ကြောင် တစ်ကောင် နှင့် ဆာမူရိုင်း ပုံပြင်

ဘာဝနာ ကို ဘာလို့ လိုအပ် ရသလဲ။ ဒီလို မေးလာခဲ့ရင် အဖြေက – ကျနော်တို့ တွေဟာ “သဘာဝ” အတိုင်း ရှိမနေကြ လို့ပါ။ အဲ့လိုပဲ ဖြေရ ပါလိမ့်မယ်။ တစ်နည်းပြောရင်- သဘာဝထက် ပို ကျော်လွန် နေကြလို့ – သဘာဝက ပေးသမျှ အတွင်းထဲ စိတ်ဆန္ဒ တွေ ထည့်သွင်း ပုံဖော်နေ ကြလို့ ဖြစ်ပါတယ်။

ကျနော် ဒီနေရာမှာ သုံးတဲ့ သဘာဝ ဆိုတာက – “အခု” အချိန်မှာ “အခု” ဖြစ်ရှိတဲ့ အတိုင်း ရှင်သန် နေထိုင်ခြင်း ကို ဆိုလို ပါတယ်။ “ဘာ လုပ်သင့်ပါတယ်” “ဘယ်လို လေးတော့ ဖြစ်သင့်ပါတယ်” စသဖြင့် အဲ့တာ တွေ မပါဝင်ဘူး။ ထပ် မထည့်ဘူး။ ဖြစ်တာကို ဖြစ်တဲ့ အတိုင်း အသိအမှတ် ပြုရုံမျှ လေးပါ။ “အခု” လက်ရှိ ခဏကို “အခု” လက်ရှိ ခဏ အတိုင်း လက်ခံ ထားရှိတာ သက်သက်ပါ။ စိတ်ဆိုးသလား – စိတ်ဆိုးတဲ့ အတိုင်း သိမှတ်ထားတယ်။ ထပ်ပြီး မဖြည့်- ထပ်ပြီး မပြင်တဲ့ “သဘာဝ”။ စိတ် မဆိုး ရခြင်း ရဲ့ ပုံရိပ်၊ စိတ်ဆိုး ရခြင်း ရဲ့ ပုံရိပ် – ဘာဆို ဘာမှ ဖြည့်စွက်ခြင်း ၊ နှုတ်ပယ်ခြင်း မရှိတဲ့ “သဘာဝ” ကို ဆိုလိုပါတယ်။ စိတ်ဆိုးလိုက်တယ် – ဒေါသထွက်လိုက်တယ် – အဲ့အခိုက်မှာ ဒေါသ ထွက် နေသလား – သိလိုက်တယ်။ အဲ့ဒါပဲ ရှိပါတယ်။ ဒေါသ စိတ် ပျောက်သွားတဲ့ အခါလည်း – ပျောက်သွားသလား- ပျောက်သွားတယ် ။ အဲ့ဒါပဲ ရှိနေ ပါတယ်။ မောဟိုက် ကျန်ရစ် ခဲ့ခြင်း၊ တွေးတော ကျန်ရစ် ခဲ့ခြင်း၊ ငါမှားပြီ လို့ ဆင်ခြင် မိခြင်း စသဖြင့် ဘာဆို ဘာမှ ထပ် မဖြည့်ပါဘူး။ ရိုးရှင်းစွာ နဲ့ အဲ့ဒီ အတိုင်း လက်ခံ ပါတယ်။ ဒါက ဒေါသ တစ်ခုတည်း ပြောတာပါ ။ တဏှာ၊ လောဘ၊ ချစ်ခြင်း မေတ္တာ စတာ တွေမှာလည်း အဲ့ဒီ အတိုင်းပါပဲ။ ချစ်တဲ့ စိတ် ရှိနေတဲ့ အခိုက် ချစ်တယ် ဆိုတာ သိရုံမျှလေး ပါ။ ချစ်သင့်လား မချစ်သင့်လား- ငါချစ်တာ ဘယ်သူလဲ ဘယ်ဝါလဲ- ငါ ဘယ်ပုံ ချစ်မလဲ-သူကရော ပြန်ချစ်မလား – အဲ့ဒါတွေ မပါဝင်ဘူး။ မထည့်သွင်း ထားဘူး။ ချစ်ခြင်း အဋ္ဌကထာ ဋီကာ တွေ ချဲ့ကား မနေဘူး။ ခင်ဗျား သန္တာန်မှာ ဖြစ်တဲ့ အတိုင်း ခင်ဗျား လက်ခံ သိမှတ် ထားတာ ရိုးရိုးလေးပါ။ အဲ့ဒီ ချစ်တဲ့ ခဏမှာ ချစ်တယ် ဆိုတဲ့ စိတ်က သဘာဝ အတိုင်း စီးမျော နေပါတယ်။

ပုံပြင်လေး တစ်ပုဒ် ပြောကြည့်ရအောင်။ ဂျပန်မှာ တိုက်ရည် ခိုက်ရည် ပြည့်ဝတဲ့ ဆာမူရိုင်း ဓားသမား တစ်ယောက် ရှိတယ်။ နာမည်ကျော် ဓားသမား ဆိုပါတော့။ စစ်ပွဲ တွေမှာ တိုက်ခိုက် ပြီး အိမ်ပြန်ရောက် လာခဲ့တဲ့ တစ်ညတော့ မောလည်း မောပန်း လာတာနဲ့ စောစော အိပ်ရာဝင် ဖို့ ပြင်လိုက်တယ်။ အဲ့မှာ သူက ကြွက်တစ်ကောင် ကို တွေ့တော့တာပဲ။ ကြွက်က သူ့ကို ပမာမခန့် ပြန်မော့ ကြည့် နေသတဲ့။ ဆာမူရိုင်းက ဒေါသ ထွက်သွားတယ်။ သူ့ဓားကို ထုတ်ပြီး အဲ့ ကြွက် ကို လိုက်ခုတ်တယ်။ သူက တိုင်းပြည် တစ်ပြည်လုံး ရဲ့ နာမည်ကျော် ဓားသမား တစ်ယောက်ပါ။ ဓားရေး အင်မတန် ကျင်လည် တဲ့သူ တစ်ယောက်။ ဒါပေမယ့် ဒီကြွက်ကို ဓားနဲ့ လိုက်ခုတ် တာလေး မှာ တစ်ခုခု လွဲချော် နေတယ်။ ကြွက်ကို နည်းနည်းလေး တောင် မထိဘူး ဖြစ်နေတယ် ။ သူ အကြိမ်ပေါင်း များစွာ ခုတ်တယ်။ သူ့ဓားသာ ကျိုးသွားတယ်။ ကြွက်ကို မသတ်နိုင်ဘူး။ သူ စပြီး ကြောက်လာတယ်။ တုန်တုန်လှုပ်လှုပ် ဖြစ်သွားတယ်။ “ဒီကြွက်က သာမန် ရိုးရိုး ကြွက်တော့ မဖြစ်နိုင်ဘူး။ ပုံမှန် ကြွက်မျိုး မဟုတ်ဘူး။ အမှောင့် ပယောဂ ပါနေတဲ့ ကြွက်တစ်ကောင် ပဲ ဖြစ်မယ်” သူ အဲ့လို တွေးလိုက်တယ်။

သူ အဲ့ဒီအတွေး ဝင်တော့ ချွေးပါ ပြန်လာ တော့တယ်။ သူဟာ သူ့ဘဝ တစ်လျောက်လုံးမှာ စစ်ပွဲတွေ၊ တစ်ဦးချင်း တိုက်ပွဲ တွေ အလီလီ တိုက်ခဲ့ ပါတယ်။ တစ်ခါမှ ဒီလို ချွေးမပြန် ဖူးဘူး။ အခု ကြွက်တစ်ကောင် ကို မနိုင်လို့ သူ ချွေးပြန်ရပြီ။ နောက်ဖေးမှာ ချက်ပြုတ် နေတဲ့ ဇနီးသည် ဆီကို သူ ပြေးထွက် သွားတယ်။ ဘယ်လို လုပ်ရပါ့မလဲ မေးတယ်။ သူ့ ဇနီးသည်က “တော့်နှယ်။ ရူးနေလား။ ဒီလို ကြွက်တစ်ကောင် ကို များ ဓားနဲ့ လိုက်ခုတ် စရာ လိုသလား။ ကြွက်တစ်ကောင်ကို ဓားရှည်နဲ့ လိုက်ခုတ် နေရပါတယ် လို့ ကြားကော ကြားဖူးသလား။ ရှင်လုပ်ရမှာက ကြောင် တစ်ကောင် သွားယူပြီး ကြွက်လာတဲ့ အနား ချပေး ထားလိုက်ရုံပဲ”

သူက ချက်ချင်းပဲ ကြောင် တစ်ကောင် သွားယူလိုက် တယ်။ ရိုးရိုးကြောင် မဟုတ်ပါဘူး။ စစ်သည်တော်တွေ သုံးတဲ့ ကြောင်။ တိုက်ရည် ခိုက်ရည် ပြည့်ဝတဲ့ ကြောင်။ ဒီကြောင်ကို အများကြီး လေ့ကျင့် ပေးထား ကြတယ်။ ကြွက်တွေကို ဖမ်းဆီး တဲ့ နေရာမှာ နာမည်ကျော်ကြားတဲ့ ကြောင် တစ်ကောင်- ကြွက်ဖမ်းနည်း ပညာကုန် သင်ကြားပေးထားတဲ့ ကြောင် တစ်ကောင် ဖြစ်ပါတယ်။ ဒီ ကြောင် ရောက်လာတော့ ကြွက်ကို တွေ့တာနဲ့ လိုက်ဖမ်း တော့တာပဲ။ သူ ကျွမ်းကျင် သမျှ စွမ်းရည် အကုန် ထုတ်ပြီး ဖမ်းတော့တယ်။

သူ ဘယ်လိုပဲ ကြိုးစား ကြိုးစား၊ ကြွက်ကလည်း ထူးခြား နေပါတယ်။ သူ့မျက်စိ ရှေ့မှာတင် ခုန်ပျံ ကျော်လွှားပြီး လွတ်ထွက် သွားတာချည်းပဲ။ စစ်သည် ကြောင်က တွေးတယ်။ “ဒီလို ကြွက်မျိုး တစ်ခါမှ မတွေ့ဖူးသေးဘူး။ ငါ့လို ကြောင်ကို ပြန်တိုက်ခိုက် နိုင်တဲ့ ကြွက်မျိုး ဆိုတာ တူတူ တန်တန် ကြွက်တော့ မဖြစ်နိုင်ဘူး။” အဲ့အတွေးနဲ့ ကြောင်ပါ တုန်လှုပ်ပြီး ချွေးပြန် လာတယ်။ ဒီ အဖြစ်ကို တွေ့တော့ ဆာမူရိုင်းက – “ဒီကြွက်တော့ လွန်လွန်းပြီကွာ” ဆိုပြီး ဘုရင့် ကြောင်ကို သွားခေါ် လာပြန်တယ်။

ဘုရင့်ကြောင် ဆိုတာက ကြောင် တကာ့ ကြောင်ထဲမှာ ဘုရင်ပဲ။ တစ်တိုင်း တစ်ပြည်လုံးမှာ နာမည် အကြီးဆုံး ကြောင် ပေါ့။ ကြောင်တို့ တတ်အပ်တဲ့ ပညာ – ဘယ်ပညာကို မဆို တစ်ဖက်ကမ်း ခတ် တတ်ထားတဲ့ ကြောင်ပဲ။ ဒီဘုရင့် ကြောင်လဲ မရပါဘူး။ ဒီကြွက်ကို မနိုင်ဘူး။ ဘုရင့်ကြောင်ဟာ သူ ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသမျှ အားကုန် ထုတ်ပြီး ဖမ်းရှာပါတယ်။ ဒါပေမယ့် ကြွက်က ထွက်လိုက် ဝင်လိုက်နဲ့ ပြောင်ပြနေ သလိုပဲ။ ကြာတော့ ဘုရင့်ကြောင်လည်း မောဟိုက် လာတယ်။ မနိုင်တော့ဘူး ဆိုတာ သိတဲ့နောက် ဘုရင့်ကြောင်က အကြံပေးတယ်။

“ကြောင်တစ်ကောင် တော့ ရှိတယ်။ နာမည် ကျော်ကြားတဲ့ ကြောင်တော့ မဟုတ်ဘူး။ ခင်ဗျား အခု နာမည်ကျော် ကြောင်တွေနဲ့ ဖမ်း ကြည့်ပြီးပြီ။ ကြိုးစား ကြည့်ပြီးပြီ။ သူတို့တွေလည်း အစွမ်းကုန်၊ နည်းကုန် အားထုတ်ခဲ့ပြီးပြီ။ ဒီကြွက်ကိုက စွမ်းအား ကြီးနေတယ်။ အဲ့တော့ ခင်ဗျား သာမာန် ကြောင် တစ်ကောင် နဲ့ပဲ စမ်းကြည့်ပါ။ သူက တကယ့် သာမန်ပဲ။ ဘာမှ မထူးခြားနေတဲ့ ကြောင်တစ်ကောင် ပဲ။ သူနဲ့ စမ်းကြည့်ပါ” လို့ ပြောလိုက်တယ်။

ဆာမူရိုင်းက – “ဘယ့်နှယ် သာမန် ကြောင်တစ်ကောင်က ဘယ်လို ဖမ်းမှာတဲ့တုန်း။ မင်းတို့တောင် မနိုင်တဲ့ဟာ”

အဲ့လို မေးတော့ ဘုရင့်ကြောင်က ပြန်ပြောတယ်။ “ခင်ဗျား စမ်းကြည့်ကြည့်ပါ။ ကျနော် အဲ့ကြောင်ကို သိတယ်။ သူက တကယ့် သာမန်ပဲ။ အခြား အရာတွေကို သူမသိဘူး။ ဘယ်နည်းတွေ၊ ဘယ်စနစ်တွေ သူမသိဘူး။ နေ့ရှိသရွေ့ သူ အိပ်ချင်ရင် အိပ်နေတတ်တယ်။ ဒါပေတဲ့ သူ့ကို သိတဲ့ ကြောင်တိုင်းက ပြောကြတယ်။ သူ့မှာ တစ်ခုခု ရှိနေတယ်တဲ့။ သူ့မှာ လေးနက်တဲ့ တစ်ခုခု ရှိနေတယ်။ ကျနော် ပြောနိုင်တာက အဲ့ကြောင်ဟာ ကြွက်အကြောင်း ကိုတောင် မသိလောက်ဘူး။ ကြွက် ဘယ်လို ဖမ်းရမလဲ – ဘယ်နည်းစနစ် သုံးရမလဲ- ဘယ်လို ပညာရပ်တွေ ရှိသလဲ – ကြွက်ဖမ်းနည်း ဒဿနက ဘာလဲ – အဲ့ဒါတွေ သူ တစ်ခုမှ သိမယ့်ပုံ မပေါ်ဘူး။ သူ ဘယ်သင်တန်းကျောင်း၊ ဘယ်ကောလိပ်၊ ဘယ် တက္ကသိုလ် မှလည်း မတက်ဖူးဘူး။ သူ့ဟာသူ ကြောင်သက်သက် ဖြစ်နေတဲ့ ကြောင်တစ်ကောင်ပဲ။ ဒါပေမယ့် ကြွက်တွေကတော့ သူကို ကြောက်ကြတယ် ပြောတယ်။ သူအိပ်နေပြီ ဆိုရင် ဘယ်ကြွက်မှ အိမ်ထဲ ဝင်မလာရဲဘူး။ သူ ရှိနေရုံလေး သက်သက်နဲ့တောင် လုံလောက်တယ်။ သူကတော့ ဆက်ပြီး အိပ်နေရင် အိပ်နေမယ်။ သူ ဘာကျွမ်းကျင်လဲ၊ သူ ဘာတတ်လဲ ဘယ်သူမှ မသိဘူး။ တစ်ချိန်တုန်းက ကျနော် သူ့ဆီ ရောက်သွား ဖူးတယ်။ အဲ့တော့ မေးခဲ့ဖူး ပါသေးတယ်။ “ခင်ဗျားရဲ့ ပညာက ဘာလဲ” လို့။ သူက ကျနော့ကို တစ်ချက် ကြည့်တယ်ဗျ။ ပြီးတော့ ဘာစကားမှ မပြောဘဲ မျက်လုံး ပြန်မှိတ် သွားတယ်။ ပြန် အိပ်ပျော် သွားတာပဲ။ ကျနော်လည်း သူ့ကို အတင်း ပြန်နှိုးပြီး မေးတယ်။ “ခင်ဗျား ပညာက ဘာလဲ”

သူက ပြန်ပြောတယ်။ “ကျုပ်လည်း မသိဘူး။ ကျုပ်သိတာ ကျုပ်က ကြောင်တစ်ကောင်ပဲ။ ဒီလောက် ဆို လုံလောက်ပါတယ်။ ကြောင်က ကြောင်ပဲ။ ကြောင်တွေ ဆိုတာ ကြွက်ဖမ်း တယ်။ အဲ့ဒါပဲ။ အဲ့ဒီမှာ အခြား ဘာပညာ လိုသေးသလဲ။ ခင်ဗျားမေးတဲ့ မေးခွန်း အဓိပ္ပာယ်ကော ရှိသေးရဲ့လား”တဲ့။”

ဆာမူရိုင်းလည်း သိချင်သွားတယ်။ အဲ့ကြောင်ကို သွားခေါ်လိုက်တယ်။ ကြောင်က တကယ့်ရိုးရိုးပဲ။ အခြားကြောင် တွေနဲ့ ပုံသဏ္ဍာန် ဟန်ပန် ဘာမှ မထူးခြား ဘူး။ မကွဲပြား နေဘူး။ သူ့မှာ ထူးခြားနေတာက အခြားကြောင်တွေ လိုပဲ ဆိုတာကလွဲရင် ကျန်တာ ဘာမှ မရှိတာဘဲ ဖြစ်ပါတယ်။ ကြောင်က ရောက်လာတော့ အိမ်ထဲကို ဝင်သွားတယ်။ ကြွက်ကို ဖမ်းပြီး ခေါ်ထုတ် လာခဲ့တယ်။ ဘာမှ ထူးခြား မနေဘူးပဲ။ အဲ့ဒီမှာ ဆာမူရိုင်းရော အခြား ကြောင်တွေ ရော အနားကို စုလာကြပြီး “ခင်ဗျား ပညာက ဘယ်လို ပညာပါလဲ” လို့ ဝိုင်း မေးကြတယ်။ သူက ပြန်ဖြေတယ်။ “ကျနော် ဘာပညာမှ မသိဘူး။ ကျနော်က ကြောင်တစ်ကောင် ပဲလေဗျာ။ အဲ့ဒါ မလုံလောက် ဘူးလား”

ကျနော် ပြောလိုတဲ့ သဘာဝ ဆိုတာ အဲ့ဒီလို အဓိပ္ပာယ် မျိုးပါ။ ခင်ဗျားက မိမိ သဘာဝ အတိုင်း ကို မိမိဘာသာ မိမိ သိမှတ် နေထိုင်လိုက်တဲ့ အခါ ဘာဝနာ ဖြစ်ထွန်း လာပါတယ်။ ဒါဟာ ဥာဏ်အလင်း မရခင် မှာလည်း ရှိနေမယ့် ပုံစံပါ။ ဘာဝနာ ဆိုတာ ခင်ဗျားရဲ့ သဘာဝကို သမားရိုးကျ ရိုးရိုးလေး ဖွင့်ဟ ထားခြင်းပဲ ဖြစ်ပါတယ်။ ဆိုလိုတာက ဘာဝနာဟာ လေ့လာ သင်ယူနေရတဲ့ အတတ်ပညာမျိုး၊ လေ့ကျက်ရတာမျိုး၊ ပြုပြင် ဖန်တီး ယူရတာမျိုး မဟုတ်ပါဘူး။ လုံးဝ မဟုတ်ဘူး။ သင်တန်းကျောင်း တက်ပြီး သင်ယူနေ စရာလည်း မလိုအပ်ဘူး။ ဒီလို သင်ယူ နေရင်လည်း ခင်ဗျား ပျက်ဆီး သွားမှာပဲ။ ခင်ဗျား နံဘေးမှာ ကြွက်တွေ အများကြီး ဝိုင်းရံနေမယ်။ ခင်ဗျားကလည်း အဲ့ဒီ ကြွက်တွေ ကို ကြောက်လန့် နေမယ်။ ကြောက်လန့် နေရုံတင် မကသေးဘူး – ဒီ ကြွက် တွေကို ဘယ်လို ဖယ်ရှားပစ်ရမလဲ- ဘယ်လို နှိမ်နင်း ပစ်ရ မလဲ လို့ ခင်ဗျား နည်းစနစ် တွေ အတတ်ပညာတွေ စပြီး သင်ယူမယ်။ နောက်ဆုံး – စက်ကိရိယာ လက်နက် တန်ဆာပလာ အစုံအလင်နဲ့ ပညာကုန် ခင်ဗျား တတ်မြောက် သွားနိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျားဟာ နည်းလမ်းတွေကိုပဲ တတ်မြောက်နေတာ ဖြစ်သွား ပါလိမ့်မယ်။ အဲ့ဒါဟာ ခင်ဗျားရဲ့ တကယ့် ပြဿနာ ပဲ ဖြစ်ပါတယ် ။ အဲ့ဒီ ပြဿနာ အတားအဆီး ကြောင့် ခင်ဗျားဟာ ပညာတွေ နောက်ကို လိုက်ရင်း ခင်ဗျား သဘာဝကို ခင်ဗျား ပြန် မရောက်နိုင်ဘဲ — ဆိုလိုတာက ဘာဝနာ ဆိုတာ ဘာလဲလို့ မသိနိုင်တော့ဘဲ — တဝဲလည်လည် ကျန်ရစ် ခဲ့တော့တယ်။

Ref: Osho-The Path of Paradox
…………………………
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/
………………………..

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: