ကျမ်းတစ်အုပ် ရဲ့ အစ

ပြောပြနိုင်သော ဓမ္မ ( Tao ) သည်
ပြီးပြည့်စုံသော ဓမ္မ ( Tao ) မဟုတ်ပေ။

ဒါဟာ တောက်တယ်ကျင်း စာအုပ်ငယ်ရဲ့ ပထမဆုံး ကျမ်းစာပိုဒ် ဖြစ်ပါတယ်။ ဒီကျမ်းစာအုပ် ဖြစ်ပေါ်လာပုံကို ပြောသင့်တယ်လို့ ထင်တယ်။ အဲ့ဒါမှ ဒီစာပိုဒ်ကို နားလည်ဖို့ အထောက်အကူ ရပါလိမ့်မယ်။

လောက်ဇူဟာ နှစ်ကိုးဆယ် နေထိုင် ခဲ့တယ်။ အဲ့ဒီ နှစ်ကိုးဆယ် လုံးလုံးမှာ “နေထိုင်ခဲ့တယ်” ဆိုတာက လွဲလို့ အခြား ဘာမှ မလုပ်ခဲ့ဘူး။ သူဟာ သူ့ဘာသာ “အပြည့်အဝ နေထိုင် သွားတယ်” ။ သူ့အနီးအပါး က ရောင်းရင်းတွေက သူ့ကို စာ တစ်စောင် ပေတစ်ဖွဲ့ ရေးသား ထားခဲ့ဖို့ အကြိမ်ကြိမ် တိုက်တွန်း တယ်။ ဒါပေမယ့် အဲ့လို တိုက်တွန်း တိုင်း သူ ပြန်ပြောလေ့ ရှိတဲ့ စကားက – Tao ဟာ ပြောလို့ရပြီ ဆိုရင် Tao စင်စစ် မဟုတ် တော့ဘူး။ သစ္စာတရား ကို ပြောပြပြီ ဆိုတာနဲ့ တစ်ပြိုင်နက် အဲ့ဒီ ပြောစကား “သစ္စာ” ဟာ စစ်မှန်တဲ့ သစ္စာတရား မဟုတ်တော့ဘူး။ ဒါ့ကြောင့် သူ ဘာမှ မပြော သလို၊ ဘာမှလည်း မရေးခဲ့ဘူး။

ဒီလိုဆိုရင် ခင်ဗျားက ပြန်မေးမယ်။ သူ့ရောင်းရင်းတွေဟာ သူနဲ့ အတူနေပြီး ဘာလုပ်ကြသလဲ လို့။ သူတို့ဟာ လောက်ဇူနဲ့ အတူ နေထိုင်နေ ရုံမျှလေးသာ ဖြစ်ပါတယ်။ သူနဲ့ အတူ ယှဉ်တွဲ ဖြစ်တည်နေတယ်။ သူနဲ့ အတူ ရှင်သန် နေထိုင်တယ်။ သူ လျောက်တဲ့အတိုင်း လျောက်တယ်။ သူ့ရဲ့ ဖြစ်တည်မှု အတွင်းမှာ သူတို့ အားလုံး ရောထွေး စိမ့်ဝင် နေကြတယ်။ သူ့အနားမှာ နေထိုင်နေကြတဲ့ အတွက် သူတို့ အားလုံးက သူ့ဆီက ဖွင့်အာ လာမယ့် တစ်ခုခုကို ရဖို့ ကြိုးပမ်းကြတယ်။ သူတို့ အခြား ကိစ္စတွေကို မတွေး ဖြစ်ဖို့၊ မစဉ်းစား ဖြစ်ဖို့ လုံးပမ်း ကြတယ်။ သူ့အနားမှာ နေတဲ့ အတွက် သူတို့အားလုံး တိတ်ဆိတ်ပြီးရင်း တိတ်ဆိတ် နေဖို့ အားထုတ် လာကြတယ်။ အဲ့ဒီ တိတ်ဆိတ်မှု အားဖြင့်သာ လောက်ဇူဟာ သူတို့ဆီကို သက်ရောက်နိုင်တာ ဖြစ်ပါတယ်။ တိတ်ဆိတ်မှု အတွင်းကနေ သူတို့ဆီကို ရောက်လာမယ် – သူတို့ရဲ့ တံခါးကို ခေါက်မယ်။

လောက်ဇူဟာ နှစ်ကိုးဆယ် လုံးလုံး တစ်ခုခုဆိုတာကို ရေးသားဖို့ ပြောကြားဖို့ ငြင်းဆန်ခဲ့တယ်။ သူ့ရဲ့ အရင်းအကျဆုံး အကြောင်းက – အမှန်တရား ဆိုတာ သင်ကြားပေးလို့ မရဘူး ဆိုတဲ့ အချက်ပဲ။ ခင်ဗျားက အမှန်တရား ဆိုတာရဲ့ အကြောင်းကို တစ်ခုခု ပြောပြီ ဆိုရင် – အဲ့ဒါ အမှန်တရား စင်စစ် မဟုတ်ဘူး။ ခင်ဗျား စကားတွေက အမှန်တရားကို မှားအောင် လုပ်တာပဲ ဖြစ်လိမ့်မယ်။ အဲ့လိုပဲ – အမှန်တရားကို ခင်ဗျား သင်ကြားပေးလို့ မရဘူး။ အလွန်ဆုံး လုပ်နိုင်တာက ခင်ဗျား ညွှန်ပဲ ညွှန်ပြနိုင်တယ်။ အဲ့ဒီ ညွှန်ပြတယ် ဆိုတာက ခင်ဗျား ရဲ့ ဖြစ်တည်မှု၊ ခင်ဗျားရဲ့ ဘဝ တစ်ခုလုံးကို ဆိုလိုပါတယ်။ အဲ့ဒါကို ဘယ်လို စကားလုံးတွေနဲ့ အပြည့်အဝ ညွှန်းဆို ပြမလဲ။ သူက စကားလုံးတွေ ကို ဆန့်ကျင်တယ်။ ဘာသာစကား ဆိုတာတွေကို ချေဖျက် ပစ်တယ်။

လောက်ဇူဟာ နေ့တိုင်း မနက်စောစော လမ်း ထွက်လျောက်လေ့ ရှိတယ်လို့ ဆိုတယ်။ သူ အဲ့လို လမ်းလျောက် ထွက်ရင် သူ့အိမ်နီးနားချင်း တစ်ယောက်က သူနဲ့ အတူ အမြဲ လိုက်လေ့ ရှိတယ်။ လောက်ဇူက စကားပြောတာ သိပ် မကြိုက်ဘူး – အမြဲ ဆိတ်ဆိတ် နေနေ တတ်တဲ့သူ ဆိုတာလဲ သိတယ်။ အဲ့ဒါကြောင့်မို့ သူ ကိုယ်တိုင်လည်း ဘာမှ မပြောဘဲ လိုက်လေ့ ရှိတယ်။ သူတို့ ကြားမှာ “ဟဲလို” ဆိုတာတောင် နှုတ်ဆက် စရာ မလိုအပ်ဘူး။ သာကြောင်း၊ မာကြောင်း ပြောနေစရာ မလိုအပ်ဘူး။ တစ်ယောက်က လမ်းလျောက် ထွက်တယ်- တစ်ယောက်က နောက်က လိုက်တယ်။ အဲ့ဒါပဲ ရှိပါတယ်။ “ဂွတ်ထ် မောနင်း” တွေ ဘာတွေ နှုတ်ဆက်လို့လည်း စကားများနေတာပဲ ရှိတယ်။ လောက်ဇူက လမ်းအရှည်ကြီး ကြိုက်သလောက် လျောက်။ သူကတော့ နောက်က တကောက်ကောက် ရှိနေတတ်တယ်။

နှစ်တွေ ကြာရှည် အဲ့လို နေလာကြပြီး တဲ့နောက် တစ်နေ့မှာ အဲ့ဒီ အိမ်နီးချင်း ဆီကို ဧည့်သည် တစ်ယောက် ရောက်လာတယ်။ အဲ့ဒီ ဧည့်သည် ကလည်း အိမ်နီးချင်းနဲ့ အတူတူ မနက်ပိုင်းမှာ လောက်ဇူ နောက်ကို လိုက်ရင်း လမ်းလျောက် ထွက်ကြတယ်ပေါ့။ တကယ်က အိမ်နီးချင်းက ခေါ်လာခဲ့တာ။ သူက ဧည့်သည် ဆိုတော့ လောက်ဇူ အကြောင်းကို မသိဘူး။ လောက်ဇူ ရဲ့ အကျင့်က ဘယ်လိုဆိုတာလဲ မသိဘူး။ အိမ်ရှင် တွေက ဘာစကားမှ မပြောတော့ ဧည့်သည် အဖြစ် နေနေတဲ့သူက နေရထိုင်ရ ကျဉ်းကျပ်သလို ခံစားလာရတယ်။ သူတို့တွေ ဘာလို့ ဒီလောက် တိတ်ဆိတ် နေရတာလဲ – သူ နားမလည်အောင် ဖြစ်နေရ တယ်။ အဲ့ဒီ တိတ်ဆိတ် နေတာ ကြီးကိုက သူ့အပေါ်မှာ လေးပင် နေသလို ခံစားရတယ်။

သူမှ မဟုတ်ဘူး။ ခင်ဗျားလည်း တိတ်ဆိတ်မှု အကြောင်းကို ကောင်းကောင်း နားမလည်ရင် သူ့လို ဖြစ်မှာပဲ။ ခင်ဗျားနဲ့ ဆက်နွယ်နေတဲ့ အဖွဲ့အစည်း ၊ ဒါမှမဟုတ်၊ လူတစ်ဦးဦးက ခင်ဗျားကို ဘာဆို ဘာမှ မပြောဘဲ နေတာမျိုး ဆိုရင် ခင်ဗျား ဘာဖြစ်လာမလဲ။ တကယ်တမ်းက သူတို့ ကြောင့်တော့ မဟုတ်ဘူး။ အရင်းခံ အကြောင်းက – ခင်ဗျား ကိုယ် ခင်ဗျား၊ ခင်ဗျား ဝန်ကို ခင်ဗျား မထမ်း နိုင်တော့တာကြောင့်ပဲ။ တကယ်တမ်း လူ့အဖွဲ့အစည်း မှာ ဆက်သွယ် ပြောဆို ကြတာက စကားလုံးတွေ နဲ့သာ မဟုတ်ပါဘူး။ သူ့ရဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ တိတ်ဆိတ်မှု နဲ့လည်း ဆက်သွယ် နိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျားက အဲ့လို တိတ်ဆိတ်တာ ကို မကြိုက်ဘူး။ ခင်ဗျား စကားပြော နိုင်နေတယ်။ စကား ပြောတတ်တယ် ။ စကားလုံးတွေ နဲ့ ခင်ဗျားရဲ့ စိတ် အပေါ်ယံလွှာ မှာ စိတ်ကူး ဖန်သားပြင် ရေးဖွဲ့နိုင်တယ်။ ခင်ဗျားရဲ့ အတွင်းပိုင်း မှာ ဘာဆိုတာ အခြားသူ မသိအောင် စကားလုံးတွေ နဲ့ ဖုံးကွယ်နိုင်တယ်။ ဆိုလိုတာက ခင်ဗျားဟာ စကားလုံးတွေ နဲ့ ကိုယ့်ကိုယ်ကိုယ် ဖုံးကာ- ထားတယ်။

လူတစ်ယောက်က လူကြား ထဲမှာ ဝတ်လစ်စလစ် ဖြစ်သွားရင် နေရထိုင်ရ ခက်သွားတာပဲ။ စိတ်ကျဉ်းကျပ် သွားတာပဲ။ စိတ်ထဲ ကသိ ကအောက် ဖြစ်သွား တတ်တာပဲ မဟုတ်လား။ တိတ်ဆိတ် ငြိမ်သက်မှု ကလည်း အလားတူ ပါပဲ။ ခင်ဗျားရဲ့ စိတ်သန္တာန်ကို အပေါ်ယံလွှာ တွေ ခွာထုတ် ပစ်လိုက်တယ်။ ခင်ဗျားမှာ အတွင်းသန္တာန် က ဝတ်လစ်စလစ် ကျန်ရစ် ခဲ့တယ်။ မနေတတ် မထိုင်တတ် ဖြစ်သွားတယ်။ ဧည့်သည် ဖြစ်တဲ့သူ ခံစား လိုက်ရတဲ့ စိတ်က အဲ့ဒီ လို စိတ်မျိုးပဲ။ သူလည်း မနေနိုင်တော့ဘူး ။ တစ်ခုခု ထပြောမှ ဖြစ်မယ်။ အာရုဏ်တက် ချိန် ဆိုတော့ သူ့ရှေ့မှာ နေမင်းကြီး ထွက်လာတာ တွေ့တယ်။ “ကြည့်စမ်းပါဗျာ။ လှလိုက်တဲ့ နေမင်းကြီး၊ တရိပ်ရိပ် တက်လာလိုက်ပုံများ”

သူပြောတာ အဲ့ဒါလေးပဲ။ ဘယ်သူမှ သူ့ကို ဘာမှ ပြန်မပြောကြဘူး။ အိမ်နီးချင်းက လောက်ဇူ စကားပြောလေ့ မရှိတာကို သိနေတဲ့ အတွက် သူလည်း ဘာမှ ပြောမနေတော့ဘူး။ လောက်ဇူ ကလည်း ဘာတစ်ခွန်း မှ မပြောဘူး။ ဘာတစ်ခု မှလည်း မတုံ့ပြန် ခဲ့ဘူး။

သူတို့ အားလုံး အိမ်ပြန်ရောက်တော့ လောက်ဇူက အိမ်နီးချင်းကို တစ်ခွန်း ပြောတယ်။ “နောက်တစ်နေ့မှာ ဒီလူ့ကို မခေါ်လာပါနဲ့လား။ သူ စကား အရမ်း များတယ်” တဲ့။ ဧည်သည်ဖြစ်သူက ဘယ်လိုများ များများစားစား ပြောမိလို့လဲ။ သူပြောတာက “ဘယ်လောက်လှတဲ့ နေမင်းကြီးလဲဗျာ” ဒီလောက်ပါပဲ။ ဒါပေမယ့် ဒီစကား ဟာ တစ်နာရီ နှစ်နာရီစာ လမ်းလျောက် ထွက်ရတဲ့ ခရီး အတွက် အများကြီး အနှောင့် အယှက် ဖြစ်တယ်။ လောက်ဇူ အတွက်က ဒီလူဟာ စကားတွေ ပြောလွန်း နေပါတယ်။ သူ့စကားတွေက အကျိုးမရှိဘူး။ နေမင်းကြီး တက်လာတယ်။ အင်း အဲ့ဒါက လှတယ်။ အဲ့ဒါကို ဘာပြောနေဖို့ လိုသေးသလဲ။

အဲ့လိုမျိုး လောက်ဇူဟာ တိတ်ဆိတ်စွာ၊ အဲ့ထက်မက တိတ်ဆိတ်စွာ နေထိုင် လာခဲ့ပါတယ်။ သူ သိရှိ နားလည် ထားတဲ့ သစ္စာတရား ဆိုတာ ကိုလည်း စကားလုံးတွေနဲ့ ဖွင့်ဆို ရှင်းပြဖို့ အမြဲတမ်း ငြင်းဆန် ခဲ့တယ်။ နောင်လာ နောက်သားတွေ အတွက် ကျမ်းစာ တစ်စောင် အဖြစ် ရေးချ ပေးခဲ့သင့်တယ် ဆိုတာကို လည်း ငြင်းပယ်ခဲ့တယ်။

အသက် ကိုးဆယ် တင်းတင်းပြည့်တဲ့ အချိန်မှာ သူ့ရောင်းရင်းတွေကို ခွဲခွာဖို့ အချိန်တန်လာပြီ လို့ သူ ဆုံးဖြတ် လိုက်ပါတယ်။ အားလုံးကို နှုတ်ဆက်ပြီး ပြောတယ်။ “အခုအခါမှာ ကျုပ်ဟာ ဟိမဝန္တာ ဆီ သွားဖို့ အချိန်တန် နေပါပြီ။ အဲ့သည်နေရာမှာ ခေါင်းချဖို့ သွားတော့မယ်။ ခင်ဗျားတို့ လူတွေနဲ့ နေရတဲ့ အချိန်ဟာ နေပျော်ဖွယ်ရာ ကောင်းပါတယ်။ ရှင်သန်နေချိန်မှာ ကမ္ဘာလောကထဲ ကျင်လည်နေရတာ ကောင်းမွန် လှပါတယ်။ ဒါပေမယ့် သေဆုံးဖို့ရာ အချိန် နီးကပ်လာပြီ ဆိုရင်တော့ တစ်ဦးတည်း အထီးတည်း အဖြစ်က ပိုပြီး သင့်လျော် ပါလိမ့်မယ်။ တစ်ဦးတည်း အဖြစ် ဆိုတာဟာ အပြည့်ဝဆုံး ဖြူစင် ရှင်းသန့်မှု ကို ဆောင်ကျဉ်းပေးတယ်။ ခင်ဗျားတို့ကို “မူလ အရင်းမြစ်” ဆီ သယ်ဆောင် သွားပေးတယ်။ အဲ့ဒီဟာ ကမ္ဘာလောကရဲ့ အဖျက်အမှောင့်တွေ မဝင်ရောက်နိုင်တဲ့ နေရာပဲ ဖြစ်ပါတယ်”

နှုတ်ဆက်စကား ကြားတော့ ရောင်းရင်းတွေ အားလုံး ဝမ်းပန်းတနည်း ဖြစ်ကုန်ကြတယ်။ ဒါပေမယ့် သူတို့ ဘာတတ်နိုင်မှာမို့လဲ။ လောက်ဇူကို မိုင် တော်တော် ဝေးဝေး အထိ လိုက်ပို့ ကြတယ်။ လောက်ဇူကလည်း မနေသာ လို့ လှည့်ပြန်ကြဖို့ မနည်း တိုက်တွန်း လိုက်ရတယ်။ အဲ့ဒီနောက် လောက်ဇူ တစ်ဦးတည်း နယ်စပ် ကို ရောက်လာခဲ့ပါတယ်။ နယ်ခြား တံခါးစောင့်က သူ့ကို တွေ့တယ်။ တစ်ခါတည်း အကျဉ်းချ ထားလိုက်တော့တာပဲ။ အဲ့ဒီ နယ်ခြား တံခါးစောင့်ဟာ လောက်ဇူရဲ့ ရောင်းရင်း တစ်ဦးပါ။ ဒါပေမယ့် သူက “ဆရာသခင် ကျမ်းစာ တစ်စောင်မှ မရေးဘူးဆိုရင် ကျနော် ဆရာ့ကို ဒီ နယ်စပ် ဖြတ်ခွင့် မပေးနိုင်ပါဘူး။ လူသားတွေ အတွက် အကျိုးပြု တစ်ခု လုပ်ခဲ့ရပါလိမ့်မယ်။ ကျမ်းစာ တစ်အုပ်တော့ ရေးပေးခဲ့ပါ။ အဲ့ဒါဟာ ဆရာသခင် ပေးစွမ်းရမယ့် အဖိုးအခ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ကျနော် ဆရာ့ကို ခွင့်မပြုနိုင်ပါဘူး” လို့ ပြောတယ်။ ပြောတဲ့ အတိုင်းပဲ လောက်ဇူကို သုံးရက် အကျဉ်းချ ထားပါတယ်။

“တောက်တယ်ကျင်း” လို့ ခေါ်တဲ့ ကျနော်တို့ အခု ကျမ်းစာဟာ အဲ့လိုနည်းနဲ့ ရလာခဲ့တာပါ ဆိုရင် ဘယ်လောက်များ ချစ်ဖို့ ကောင်းလိုက်သလဲ။ လောက်ဇူဟာ မဖြစ်မနေ ရေးရ ပါတော့တယ်။ သူ သုံးရက် အတွင်း အပြီး ရေးခဲ့ပါတယ်။ အဲ့ကျမ်းစာအုပ်ရဲ့ ပထမဆုံး ကျမ်းစာပိုဒ်က –

ပြောပြ၍ ရသော ဓမ္မ ( Tao ) သည်
စစ်မှန်ပြည့်စုံသော ဓမ္မ ( Tao ) မဟုတ်။

ဒါဟာ သူပြောချင်တဲ့ တကယ့် ပထမ စာကြောင်း ပါပဲ။ နောက်တစ်နည်း ပြောရင် ကျမ်းစာအုပ် တစ်ခုလုံးရဲ့ မိတ်ဆက် နိဒါန်း လည်း ဖြစ်ပါတယ်။ ဒီစကားဟာ ခင်ဗျားကို အလန့်တကြား ဖြစ်သွားစေတယ်။ အဲ့လို အလန့်တကြား ဖြစ်သွားဖို့လည်း လုံလောက် ပါတယ်။ ဘာလို့ဆို ပုံမှန်မှာ ခင်ဗျားက ခင်ဗျား ရဲ့ အကျင့်တွေ အတိုင်း ဒီစာအုပ်ကို ဖတ်တော့မယ်။ အဲ့ဒီ အတွက် စကားလုံးတွေ နောက်ကို မလိုက်မိအောင် နှိုးဆော်ပေးလိုက်တဲ့ စကား ဖြစ်လို့ပဲ ။ စကားလုံးတွေရဲ့ ကျေးကျွန် မဖြစ်ပါစေနဲ့- စကားလုံး ဝေါဟာရတို့ရဲ့ အလွန်ကို အမြဲ သတိရှိနေပါစေ လို့ ပြောနေသလိုပဲ။ စကားတွေနဲ့ ဖော်ပြလို့ မရတဲ့၊ ဘာသာ စကားတွေ နဲ့ ဖော်ပြလို့ မရနိုင်တဲ့ ဆက်နွယ်ချက် တွေကို အသိအမှတ် ရနေသင့်တယ်။ ဒါဟာ လောက်ဇူရဲ့ ကျမ်းအစ မှာ အတိုအကျဉ်းဆုံး လှုံ့ဆော် ပေးသွား တဲ့ ဆိုလိုချက်ပဲ ဖြစ်ပါတယ်။ ဆိုလိုချက် လို့ ပြောရာမှာတောင် လိုအပ်နေပါသေးတယ်။ အခုတော့ ဒီလောက်ပါပဲ။ ဆက်ရန် အဖြစ်နဲ့ – ကျေးဇူး ပါ။

………………..
Ref: Tao-The Three Treasures
………………..
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/
………………….

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: