“လိုလို” တွေ ကြား- ဗျာမများ ကြ စေဖို့

ဂေါဓမမြတ်စွာဘုရား သက်တော် ထင်ရှားရှိစဉ်အခါက ဘုရားရှင်သည် ကေသမုတ္တိ အရပ်သို့ရောက်ရှိခိုက် ထိုအရပ်ရှိ ကာလာမ ပုဏ္ဏား တို့က မေးမြန်း လျောက်ထားကြ ကုန်၏- ” အရှင်ဘုရား … အချို့ သောသာမဏ၊ ဗြဟ္မဏ တို့သည်ဤအရပ်သို့ ရောက်ရှိလာ ကြပြီး မိမိတို့၏ အယူဝါဒ များကို ပြဆိုကြ ပါသည်။ ထွန်းလင်းတောက်ပ စေကြပါသည်။ အ ခြား တပါးသော သူတို့၏ အယူဝါဒတို့ကိုကား ထိပါးကြပါသည်။ မထေမဲ့မြင်ပြု ရှုတ်ချကြ ပါသည်။ ပျောက်ပျက်အောင် ဖျောက်ဖျက်ကြပါသည်။ အရှင်ဘုရား … အချို့ သော အခြား ရဟန်း ၊ ပုဏ္ဏား တို့သည်လည်း ဤ အရပ်သို့ ရောက်ရှိလာကြပြီး မိမိတို့ ၏ အယူဝါဒများ ကို ပြဆိုကြပါသည် ။ ထွန်းလင်းတောက်ပ စေ ကြပါသည်။ အခြား တပါးသော သူတို့၏ အယူဝါဒ တို့ကိုကား ထိပါးကြပါသည်။ မထေမဲ့မြင် ပြု ရှုတ်ချ ကြ ပါသည်။  ပျောက်ပျက် အောင် ဖျောက်ဖျက် ကြ ပါသည်။

အရှင်ဘုရား … ဤသာမဏ၊ ဗြဟ္မဏ မည်သော ရဟန်းပုဏ္ဏားတို့တွင် မည်သူက မှန်သောစကားကို ဆိုကြသည် ၊ မည်သူက မှန်သောအကျင့်ကို ကျင့်ကြံကြသည်ကို တပည့်တော်တို့ အနေဖြင့် ယုံမှားသံသယဖြစ်ကာ ဆုံးဖြတ်ရန် ခက်ခဲလှပါသည် ။ အမှန်ကို ညွှန်ပြတော်မူပါဘုရား … ။ ” ထိုအခါ မြတ်စွာ ဘုရားရှင်က ကာလာမပုဏ္ဏားတို့ သင်တို့ သံသယဖြစ်မည်ဆိုလျှင် လည်း ဖြစ်ထိုက်ပေသည် ။ သို့သော် အကြင်သူသည် အယူဝါဒ အကြောင်းအချက် တစ်ရပ်ကို မှန်သည်ဟူ၍ လက်ခံဆုံးဖြတ်လိုသော် အောက်ပါ အကြောင်းအချက် ဆယ်ချက် အပေါ်တွင် ချိန်ထိုးသုံးသပ်ပြီးမှ ဆုံးဖြတ် သင့်ကြကြောင်း ဟောကြားတော်မူခဲ့လေသည်။

( ၁ ) တစ်ဆင့်စကား တစ်ဆင့်ကြားရသည်တို့ အပေါ်၌လည်း ဟုတ်သည်၊ မှန်သည် ဟူ ၍ တထစ်ချ ယုံကြည်ခြင်း မရှိကြပါနှင့်။

( ၂ ) သင်တို့၏ အထက်မှ ဘိုးဘေးဘီဘင်တို့၏ အစဉ်အလာ၊ ဓလေ့၊ ထုံးတမ်း များကို လည်း အားကိုးသင့်ပြီဟူ၍ အဟုတ်မှတ်ပြီး လက်ခံမကျင့်သုံးကြလေနှင့်။

( ၃ ) အခြေအမြစ်မပါသည့် သူပြော ငါပြော ကောလဟာလစကားတို့ကိုလည်း လက်ခံ မမှားကြကုန်နှင့်။

( ၄ ) ဘာသာရေး ကျမ်းစာတို့၏ အရှိန်အဝါ သြဇာအောက်၌လည်း နစ်မျော၍ မနေကြ ကုန်နှင့်။

( ၅ ) အသိဥာဏ်နှင့် အကျင့်သီလိမပါ သူတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ ၊ မှန်ပြီဟူ၍ အတည်မယူကြကုန်နှင့်။

( ၆ ) အခြားသောသူ ၊ အခြားသော အယူဝါဒတို့ ထံမှ ပုံတူကူး၍ လက်ခံ ကျင့်သုံးခြင်း သည်လည်း မိမိဘဝနှင့်အံဝင်ခွင်ကျ ဖြစ်မည်ဟု အတည်တကျ မယူကြ ကုန်နှင့်။

( ၇ ) မိမိတို့၏ အတွေးအခေါ် အယူအဆကို အတွေးဖြင့်သာ အကြောင်းယုတ္တိပေး တွေး ထင်ရုံမျှဖြင့် ကိုယ့်အတွေး၊ ကိုယ့်ယုတ္တိ မှန်ပြီဟု မယူကြကုန်နှင့်။

( ၈ ) ဆရာတစ်ဦးတစ်ယောက်၏ ဟောပြောချက်များသည် မိမိတွေးတောထင်မြင်ချက် များနှင့် ထပ်တူကိုက်ညီသည် ဆိုရုံမျှနှင့်လည်း ဟုတ်ပြီ၊ မှန်ပြီဟု မယူဆကြကုန် နှင့်။

( ၉ ) လောက၌ အလေးဂရုပြုထိုက်သော ပုဂ္ဂိုလ်ကြီး တစ်ဦး၏ ဝါဒသည် ဖြစ်နိုင်ခြေရှိ သည် ဟူ၍လည်း တထစ်ချ မယူကြကုန်နှင့်။

( ၁၀ ) မိမိတို့ဆည်းကပ်ကိုးကွယ်သော ဆရာသခင်တို့၏ စကားတိုင်းသည်လည်း ဟုတ် ပြီ၊ မှန်ပြီ၊ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ဟူကြကုန်နှင့်။

ယနေ့မျက်မှောက် ခေတ်ကာလတွင်လည်း တိုင်းပြည်၌ ဟိုသူကောင်းသည် ဒီသူမ ကောင်းဘူး၊ ဟိုသူ မကောင်း ဒီသူသာ ကောင်းသည်၊ ဟိုသူလည်း ကောင်းပါသည် ဒီသူ လည်း ကောင်းပါသည်၊ ဟိုသူရော ဒီသူရော မကောင်း စသည်ဖြင့် အမျိုးမျိုး အဖုံဖုံ အစုံ စုံသော အသံများကို ကြားနေရပါသည်။ ဟိုသူ၏လူတွေက ဟိုသူသာကောင်းသည်၊ ဒီသူ ၏ ဘက်တော်သားတွေက ဒီသူသာကောင်းသည်။ ကြားနေသူတွေက ဟိုသူရော ဒီသူရော ကောင်းကြပါသည်။ ကတ္တီဝါ ဒီလိုလူများ၊ ဆရာယောင် သမားယောင် လူများကလည်း ဟို သူရော ဒီသူရော အလကားပါဟု အကျိုးမဲ့စကားဆိုကြသည်။ အချို့က အသိုင်းနှင့်အဝိုင်း နှင့် ဝိုင်းဝန်း၍ လိုရာ ရောက်အောင် ကျုံးသွင်းဖို့ ကြိုးစားကြသည်။ အချို့သော သူများက ရှေ့ကလျှောက်နေသော မိမိလူကိုပင် တံကောက်ခွက် တက်နင်းဖို့ ကြံကြသည်… စသည် ဖြင့် အမျိုးမျိုးသော ဝါဒဖြန့်ချီမှုများ၊ ဆွယ် တရားများ၊ အတင်း အဖျင်းများ၊ ဝေဖန်ရေးလေ ကန်ရေးများ၊ ကောလဟာလ များ အကြား၌ ကျွန်တော်တို့ ပြည်သူ ပြည်သားအများသည် အမှန်လိုလို အမှားလိုလို၊ အကောင်းလိုလို အဆိုးလိုလို၊ ဟိုလိုလို ဒီလိုလိုနှင့် ဗျာများနေ ကြရပေသည်။

ယနေ့ အချိန် အခါများ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိနေဦးမည် ဆိုလျှင် ကာလာမ ပုဏ္ဏား တို့အား ဟောကြားသည့်တရားအတိုင်းပင် ယနေ့မြန်မာ ပြည်သူ ပြည်သားတို့ အား ဟောကြားလိမ့်ဦးမည်မှာ သေချာ လှပေသည် ။ မြတ်စွာဘုရား ဟောကြားတော်မူခဲ့ သော တရားကို အနှစ်ချုပ် ကြည့်မည် ဆိုလျှင် လောက၌ အောက်ခြေမှစ၍ ထိပ်အမြင့်ဆုံးရှိ ပုဂ္ဂိုလ်အထိ မည်သူ ပြောသည်ကိုမျှ အလကားနေရင်း မယုံကြည်ကြပါနှင့် ၊ မိမိတို့ ကိုယ် တိုင် ကိုယ်ကျ စူးစမ်းလေ့လာ အကဲဖြတ် စီစစ်သုံးသပ်ပြီးမှ ဆုံးဖြတ်ယုံကြည်ကြပါ။ လက် ဆုပ်လက်ကိုင် ပြုနိုင်သည့်အရာကိုသာ လက်ခံယုံကြည်ကြပါ၊ ၀ိဝါဒ ကွဲပြားမှုများ အကြား ဝေဝါးတွေဝေ နေကြရန်မဟုတ်ပဲ ကိုယ်ပိုင်ဥာဏ်ဖြင့် သုံးသပ်ဆင်ခြင် နိုင်ကြရန်သာ ဖြစ် ကြောင်း တွေ့ရမည်ဖြစ်ပါသည်။

မြန်မာမှု စကား နယ်ပယ်တွင်လည်း ” ဆောက်ဖြစ်မှ ကျောင်းဒကာ ” ၊ ” ဆန်ဖြူ ဆန်ကောင်း ထောင်းမှသိ၊ လူဆိုးလူကောင်း ပေါင်းမှသိ ” ၊ ” ကိုယ့်အိတ်ထဲ ရောက်မှ ကိုယ့်ပိုက်ဆံ ” ၊ ” ကိုယ့်ကျီထဲရောက်မှ ကိုယ့်စပါး ” ၊ ” အရှိန်အဝါသာကြီး ကောက်ရိုးမီး လို ” စသည်ဖြင့် အယုံ မလွယ်၊ မျှော်လင့်ချက် မကြီးကြဖို့ သတိပေးစကားပုံများ ကိုသတိ ထား မိ ကြလိမ့်မည် ထင်ပါသည် ။ အကောင်အထည် ပေါ်မလာမီ ၊ ဂဃနဏ ပီပီပြင်ပြင် လက်ဆုပ်လက်ကိုင် မပြုနိုင်မီ ကြိုတင်ပြီး ယုံကြည်မျှော်လင့်မှု ကြီးကြီးမားမား မထားရှိ ကြပဲ လက်ဝယ်ပိုင်ပိုင် ဆုပ်ကိုင်ပြနိုင်တော့မှသာ ယုံကြည်ကြရန်၊ အပြောမဟုတ် အလုပ် တစ်ကယ် ဖြစ်မှသာ အသိအမှတ် ပြုကြရန် သတိပေး စကားများလည်း ဖြစ်ပေသည်။

ယနေ့ ပြည်သူအများ စိတ်ဝင်တစား ရှိနေကြသည့် နိုင်ငံရေး လောက၌ ဥပမာပေး ခိုင်းနှိုင်း ပြောဆိုနေကြသည့် ” ရေဖန်ခွက် ” ဥပမာတစ်ခုရှိပါသည်။ ဖန်ခွက် တစ်ခွက် အတွင်း ရေတစ်ဝက် ရှိနေပါသည်။ အချို့ သောသူ တို့က ရေတစ်ဝက် ကြီးများတောင် ပြည့် လာပြီ ဟု ဆိုကြသည်။ အချို့ ကလည်း ရေဖန်ခွက် တစ်ဝက်သာ ရှိပါသည်ဟု ရှုမြင်ကြ သည်။ အချို့ က တစ်ဝက်ရှိနေတာကိုပင် ကျေးဇူးတင်ရန် ဝါဒဖြန့်သည်။ အချို့က တစ်ဝက် သာ ရှိရမည်လား ဟု အပြစ် ဆိုချင်ကြ သည်။ မည်သူက ရေဖန်ခွက် တစ်ဝက်ပဲ ရှိသေးတယ် ပြောပြော၊ တစ်ဝက်တောင် ရှိနေပြီ ဆိုဆို ပြည်သူပြည်သားများ အနေနှင့် ယထာဘူတကျကျ ရှုမြင် တတ်ရန် သာ အရေးကြီး သည် ဟုမြင်မိပါသည်။

လူအများ စားသောက် လျှက် ရှိသော စားပွဲဝိုင်း တစ်ခုပေါ်ရှိဖန်ခွက်သည် ရေပြည့်နေ မှ မှန်မှာဖြစ်သလို အလှပြ ထားသော Show case ထဲရှိ ဖန်ခွက် သည် ရေတစ်စက်မှ မရှိ လည်း သဘာဝကျသည်ကို လက်ခံဖို့ လိုပါသည်။ ရေပြည့်သည်မပြည့်သည် ဆိုတာထက် ဘယ်နေရာတွင် အသုံးချမည့် ဖန်ခွက် ဖြစ်သည် ဆိုခြင်းက အဓိကကျပါလိမ့်မည်ဟု ရှုမြင် မိ ပါသည်။ အလှပြ ထားသည့် ဖန်ခွက်သည် ရေ တစ်စက်မျှ မရှိ ပဲခြောက်သွေ့ တောက်ပြောင် နေအောင် တိုက်ချွတ် ထားမှ တင့်တယ် သလို၊ သောက်သုံးနေသည့် ဖန်ခွက် သည် ရေအ ပြည့် ရှိနေမှ သောက်သုံးမည့် သူအတွက် အပြည့်အဝ အကျိုး ရှိ စိတ် ချမ်းသာစေမည် ဖြစ်ပါ သည်။ အကဲဖြတ်မည့်သူသည် သောက်သုံးမည့်သူလား၊ အလှထိုင်ကြည့်မည့် သူလား ဆို သည့် အပေါ်တွင် မူတည် ပါသည်။ မိမိကိုယ် မိမိ သောက်သုံးမည့်သူလား၊ အလှထိုင်ကြည့် ပြီး ကျေနပ်နေမည့်သူလား၊ အများ အတွက် ကျွေးမွေး တည်ခင်းပေးမည့်သူလား၊ မှန်ဘီရို ထဲထည့် အလှပြစား မည့်သူလား ကိုယ်စီ ကိုယ်စီ ဆန်းစစ် ကြည့်ကြ ရန်သာ ဖြစ်ပါသည်။

ယခုလည်း ကျွန်တော် တို့ တွေ့နေ၊ မြင်နေ၊ ကြားနေ ရသည်များတွင် ရေတစ်ဝက် ပြည့်နေပြီ၊ တစ်ဝက်ပဲ ကျန်တော့တယ်၊ တဖြည်းဖြည်း ပြည့်လာမှာပါ၊ စိတ်ရှည် ဖို့သာ လို တာပါ၊ မယုံရင်ကြည့်နေ တဖြည်းဖြည်း ပြန်လျော့သွားလိမ့်မယ် စသည်ဖြင့် ကောလဟာ လ လိုလို၊ အတင်းအဖျင်း လိုလို၊ ဝါဒဖြန့်ချီမှု လိုလို၊ မဲဆွယ် စည်းရုံးမှု လိုလို၊ ဝေဖန်မှုလို လို၊ လေကန်မှု လိုလို၊ ချော့မြူခြင်း လိုလို၊ ခြောက်လှန့်ခြင်း လိုလို၊ ကျုံးသွင်းတာ လိုလို၊ အမြီးတက်နင်းတာ လိုလို၊ ဟိုလိုလို… ဒီလိုလို… နှင့် ” လိုလို ” တွေ အလွန်မှပင် ပေါ များလှပါသည်။ ထို ” လိုလို ” များကြောင့်လည်း မြတ်စွာဘုရားအား ကာလာမပုဏ္ဏား တို့က လျှောက်ထား မေးမြန်း ကြရသည် အထိ ဖြစ်လာရခြင်း မဟုတ်ပါလား။ ယခုတော့  မြတ်စွာဘုရားကား သက်တော်ထင်ရှား မရှိတော့ပြီ။ သို့သော်ငြား လည်း မြတ်စွာဘုရား ၏ တရားတော်များ ထင်ရှားစွာ ကျန်ရှိနေပါသေးသည်။ ကာလာမ သုတ်တွင် မြတ်စွာ ဘုရားက ” အလံဟိ ဝေါ ကာလာမာ က င်္ခိတုံ အလံဝိစိ ကိစ္ဆိ တုံ ၊ ကင်္ခနီယေဝ ပန ဝေါ ဌာနေ ဝိစိကိစ္ဆာ ဥပ္ပန္နာ ” ၊ ” ကာလာမတို့ သင်တို့ဟာ ယုံမှားသံသယ ဖြစ်သင့်သည်။ သံသယ ဖြစ်ထိုက်တဲ့ ကိစ္စမှာ သင်တို့ သံသယ ဖြစ်ကြရမည်။ ဥာဏ်နှင့် စမ်းစစ်ကြရမည် ” ဟူ၍ ဟောကြားခဲ့ပေသည်။

ထို့ကြောင့် ယနေ့ခေတ် ” လိုလို ” များကြားတွင် အယုံမလွယ်ဗျာမများကြပဲ သတိ တရား၊ ပညာဥာဏ်တို့နှင့် အကဲဖြတ်ကြရန် ဖြစ်ပြီး လက်ဆုပ် လက်ကိုင် ပြုနိုင် သည့်၊ အလုပ်ဖြင့် သက်သေ ပြနိုင်သည့် အရာများကိုသာ ယုံကြည်လက်ခံကြရန် နှင့် ဝိဝါဒ ကွဲပြား မှုများကြား၌ ဝေဝါး တွေဝေနေကြရန် မဟုတ်ပဲ ကိုယ်ပိုင် ဥာဏ်ဖြင့် သုံးသပ် ဆင်ခြင် နိုင် ကြရန်သာဖြစ်ပါကြောင်း……….။

ေ န လ မ င်း

( ၁ ၇ နို ဝ င် ဘာ ၊ ၂ ၀ ၁ ၁ )

………………….

ဖေ့ဘုတ်ခ် မှာ – ၁၈.၁၁.၂၀၁၁ က ဝင် ကြည့်ရင်း ကိုနေလမင်း ရေးထား တဲ့ ဒီ note ကို ဖတ် ဖြစ်ပါတယ်။ ခွင့်ပြုပါ ပြောပြီး ယူလာခဲ့တာပါ။

ကာတွန်း ဓာတ်ပုံမှာလည်း Facebook အတွင်းရှိ U Ba Gyan Street Cartoon Exhibition 2011 album က ဖြစ်ပါတယ်။ Pandora Blogopoet တင်ထားတာပါ။

အားလုံးလည်း အသိ အမြင် ကြွယ်ဝ ကြပါစေ။

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: