ကုလားထိုင်

ထိုင်ခုံ ဗလာ အလွတ် တစ်လုံးနဲ့
ဆိတ်ငြိမ်နေတဲ့ ခန်းဆောင်ဟာ
ဗုဒ္ဓ-အဖြစ်ကို မိတ်ဆက် ။
ထိရောက် လိုက်ပါဘိ။
ရှားပါးလိုက်ပါဘိ။

AN EMPTY CHAIR
A SILENT HALL
AN INTRODUCTION TO BUDDHA —

HOW ELOQUENT!
HOW RARE!

“ဗုဒ္ဓ” – ဖြူစင်မြင့်မြတ်မှု အဖြစ်ကို မြင်နိုင်ဖို့ – တိတ်ဆိတ် ငြိမ်သက်မှု ဟာ ခင်ဗျားရဲ့ သန္တာန်မှာ မဖြစ်မနေ လိုအပ်ပါတယ်။ ဗုဒ္ဓအဖြစ်ကို ဖော်ပြနိုင်ဖို့ ဘာသာစကား ဟာ “တိတ်ဆိတ်ငြိမ်သက်မှု” ဘာသာ စကား တစ်ခုထဲ ရှိတယ် ။ ကျနော်တို့ သုံးစွဲကြတဲ့ အခြား အခြား ဘာသာစကား၊ ဝေါဟာရတွေဟာ ဒီအဖြစ်ကို ဖော်ပြနိုင်ဖို့ စွမ်းရည် နည်းလွန်း နေတယ်။ အကန့်အသက် ပဲ ရှိတယ်။ သေးသိမ်လွန်း နေတယ်။ မပြည့်စုံဘူးရယ် ။ ဘာဆို ဘာမှ မရှိတဲ့ သုညတ နဲ့၊ လုံးဝ ဥဿုံ ဆိတ်ငြိမ်နေမှု ကသာ ခင်ဗျားအတွက် ဗုဒ္ဓရဲ့ အဖြစ်ကို ဖော်ပြ နိုင်တယ်။

ဂျပန်မှာ ဘုရားကျောင်းတစ်ကျောင်း ရှိတယ်။ အဲ့ဘုရားကျောင်း အတွင်းမှာ ဘာမှ မရှိဘူး။ ဘုရားကျောင်း တွေမှာ တွေ့လေ့ တွေ့ထ ရှိတဲ့ ဘုရား ရုပ်ပွားတော် လည်း မရှိဘူး။ ဒါပေမယ့် ဘုရားကျောင်း ကတော့ ဗုဒ္ဓ ကို ရည်စူး ထားတာ ဖြစ်ပါတယ်။ ဘုရားဖူးတွေ ရောက်လာတော့ မေးကြတယ်။ “ဗုဒ္ဓ ဘယ်မှာပါလဲ။ ဒီဘုရားကျောင်း က ဗုဒ္ဓကို ရည်စူး ထားတယ် မဟုတ်ဘူးလား” လို့ မေးတော့ ဘုန်းတော်ကြီးက ရယ်ရယ် ပြုံးပြုံးနဲ့ ပြန်ပြောပါတယ် ။ – “ဒီနေရာမှာ ဘာရှိသလဲ။ ဘာမှ မရှိဘူး မဟုတ်လား။ ရှင်းလင်း နေတဲ့ ဗလာနယ် သုညတ နဲ့ တိတ်ဆိတ်နေမှု သာ ရှိတယ်။ အဲ့ဒါ ဗုဒ္ဓ ပါပဲ” တဲ့။

ကျောက်သား ကျောက်ခက်နွယ် တွေဟာ ဗုဒ္ဓကို ကိုယ်စား မပြုနိုင်ဘူး။ ရုပ်ထု၊ ဆင်းထုတွေဟာ ဗုဒ္ဓကို တိတိပပ ဖော်ပြနေကြတာ မဟုတ်ဘူး။ ဗုဒ္ဓဟာ ကျောက်သား ကျောက်ခက် မဟုတ်သလို၊ ရုပ်ထု ဆင်းထုလည်း မဟုတ်ဘူး။ ဗုဒ္ဓ – ဆိုတာရဲ့ အဖြစ်ဟာ ပုံသဏ္ဍာန် သွင်ပြင် မဟုတ်ပါဘူး။ ဗုဒ္ဓဟာ ပုံသဏ္ဍာန် သွင်ပြင် ဘာမှ မရောယှက်ထားတဲ့ ဖြူစင်တဲ့ အဖြစ်သာ ဖြစ်ပါတယ်။ ခင်ဗျားနဲ့ ခင်ဗျားရဲ့ စိတ်သန္တာန် ဟာ ဆယ်ရက်လောက် ဖြစ်ဖြစ် လုံးဝ ဆိတ်ငြိမ်၊ တိတ်ဆိတ်ပြီး နေနိုင်သလား။ ဘာဆိုဘာမှ မရှိဘဲ တိတ်ဆိတ်ငြိမ်သက်ပြီး ခင်ဗျားရဲ့ အတွင်း အဇ္ဈတ္တမှာ နှစ်မြုပ်နေ ကြည့်နိုင်မယ် ဆိုရင် “ဗလာကျင်း နေတဲ့ ထိုင်ခုံတစ်လုံး” ဆိုတဲ့ စကားစုကို ခင်ဗျား အပြည့်အဝ နားလည် ပါလိမ့်မယ်။

တကယ် လည်း ဒီထိုင်ခုံလေး ဟာ ဗလာအဖြစ် က လွဲလို့ ဘာမှ မရှိဘူး။ ခင်ဗျားကို စကားပြော နေတဲ့ ကျနော် ဟာ လည်း ဗလာ အဖြစ်က လွဲလို့ အခြား ဘာမှမရှိဘူး။ အခြား ဘာမှ မဟုတ်ဘူး။ ဒါဆို ခင်ဗျားရော ? ၊ ခင်ဗျားရဲ့ အတွင်းမှာလည်း ဘာဆို ဘာမှမရှိ၊ လူပုဂ္ဂိုလ် တစ်စုံတစ်ယောက် မှ မရှိ။ တိတ်ဆိတ် ငြိမ်သက်နေမှု သက်သက်ပဲ ရှိတယ်။ မြင်နိုင်ပါ့မလား။

ဒီ တိတ်ဆိတ် ဆိတ်ငြိမ် နေမှုကို နားမလည် နိုင်တဲ့ အခါ ခင်ဗျားက ဒါကို ဘာသာစကား အဖြစ် ပြောင်းလဲ ပြန်ဆို ပစ်လိုက်တယ်။ အဲ့ဒီနောက်တော့ ကျနော် ပြောနေတဲ့ ဒီ “ဆိတ်ငြိမ်မှု” ဆိုတာ ကို အကန့်အသတ် တစ်ခုနဲ့ သာ ခင်ဗျား နားလည် သွားတယ်။ တကယ်က ခင်ဗျားသာ ဆိတ်ငြိမ်မှု အပြည့် ရနေမယ် ဆိုရင် ကျနော်နဲ့ ခင်ဗျား ကြားမှာ ဘယ် စကားလုံးတွေမှ သုံးစရာ လိုတော့ဘူးရယ် ။ ဘယ် ဘာသာ စကားတွေ နဲ့ရော ဆက်သွယ် စရာ လိုနေဦး မလဲ။ နားလည်အောင် အားစိုက် ထုတ်ရတာတွေ၊ နားစိုက်ထောင် နေရတာတွေ၊ ပြောရတာတွေ၊ — ဒါတွေ အကုန်လုံး ဟာ အဲ့ဒီ အပြည့်အဝ ဆိတ်ငြိမ်သွားချိန်မှာ ဘာမှ မလိုအပ်တော့ဘူး ဆိုတာ တွေ့ရမယ်။

ဒါ့ကြောင့် စစ်မှန်တဲ့ ငြိမ်းအေးမှု အဖြစ် “ဗုဒ္ဓ” ကို သိမြင်ဖို့ ကွင်းကွင်းကွက်ကွက် ပြနိုင်တဲ့ စကားလုံး မရှိပါဘူး။ အပြည့်အဝ ရှင်းမပြနိုင်ဘူး။ နကိုကလည်း ရှင်းမပြ နိုင်ခဲ့ကြ ဘူး။ နောင်လည်း ရှင်းပြနိုင်မှာ မဟုတ်ဘူး။ ကျနော်တို့တွေဟာ ပုံရိပ်တွေ၊ သဏ္ဍာန်တွေ၊ ဘာသာစကား သင်္ကေတတွေနဲ့ – ငြိမ်းအေးမှု အကြောင်း၊ သစ္စာတရား အကြောင်း နားလည်အောင် ကြိုးစားကြည့်တယ်။ ဒါပေမယ့် အဲ့ဒီ လူလုပ် အသွင် သဏ္ဍာန် တို့၊ သင်္ကေတတို့ ဆိုတာ တွေဟာ သစ္စာတရား နဲ့ ငြိမ်းအေးမှု ကို အပြည့်အဝ ဖော်ပြနိုင်စွမ်း မရှိကြဘူး ဆိုတာ မေ့လျော့ နေကြပါတယ်။ ဝေဒကျမ်းတွေ၊ သမ္မာကျမ်းစာနဲ့ ကိုအာန်ကျမ်း တွေနဲ့လဲ ရမယ်ထင်ပါသလား ။ ဘာလို့လဲ ဆိုတော့ အစစ်အမှန် ငြိမ်းအေးမှု၊ သစ္စာဟာ ရုပ်ဝတ္ထု သဘာဝ၊ သင်္ကေတ တွေနဲ့ ဘယ်လိုမှ ဖော်ပြနိုင်စွမ်း မရှိလို့ပါ။

ဘာနဲ့ တူသလဲ ဆိုရင် ကျနော်တို့တွေဟာ “ရေ”ဆာနေပါလျက်နဲ့ ရေ မသောက်ဘဲ၊ ရေ“အကြောင်း”တွေချည်း သိအောင် လုပ်နေတဲ့ သူတွေလိုပဲ။ တကယ့်အဖြစ်ကို မရောက်ဘဲ ဝေ့လည် နေကြတယ်။ ရေ “အကြောင်း” သိတာတွေ မသိတာတွေ ဘေးဖယ်ချပြီး ရေ ထသောက်လိုက် ဖို့ က လိုရင်းပဲ မဟုတ်လား ။ ခင်ဗျား ရေ ထသောက်လိုက်တာမှာ ယုတ္တိဗေဒ၊ ဆင်ခြေနည်းတွေ၊ စကားလုံးတွေ လိုပါသေးရဲ့လား။

ဒီလိုပါပဲ ။ ဗုဒ္ဓ အဖြစ်ကို ယုတ္တိဆင်ခြေ၊ အတွေးတွေ နဲ့ သက်သေပြလို့ မရပါဘူး။ မေတ္တာတရားနဲ့ သာ ( မိမိကိုယ်ကို ) သက်သေပြ နိုင်တယ်။ မေတ္တာတရား ဟာ ယုတ္တိဗေဒ တွေ ပျက်သုဉ်းသွားတဲ့ အခါမှာ ပေါ်ပေါက် ပါတယ်။ ဘာသာစကား တွေ ရပ်ဆိုင်းကွယ်ပျောက် သွားတဲ့ အခါ ဆိတ်ငြိမ်မှု ကို ရရှိပါတယ်။ ဒီနှစ်ခုကို ဒွန်တွဲရင်း ခင်ဗျားဟာ အစစ်အမှန်ရှိရာဆီ စကားလုံးတွေ မပါဘဲ မြင်သိ နိုင်ပါမယ်။ ခင်ဗျား ဟာ “ဗုဒ္ဓ” လို့ ခေါ်ဆိုတဲ့- ငြိမ်းအေး တဲ့ အဖြစ် ကို ခင်ဗျားရဲ့ ဆိတ်သုဉ်း ဆိတ်ငြိမ်မှု ဆီကသာ ရရှိပါမယ်။ ခင်ဗျား ရဲ့ သန္တာန်မှာ အပြည့်အဝ ငြိမ်ဝပ်သွား စေဖို့ကိုသာ လိုအပ် တယ်။ ခင်ဗျားရဲ့ အတွင်းကို မိမိ ဘာသာ ပြန်လည်နစ်ဝင် ရင်း နဲ့ – အတွင်းကျတဲ့၊ ရှင်းလင်းတဲ့၊ ဘာမှ မရှိတဲ့ သုညတကို အရောက် လှမ်းသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီ အခါ ခင်ဗျားကို ပြောနေတဲ့ အခု – ကျနော်- ဆိုတာလည်း ဘာပုဂ္ဂိုလ်၊ ဘာသတ္တဝါ၊ ဘာမှ မဟုတ်ဘူး ဆိုတာပါ မြင်လာပါလိမ့်မယ်။

ယခု ကျနော်ဟာ လက်ရှိ ပစ္စက္ခတိုင်းမှာ ပျောက်ပျက် ကုန်ဆုံးနေတဲ့ ကျနော်ပဲ ဖြစ်ပါတယ် ။ လူပုဂ္ဂိုလ်မရှိ၊ သတ္တဝါ မရှိတဲ့ – ( တနည်းပြောရင် ) ဟောင်းလောင်းပေါက် ဗလာသက်သက်၊ သုညတ ဟာ ခင်ဗျား မြင် ထားတဲ့ “ကျနော်” ပဲ ဖြစ်ပါတယ်။ ဥပမာ – ဝါးလုံး တစ်လုံး ဆိုပါတော့၊ အလယ်ခေါင် – အနှစ်သား က ဟင်းလင်းပြင် သာ ရှိတယ်။ အဲ့ဒီ ဟင်းလင်းပြင် ကို “ဝါးလုံး မဟုတ်ဘူးလား” မေးရင်- “ဟုတ်ပါတယ် ။ ဝါးလုံးပါဘဲ-ဒါပေမယ့် ဟင်းလင်းပြင်၊ သုညတ သက်သက်၊ ဝါးလုံး မဟုတ်တဲ့ ဝါးလုံး”။ လို့ပဲ ဖြေရပါမယ်။

ဒီအဖြေကို ကြားရတာ ခင်ဗျား အတွက် အူကြောင်ကြောင် နိုင်သလား။ ဘာသာစကားရဲ့ ကန့်သတ်မှု အောက်မှာ အရာရာဟာ ကြောင်တောင်တောင် နိုင်ပါတယ်။ ဥပမာ – ခင်ဗျားတို့ ကျနော်တို့ သုံးစွဲလေ့ရှိတဲ့ “ဘုရားသခင်” ဆိုတဲ့ ဝေါဟာရမျိုး။ ဘုရားသခင်ဟာ ကောင်းမြတ်ခြင်းနဲ့ ပြည့်စုံ သလို၊ ဆိုးယုတ်ခြင်း မာရ်နတ်ကိုလည်း ဖန်ဆင်းတယ်။ အနန္တ မေတ္တာလည်း ကြီးမားသလို၊ ဒေါသလည်း ကြီး တတ် တယ်။ ဒါတင်မက- ဘုရားသခင် ဆိုတဲ့ ဝေါဟာရ အနက်ဟာ ထပ် ကျယ်ပြန့်ပါသေး တယ်။ ဆန့်ကျင်ဘက် ဒွိသဘော တို့ရဲ့ ပေါင်းစုံရာလည်း ဖြစ်သေးတယ်။ အလင်းလည်း ဖြစ်သလို၊ အမှောင် လည်း ဖြစ်တယ်။ နွေ လည်း ဖြစ်သလို၊ ဆောင်း လည်း ဖြစ်တယ်။ ရှင်သန်ခြင်း လည်း ဖြစ်သလို သေဆုံးခြင်း မရဏ လည်း ဖြစ်နေပြန်ပါတယ်။ ဒီနေရာမှာ ကျနော်တို့က ဘုရားသခင် ဆိုတဲ့ ဝေါဟာရ အစား ဘာများ ပြုပြင် ပြောင်းလဲ အစားထိုးနိုင် မလဲ။ ပြောင်းလဲ လိုက်နိုင်ရင်လည်း ခင်ဗျား အခုလိုပဲ အဓိပ္ပာယ်တွေ ပြန်ဖွင့်ဆို ပြရတော့မယ်။ တကယ်က စစ်မှန်တဲ့ သဘောတစ်ရပ်ကို ရှုမြင်မှု၊ ကျင့်ကြံမှု မပါဘဲ ဘာသာစကား ချည်း သက်သက် ဝင်ရှင်းဖို့ ကြိုးစားပြီ ဆိုရင် နားလည်မှု တွေ လွဲကြ ပါတယ်။ ဒါကိုမှ ကိုယ် သန်ရာ အခိုင်အမာ ထပ်ပြုဦးမယ် ဆိုရင်တော့ မှားယွင်းမှု ဆီကိုပဲ ဦးတည် သွားတော့တယ်။

အခု ကဗျာမှာ – စင်စစ် ဒီထိုင်ခုံဟာ ဗလာ သက်သက်၊ သုညတ သက်သက်ပါ။ ဒီ သုညတကို မြင်နိုင်တဲ့ အခါမှာ ခင်ဗျားနဲ့ ခင်ဗျားရှေ့ ထိုင်နေတဲ့ ကျနော် ကြားမှာ အပြည့်အဝ နားလည် သွားကြမယ်။ ဖြစ်တည်ချက် တစ်ရပ်ရဲ့ သုညတ သဘော၊ ခင်ဗျား ခန္ဓာရဲ့ ဘာဆို ဘာမှ ရပ်တည်ချက် မရှိတဲ့ သဘော ကို ထင်ထင် ရှားရှား မြင်သိသွားမယ်။ အဲ့ဒီ မြင်သိမှုမှာ စကားလုံးတွေ မပါဘူး။ ခင်ဗျား တွေးခေါ်ထားတာတွေ မပါဘူး။ စိတ်ကူးတွေ မပါဘူး။ ခင်ဗျားကိုယ် ခင်ဗျား တိုက်ရိုက် မြင်သိသွားခြင်း လို့ပဲ ရိုးရိုး ပြောရလိမ့်မယ်။ ပျော်ဝင်သွားတယ်၊ အသွင်သဏ္ဍာန် တွေ ပျောက်ကွယ်သွားတယ် လို့ ပြောနိုင်ပါမယ်။

အဲ့ဒီ အချိန်မှာ နှင်းရည်စက်လေး တစ်စက် ပင်လယ်ထဲ ပြုတ်ကျ သွားတာနဲ့ ပင်လယ်တစ်ခုလုံး နှင်းရည်စက်လေး ထဲ စိမ့်ဝင်ပြန့်နှံ့ နေတာဟာ အတူတူ ပဲ ဖြစ်ကြောင်း ခင်ဗျားဟာ ယုတ္တိဗေဒ တွေ၊ စိတ်ကူးတွေ မပါဘဲ မြင်လာပါလိမ့်မယ်။ အဲ့ဒီ အမြင် ကနေ လေးနက် ခိုင်မာတဲ့ ဆိတ်ငြိမ်အေးချမ်းမှု ၊ ငြိမ်းချမ်းခြင်း “ဗုဒ္ဓ” ကို ခင်ဗျား တွေ့ရမှာပဲ ဖြစ်ပါတယ်။

Ref: Osho: The Dhammapada: The Way of the Buddha, Vol 1 : Chapter #2 : An empty chair

…………………………..

http://zayyablogger.blogspot.com/
https://zayya.wordpress.com/
http://zayya.blog.com/

…………………………..

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: