မိမိ ကိုယ်ကို နားလည်ခြင်း ( သို့ ) လောက်ဇူ

ပြောပြရုံမျှဖြင့် ပြည့်စုံသွားမည့် ဓမ္မသည်
ပြီးပြည့်စုံသည့် ဓမ္မ မဟုတ်။

ဆန့်ကျင်ဘက် တို့၏ အညမည ၊ သဟဇာတ အားဖြင့်

လောကသား တို့သည် အလှတရားကို အလှတရား အဖြစ် သိမြင်ကြသောအခါ
အရုပ်ဆိုး အကျည်းတန်ခြင်းသည် ပေါ်ပေါက်လာရ၏။

လောကသား တို့သည် ကောင်းမြတ်ခြင်း ကို ကောင်းမြတ်ခြင်း အဖြစ် သိမြင် လာကြသော အခါ
ဆိုးယုတ်ခြင်း မိစ္ဆာ သည် ပေါ်ပေါက်လာရ၏။

ထို့ကြောင့်
ဖြစ်တည်ခြင်း နှင့် မဖြစ်တည်ခြင်းတို့သည်
ကြီးထွားမှု အပေါ်၌သာ အညမည မှီခိုသည်။
ခက်ခဲခြင်း နှင့် လွယ်ကူခြင်း တို့သည်
ပြည့်စုံမှု အပေါ်၌သာ အညမည မှီခို၏။
ရှည်ခြင်း နှင့် တိုခြင်း တို့သည်
နှိုင်းယှဉ်မှု အပေါ်၌သာ အညမည မှီခိုသည်။
မြင့်ခြင်း နှင့် နိမ့်ခြင်း တို့သည်
တည်နေရာ ဒေသ အပေါ်၌သာ အညမည မှီခို၏။
ဂီတ နှင့် ဆူညံသံ တို့သည်
အသံတွဲဆက်မှု အပေါ်၌သာ အညမည မှီခိုသည်။
အရှေ့ရောက်ခြင်း နှင့် အနောက်ရောက်ခြင်း တို့သည်
တွဲဖက် အပေါ်၌သာ အညမည မှီခို၏။

သို့ဖြစ်၍ ပညာရှိသောသူသည် –
အပြုအမူ လှုပ်ရှား မပါရှိဘဲ အရေးကိစ္စတို့ကို စီမံသည်။
ဝေါဟာရ စကားတို့ မပါရှိဘဲ နည်းလမ်း တို့ကို ဟောကြားသည်။
အရာအားလုံး ဖြစ်ထွန်း လာသည်ကို လက်ခံ ရှင်သန်စေသည် – ရှောင်ဖယ် ပိတ်ပင် ထားခြင်း မရှိ။
သူတို့ အတွက် ဘဝကို ပေးသည်။ သူတို့ကို ပိုင်ဆိုင် ရယူလိုခြင်း မရှိ။
သူတို့အတွက် ပြုမူဆောင်ရွက်သည် – သဘောဆန္ဒအလျောက် ပြုမူခြင်း မျိုး မရှိ။
ပြီးပြည့်စုံ သွားစေသည် – မိမိ ကိုယ်ကိုယ် ဂုဏ်ဖော် ယူခြင်း မရှိ။

ယင်းသို့ ဂုဏ် ဖော်ယူခြင်း မရှိသောကြောင့်လည်း
၎င်းထံမှ ဂုဏ်ကို မည်သူမှ လုယူမသွားနိုင်တော့ပေ။

Lao Tzu: Tao Teh Ching . Verse ( 2 )

……………………………………………….

မဟာဝီရ ( မဟာဗီးရ် : Mahavir ) နဲ့ ပတ်သက်လို့ ကျနော် ပြောတယ်။ ကျနော့ တာဝန် တစ်ခု အနေနဲ့ ပြောပါတယ်။ ကျနော့ နှလုံးသား ထဲက ပြောတာတော့ မဟုတ်ဘူးရယ်။ သူက သင်္ချာ ဆန်တယ်။ နက်နဲ ခက်ခဲ နေတဲ့ ဂမ္ဘီရဆန်ဆန် လူသား တော့ မဟုတ်ပါဘူး။ ဖြစ်တည်မှုနဲ့ ပတ်သက်လို့ ကဗျာ မဆန်ဘူး။ ကြီးမြတ်တဲ့သူ ၊ အသိဥာဏ် အလင်း ရတဲ့သူ ဟုတ်တယ်။ ဒါပေမယ့် ကန္တာရ တလင်းပြင် ကျယ် ကြီး တစ်ခုနဲ့ တူပါတယ်။ ဘယ်လို အိုအေစစ်မျိုးမှ မတွေ့ရမယ့် ကန္တာရ မျိုးပေါ့။ ကျနော် မွေးဖွားလာရာ ဘာသာ ဟာ ဂျိန်း ဘာသာ ပါ။ ဒါ့ကြောင့် သူ့ကိုတော့ အရိုအသေ ပေးရတာမျိုး ရှိတယ်။ သူ့ကို တာဝန် တစ်ရပ် အနေနဲ့ ကျနော် ပြောရတယ်။ ဒါပေမယ့် ကျနော့ နှလုံးသား ကတော့ သူ့ဆီမှာ မရှိဘူး။ သူ့အကြောင်းကို စိတ်ကူး ကနေသာ ပြောတာ သက်သက်ပဲ ။ မဟာ ဝီရ လို့ ခေါ်တဲ့ သူ့ အကြောင်းကို ပြောရင် ကျနော် စည်းအပြင်က လူတစ်ယောက် လို ဖြစ်လာ တယ်။ ကျနော့ ထဲမှာ သူမရှိဘူး – သူ့ထဲမှာ ကျနော် မရှိဘူး။

မောရှေ နဲ့ မိုဟာမက် ( Moses, Mohammed ) တို့ကိုလည်း အလားတူပါပဲ။ သူတို့ကို ပြောတာမှာ စိတ်ရော ကိုယ်ပါ မပါခဲ့ဘူး။ တကယ်လည်း မပြော ခဲ့ပါဘူး။ ဒါဟာ ကျနော် ဂျိန်းဘာသာဝင် ဖြစ်ခဲ့လို့ မဟုတ်ဘူး။ ဂျိန်းဘာသာ ဝင် မဟုတ်ခဲ့ရင်လည်း ကျနော် ပြောဖြစ်မှာ မဟုတ်ဘူး။ ကျနော့ မိုဟာမက် ဘာသာဝင် ရောင်းရင်းတွေ၊ ဂျူး ဘာသာဝင် ရောင်းရင်းတွေ ရှိတယ်။ သူတို့ ကျနော့နဲ့ တွေ့ဖြစ်ရင် ပြောကြတယ်။ “ခင်ဗျား ဘာလို့ မိုဟာမက်နဲ့ မိုးဇက် တို့ အကြောင်း မပြောရတာလဲ” တဲ့။ ဒီမေးခွန်း ရှိလာရင် သူတို့ကို ရှင်းပြဖို့ ခက်ပါတယ်။ အခါ တော်တော် များများ သူတို့ မျက်နှာကို ကြည့်ပြီး ကျနော် ပြောဖို့ ဆုံးဖြတ်မိသေးတယ်။ အကြိမ် တော်တော် များများလည်း မောရှေ၊ မိုဟာမက်တို့ ဆိုစကားတွေကို ကျနော် အထပ်ထပ် အခါခါ ကြည့်မိ သေးတယ်။ ဒါပေမယ့် အဲ့ဒီ နောက်တော့ ကျနော် တုန့်နှေး သွားရပြန်တယ်။ ကျနော့် နှလုံးသားမှာ ဘာအသံမှ မမြည်ဘူး။ ကျနော့ နှလုံးသား က မလှုပ်ရှားဘူး ၊ အသက်မဝင်ခဲ့ဘူး။ အဲ့တော့ ကျနော် ပြောရင် ကျနော့ စကားက အသက်မဲ့တဲ့ စကားပဲ ဖြစ်နေတော့မှာ။ မဟာဝီရ ( မဟာဗီးရ် ) ကို ပြောသလိုမျိုး ကျနော့်ဆီမှာ တာဝန်အနေနဲ့တောင် မရှိဘူး ။

တကယ်တော့ သူတို့ သုံးယောက် စလုံးက ခေါင်းစဉ်တစ်ခု တည်း အောက်မှာ ရှိပါတယ်။ သိပ် တွက်ချက်တတ်တယ်။ တစ်ဖက် အစွန်းမှာ အမြဲ ရှိနေတယ်။ သူတို့မှာ တစ်ဖက် အစွန်းကို လစ်လပ်နေတယ်။ ဖယ်ထား တယ်။ ဂီတ နုတ် ( note ) အသံ တစ်သံတည်း၊ တစ်ခုတည်း လိုပဲ။ တွဲဖက် ဟာမိုနီ ဖြစ်တာ မရှိဘူး။ သံစုံ မဟုတ်ဘူး။ တစ်သံတည်း ထွက်နေတဲ့ ဂီတနုတ် ဆိုတာ သူ့အလှနဲ့ သူ ရှိပါတယ်။ တကယ် မြင့်မြတ်တဲ့ အလှ ရှိတယ်။ ဒါပေတဲ့ တစ်သံတည်း ဖြစ်နေတယ်။ တစ်ခဏ တော့ အဲ့ အသံက အဆင်ပြေ နေမှာ ။ နားထောင် ကောင်းနေမှာပါ။ ဒါပေမယ့် အဲ့ဒီ အသံ ချည်းပဲ ဆက်လာနေရင် ခင်ဗျား ပျင်းသွားရော။ ပြီးတော့ ခင်ဗျား အဲ့ဒါကို ရပ်ပစ် ချင်သွားရော။ မဟာဝီရ ၊ မိုးဇက်၊ မိုဟာမက် တို့ရဲ့ ပုဂ္ဂိုလ်ရေး ဘဝတွေက အဲ့ဒီ တစ်သံတည်း ဂီတ နုတ်တွေနဲ့ အလား သဏ္ဍာန် တူပါတယ်။ ရိုးစင်းတယ်။ မြင့်မြတ်တယ်။ လှပတယ်။ ဒါပေမယ့် တစ်ခဏပဲ။ တကယ်လို့သာ ကျနော် သွားတဲ့ လမ်းမှာ မဟာဝီရ၊ မောရှေ၊ မိုဟာမက်တို့နဲ့ တွေ့ခဲ့ရင် ကျနော် လေးလေး နက်နက် အရိုအသေ ပြုမှာပါပဲ။ ဒါပေမယ့် ပြီးရင်တော့ ထွက်သွားမယ်။

ကျနော် ခရစ်ရှန နဲ့ ပတ်သက်လို့ ပြောတယ်။ သူက အညွှန်းဘောင်တွေ သိပ်များတယ်။ လူသားတို့ရဲ့ အလွန်၊ လူလွန်မသား တစ်ဦးပဲ။ အံ့ဩစရာ ကောင်းတယ်။ လူစင်စစ်ထက် ပိုပြီး ဒဏ္ဍာရီ ဆန်တယ်။ သူက သာမာန်ထက် ပိုပြီး မဖြစ်နိုင်တာ ဖြစ်နေတဲ့ သူတစ်ယောက်။ ကမ္ဘာပေါ်မှာ သူ့လို ပုဂ္ဂိုလ်မျိုး ဘယ်လိုမှ မရှိနိုင်အောင်ကို ထူးတဲ့သူ တစ်ယောက်။ ကျနော်တို့ အိပ်မက်ထဲမှာသာ ရှိနိုင်တဲ့ သူတစ်ယောက် ပဲ ဖြစ်ပါတယ်။ ဒဏ္ဍာရီ ဆိုတာ အခြားမဟုတ်ဘူး- ကျနော်တို့ အိပ်မက် ပေါင်းချုပ်ကျမ်း သက်သက်ပါ။ လူ့အဖွဲ့အစည်း အားလုံးက သူတို့နဲ့ ပတ်သက်ပြီး အိပ်မက် မက်ကြတယ်။ လှပပါတယ် – နို့ပေမယ့်- ယုံနိုင်စရာ မရှိဘူး။ ကျနော် ခရစ်ရှန အကြောင်းကို ပြောရရင် ပျော်တယ်။ တကယ် လှပတဲ့ ပုံပြင် တစ်ပုဒ်ကို ပြော နေရသလို ပျော်တယ်။ လှလှပပ ဖန်တီးထားတဲ့ ဇာတ်လမ်း တစ်ပုဒ်ကို ပြောပြရမှာ ပျော်သလိုမျိုး ပျော်တယ်။ ဒါပေမယ့် အဲ့ပုံပြင်ဟာ ရုပ်ပြဇာတ်လမ်း တွေလို အဓိပ္ပာယ် မရှိဘူး။

ကျနော် ယေရှု ခရစ် ( Jesus Christ ) အကြောင်း ပြောပါတယ်။ သူ့အပေါ်မှာ လေးလေးနက်နက် သနား ဂရုဏာစိတ်နဲ့ကို ပြောတယ်။ သူနဲ့ အတူ ဝေဒနာကို မျှဝေ ခံစား ပေးချင်မိတယ်။ သူ လက်ဝါးကပ်တိုင် ထမ်းနေချိန်မှာ သူ့ဘေးကနေ ကျနော် ကူပြီး ဝင်ထမ်း ပေး လိုက်ချင်တယ်။ ဒါပေမယ့် ကျနော်တို့ တွေဟာ မျဉ်းပြိုင် နှစ်ကြောင်း လိုပဲ။ ဆုံမိကြမှာ မဟုတ်ဘူး။ သူက သိပ် စာနာ ကြေကွဲ တတ်တယ်။ လူသား တစ်မျိုးလုံးရဲ့ ဒုက္ခ ဝန်ပိုးတွေကို ထမ်းသယ် ထားတာ မို့လို့ သူ ထမ်းထားတဲ့ ဝန်ထုပ်ဝန်ပိုး ကလည်း သိပ်ကြီးလေး လွန်း ပါတယ်။ အဲ့ဒါကြောင့်မို့ သူဟာ သူ့ဘဝမှာ ရယ်မောပြီး နေနိုင်ခဲ့မှာ မဟုတ်ဘူး။ ခင်ဗျားလည်း သူနဲ့ တော်တော် ကြာကြာ တွဲလျောက် မိမယ် ဆိုရင် – ခင်ဗျားလည်း သူ့လိုပဲ စာနာစိတ်နဲ့ ကြေကွဲ ဝမ်းနည်း လာလိမ့်မယ်။ သူ့ အရှိန်အဝါ မှာ သနားကရုဏာ တွေ ပြန့်နှံ့နေတယ်။ အဲ့ဒါကို ကျနော် ခံစားကြည့် လို့ ရပါတယ်။ ဒါပေမယ့် သူ့အပေါ် နှစ်နှစ်ခြိုက်ခြိုက်တော့ ရှိမိ မှာ မဟုတ်ဘူး။ သူနဲ့ ကျနော် တစ်ခဏ အကြာလောက် အတူတူ တွဲလျောက်သွား နိုင်တယ်။ သူ့ရဲ့ ဝန်ထုပ် ဝန်ပိုးကို အစားဝင် ကူပြီး သယ်ပိုး ပေးမယ်။ ဒါပေမယ့် ပြီးရင်တော့ လမ်းခွဲ သွားမှာပဲ။ ကျနော်တို့ လမ်းတွေက မတူကြဘူး။ သူက ကောင်းမြတ်တဲ့သူ တစ်ယောက်။ ဒါပေတဲ့ သိပ် ကောင်းမြတ် လွန်း နေတဲ့သူ၊ လူသားမဆန်လောက်အောင် ကောင်းမြတ်လွန်းနေတဲ့သူ ဖြစ်ပါတယ်။

ကျနော် ဇရသုဇရာ ( Zarathustra ) အကြောင်း ပြောတယ်။ တော်တော် ရှားပါတယ်။ သူကို့ ကျနော် ချစ်တယ်။ ဒါပေမယ့် သူငယ်ချင်း တစ်ယောက်က သူငယ်ချင်း တစ်ယောက်ကို ချစ်သလိုမျိုး။ ခင်ဗျား သူနဲ့ အတူတူ ရယ်ရယ် မောမော နေနိုင်တယ်။ သူက ကိုယ်ကျင့် အဘိဓမ္မာ သမားလည်း မဟုတ်ဘူး။ သန့်စင်ရေး သမားလည်း မဟုတ်ဘူး။ သူက ဘဝကို ပျော်မွေ့တယ်။ ဘဝက ပေးသမျှ အရာ အားလုံး ကိုလည်း ပျော်မွေ့တယ်။ တကယ့် သူငယ်ချင်း ကောင်း ပါပဲ။ သူနဲ့ အတူတူ ခင်ဗျား အမြဲ နေသွားလို့ ရနိုင်တယ်။ ဒါပေမယ့် သူငယ်ချင်း အဖြစ် သက်သက်ပဲ။ သူငယ်ချင်း မိတ်ဆွေ အဖြစ်ဟာ ကောင်းမြတ်ပါတယ်။ သို့ပေမယ့် မပြည့်စုံသေးဘူး။

ကျနော် ဗုဒ္ဓ ( Buddha ) နဲ့ ပတ်သက်လို့ ပြောတယ်။ ကျနော် သူ့ကို ချစ်တယ်။ ဘယ်ရာစုနှစ်ကို ကြည့်ကြည့်၊ ဘယ်လို လူနဲ့ ယှဉ်ယှဉ် ကျနော် သူ့ကို ချစ်တယ်။ သူက အံ့ဩစရာ ကောင်းလောက် တဲ့ အလှတရားနဲ့ ပြည့်စုံတဲ့သူ ။ ထူးခြား လေးနက်ပြီး လှပနေတဲ့သူ။ ကြီးမြတ်တဲ့သူ ဖြစ်ပါတယ်။ သူက ကမ္ဘာမြေပေါ်မှာ ရှိမနေဘူး။ သူက ကမ္ဘာမြေပေါ်မှာ လျောက်လှမ်းနေတာ မဟုတ်ဘူး။ ကောင်းကင်မှာ ပျံသန်းပြီး ခြေရာမထင် ချန်ခဲ့တဲ့ သူပါ။ ခင်ဗျား သူ့နောက်ကနေ တွဲရက်လိုက်နိုင်မှာ မဟုတ်ဘူး။ သူဘယ်မှာ ရှိသလဲ ခင်ဗျား မသိနိုင်ဘူး။ အဲ့တော့ သူက တိမ်လွှာမျှင် တစ်စ နဲ့ တူတယ်။ ရံဖန်ရံခါတော့ ခင်ဗျား သူနဲ့ ဆုံကောင်း ဆုံမိမယ်။ ဒါပေမယ့် အမှတ်တမဲ့ ပဲ ဖြစ်မယ် ။ ပြီးတော့ သူက မြေကမ္ဘာပေါ်မှာ အမြစ် တွယ်ကပ် နေမယ့်သူ မဟုတ်ဘူး။ ဟိုး အမြင့် အမြင့် တွေ့အတွက် ရှိနေတဲ့သူ။ ဒီလိုနဲ့ သူက တစ်ဖက်တည်းမှာ ဖြစ်သွားတယ်။ ကောင်းကင်နဲ့ မြေပြင်က သူ့ကို ဘယ်လိုမှ မထိစပ် နိုင်ဘူးရယ်။ သူက မြင့်မြတ်တဲ့ ကောင်းကင် ဆိုရင် မြေကမ္ဘာပိုင်းက လစ်လပ်နေပါတယ်။ မီးညွှန့် တစ်ခုနဲ့ တူတယ်။ လှတယ်။ ဒါပေမယ့် ဆီမလို၊ ခွက်မလိုတဲ့ မီးတောက်မျိုး။ ခင်ဗျား အဲ့ဒီ မီးညွှန့်ကို မြင်နိုင်တယ်။ အဲ့ဒီ မီးညွှန့်လေးဟာ ကောင်းကင်ကို မြင့်သထက် မြင့်အောင် တက်သွားမှာပဲ။ သူ့ကို ကမ္ဘာမြေက ဘယ်ဟာနဲ့မှ မတားဆီး နိုင်ဘူး။ ကျနော် သူ့ကို ချစ်တယ်။ ကျနော် သူ့အကြောင်း ပြောရင် စိတ်ထဲ၊ နှလုံးထဲက နှစ်ပြီး ပြောပါတယ်။ ဒါပေမယ့် သူနဲ့ ကျနော်ကြားမှာ အကွာအဝေး လေးက ရှိနေသေးတယ်။ ဒါက ချစ်ခြင်း မေတ္တာရဲ့ ဖြစ်စဉ်ပါ။ ခင်ဗျား ချစ်တဲ့သူနဲ့ ခင်ဗျား ကြားမှာ အချစ်က ဆွဲညှိ ပေးတယ်။ ခင်ဗျားတို့ နှစ်ယောက်ရဲ့ နှလုံးသားချင်း နီးစပ်အောင် လုပ်ပေးတယ်။ ပိုပြီး နီးနီး၊ ပြီးတော့ – နီးနီး၊ ထပ်ပြီး – နီးနီး။ အဲ့ဒီ နီးနီး ဆိုတာ မှာလည်း အကွာအဝေး တစ်ခုတော့ ရှိနေ သေးတယ် မဟုတ်လား။ ဒါဟာ ချစ်ကြသူတိုင်းရဲ့ ဝဋ် ဒုက္ခ တစ်မျိုးပါပဲ။

ကျနော် လောက်ဇူ ( Lao Tzu ) နဲ့ ပတ်သက်လို့ ပြောတယ်။ ဒီမှာတော့ အထက်တွေ နဲ့ လုံးဝ မတူပဲ ကွဲပြားပါတယ်။ ကျနော်က သူနဲ့ ဆက်စပ်နေတာ မဟုတ်ဘူး။ ဘာလို့လဲ ဆိုတော့ “ဆက်စပ်တယ်” ဆိုတာမှာလည်း အကွာအဝေး တစ်ခုတော့ အနည်းဆုံး လိုအပ်နေလို့ပါ။ ကျနော် သူ့ကို မချစ်ဘူး။ ဘာလို့လဲ မေးရင်- ခင်ဗျား ကိုယ် ခင်ဗျား ဘယ်လို ချစ်သလဲ။ လို့ ပြန်မေးရတော့မှာ။ ကျနော် လောက်ဇူ နဲ့ ပတ်သက်လို့ ပြောတဲ့အခါ၊ ကျနော်နဲ့ ပတ်သက်လို့ ကျနော် ပြောရသလို ပြောပါတယ်။ သူနဲ့ အတူတူ ကျနော်ရဲ့ ဖြစ်တည်ချက်က တစ်ခုတည်းပဲ။ ကျနော် လောက်ဇူနဲ့ ပတ်သက်လို့ ပြောတဲ့ အခါ ကိုယ့်ကိုယ်ကိုယ် မှန်ကြည့်နေရသလို ပြောတယ်။ ကျနော့်ရဲ့ သွင်ပြင် သရုပ်သကန်ကသာ ရောင်ပြန်ဟပ်နေတယ်။ ကျနော် လောက်ဇူနဲ့ ပတ်သက်လို့ ပြောတဲ့ အခါ သူနဲ့ လုံးဝ အပြည့်အဝ ထပ်တူကျပြီး ပြောပါတယ်။ တကယ်က “သူနဲ့ လုံးဝ အပြည့်အဝ ထပ်တူကျပြီး ပြောတယ်” ဆိုတာတောင် မမှန်နိုင်သေးဘူး။ ကျနော်ဟာ သူပဲ။ သူဟာ ကျနော် ပဲ ဖြစ်ပါတယ်။

သမိုင်း ဆရာတွေက သူ တကယ် ရှိခဲ့တယ် မရှိခဲ့ဘူး သံသယ ဖြစ်ကြတယ်။ ကျနော့ အနေနဲ့ တော့ သူ ရှိတယ် မရှိဘူး သံသယ မဖြစ်ဘူး။ ဘာလို့လဲ မေးရင် အခု ကျနော် ရှိတယ် မရှိဘူး ကို ကျနာ် ဘယ်လို သံသယ ဖြစ်နိုင်မှာလဲ ဆိုတာနဲ့ ပြန်မေးရပါမယ်။ ကျနော် ဖြစ်တည်လာတဲ့ ခဏတိုင်းမှာ၊ သူက ကျနော့အတွက် စင်စစ် ဖြစ်တည် လာတာပဲ။ သမိုင်းဆရာတွေက သူဟာ သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး လို့ သက်သေပြ နိုင်ခဲ့မယ် ဆိုပါတော့။ အဲ့လို ဆိုရင်လည်း ကျနော့အတွက် ပြောင်းလဲ သွားမှာ မဟုတ်ဘူး။ ဆိုလိုတာက ကျနော် ရှိနေတဲ့ အတွက် သူရှိနေတယ်။ ကျနော်ဟာ ကျနော့ရဲ့ သက်သေ ဖြစ်ပါတယ်။ ကျနော် လောက်ဇူ နဲ့ ပတ်သက်လို့ ပြောတဲ့အခါ အခြားလူတစ်ယောက်ကို ပြောနေသလိုမျိုး မဟုတ်ဘူး ။ ကျနော့ကိုယ် ကျနော် ပြောနေတာပဲ ဖြစ်တယ်။ အခြား အမည်နာမ တွေကနေ၊ အခြား ရုပ်နာမ်တွေကနေ၊ အခြား အရာတွေကနေ အမည်အမျိုးမျိုး ဘယ်လို တပ်နေပေမယ့် ကျနော် လောက်ဇူ အကြောင်း ကိုပဲ ပြောနေမယ်။

လောက်ဇူဟာ မဟာဝီရနဲ့ မတူပါဘူး။ သူက သင်္ချာမဆန်ဘူး။ ယုတ္တိ ဆင်ခြင်တုံ တရား တွေနဲ့ မဟုတ်ဘူး။ သူဟာ သူ့ရူးသွပ်မှု အတွင်းမှာ အလွန့်အလွန် ယုတ္တိကျသူ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ လောက်ဇူမှာ ရူးသွပ်နေတဲ့ ယုတ္တိဗေဒပဲ ရှိတယ်။ သူ့ရဲ့ ဆိုစကားတွေကို ကျနော်တို့ ထွင်းဖောက် ဝင်ကြည့်တဲ့ အခါ ခင်ဗျား အဲ့ဒါတွေကို ခံစားလို့ ရနိုင်တယ်။ ဒါပေမယ့် ထင်ထင် ရှားရှား ပြတ်ပြတ် သားသား မြင်လိုက်ရမှာ မဟုတ်ဘူး။ သူ့မှာ သူ့ရဲ့ ကိုယ်ပိုင် ယုတ္တိဗေဒ ရှိတယ်။ အရူးတစ်ယောက်ရဲ့ ယုတ္တိဗေဒ၊ အူကြောင်ကြား ယုတ္တိဗေဒ၊ ကြောင်စီစီ ယုတ္တိဗေဒ စသဖြင့် ခင်ဗျား နာမည် တပ်နိုင်ပါတယ်။ ဒါပေတဲ့ သူ့ရဲ့ ယုတ္တိဗေဒဟာ အခက်ခဲဆုံး အပိုင်းမှာ တည်ရှိတယ်။

မဟာဝီရ ( မဟာဗီးရ် ) ရဲ့ ယုတ္တိဗေဒ ကို မျက်ကန်း တစ်ယောက် တောင် နားလည်နိုင် ပါတယ်။ လောက်ဇူရဲ့ ယုတ္တိဗေဒ ကို နားလည်ဖို့ ကျတော့ ခင်ဗျား ကိုယ်တိုင်တောင် အခြား မျက်လုံးကို ဖန်တီး ရတော့မယ်။ နူးညံ့ သိမ်မွေ့တယ်။ ယုတ္တိဗေဒ သမားတွေ သုံးစွဲလေ့ ရှိတဲ့ သမားရိုးကျ ယုတ္တိ ဗေဒ မဟုတ်ဘူ။ တိမ်မြုပ်နေတဲ့ ဘဝ၊ သိမ်မွေ့တဲ့ ဘဝရဲ့ ယုတ္တိဗေဒ ဖြစ်ပါတယ်။ တစ်ယောက်ယောက် က လောက်ဇူရဲ့ ယုတ္တိဗေဒ ထဲ ရောက်လာမယ် – အဲ့ဒါဆို လောက်ဇူကို နားလည်ဖို့ ဆိုရင် အဲ့လူရဲ့ စိတ်ကူး သဏ္ဍာန် အားလုံးကို ပြောင်းလဲ ပစ်ရ ပါတော့မယ်။ မဟာဝီရ ( မဟာဗီးရ် ) အတွက် ဆိုရင်တော့ ခင်ဗျား စိတ်ကို ဘာမှ ပြောင်းလဲနေစရာ မလိုဘူး။ ကောင်းကောင်း နားလည် နိုင်တယ်။ ခင်ဗျားအနေနဲ့ ပဲ မဟာဝီရကို နားလည် သွား နိုင်တယ်။ ခင်ဗျားနဲ့ သူနဲ့က မျဉ်းတစ်ကြောင်းတည်း ဖြစ်နေမယ်။ သူက ခင်ဗျားရှေ့မှာ ဘယ်လောက်ပဲ ဦးပြီး ရှိနေပါစေ – ခင်ဗျား ဒီပန်းတိုင်ကိုပဲ ရောက်မှာပဲ။ သူနဲ့ ဦးတည်ရာက အတူတူ။ တစ်ကြောင်းတည်းပဲ။

လောက်ဇူကို ခင်ဗျား နားလည်ဖို့ ကြိုးစားရင်တော့ ခင်ဗျား အခက်တွေ့ပြီ။ တစ်ခါတစ်လေ သူ အရှေ့ဘက် သွားနေတာကို ခင်ဗျား တွေ့မယ်။ တစ်ခါတစ်လေ ကျပြန်တော့ အနောက်ဘက် ကို သွားနေပြန်တယ်။ ဘာလို့လဲ ဆိုတော့ အရှေ့ဟာ အနောက် ဖြစ်ပြီး၊ အနောက်ဟာ အရှေ့ပါပဲတဲ့။ သူပြောခဲ့တယ်။ ဒီအရှေ့ တွေ၊ အနောက်တွေဟာ အတူတူ၊ တစ်ခုတည်းသာ ဖြစ်တယ်။ ဆန့်ကျင်ဘက် အရာအားလုံးဟာ ပေါင်းစည်း နေကြတယ်။ ဒါဟာ ဘဝ ဖြစ်တည်နေတဲ့ ပုံစံပဲ လို့ သူ ယုံကြည်တယ်။

ဒါကြောင့် လောက်ဇူဟာ ဘဝရဲ့ ပြောရေးဆိုခွင့် ရှိသူ တစ်ယောက် သက်သက်ပဲ ဖြစ်ပါတယ်။ ဘဝဟာ အဓိပ္ပာယ် မဲ့သလား – လောက်ဇူလည်း အဓိပ္ပာယ်မဲ့ နေပါမယ်။ ဘဝမှာ အဓိပ္ပာယ်မဲ့ ယုတ္တိဗေဒ ရှိသလား- လောက်ဇူလည်း အဲ့ဒီ ယုတ္တိဗေဒ ရှိပါမယ်။ ဆိုလိုတာက လောက်ဇူဟာ ဘဝကို ရိုးရှင်းစွာ ရောင်ပြန်ဟပ် ထားတယ်။ ဘဝထဲကို အခြား ဘယ်ဟာမှ ပေါင်း မထည့်ဘူး။ ဘယ်ဟာကိုမှ ရွေးချယ် မကောက်ယူဘူး။ ဘဝဟာ ဘာဖြစ်သလဲ – အဲ့အတိုင်း သူ ရိုးစင်းစွာ လက်ခံရုံလေးပဲ။

လောက်ဇူရဲ့ အနှစ်သာရ အမြုတေကို မြင်နိုင်ဖို့ ခက်ခဲရတာက – သူဟာ ခင်ဗျားလို သာမာန်လူ မို့လို့ပဲ။ ခင်ဗျား ဒါကို နားလည်မှသာ သူ့ကို နားလည် နိုင်မယ်။ ဗုဒ္ဓနဲ့ ပတ်သက်လို့ ခင်ဗျား သဘောပေါက် ထားမိမှာက ဗုဒ္ဓဟာ ဖြူစင်သန့်ရှင်းတဲ့ သူ ၊ ခင်ဗျား အထက်က လူ။ ခင်ဗျား ရဲ့ အထက်ဝန်းကျင်မှာ ကွန့်မြူး တည်ရှိနေမယ့်သူ ။ အဲ့လို ခင်ဗျား အမှတ်ရနေနိုင်တယ်။ လောက်ဇူ အတွက်တော့ ဒီလိုမဟုတ်ဘူး။ သူဟာ ခင်ဗျားရဲ့ အနီးအပါး ရှိနေရင်တောင် ခင်ဗျား သူ့ကို မေ့လျော့ရင် မေ့လျော့ နေဦးမယ်။ ခင်ဗျား သူ့ကို သတိ မူချင်မှ မူမိမယ်။ ဘာလို့ဆို သူက သာမာန် ရိုးရိုး ဖြစ်နေလို့ပဲ။ တကယ့်ကို ထူးထူးခြားခြား ရိုးစင်းနေတာ ဖြစ်ပါတယ်။ အဲ့ဒါဟာ လောက်ဇူရဲ့ အလှပဲ ။

တမူထူးခြားသူ ဖြစ်လာဖို့က ရိုးပါတယ်။ ခင်ဗျား အားစိုက်ထုတ်မှုပဲ လိုအပ်တယ်။ ပြုပြင်ပြောင်းလဲမှု အသစ်တွေ လုပ်ဖို့ လိုအပ်တယ်။ ပြုစု ပျိုးထောင်နေ ဖို့ လိုအပ်တယ်။ လေးနက် အတွင်းကျတဲ့ နည်းနာ တစ်ခုပါ။ ခင်ဗျား အလွန် အလွန် ပြောင်းလဲ သွားလိမ့်မယ်။ မြေကြီးနဲ့ မနီး လောက်အောင် လုံးဝ ထူးခြား သွားတဲ့ သူတစ်ယောက် ဖြစ်သွားနိုင်တယ်။ ဒါပေမယ့် ရိုးစင်းတဲ့ အဖြစ်ရဖို့ ဆိုတာ ကတော့ ဒီလို မဟုတ်ဘူး။ အထူးခြားဆုံး တွေထဲက အထူးခြားဆုံး တစ်ခု ဖြစ်ပါတယ်။ အားစိုက်ထုတ်မှု မလိုအပ်ဘူး။ ဘယ်အားစိုက်ထုတ်မှု မှ မရှိတာပဲ လိုအပ်တယ်။ ဘာကိုမှ လေ့ကျင့်နေတာ မဟုတ်ဘူး။ ဘယ်နည်းနာ၊ ဘယ်လမ်းကိုမှ ရွေးချယ် နေတာမဟုတ်ဘူး။ ရိုးရှင်းတယ် – ခင်ဗျား နားလည်ဖို့ တစ်ခု ပဲ လိုတယ်။ ဒီနေရာမှာ ဘာဝနာတောင် အကူအညီ ပေးနိုင်မှာ မဟုတ်ဘူး။ ဗုဒ္ဓ တစ်ယောက် ဖြစ်ဖို့ ဘာဝနာဟာ ကူညီပေးတယ်။ လောက်ဇူ တစ်ယောက် ဖြစ်ဖို့ကတော့ ဘာဝနာလည်း မကူပေးနိုင်ဘူး။ နားလည် ရုံမျှသာ ရှိပါတယ်။ ဘဝကို ဘဝအတိုင်း နားလည်ရုံမျှ လေးပဲ။ သတ္တိရှိရှိ နေထိုင် ရှင်သန်ရုံ မျှလေးပဲ။ ဘဝကနေ ထွက်မပြေးဘူး၊ ဘဝကနေ မဖုံးကွယ်ဘူး။ ဘဝကို သတ္တိနဲ့ ရင်ဆိုင်တယ်။ ကောင်းကောင်း ဆိုးဆိုး၊ အထက်ဘုံ ရောက်ရောက်၊ ငရဲ ကျကျ – ဘဝကို ဘဝအတိုင်း ရိုးရှင်းစွာ ရင်ဆိုင် လက်ခံတယ်။

လောက်ဇူ တစ်ယောက် ဖြစ်ဖို့ ၊ လောက်ဇူကို နားလည်ဖို့ သိပ်ခက်ခဲပါတယ်။ ဆိုလိုတာက ခင်ဗျား – လောက်ဇူ တစ်ယောက်ကို သိနားလည် ရင် ခင်ဗျား ကိုယ်တိုင် လောက်ဇူ ဖြစ်ပြီးသားပါ။ ဗုဒ္ဓကို သိနားလည် ဖို့ အတွက်က ခင်ဗျား ဗုဒ္ဓ ဖြစ်ဖို့ မလိုအပ်ဘူး။ ဒါပေမယ့် လောက်ဇူကို သိနားလည်ဖို့ကတော့ ခင်ဗျားကိုယ်တိုင် လောက်ဇူ ဖြစ်ဖို့ လိုအပ်တယ်။ ဒီလိုမှ မဟုတ်ရင် ဘယ်လိုမှ မဖြစ်နိုင်ဘူး။

ကွန်ဖြူးရှပ်ဟာ လောက်ဇူကို သွားတွေ့ခဲ့တယ်လို့ ပြောစကား ရှိတယ်။ လောက်ဇူက အဘိုးကြီးပါ၊ ကွန်ဖြူးရှပ်က လောက်ဇူထက် ငယ်တယ်။ အဲ့အချိန်က အဲ့မှာ လောက်ဇူကို လူ မသိဘူး။ ကွန်ဖြူးရှပ်ကိုတော့ လူတိုင်း သိကြတယ်။ ဘုရင်၊ မင်းဧကရာဇ် တွေက သူ့ကို နန်းတော်ထဲ ထိ ပင့်ဖိတ် ကြတယ်။ ပညာရှိတွေက သူ့ရဲ့ အကြံဥာဏ်ကို ယူဖို့ ရောက် လာကြတယ်။ အဲ့သည် ခေတ်အခါက ကွန်ဖြူးရှပ်ဟာ တရုတ်ပြည်ရဲ့ ပညာအရှိ ဆုံး ပုဂ္ဂိုလ်ပါပဲ။ ဒါပေမယ့် တစ်ဖြည်းဖြည်း သူ သိလာတာက သူ့ရဲ့ ပညာဥာဏ် ဟာ အခြားသူတွေ အတွက်သာ ဖြစ်နေတယ်။ သူ့ အတွက် သူ မဟုတ်ဘူး။ သူ မအေးချမ်းဘူး။ သူ တစ်ခုခု ကို မရသေးဘူး။ လို နေသေးတယ်။ သူဟာ တကယ့် ကျွမ်းကျင် တတ်မြောက်တဲ့ သူ ။ အခြားသူတွေ ကို ကောင်းကောင်း အကူအညီ ပေးနိုင်တဲ့သူ ။ ဒါပေမယ့် သူ့ကိုယ်သူ တော့ အကူအညီ မပေးနိုင်ဘူး ဆိုတာ သိနားလည် ထားတယ်။

ဒါ့ကြောင့် သူ့ကို ကူညီနိုင်မယ့် အခြား တစ်ယောက် ကို သူ ရှာဖွေ ရတော့တယ်။ သမားရိုးကျ ပညာရှိတွေက သူ့ကို မကူညီ နိုင်ဘူး။ ဘာလို့ဆို သူတို့တောင် ကွန်ဖြူးရှပ်ဆီ အကူအညီ တောင်းဖို့ လာ လာနေရတာ မို့လို့။ အဲ့ဒီ ခေတ်က တကယ့် ကျမ်းတတ်၊ စာတတ်တွေ လည်း အကူအညီ မပေးနိုင်ဘူး။ ဘာလို့ဆို သူတို့ ကိုယ်တိုင်လည်း သူတို့ ပြဿနာတွေကို အမြဲ လာလာ မေးနေရလို့။ အဲ့တော့ အခြား တစ်နေရာရာ မှာ တစ်ယောက်ယောက် တော့ ရှိရမယ်။ လောကကြီးက အကျယ်ကြီး ပါ- သူ လျို့ဝှက်ပြီး စတင် ရှာဖွေတော့တယ်။

သူ့ကို ဘယ်သူ အကူအညီ ပေးနိုင်မလဲ သူ့ရဲ့ တပည့် ရောင်းရင်းတွေ စေလွှတ်ပြီး စုံစမ်း ခိုင်း ခဲ့တယ်။ အဲ့ဒီ နောက်တော့ သူတို့အားလုံး အချက်အလက် တစ်ခု နဲ့ အတူ ပြန်ရောက် လာခဲ့ကြတယ်။ အဲ့ဒီ အချက်အလက်က – လူတစ်ယောက် ရှိပါတယ်။ သူ့နာမည်တော့ ဘယ်သူမှ မသိဘူး။ သူ့ကို အဘိုးအိုကြီး လို့ ခေါ်ကြတယ်။ တကယ်လည်း လောက်ဇူ ( Lao Tzu ) ဆိုတာ အဘိုးအိုကြီး လို့ အဓိပ္ပာယ် ရပါတယ်။ ဒါပေမယ့် ဒီစကားလုံးဟာ သူ့နာမည် မဟုတ်ဘူး။ သူ့နာမည်ကို ဘယ်သူမှ မသိဘူး။ သူ ဘယ်အချိန်က မွေးတာလဲ- သူ့ကို ဘယ်သူတွေ သိကြသေးလဲ- သူ့အဖေက ဘယ်သူလဲ- သူ့အမေက ဘယ်သူလဲ ဘယ်သူမှ ဘာမှ မသိရတဲ့ သူပဲ။ သူဟာ နှစ်ပေါင်း ကိုးဆယ်လောက် နေထိုင် ခဲ့တယ် လို့ ဆိုတယ်။ ဒါပေမယ့် သူ့ဆီ လာတွေ့ဆုံကြတဲ့ ပုဂ္ဂိုလ် ဆိုတာတော့ မရှိသလောက် ရှားပါး ပါတယ်။ သူ့ကို နားလည် နိုင်ဖို့ အတွက် ပုံမှန်နဲ့ ဘယ်လိုမှ မတူညီတဲ့ အမြင် ၊ အသိ ရှိနေရမှာ ဖြစ်ပါတယ်။ အဲ့ဒီ အတွက်လည်း ရှားပါးလွန်းနေတာ ဖြစ်တယ် လို့ ဆိုရမယ် ။

ကွန်ဖြူးရှပ်ဟာ အဘိုးအိုကြီး ရှိနေတယ် ကြားတော့ ထွက်လာခဲ့တယ်။ လောက်ဇူကို စပြီး မြင်ရစဉ် မှာပဲ သူခံစား မိလိုက်တယ်။ ဒီလူဟာ အသိဥာဏ် ကြီးမားတဲ့သူ၊ နားလည်မှု အပြည့်ရှိနေတဲ့သူ၊ ကြီးမြတ်တဲ့သူ ၊ ပါရမီရှင် တစ်ယောက်ပဲ လို့ ခံစားမိတယ်။ အဲ့လိုပဲ တစ်စုံတစ်ခု လည်း အဲ့မှာ ရှိနေတယ်။ ဒါပေမယ့် ဘာမှန်း မသိဘူး။ မထင်ရှားဘူး။ ပီပီသသ မရှိဘူး။ လောက်ဇူကို သူ မြင်နေ ရတာက အပြည့်အဝ ရိုးရှင်း နေပေမယ့် ဒီလူဟာ သာမာန် မဟုတ်ဘူးလို့ သူသိမိ လိုက်တယ်။ တစ်စုံတစ်ခု ဖုံးကွယ် နေတယ်။ ဒီလူ့မှာ အမြုတေ ရတနာ တစ်ပါး ရှိနေတယ်။ သူ အဲ့လို မြင်ပါတယ်။

ကွန်ဖြူးရှပ်က မေးတယ်။ “ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီး အသင့်မှာ အဘယ် အယူ ရှိပါသလဲ။ ကောင်းမြတ်တဲ့ ကိုယ်ကျင့်တရားကို အဘယ်နည်းလမ်းနဲ့ ပြုစု ပျိုးထောင် ရပါမလဲ။” ဒီမေးခွန်းကို မေးတာက ကွန်ဖြူးရှပ်ဟာ ကိုယ်ကျင့်ဗေဒ ဝါဒီ တစ်ယောက် မို့လို့။ ကောင်းမြတ်တဲ့ ကိုယ်ကျင့်သီလ ရှိရင် ကောင်းမြတ်ရာကို ခံစားရမယ် ဆိုတာ သူ့ အတွေးအမြင် ဖြစ်ပါတယ်။

လောက်ဇူက ရယ်တယ်။ “ခင်ဗျားမှာ ကိုယ်ကျင့်တရား မရှိတဲ့ အခါမှ ဒီလို မေးခွန်းမျိုး ထွက်ပေါ် လာတာပါ။ ခင်ဗျားမှာ သီလ သမာဓိ မရှိတဲ့ အခါမှ သီလ၊ သမာဓိ ဆိုတာ ဘာလဲ တွေးတောမိတာ ဖြစ်ပါတယ်။ သီလနဲ့ ပြည့်စုံပြီးသူ တစ်ယောက် အတွက် သီလ ဆိုတဲ့ တစ်စုံတစ်ခုက သီးခြား ရှိမနေပါဘူး။ မထင်ရှားနေဘူး။ ကိုယ်ကျင့်တရား တကယ် ပြီးပြည့်စုံ တဲ့သူ တစ်ယောက် အတွက် ကိုယ်ကျင့်တရား ဆိုတာ ဘာလဲ သူသိနေမှာ တောင် မဟုတ်ဘူး။ ဒါ့ကြောင့် မရူးစမ်းပါနဲ့ သူငယ်။ ဘာကို ပျိုးထောင်ဖို့ ကြိုးစားနေတာပါလဲ။ သဘာဝ တကျ နေရုံမျှလေးပါ”

လောက်ဇူမှာ ပြင်းထန်တဲ့ စွမ်းအားမျိုး ရှိနေပါတယ်။ ကွန်ဖြူးရှပ် တုန်လှုပ်သွားတယ်။ ဣနြေ္ဒ မဆည်နိုင် လောက်အောင် ဖြစ်သွားတယ်။ သူ ပြန်ထွက်လာခဲ့တယ်။ အသူရာ ချောက်ကမ်းပါးနားမှာ နေလိုက်ရတဲ့ သူတစ်ယောက်လို ကြောက်ရွံ့သွားတယ်။ သူ အပြင်ကို ရောက်တော့ – သစ်ပင်ရိပ် အောက်မှာ စောင့်ဆိုင်း နေတဲ့ သူ့ တပည့် ရောင်းရင်းတွေ အံ့အားတကြီး ဖြစ်သွား ကြတယ်။ ဆရာ ကွန်ဖြူးရှပ်ဟာ ကြီးကျယ် ပါတယ် ဆိုတဲ့ ဘုရင် ဧကရာဇ် အသီးသီးဆီ သွားလာ နိုင်နေတဲ့သူ။ ဘယ်သူ့ ဘယ်သူကိုမှ သူ မတုန်လှုပ် ခဲ့ဖူးဘူး။ သူ အခု တုန်ယင် နေတယ်။ ခြေဖျား၊ လက်ဖျား အေးစက်နေတယ်။ ချွေးသီး ချွေးပေါက် ကျနေတယ်။ သူတို့တွေ မယုံနိုင်အောင် ဖြစ်သွားတယ်။ ဘာဖြစ်လာ ခဲ့သလဲ။ လောက်ဇူ ဆိုတဲ့ ဒီအဘိုးအိုကြီးက သူတို့ ဆရာ ကွန်ဖြူးရှပ်ကို ဘာလုပ်လိုက် ပါသလဲ။ သူတို့ တွေ ဝိုင်းအုံပြီး မေးကြတယ်။ ကွန်ဖြူးရှပ်က – “ခဏနေပါဦး။ ငါ့စိတ်ကို ငါငြိမ်အောင် ထားပါရစေဦး။ ဒီလူဟာ အန္တရာယ် ကြီးတဲ့သူ ဖြစ်နေတယ်” တဲ့။

အဲ့ဒီနောက်တော့ သူ့ ရောင်းရင်းတွေကို လောက်ဇူ အကြောင်း ပြောပြတယ်။ “ဆင်လို ကြီးမားတဲ့ သတ္တဝါကြီးတွေကို ငါသိပါတယ်။ သူတို့ ဘယ်လို လမ်းလျောက်ကြသလဲ ငါသိတယ်။ ပင်လယ်ထဲမှာ ဖုံးကွယ်နေတဲ့ သတ္တဝါတွေ ရှိတာ ငါကြားပါတယ်။ သူတို့တွေ ဘယ်လို ကူးခတ် သွားလာသလဲ ငါသိတယ်။ ကမ္ဘာမြေပြင် ရဲ့ ဟိုးအထက် မိုင်ပေါင်း ထောင်ချီတဲ့ ကောင်းကင်ပြင်မှာ ငှက်ကြီးတွေ ပျံသန်းနေကြတာ ရှိပါတယ်။ သူတို့တွေ ဘယ်လို ပျံသန်းနေကြသလဲ ငါသိတယ်။ ဒါပေမယ့် ဒီလူကတော့ နဂါးတစ်ကောင်ပဲ။ သူ ဘယ်လို လမ်းလျောက်သလဲ ဘယ်သူမှ မသိဘူး။ သူ ဘယ်လို ရှင်သန်နေလဲ ဘယ်သူမှ မသိဘူး။ သူဘယ်လို ပျံသန်းသွားလဲ ဘယ်သူမှ မသိဘူး။ သူ့ အနားကို မသွားပါနဲ့။ အသူရာ ချောက်တစ်ခုလိုပဲ – သေမင်းနဲ့ တူတယ်။”

ဒါဟာ ဆရာတစ်ယောက်ကို ဖွင့်ဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက် ပါ။ တစ်နည်း အားဖြင့် ဆိုရင် သူဟာ အထူးခြားဆုံး လူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဗုဒ္ဓလို ထူးခြားပုံမျိုးတော့ မဟုတ်ဘူး။ သူ ထူးခြားပုံက လုံးဝ ကွဲပြားတယ်။ သူ့ရဲ့ ထူးခြားပုံက မထင်ရှား၊ မပြတ်သားဘူး။ ကွယ်ဝှက်ထားတဲ့ ရတနာ တစ်ပါးလိုပဲ။ သူက ခရစ်ရှနလို ဒဏ္ဍာရီ မဆန်ဘူး။ သူ့ဘဝမှာ ဘယ် ဒဏ္ဍာရီကိုမှ သူ မလုပ်ခဲ့ဘူး။ ဒါပေမယ့် သူ့ဘဝ တစ်ခုလုံးက ဒဏ္ဍာရီ ဖြစ်ခဲ့တယ်။ သူ ဘယ်လို လျောက်လှမ်းသလဲ။ သူဘယ်လို ရှုမြင်သလဲ။ သူဟာ ဘယ်လမ်းမှာလဲ- ဒါတွေ အားလုံး ဒဏ္ဍာရီ ဖြစ်ခဲ့ပါတယ်။ သူ့ ဖြစ်တည်ချက် တစ်ခုလုံးဟာ ဒဏ္ဍာရီပဲ။

သူဟာ ယေရှုခရစ်လို ဝမ်းနည်းမနေဘူး။ သူ ရယ်မော နေနိုင်ခဲ့ပါတယ်။ အူလှိုက် သည်းလှိုက် ကို ရယ်မော နေနိုင်တယ်။ သူ့ကို ရယ်မောရင်း မွေးဖွား လာသူ လို့တောင် ပြောလေ့ ရှိကြတယ်။ ကလေးငယ်တိုင်းဟာ ငိုကြွေး အော်ဟစ် ပြီး မွေးဖွား လာသူပါ။ သူကတော့ ရယ်မောပြီး မွေးဖွား လာတယ် လို့ ဆိုတယ်။ ဒါဟာ အမှန်ပဲ လို့ ကျနော် “ခံစား” မိပါတယ်။ လောက်ဇူလို လူတစ်ယောက်ဟာ ရယ်မောပြီး မွေးဖွား လာလိမ့် မယ်။ သူဟာ ယေရှုလို ဝမ်းနည်း ကြေကွဲနေမှာ မဟုတ်ဘူး။ သူ ရယ်နေမယ်။ လေးလေးနက်နက် ရယ်မောနေမယ်။ ဒါပေမယ့် သူ့ရဲ့ ရယ်မောနေသံ အတွင်းဘက်မှာ ဝမ်းနည်း ကြေကွဲမှု ရှိနေပါတယ်။ ဂရုဏာ တရား ရှိတယ်။ ခင်ဗျား အကြောင်း၊ ခင်ဗျားရဲ့ ဖြစ်တည်မှု အားလုံး အကြောင်း ကြေကွဲဆို့နင့်နေမယ်။ ဒါ့ကြောင့် သူဟာ အပေါ်ယံကြော ရယ်မောနေတာ မဟုတ်ဘူး။

ဇရသုဇရာ လည်း ရယ်မော နေနိုင်တယ်။ သူ့ရဲ့ ဟာသ ရယ်မောပုံက ကွဲပြားပါတယ်။ အဲ့ဒီမှာ ကြေကွဲ ဝမ်းနည်းမှု မရှိဘူး။ လောက်ဇူဟာ ယေရှုနဲ့ ဒီလို ဝမ်းနည်း ကြေကွဲမှုမှာ တူလည်း တူတယ်။ မတူလည်း မတူဘူ။ လောက်ဇူဟာ ဇရသုဇရာနဲ့ ဒီလို ရယ်မောနေမှုမှာ တူလည်း တူတယ်။ မတူလည်း မတူဘူး။ သူ့ရဲ့ ကြေကွဲမှုက ရယ်မောခြင်း ဖြစ်ပြီး၊ သူ့ရဲ့ ရယ်မောမှုက ကြေကွဲဝမ်းနည်းခြင်း ဖြစ်ပါတယ်။ သူ့မှာ ဆန့်ကျင်ဘက် ဒွိ၊ ပဋိပက္ခတွေ ပေါင်းဆုံ သွားတယ်။ သူ့ဆီမှာ အချိုးကျကျ ပေါင်းစပ်သွားတယ်။ သူမှာ အသံစုံ လိုက်ဖက်စွာနဲ့ တွဲစပ်နေပါတယ်။

ဒါဟာ ကျနော် သူ့အကြောင်း “ဖွင့်ဆိုရှင်းပြ” နေတာ မဟုတ်ပါဘူး။ အဲ့ဒါကို ဂရုပြု ပေးဖို့ လိုပါတယ်။ ကျနော်နဲ့ သူ့အကြားမှာ ဘယ်အကွာအဝေး မှ မရှိဘူး။ သူဟာ ကျနော့ကို ဖြတ်ပြီး ခင်ဗျားကို စကားပြော နေတယ်။ ရုပ်ခန္ဓာ ကွဲပြားမယ်။ အမည် နာမည် အမျိုးမျိုး ဖြစ်နေမယ်။ အသွင်သဏ္ဍာန် အမျိုးမျိုး ပြောင်းလဲ နေမယ်။ ဒါပေမယ့် “တစ်ခုတည်း” ကနေ ပြောနေတာ ဖြစ်ပါတယ်။ ။

…………………………………..
Ref: Osho
………………………………….

http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/

…………………………………..

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: