ အဓိက အနှစ်သာရ မဟုတ်ဘူး။ အများအားဖြင့် နည်းနာပုံစံနဲ့ အနှစ်သာရ ရောထွေး သွားတတ်လွန်းလို့ပါ။ ဒီ အသက်ရှူမှု ဝင်လေ-ထွက်လေ သိရှိမှု ပုံစံရဲ့ အနှစ်သာရက စောင့်ကြည့်သိမြင်ဖို့ ပဲ ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဆိုရင် မဟာစည် ဆရာတော် ဘုရားကြီးရဲ့ နာမည်ကျော် နည်းနာ တစ်ခုဖြစ်တဲ့ မိမိ ဝမ်းဗိုက် အပိန်- အဖောင်း အပေါ် ရှုမှတ်မှု၊ စင်္ကြန် လျောက်ရာမှာ အချီအချ အကြွအဖိ သိမှတ်မှု။ မိုးကုတ် ဆရာတော် ဘုရားကြီးရဲ့ စိတ္တာ နုပဿနာ၊ ဝေဒနာ နုပဿနာ ၊ စွန်းလွန်း ဆရာတော် ဘုရားကြီးရဲ့ အာနာပါန ရှုပွားပုံ ၊ ဝင်တယ်-ထွက်တယ်၊ ဝင်လေ-ထွက်လေ စသဖြင့် — စတာတွေ ဟာလည်း မိမိရဲ့ ဖြစ်စဉ် ( မိမိ ရုပ်-နာမ် ) ကို စောင့်ကြည့် သိမြင်ဖို့ လိုရင်း၊ အနှစ် ဖြစ်ပါတယ်။ တကယ်လို့ ဒါကို ဝိဝါဒ ကွဲပြားခဲ့ရင်၊ ပါဠိတွေ မပါလို့ မနှစ်သက်ပါဘူး ဆိုရင် သည်းခံပါ။ တင်ပြခြင်း သာ ဖြစ်ပါတယ်။

အကြောင်းက – တစ်ရက်- ကျနော် စကားစပ်မိရင်း မိတ်ဆွေ တစ်ယောက်နဲ့ ဒီအကြောင်းတွေ ပြောမိပါတယ်။ ကျနော် ဒါတွေကို ပြောပြတော့ သူက “ အိုရှိုးဟာ ဒါကို ဝိပဿနာ လို့ ခေါ်တယ် တဲ့လား။ ဘယ်မှာလဲ “အဖြစ်၊ အပျက်၊” ဘယ်မှာလဲ “အနိစ္စ၊ ဒုက္ခ၊ အနတ္တ” ဒီ သဘောတွေ ဘာမှ မပါဘဲ၊ ဒါကို ဝိပဿနာလို့ ပြောသလား။ အဲ့ဒါဆို လွဲနေပြီ။ ဝိပဿနာ ဆိုတာ ဖြစ်တာကို ဖြစ်တဲ့ အတိုင်းသိ၊ ပျက်တာကို ပျက်တဲ့ အတိုင်းသိ၊ အဲ့ဒါပဲ”

သူ့စကားကို ကျနော် လေးလေးနက်နက် လက်ခံပါတယ်။ ဘာတစ်ခုမှ မငြင်းပယ်ပါဘူး။ ဒါပေမယ့် “ဖြစ်တယ်၊ ပျက်တယ်” လို့ တကယ်မြင်ပြီး ပွားများတဲ့ ဘာဝနာလား၊ သင်တန်းတွေ၊ စာအုပ်တွေ၊ ဆရာတွေက ချပေးလို့ နှုတ်တက်ရလာတဲ့ “ဖြစ်တယ်၊ ပျက်တယ်” တွေလား ခွဲခြား မိဖို့ လိုအပ်ပါဦးမယ် ( ထင်ပါတယ် ) ။ ဒီပို့စ်မှာ အိုရှိုး ပြောသွားခဲ့တာက “စောင့်ကြည့်မှုဟာ အနှစ်သာရ ကျတယ်။” အဲ့ဒါကိုပဲ ပြောသွားတာပါ။ တကယ်လုပ်ရမယ့် အရာ ကိုသာ တကယ့်အတိုင်း ချပြ ပြောကြားသွားတာ သက်သက်ပါ။

ဆိုလိုတာက စောင့်ကြည့်မှုသာ လုပ်ကြည့်ပါ။ တကယ် ဖြစ်သလား- ဖြစ်ရင် ဖြစ်တာ မြင်ရမှာပါပဲ။ တကယ် ပျက်သလား- ပျက်ရင် ပျက်တာ တွေ့ရပါလိမ့်မယ်။ တကယ့် အနိစ္စတွေ၊ ဒုက္ခတွေ၊ အနတ္တတွေကိုလည်း ဒီ စကားလုံးဝေါဟာရတွေ မသုံးဘဲ တကယ် ရှိသလား – ရှိရင် မြင်နိုင် သိနိုင်ပါလိမ့်မယ်။

စကားဝိုင်းထဲမှာတော့ ကျနော့မိတ်ဆွေရဲ့ မျက်လုံး၊ သူ့လေသံ ဟန်ပန်တွေကို ကြည့်ပြီး မိမိတို့ အတွေးအမြင်ချင်း ဆွေးနွေးရာကနေ ငြင်းခုံရာ မဖြစ်သွား စေချင်တာကြောင့် “အိုရှိုးက ဝိပဿနာရဲ့ အနှစ်သာရ က ဘာဆိုတာ သူ့ “အမြင်” အတိုင်း သူပြောခဲ့တာပါ။” လို့ပဲ ပြန်ဖြေ ခဲ့လိုက်တယ်။ ဆက်ပြီး သူလည်း အခြားသူ တွေနဲ့ အဘိဓမ္မာ အကြောင်း၊ အနာဂတ် သာသနာ အကြောင်း ဆက် စကားပြော ကြပါတယ်။ ကျနော်လည်း သူတို့ရဲ့ လေးနက်တဲ့ အသိဥာဏ်ပညာတွေ အကြောင်း တအံ့တဩ နားထောင်ပြီး ပြန်လာခဲ့လိုက်တယ်။

Zayya
3:30 AM
14.11.2011
…………………………………
Ref: Osho
…………………………………
http://zayyablogger.blogspot.com/
https://zayya.wordpress.com/
http://zayya.blog.com/

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: