ကျွဲပျောက် ရှာခြင်း

၁၂ ရာစုနှစ်၊ တရုတ် ဘုန်းတော်ကြီး ခါ့ခွမ် ဆွဲသားတဲ့ ကျွဲပျောက်ရှာခြင်း ပန်းချီကား ဆယ်ချပ် ဖြစ်ပါတယ်။ အစောပိုင်း – တာအိုဝါဒ ရဲ့ အမြင်တွေကို အခြေခံ ထားပြီး လင်္ကာနဲ့ အဖွင့် ရေးသား ထားခဲ့တယ်။ သူ့ရဲ့ အမြင်ကို ဇင် စင်စစ် ဖြစ်ကြောင်း နှောင်းပိုင်းမှာ လက်ခံလာ ကြပါတယ်။ အသိဥာဏ်ရဲ့ အဆုံးသတ် ပွင့်လင်းရာကို အနီးစပ်ဆုံး ဖော်ကျူးနိုင်ဖို့ – ရှစ်ခုမြောက် ပန်းချီကားမှာ ဘာမှ မပါဘဲ ဗလာသက်သက် ထားရစ်ခဲ့တယ် ။ ဒီမှာ ဖော်ပြထားတဲ့ ပုံဆယ်ပုံ ဟာ ကျိုတို Woodblock Artist – Tomikichiro Tokuriki က ပြန်ပြီး ရေးဆွဲထားတာပါ ။ ဇင် ပုံပြင်တွေထဲမှာ ဘဝနဲ့ ဘဝခရီးကို လှလှပပ ပြောပြနေတဲ့ ပုံပြင်တွေ အများကြီးထဲက တစ်ပုဒ်ပါ။

ဒါကို ဆရာဦးသာနိုး တစ်ချိန်က ပြန်ဆို ထုတ်ဝေ ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ ဆယ်နှစ်လောက်က ဖြစ်ပါလိမ့်မယ် -သေသေချာချာ တော့ မမှတ်မိ။ ဒီမှာ ကျနော် ဘာသာ ပြန်ဆို၊ ရေးထားတာဟာ အဲ့တုန်းက ဆရာ့ရဲ့ ပြန်ဆိုရေးသား မှုကို ခြေဖျားတောင် မှီမှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။ ပြီးတော့ – ကျနော် – လုံးစေ့ပတ်စေ့ ပြန်ဆိုထား တာလည်း မဟုတ်ပါဘူး ။ မိမိသန္တာန်မှာ ပေါ်လွင်နေတဲ့ အတိုင်းသာ ရေးချထားတာ ဖြစ်ပါတယ်။ မူရင်းနဲ့ တိုက်ဆိုင်ကြည့်လို့ – ကွဲပြားနေပါတယ် ဆိုရင် သည်းခံပါ။ ကျေးဇူးပါ။

………………………………………………..

၁။ ကျွဲပျောက်ရှာခြင်း


ကမ္ဘာလောကရဲ့ နေ့ရက်တွေထဲ နေထိုင်ရင်း ကျွဲပျောက် ရှာချင်တာနဲ့ပဲ မြက်တော ချုံနွယ်တွေကြား ဘဝကို အပ်နှံခဲ့လိုက်တယ်။ အမည် မသိတဲ့ မြစ်တွေနောက် တကောက်ကောက် လိုက်၊ တောတောင် လျိုမြောင်တွေရဲ့ ကွေ့ကွေ့ကောက်ကောက် လမ်းတွေကြား ဝိုးတဝါး လျောက်ခဲ့။ ခွန်အားတွေလည်း ကုန်ခန်းခဲ့ပြီ။ အားအင်တွေလည်း ချိနဲ့ခဲ့ပြီ။ ကျနော့ကျွဲကို ရှာမတွေ့။ ခပ်ဝေးဝေး တောအုပ်က သတ္တဝါတို့ရဲ့ ခိုညည်းသံ ကိုသာ ညည ဆို အခါခါ ကြားနေမိခဲ့။

အဖွင့်။ ။ ကျွဲက ဘယ်တုန်းကမှ မပျောက်ခဲ့ဘူး။ ဘာကို ရှာနေရဦးမလဲ။ ကျနော့ရဲ့ တကယ့် ဘဝကို စွန့်ပယ်ထားတဲ့ နည်းအားဖြင့်သာ ကျနော် ရှာမတွေ့နိုင်ခဲ့ရတာ ဖြစ်တယ်။ အာရုံတွေ နောက်ကျိကုန်တယ်။ ခြေရာတွေ ပျောက်ကုန်ရတယ်။ အိမ်ကနေ အဝေးထွက်ရင်း၊ လမ်းမှား တွေလည်း ရောက်ကုန်ရတယ်။ ဘယ်ဟာက မှန်ရာ လမ်းလဲ – ကျနော် မသိနိုင်တော့။ လိုချင်မှု လောဘ၊ ကြောက်ရွံ့မှု ဘယာ၊ ကောင်းမြတ်ခြင်း ကုသိုလ်တရားနဲ့ ဆိုးမိုက်ခြင်း အကုသိုလ် တရားတို့သာ ကျနော့်ကို အထပ်ထပ် နှောင်ချည် နေမိခဲ့တယ်။

၂။ ခြေရာရှာတွေ့ခြင်း


သစ်ပင်တွေ ညွှတ်ကိုင်းနေတဲ့ မြစ်ကမ်းနဖူးဘေး မှာ ခြေရာကို ရှာတွေ့ခဲ့ပြီ။ နုနုငယ်ငယ် မြက်ပင်တွေ အောက်မှာတောင် သူ့ခြေရာကို ကျနော် တွေ့ပြီ။ ဝေးလံခေါင်သီတဲ့ တောတောင်တွင်းမှာလည်း သူ့ ခြေရာကို ကျနော် တွေ့ရပြီ။ ခြေရာ မမြင်အောင် ဘယ်ပုန်းနိုင်ပါတော့ မလဲ ငကျွဲရယ်။ ငါမင်းနောက်ကို တစ်ကောက်ကောက် လိုက်ပြီ။

အဖွင့်။ ။သင်ကြားမှုကို နားလည်လာရင်း ကျွဲကြီးရဲ့ ခြေရာကို ကျနော် မြင်ရပြီ။ ပစ္စည်း အမျိုးအမည်တွေ သာ ကွဲပြားနေတာ – လုပ်ထားတဲ့ သတ္တုက တစ်မျိုးတည်းနဲ့ မဟုတ်လား။ နက်နဲတဲ့ လျို့ဝှက်ချက်တွေ ဘာလို့ များလွန်း နေတာပါလိမ့်။ ကျနော် သာ ဒါကို မဖြေဖျောက်ခဲ့ရင် မာယာထဲက သစ္စာကို ဘယ်လို ရှာဖွေယူလို့ ရမှာပါလိမ့်။ ခုထိတော့ တံခါးဝ မရောက်သေးပါဘူး။ ဒါပေမယ့် လမ်းကို တော့ တွေ့ပြီ။

၃။ကျွဲကို မြင်ရခြင်း


နိုက်တင်ဂေးလ်ငှက်ရဲ့ တေးသွားလေးကို ကြားရတယ်။ နေခြည်တွေ နွေးထွေးပြီး၊ လေရူးတွေ တဝှေ့ဝှေ့ တိုက်တယ်။ ကမ်းပါး တစ်လျောက်မှာ မိုးမခ ပင်တို့ စိမ်းမြ။ ဒီနေရာမှာ ဘယ်ကျွဲမှ မပုန်းနိုင်ဘူးလေ့ ။ မှော်ဝင် ချိုကားကားနဲ့ ကျွဲခေါင်းကြီးကြီးကို ဘယ်ပန်းချီဆရာ ဘယ်လို ဆွဲနိုင်ပါ့မလဲ။

အဖွင့်။ ။ ကျနော် အသံတစ်သံ ကြားတော့၊ ကျနော့ အာရုံက အသံမူရင်းကို သိနိုင်တယ်။ အာရုံခြောက်ပါး အစုံအစေ့ ဖွင့်ကား လာတော့ တံခါး ပေါက်ကို ရောက်ခဲ့ရတယ်။ ဒီတံခါးက ဝင်သူတိုင်း ကျွဲခေါင်းကိုတော့ မြင်လိုက်ရမှာပဲ။ တကယ်တော့ ဒါဟာ ပင်လယ်ထဲက ဆားနဲ့ တူတယ်။ ပန်းချီဆရာ ဆေးဘုတ်ပြားက ဆေးစ တစ်စ လိုပဲ။ ဘယ် အရာဝတ္ထုငယ် မျိုးမှ အတ္တအတွင်းက နမော်နမဲ့ မထွက်သွားဘူး။

၎။ကျွဲဖမ်းခြင်း


ခွန်နဲ့ အားနဲ့ ရှိသမျှ ဒီကျွဲကို ငါဖမ်းပြီ။ သူ့ ဆန္ဒ၊ သူ့စွမ်းအားကလည်း ပေါ့သေးသေး မဟုတ်ပါလား။ သူ ရှိနေရာ လျိုမြောင် တွင်းကနေ တိမ်လွှာ မြူခြေ ဟိုးအထက်ကို ထိုးတက်မယ့် ဟန်ရှိနေပါ ကလား။

အဖွင့်။ ။ ဒီတော ဒီတောင်ထဲ အချိန်အတန်ကြာ နေလာခဲ့တဲ့ ဒီကောင်ကြီးကို ကျနော် ဒီကနေ့တော့ အသေအလဲ ဖမ်းရပြီ။ အာရုံကို အရူးအမူး စွဲလမ်းနေတဲ့ စိတ်က သူ့လမ်းမှာ ရုန်းကန် ထွက်နေကြပြီ။ မြက်ချိုချို လိုချင်စိတ် နဲ့ သူအဝေးကို ရုန်းထွက်နေဆဲ။ သူ့စိတ်အစဉ်က ရိုင်းမိုက်နေဆဲ။ ဒီကောင့်ကို ငြိမ်ငြိမ်ထိန်းဖို့ ကြိမ်စိမ်းကို ကိုင်မှ ဖြစ်မယ်ထင်ရဲ့ ။

၅။ ကျွဲကျောင်းခြင်း


ကြိမ်စိမ်းနဲ့ ကြိုးငယ် လိုတယ်။ ဒီလိုမှ မဟုတ်ရင် အဝေးက ဖုန်တထောင်းထောင်း ထဲ ဒီကောင်ကြီး ပြေးထွက် သွားလိမ့်မယ်။ ဒီလို သတ္တဝါကို ဒီလို ထိန်း မှ လည်စင်းပြီး ငြိမ်ကျ သွားတယ်။ အဲ့အခါမှ သခင့်စကားကို ရိုရိုကျိုးကျိုး နားထောင်ရှာပါတော့တယ်။

အဖွင့်။ ။ အတွေးစိတ် တစ်ခု ပေါ်ထွက်လာတဲ့ အခါ အခြားအတွေးတွေ နောက်လိုက် ပေါ်လာကြတာပဲ။ စိတ်သန္တာန်ကို ဥာဏ်အလင်းထဲ ပွင့်လန်းလိုက်မှ သန္တာန်အားလုံး ငြိမ်ကျ သွားတယ်။ အာရုံတွေ ဝေဝါး နေတုန်းက ဘယ်ဟာမှ အမှန် မမြင်နိုင်ခဲ့။ အခု ငါ့ကို ရုပ်ဝတ္ထုတွေနဲ့ ဝေဝါးအောင် မလုပ်နိုင်တော့။ အမြင် ကြည်လင်ခြင်းရဲ့ အကျိုးဆက် – ငါ မားမား မတ်မတ် ရပ်နိုင်ခဲ့ပြီ။ နဖားကြိုးကို မြဲမြဲ ကိုင်ထား။ ဘယ်သံသယ မှ ခွင့်မပြု ပါလေနဲ့။

၆။ ကျွဲစီး၍ အိမ်အပြန်


ကျွဲကြီးစီးပြီး၊ ကျနော့ဌာနေ အိမ်ရှိရာကို ဖြေးညှင်းစွာ ပြန်လာခဲ့ပြီ။ ကျနော့ ပုလွေသံ တေးသွားက ညနေ ဆည်းဆာ အလှကို ဖော်ကျူးတယ်။ ကျွဲကြီးရဲ့ ခြေကျ ခြေနက ဒီတေးသွားကို စည်းကိုက် ဝါးကိုက် တွဲဖက်ပြီး လိုက်နေသလိုလို။ အဆုံးမဲ့ တွဲဆက်နေတဲ့ ဂီတ – ဘယ်သူများ ကြားနိုင် လေမလဲ။

အဖွင့်။ ။ ကြိုးပမ်းအားထုတ်နေသမျှ အဆုံးသတ် ပြီးမြောက်ခဲ့ပါပြီ။ ရယူခြင်း၊ ဆုံးရှုံးခြင်းတွေလည်း ကွယ်ပျောက် သွားခဲ့ပြီ။ ကျေးတောရွာ ရဲ့ တေးတစ်ပုဒ်ကို ဆိုညည်း၊ ကလေးတို့ ရဲ့ နှစ်သိမ့်တေးကို ကျူးသီ။ ကျွဲကြီးနဲ့ အတူ လျောက်ရင်း ၊ ကျနော် တိမ်လွှာ အထက် ရောက်နေရပြီ။ နောက်ကြောင်းကို ဘယ်သူ ပြန်ခေါ်လေမလဲ။ ကျနော် ဂရုမထားနိုင်တော့ ။ ရှေ့သို့ ဆက်လက် ….ဆက်လက်…။

၇။ ကျွဲကြီး ငြိမ်သက်သွားခြင်း


ကျွဲစီးပြီး ကျနော် အိမ်ပြန်ရောက်ပြီ။ ကျနော့်သန္တာန်အပြည့်အဝ ငြိမ်သက်သွားပြီ။ ကျွဲကြီးလည်း အနားယူနိုင်ပါပြီ။ လဝန်းတောင် ချီလာပြီ။ လေးနက် ကြည်နူးမှု ၊ စိတ် စိမ့်ဝင်နေတဲ့ ကျနော့တဲငယ်လေးမှာ ကြိမ်တံရော၊ ကြိုးပါ ကျနော် စွန့်လွှတ်ပစ်လိုက်ပြီ။

အဖွင့်။ ။ အရာအားလုံးဟာ ဓမ္မလမ်းကြောင်း တစ်ခုတည်း ပေါ်မှာ ရှိတယ်။ တစ်ခုတည်း။ နှစ်ခု မဟုတ်တဲ့ တစ်ခုတည်း။ လောလောဆယ် ကျနော်တို့ အာရုံဟာ ကျွဲ လို့ ဆိုပေမယ့်၊ ယုန်ငယ်နဲ့ ထောင်ချောက်၊ ငါးနဲ့ ပိုက်ကွန် ပုံစံမျိုး အတူတူပါပဲ။ ရေမြွှာ ရေညှိကြားက ရွှေစင် ရွှေသား၊ တိမ်လွှာ တိမ်သား ကြားက ငွေစန္ဒာ။ ဒါတွေလည်း တစ်သဘောတည်းပဲ။ ရှင်းလင်း တောက်ပနေတဲ့ တစ်ခုတည်းသော လမ်းမှာ အကာလ၊ အဆုံးမဲ့ လျောက်လှမ်းတယ်။

၈။ ကျွဲနဲ့ အတ္တ နှစ်ဦးသား ဆိတ်ငြိမ်ခြင်း


ကြိမ်တံ၊ ကြိုးငယ်၊ လူနဲ့ ကျွဲ – ဒါတွေ အားလုံးဟာ အမည်မရှိ၊ သုညတ မှာ နစ်ဝင် ပျောက်ကွယ်။ ကျယ်ပြောလှတဲ့ ဒီကောင်းကင်မှာ ဘယ်အရာ ကိုရော ထပ်ချပေးရဦးမှာလဲ။ မီးညွှန့် မီးတောက်ကြားမှာ နှင်းငွေ့လေး တစ်စ ဘယ်လိုရပ်တည် ရှင်သန် နိုင်မလဲ။ မိမိကိုယ်ကိုယ် နိုင်နင်းသူတို့ရဲ့ ခြေရာတွေဟာ ဒီနေရာမှာတင် ရှိတယ်။

အဖွင့်။ ။ ရူးသွပ်မိုက်မဲမှုတွေ အဝေးကို ထွက်သွားကြပြီ။ စိတ်အစဉ်က ကြည်လင်လျက်သား ကျန်ရစ်ခဲ့သည်။ အသိဥာဏ် လင်းပွင့်မှု ဆိုတဲ့ သက်သက် ကျနော် ရှာမတွေ့ခဲ့ပါ။ အသိဥာဏ် အလင်း မရှိဘဲ ကျနော် မရှိနိုင်ပါ။ ဘယ်အခြေအနေ ဖြစ်ဖြစ် ကိုယ့်မျက်လုံးက ကိုယ့်ကို မမြင်ဘူး မဟုတ်လား။ ငှက်ပေါင်း ရာချီပြီး ကျနော့လမ်းမှာ ပန်းတွေ ခြွေဖုံးပစ်လိုက် လည်း ဒီချီးမြှောက်မှု ဟာ ကျနော့်အတွက် အဓိပ္ပာယ်မဲ့ ၊ အလကား ဖြစ်နေဦးမှာပဲ။

၉။ မူရင်းသို့ ဆိုက်ရောက်ခြင်း


မိမိ အရင်းအမြစ်ကို ပြန်လည် ရောက်နိုင်ဖို့ ခြေလှမ်းတွေ များလွန်းခဲ့ပြီ။ ဟိုးအစ ကတည်းက အဆွံ့အကန်း ဖြစ်နေတာမှ ကောင်းသေးရဲ့။ မိမိ အတွင်းထဲမှာပဲ နေ- မိမိ အတွင်းနဲ့ အနှောက်အယှက်မဲ့ – ပျော်မွေ့၊ မြစ်ချောင်းတွေလည်း သာသာညှင်းညှင်း စီးဆင်းမယ်၊ ပန်းတွေလည်း ရဲရဲတောက် နီမယ်။

အဖွင့်။ ။ ဟိုးအစကတည်းက သစ္စာတရားက ရှိနေပြီးသားရယ်။ တိတ်ဆိတ်မှုကို လှုပ်ခတ်ရင်း ပုံသဏ္ဍာန်တွေ အသွင်သဏ္ဍာန်တွေ ကွဲပြား သွားခဲ့ရတယ်။ ဘယ်ပုံသဏ္ဍာန်မှ မရှိတဲ့သူကို ဘယ်ပုံသဏ္ဍာန် ပြန်ရှာခိုင်းဦးမှာလဲ။ ရေပြင်ဟာ ကြည်လင်ပြီး တောင်စဉ်တွေက မြင့်မားတယ်။ ဖန်တီးတဲ့ အရာ၊ ဖျက်ဆီးတဲ့ အရာ – ကျနော် မြင်နေရပြီ ဖြစ်ပါတယ်။

၁၀။ လောကသို့


ရင်ဘတ် ဗလာ၊ ခြေဗလာနဲ့ လူ့ကမ္ဘာကို ကျနော် ပြန်ရောက်ပြီ။ ကျနော့ အဝတ်တွေက အပိုင်းပိုင်း အမြွှာမြွှာ၊ ဖုန်တွေကလည်း အလူးလူး အလိမ်းလိမ်း၊ ကျနော့် တစ်ကိုယ်လုံးတော့ စိတ်ရောကိုယ်ပါ အေးငြိမ်းနေတယ်။ ဘဝမှာ ရှင်သန်ဖို့ မှော်ဆန်ဆန်တွေ၊ ထူးထူးထွေထွေ မလိုအပ်ဘူး။ အခု – အခု – ကျနော့ ရှေ့မှာ သစ်ခြောက်ပင်ကြီး စိမ်းလန်းနေတယ်။

အဖွင့်။ ။ တံခါးရဲ့ ဟိုမှာဘက် အတွင်းက ဘယ် သူတော်စင်မှ ကျနော့ကို မသိပါဘူး။ ကျနော့ ဥယျာဉ်ရဲ့ အလှအပကို သူတို့ မမြင်နိုင်ဘူး။ အသိဥာဏ် ရှိပြီးသူတို့ ခြေရာကို ဘယ်အကြောင်းနဲ့ ကျနော် ရှာဖွေနေရ ဦးမလဲ။ ဝိုင်ပုလင်း တစ်လုံး- ခါးကြားထိုးပြီး ဈေးတန်းထဲ သွားမယ်။ တောင်ဝှေး တစ်လက် ကိုင်ပြီး ကျနော့ အိမ်ကို ပြန်မယ်။ ကျနော် ဆုံတွေ့သမျှ လူအားလုံး အသိဥာဏ် အလင်း ရှိလျက်သား တွေ့တွေ့ နေရတော့တယ်။

………………………..
Ref: 10 Bulls : http://www.expressionsofspirit.com/
………………………..
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/

………………………..

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: