အိုဘယ့် လောက

တကယ် စိတ်ပျက်ဖို့ ကောင်းတယ် ( ဒါမှမဟုတ် ) စိတ်ပျက်စရာတွေ ချည်းပါပဲကွာ လောကကြီးက — လို့ ပြောသံမျိုးတွေ၊ အကျင့်ပါရင်း သုံးဖြစ်တဲ့ စကားတွေ ရှိပါတယ်။ ကမ္ဘာ လောကကြီး မှာ စိတ်ပျက်စရာ၊ စိတ်ရှုပ်စရာတွေ၊ အပိုင်းပိုင်း အတစ်တစ် ပွထ နေတာ ဘာကြောင့်ပါလဲ။ ခေတ်စနစ် တစ်ခုရဲ့ အရေးအရာ -ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ အနုပညာ၊ စီးပွားရေး ၊ နိုင်ငံရေး စသဖြင့် – ဘယ်နယ်ပယ် မှာ မဆို ဒီမေးခွန်း၊ ဒီစကား တွေ ထွက်ထွက် လာတတ်ကြတာ ဘာကြောင့်လဲ။

အဖြေကတော့ – မျှော်လင့်တာတွေ များနေလို့ပါ။

ဆိုပါစို့။ ခင်ဗျား တစ်ခုခုကို မျှော်လင့်ကြည့်မယ်။ စိတ်ပျက်စရာ ဆိုတာ အနည်းဆုံးတော့ တွေ့လာ ရပါတယ်။ ဒီလိုမှ မဟုတ်ဘဲ – ဘယ်ဟာကိုမှ မမျှော်လင့်ဘဲ ထားကြည့်။ ဘယ် စိတ်ပျက် စရာမှ ပေါ်မလာဘူး ဆိုတာ တွေ့မယ်။ ခင်ဗျား များများ မျှော်လင့်လေ၊ ခင်ဗျားမှာ စိတ်ပျက် စရာတွေ ပိုများရ လေလေ ပါ။ ဆိုလိုတာက စိတ်ပျက်တယ် ဆိုတာဟာ မျှော်လင့်ချက်ရဲ့ နောက်ဆက်တွဲ ထွက်ကုန်ပစ္စည်း ပဲ ဖြစ်ပါတယ် ။ အဲ့ဒါကြောင့် စင်စစ် ကျနော်တို့ ရှင်းရမယ့် ပြဿနာဟာ – စိတ်ပျက်တယ် ဆိုတဲ့ အပေါ်မှာ မဟုတ် ဘူး။ စိတ်ပျက်တယ် ဆိုတာက အကျိုး ရလာဒ် သက်သက်ပဲ ။ တကယ် ရှင်းရမယ့် ပြဿနာ က သူ့ရဲ့ အကြောင်း ဖြစ်တဲ့ “မျှော်လင့်ချက်” အပေါ်မှာပဲ ဖြစ်ပါတယ်။

စိတ်ပျက်ရတယ် ဆိုတာ ဟာ မျှော်လင့်ချက် ရဲ့ နောက်မှာ တစ်ကောက်ကောက် ပါနေတဲ့ အရိပ်ပါ။ ဒါ့ကြောင့် ခဏလောက် ဖြစ်ဖြစ် ခင်ဗျားမှာ မျှော်လင့်နေမိ တဲ့ စိတ် မရှိဘူး ဆိုရင်၊ ဒါမှမဟုတ်၊ မျှော်လင့်တယ် ဆိုတဲ့ စိတ် – ခင်ဗျားမှာ လုံးဝ ရှိ မနေရင် – ဒီပြဿနာ က ရိုးရိုးလေး ပြီးဆုံး သွားပါတယ်။ ဘာနဲ့ တူသလဲ ဆိုတော့ – ခင်ဗျားက မေးခွန်းတစ်ခု မေးတယ်။ အဲ့အတွက် အဖြေ တစ်ခု ပြန်လာတယ်။ -အဲ့သလိုမျိုး ပါပဲ။ ခင်ဗျားက မျှော်လင့်ချက် တွေ နဲ့ မေးခွန်း ထုတ်မယ်၊ အဖြေ ပြန်လာတော့ ခင်ဗျား စိတ်ပျက် သွားမယ်။ မျှော်လင့်ချက်ကို စိတ်ပျက်မှုက ဖြည့်စည်းပေး တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ကျနော်တို့ လုပ်သမျှ အရာရာတိုင်း ဟာ မျှော်လင့်ချက် တွေနဲ့။

ဥပမာ အနေနဲ့ ပြောပါမယ်။ ကျနော်က တစ်ယောက်ယောက် ကို ချစ်တယ် ဆိုပါတော့- ကျနော် ကိုယ်တိုင် တောင် အမှတ် မထား မိပါဘဲနဲ့ မျှော်လင့်ချက် ဆိုတာ ရှိလာပါတယ်။ ဘယ်ချိန် ဘယ်လို ရှိလာသလဲ ။ ကျနော် မသိဘူး။ တန်ပြန် ရောက်လာမယ့် အချစ် ကို မျှော်လင့်တယ်။ ကျနော် ချစ်တာက ဖြင့် အပြည့် အဝ မပြီးသေးဘူး – ကျနော် အချစ်စိတ် ကဖြင့် ပွင့်အံ ထွက် မလာသေးဘူး – မျှော်လင့်ချက် က ရောက်နှင့် နေပြီ ဖြစ်ပါတယ်။ အဲ့ဒီနောက်တော့ ဒီမျှော်လင့်ချက် ကပဲ ကျနော့ကို ၊ အားလုံး ကို ဖျက်ဆီး တော့တယ်။

ကမ္ဘာ မှာ စိတ်ပျက်မှု ကို အဖန်တီးနိုင်ဆုံး အရာ ဟာ ချစ်ခြင်း မေတ္တာ ပါ။ ဘာကြောင့်လဲ ဆိုတော့ ခင်ဗျားတို့ ကျနော်တို့ အားလုံးရဲ့ မျှော်လင့်ချက် စိတ်ကူးယဉ် ကမ္ဘာ ကို အခြား အရာတွေထက် ချစ်ခြင်း မေတ္တာ နဲ့သာ ကောင်းကောင်း တည်ဆောက် နိုင်လို့ပါ။ အဲ့ဒါ ကြောင့်ပဲ – ခရီး တစ်ခု သွားရမယ်မှ မကြံသေးဘူး – အိမ်ကို ဘယ်တော့ ပြန်ရောက်မလဲ – ဆိုတာ စဉ်းစား နေရတာမျိုး ရှိတယ် မဟုတ်လား။

တကယ်က – အချစ် ဆိုတဲ့ အရာကို ခင်ဗျား များများ မျှော်လင့်လေလေ၊ ခင်ဗျား မျှော်လင့်တဲ့ အချစ်က ခင်ဗျား ဆီ ရောက်ဖို့ ပိုပြီး ခက်ခဲ လေလေ ပဲ။ တစ်ယောက်ယောက် ဆီက အချစ်ကို ခင်ဗျား မျှော်လင့်ပြီ ဆိုတာနဲ့ – အဲ့ တစ်ယောက်ယောက်က ( သိလိုက်တာနဲ့ ) စည်းတစ်ခု လို ခံစား မိသွား လိမ့်မယ်။ သူ တစ်ခုခု ကို မဖြစ်မနေ လုပ်ရတော့မယ် လို့ အသိ ဝင်သွားမယ်။ ဘာလို့လဲ ဆိုတော့ သူ့မှာ တာဝန် တစ်ခုလို ခံစား လိုက်ရ လို့။ ပေါ့သွမ်းတဲ့ ကာမ ချစ်ခြင်း ပဲ ဖြစ်ဖြစ်၊ လေးနက်တဲ့ ချစ်ခြင်း မေတ္တာမျိုး ပဲ ဖြစ်ဖြစ် တာဝန် တစ်ခုလို ခံစားရပြီ ဆိုရင် တစ်ဖက်နဲ့ တစ်ဖက် အပြည့်အဝ မဖြည့်စွမ်း နိုင် တော့ပါဘူး။ ဆိုလိုတာက အချစ်ကို တာဝန် တစ်ခုလို ထားလာရင် အဲ့ဒီအချစ်က ဖွံ့ဖြိုး မလာ တော့ဘူး။ ရပ်သွား- သေသွားဖို့သာ ရှိတယ် လို့ ဆိုလိုပါတယ်။ ဒါ့ကြောင့် ဝန်ထုပ်ဝန်ပိုး တစ်ခုလို အချစ်မျိုး မရှိသင့်ဘူး။ ဝန်ထုပ် ဝန်ပိုးလို အချစ်မျိုး ရှိနေရင် ခင်ဗျား ဘယ်တော့မှ ပြန်ထွက်လာဖို့ စိတ်ကူး ရှိနိုင်မှာ မဟုတ်တော့ဘူး။ ဘဝဟာ ပြဇာတ်ခုံကြီး ပါဆိုရင် – ခင်ဗျားက အမြဲတမ်း ကချင်နေတယ်။ အမြဲတမ်း မရပ်မနား က – ချင်နေရင် ခင်ဗျားပဲ မောသွား ပါလိမ့်မယ်။ အဲ့လိုပဲ ခင်ဗျား အမြဲတမ်း အချစ်ခံရဖို့ မျှော်လင့်နေရင် ခင်ဗျားပဲ မောသွားမယ်။ ခင်ဗျားပဲ စိတ်ပျက်သွားလိမ့်မယ်။ အချစ်ကို ဝန်ထုပ်ဝန်ပိုး တစ်ခုလို မချစ်ပါနဲ့။ အဲ့ဒီ အခါ ခင်ဗျား စိတ်ပျက် စရာ ဘာတစ်ခုမှ မတွေ့ရ တော့ဘူးရယ်။ ခင်ဗျား ဘဝမှာ မေတ္တာသာ ဖြည့်စွမ်း ကျန်ရစ် ခဲ့တော့တယ်။ ကြည်နူး ချမ်းမြေ့တဲ့ စိတ်သာ ကျန်ရစ်ခဲ့တယ်။

ဒါက ချစ်ခြင်းကို ဥပမာ အနေနဲ့ ပြောတာ ဖြစ်ပါတယ်။ အခြားအရာတွေမှာလည်း အလားတူပါ။ ကမ္ဘာမှာ စိတ်ပျက် ၊ စိတ်ရှုပ်စရာတွေ သောင်း ခြောက်ထောင် မက ပြည့်သျှမ်း နေတယ်။ ဘယ်လောက် တောင်လဲ ဆိုရင် စိတ်မပျက် ဖူးတဲ့သူ မတွေ့ဖူး သလောက်ပဲ မဟုတ်လား။ သူတော်စင်တွေပါ လို့ ခင်ဗျား ခေါ်မယ့် သူတွေတောင် စိတ်ပျက် ဖူးကြတယ်။ ဥပမာ သူတို့ တပည့်သား တွေကြောင့် စိတ်ပျက်တယ်။ သူတို့က ငါ့ရဲ့ တပည့်သားတွေ ဖြစ်ရင် ဒါကို လုပ်သင့်တယ်- ဒါကို မလုပ်နဲ့ ဆိုတဲ့အကြောင်း သူ့တပည့်သား တွေ အပေါ် စတင်ပြီး မျှော်လင့်တယ်။ အဲ့လို မျှော်လင့် တာနဲ့ သူတို့ စိတ်ပျက်ဖို့ အကြောင်း စတင်ပါတော့တယ်။

ခင်ဗျားက အလုပ်ရှင်၊ ခင်ဗျား အောက်မှာ အလုပ်သမားတွေ ရှိမယ် ဆိုပါတော့။ ခင်ဗျား အလုပ်သမား တွေအပေါ် အနည်းဆုံး စိတ်ပျက်စရာ တော့ ပေါ်နေမှာပဲ ။ ငါက ဒါဖြစ်ချင်တယ်- ဒီလူတွေ ငါ့ကို ဒါလုပ်ပေးရမယ် — အဲ့ဒီ မျှော်လင့်ချက်တွေနဲ့ ခင်ဗျား စိတ်ပျက်ဖို့ အကြောင်းက ခင်ဗျား ဘေးမှာ ကပ်ရက်သား ရှိနေပါတယ်။ ခင်ဗျားတင် မကဘူး။ ခင်ဗျား အလုပ်သမား တွေလည်း ဒီအတိုင်းပဲ။ သူတို့ အကျိုးရလာဒ် ကို ခင်ဗျား ဆီက မျှော်လင့် တယ်။ များများ မျှော်လင့်လေ- သူတို့လည်း များများ စိတ်ပျက် လေ ပဲ ရှိလိမ့်မယ်။

လူ့ဘောင် အဖွဲ့အစည်းကို စိတ်ကူး စံနှုန်းတွေ ထားပြီး ကျနော်တို့တွေ တည်ဆောက် ကြပါတယ်။ စိတ်ကူးယဉ် နိုင်ငံတော်ကို ဖွဲ့တည်ပြီး အဲ့ဒီနောက်ကို တကောက်ကောက် လိုက်ကြတော့တယ်။ “ဆိုရှယ်လစ်” ဆို- “ဆိုရှယ်လစ်” မှ “ဆိုရှယ်လစ်” မျှော်လင့်သွား ကြပြန်တာပဲ။ “လူ့အခွင့်အရေး” ဆို “လူ့အခွင့်အရေး” မှ “လူ့အခွင့်အရေး” ပါသွားပြန်တာပဲ။ အဲ့ဒီ မျှော်လင့်ချက် တွေနဲ့ ကျနော်တို့ဟာ ပစ္စုပ္ပန်မှာ ဘယ်တော့မှ ရှိမနေဘူး။ ရှေ့ကို တလံ၊ တထွာ ဒါမှမဟုတ် အဝေးကြီး မျှော်လင့်တယ်။ အဲ့ဒီ မျှော်လင့်ချက်၊ စိတ်ကူးတွေ အတိုင်း ကျနော်တို့ ကမ္ဘာမြေဟာ အခု ချက်ချင်းပဲ ပုံစံ ပြောင်းသွားရမယ် လို့ တွေးထင် ကြတယ်။ ဟုတ်ပါသလား ။ တကယ်တမ်း ကမ္ဘာဟာ သူ့လမ်းကြောင်းနဲ့ သူပဲ ပုံမှန် သွားနေတာပါ ။ အဲ့ဒီအခါ ကျနော်တို့ ခင်ဗျားတို့ စပြီး စိတ်ပျက် ကြတော့တယ်။

ဘာမှ စိတ်မပျက်တဲ့ သူကို ခင်ဗျား ရှာရဖွေရ တော်တော် ခက်မယ် ထင်ပါတယ်။ ရှာတွေ့ခဲ့ရင်လည်း အဲ့လူဟာ ဘာသာတရား ထုံမွမ်း ထားပြီးသား လူ ဖြစ်နေမှာပဲ။ သူ့အတွက်က “မျှော်လင့်ချက်”၊ “မျှော်လင့်စရာ ဝတ္ထု”၊ “မျှော်လင့်ချက် ပျက်ပြားရခြင်း အကြောင်းရင်း” – ဘာတစ်ခုမှ မရှိလို့ပဲ။ ကျနော်တို့ ခင်ဗျားတို့ဟာ ဥစ္စာဓန ကြောင့်၊ ရာထူး ဌာနန္တရကြောင့်၊ အာဏာ ပါဝါကြောင့် စသဖြင့် စိတ်ပျက်နိုင်တယ်။ ချစ်ခြင်း မေတ္တာနဲ့ ပတ်သက်ပြီး စိတ်ပျက်နိုင်တယ်။ ဘုရားသခင် ကြောင့်၊ ကောင်းမြတ်တဲ့ ဘုံ၊ နိဗ္ဗာန်ဘုံ ကြောင့် လည်း စိတ်ပျက် နိုင်ပါသေးတယ်။

ဆိုပါစို့- ခင်ဗျားက စိတ် အေးချမ်း ချင်တယ်။ အဲ့ဒါကြောင့် ကမ္မဋ္ဌာန်း တရား အားထုတ်မယ်။ ဘာဝနာ စပွား တယ်။ စိတ်အေးချမ်း ချင်တာဟာ ခင်ဗျား မျှော်လင့်ချက်ပါ။ ဘာဝနာ ပွားရင် စိတ်အေးချမ်းရမယ်လို့ ခင်ဗျား မျှော်လင့် ထားတယ်။ တကယ်တမ်းက ချက်ချင်း မအေးချမ်းသွားဘူး ဖြစ်နေတယ် မဟုတ်လား။ ကျနော် တွေ့ဖူးတဲ့ သူအချို့ ရှိတယ်။ သူတို့က နေ့စဉ်နေ့တိုင်း ခုနှစ်ရက် တစ်ပါတ် လုံးလုံး – တစ်နေ့ကို ဆယ့်ငါးမိနစ်၊ တစ်နာရီ စသဖြင့် တရားထိုင်ကြတယ် လို့ ဆိုတယ်။ အဲ့လို တရားထိုင် ကြဖို့ ကိုယ်ကိုယ်ကိုယ် ပြဋ္ဌာန်းပြီး ကြိုးစားတယ်။ ဒါပေမယ့် သူတို့ မျှော်လင့်သလို စိတ်မအေးချမ်း လာသေးဘူး။ “အထုံ ပါရမီ အားနည်းလို့ ထင်ပါရဲ့။ ကြိုးစားရဦးမယ်ဗျာ၊ လိုသေးတယ် အဝေးကြီး။” လို့ စိတ်ပျက်တဲ့ လေသံနဲ့ ပြောတတ်ကြတယ်။ မြင့်မြတ်ဖြူစင်ပြီး အေးချမ်းတဲ့ အမှု ကိစ္စမှာတောင် ခင်ဗျားတို့ ကျနော်တို့မှာ မျှော်လင့်ချက်တွေ ရှိနေတယ်။

တကယ်က မျှော်လင့်ချက်ဟာ အဆိပ်အတောက်ပါ။ စိတ်ပျက်၊ စိတ်ရှုပ်စရာ တွေရဲ့ အကြောင်းရင်းခံ ပါ။ ဒီလွဲမှားနေတဲ့၊ အဆိပ်အတောက် ဖြစ်နေတဲ့ မျှော်လင့်ချင် စိတ်ကို ကောင်းကောင်း နားလည် ထားရမှာပါ။ ဒီမျှော်လင့် တဲ့ စိတ်ကို ခင်ဗျား သတိထား စောင့်ကြည့် နေဖို့ လိုအပ်ပါ တယ်။ အဲ့လိုမှသာ ခင်ဗျား ရဲ့ မျှော်လင့်စိတ်တွေ တစ်ခုပြီး တစ်ခု ပြုတ်ကျ ပျောက်ကွယ် သွားမယ်။ အဲ့ဒီအခါ ခင်ဗျား စိတ်ပျက် ရတာတွေ ကလည်း အလိုလို လျော့ပါး ပျောက်ကွယ် သွားမှာပဲ။

ဒါကြောင့် “ကမ္ဘာမှာ စိတ်ရှုပ်စရာတွေ ဘာလို့ များနေရတာလဲ” လို့ မေးမယ့် အစား၊ “ကျနော် ဘာလို့ စိတ်ရှုပ်ရတာလဲ” လို့ မေးသင့်ပါတယ်။ ဒါဆို ရှုထောင့် ပုံစံ ပြောင်းသွားပြီ။ အမြင်ပုံစံ ပြောင်းသွားပါပြီ။ ကမ္ဘာမှာ စိတ်ပျက် စရာတွေ ဘာလို့ များနေရသလဲ သိချင် တဲ့သူ ဟာ ကမ္ဘာမှာ စိတ်ပျက် စရာတွေ လျော့နည်း သွားရင် ကောင်းမှာပဲ လို့ မျှော်လင့် နေဦးမယ်။ စင်စစ် ကမ္ဘာမှာ တကယ်တမ်း စိတ်ပျက် စရာ ရှိရှိ၊ မရှိရှိ – သူ့ဆီမှာတော့ စိတ်ပျက်ပြီး ကျန်ရစ်ခဲ့လိမ့်မယ်။

လောကကြီးက စိတ်ပျက်စရာကြီး — ဆိုတာ အချက်အလက် တစ်ခုပါ။ Data သက်သက်ပါ။ ဟုတ်ချင်ဟုတ်မယ်။ မဟုတ်ချင်လည်း မဟုတ်ဘူး။ ကျနော် မသိဘူး။ ခင်ဗျားက အဲ့ဒီကို သွားပြီး ခင်ဗျား စိတ်ပျက်ရတဲ့ အကြောင်းတွေကို ကြိုးစား ရှာဖွေ ကြည့်တယ်။ ခင်ဗျား တကယ်တမ်း တွေ့ရတာက ဘာလဲ။ ခင်ဗျား မျှော်လင့်ချက်တွေ ချည်းပဲ မဟုတ်လား။ ဒီ အစေ့စိုက်လို့ ဒီအပင် ပေါက်လာရတာပဲ မဟုတ်လား။ လွှတ်ပစ်လိုက်စမ်းပါ။

ကမ္ဘာ အကြောင်း၊ လောက အကြောင်း တွေးတော မျှော်လင့်မယ့် အစား၊ ခင်ဗျား ဆီကို ခင်ဗျား ပြန် ဦးလှည့်ကြည့်ပါ။ ခင်ဗျားကိုယ်တိုင်က ကမ္ဘာလောက ပဲ ဆိုတာ တွေ့ရပါလိမ့်မယ်။ အဲ့ဒီ ကမ္ဘာလောက ကသာ ခင်ဗျားရဲ့ ကမ္ဘာ ဖြစ်ပါတယ်။ ခင်ဗျား ပြောင်းလဲ ချင်သလား ၊ စတင်ပြီး ပြောင်းလဲ လိမ့်မယ်။ အတွင်းပိုင်း၊ အနက်ရှိုင်းဆုံး အပိုင်းကနေ စတင်ပြီး ကို ပြောင်းလဲ လာမှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ခင်ဗျား ကိုယ်တိုင် စိတ်ပျက် နေရတဲ့ အကြောင်းရင်းက ဘာလဲ ဆိုတာ အမြဲအမှတ်ရနေဖို့ လိုအပ်တယ်။

Ref: Osho: The Great Challenge

…………………
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/
………………….

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: