အဆိုးမြင်သမား

အဆိုးမြင် ဝါဒီ တွေဟာ အဆိုးကိုပဲ မြင် တတ်ကြတဲ့လူတွေ – လို့ သတ်မှတ်ရင် အပြည့်အဝ မမှန်နိုင်ပါဘူး။ ဘာလို့လဲ ဆိုရင် အဆိုးမြင် ဝါဒီ တွေဟာ တကယ် စင်စစ် အဆိုးမြင် နေကြတာ မဟုတ်လို့ ပါပဲ။ သေသေချာချာ စိစစ် ကြည့်ရင် အဆိုးမြင် ဝါဒီ ဆိုတာ အကောင်းမြင် ဝါဒ ဖျက်ဆီး ခံလိုက်ရတဲ့ အကောင်းမြင် ဝါဒီ တစ်ယောက် ဖြစ်ပါတယ်။ နည်းနည်းများ ရှုပ်သွားလား မသိဘူး။

လူ တစ်ယောက် က အများကြီး မျှော်လင့် ထားခဲ့ဖူးတယ်။ ဒါပေမယ့် ကျရှုံး သွားတယ်။ လူတစ်ယောက် က အိပ်မက်တွေ အများကြီး မက် ထားခဲ့ဖူးတယ်။ ဒါပေမယ့် လက်တွေ့မှာ အကောင်အထည် မဲ့ ဖြစ်ခဲ့ရတယ်။ အဲ့ဒီ လူဟာ တကယ်တော့ အကောင်းမြင် ခဲ့တဲ့ သူပါ။ ဒါပေမယ့် အခုအခါမှာ အဆိုးမြင် ဝါဒီလို့ တံဆိပ်ကပ် ခံလိုက်ရတယ်။

ဆိုလိုတာက အဆိုးမြင် ဝါဒီ တစ်ယောက်ရဲ့ ခေါင်းဟာ အကောင်းမြင် တတ်တဲ့ အတွေးအခေါ် တွေနဲ့ ချည်း ပြည့်နေခဲ့ ဖူးပါတယ်။ ဒါ့ကြောင့် အကောင်းမြင် ဝါဒ – အဆိုးမြင် ဝါဒ ဆိုတာတွေဟာ အချင်းချင်း ကွဲပြားနေတဲ့ အရာတွေ မဟုတ်ဘူး။ ကျနော် ဒီမှာ ပြောချင်တာက အဲ့ဒါပါ။ တကယ်လို့ တစ်ချိန်တုန်းက ခင်ဗျားသာ အကောင်း မမြင်ခဲ့ဘူး ဆိုရင် အခုလို ဘယ်တော့မှ အဆိုးမြင် ဝါဒီ ဖြစ်လာမှာ မဟုတ်ဘူး။ အဆိုးမြင် ဝါဒီ တစ်ယောက် ဖြစ်ဖို့ အရင်ဆုံး ခင်ဗျား အကောင်းမြင် တတ်ရပါဦးမယ်။

ကလေးငယ် အများစုမှာ အကောင်းမြင် တတ်တဲ့ စိတ် ရှိတယ်။ ဘာလို့လဲ ဆိုရင် သူတို့ကို အကောင်းမြင်ခဲ့တဲ့ မိဘတွေက ပြုစု စောင့်ရှောက် ခဲ့လို့ပဲ။ ( ရူးသွပ် မနေဘူးသာ ဆိုရင် ) မိဘတိုင်းဟာ ကိုယ့် သားသမီး ကို မဟာ့မဟာ လူသား တွေလို တွေးထင် မျှော်မှန်းကြတာ ချည်းပဲ။ သူတို့ အမြင်မှာ သူတို့ သားသမီးဟာ တစ်မိုးအောက် တစ်ယောက်ဖွား၊ ဘုန်းကံ ကြီးမား ကြသူတွေ ချည်းပဲ။ လူလွန်မသား၊ အတုမဲ့ နှိုင်းမရတဲ့ သူတွေ အဖြစ် အမြဲ တွေးခဲ့ကြတယ်။ ဖြစ်နိုင်ရင် ဘုရင် အလက်ဇန်းဒါး၊ ယေရှုခရစ်၊ ဗုဒ္ဓ ဂေါတမတို့လို လူသားမျိုးတွေထိ ဘဝင်တကျ မျှော်မှန်းထားတတ် ကြတယ်။

ဒါပေမယ့် တစ်ဖြည်းဖြည်း အချိန်တွေ ကုန်လွန်လာတဲ့ အခါ လက်တွေ့အဖြစ် တွေက အတွေး တွေကို ပြောင်းလဲ လာစေ ခဲ့ပါတယ်။ ကလေးတွေ ဟာ သူတို့ အိပ်မက်တွေနဲ့ နှိုင်းယှဉ်ရင် သာမာန် အဖြစ်သာ ရှင်သန် ကြီးထွား လာကြတာကို တွေ့ကြရတော့တယ်။ သူတို့ရဲ့ စိတ်ကူး၊ သူတို့ရဲ့ အိပ်မက် မပြည့်ဝနိုင်ဘူး ဖြစ်သွား ရတယ်။ အဲ့ဒီ အချိန် မှာ ရှိမယ့် မိဘတွေရဲ့ အရွယ်ဟာ အများအားဖြင့် အသက် လေးဆယ်နဲ့ လေးဆယ့်နှစ်နှစ် အရွယ် မျိုးတွေ ဖြစ်တတ်ပါတယ်။ အဲ့ဒီလို အရွယ်မျိုးဟာ အဆိုးမြင်ဝါဒဘက်ကို ပြောင်းလဲမှု အများဆုံး အရွယ် ပဲ ဖြစ်ပါတယ်။

ဆေးသိပ္ပံ အရ ကြည့်မယ် ဆိုရင် ကမ္ဘာပေါ်မှာ နှလုံးရောဂါ အဖြစ်ပွား နိုင်ဆုံး အရွယ်ဟာ အသက်လေးဆယ် နဲ့ လေးဆယ့်လေး နှစ်ကြား မှာ ရှိပါတယ်။ ကြားကာလ လေးနှစ် ရှိတယ်။ ဒီလေးနှစ် အတွင်းမှာ အချို့လူတွေ ဆိုရင် ရူးသွပ်တဲ့ အထိ ဖြစ်သွားတတ်ကြတယ်။ စိတ်ပညာ ဆရာ တွေ၊ စိတ် သရုပ်ခွဲ ပညာရှင်တွေက ဒီ အရွယ် အပိုင်းအခြား ကို အန္တရာယ်များတဲ့ နှစ်တွေ လို့ သတ်မှတ်လေ့ ရှိပါတယ်။ တကယ်လို့သာ ခင်ဗျားက အဲ့ဒီ လေးဆယ့် လေးနှစ် ကျော်တဲ့ အထိ ပုံမှန် နေထိုင်နိုင်ပြီ ဆိုရင် နောက်ဆက်လက်ပြီး ပုံမှန် နေထိုင်နိုင်ဖို့ အလားအလာ များပါတယ်။ ဒါပေမယ့် အများစု ကတော့ ထုံထိုင်းထိုင်းတွေ ဖြစ်နေလို့သာ ကျော်လွန် နေထိုင်သွားတာမျိုး ရှိတယ်။

ခင်ဗျားက ထုံထုံထိုင်းထိုင်း နေတတ်တဲ့သူ ဆိုရင် ( တစ်နည်း ) ဘဝ ပြဿနာတွေ အပေါ်မှာ တွေးတော စဉ်းစားလေ့ မရှိတဲ့သူ ဆိုရင် အဲ့ဒီ လေးဆယ့် လေးနှစ် အရွယ်ဟာ ခင်ဗျား အတွက် သိပ်ပြဿနာ ပေးမှာ မဟုတ်ဘူး။ ခင်ဗျား အတွက် အချိန်က နောက်ဆုတ်သွားမှာ၊ ပိုကြာသွားမှာ ။ ခင်ဗျား က အာရုံခံ ကောင်းနေတယ် ဆိုရင်သာ အဲ့လေးဆယ့်လေး နှစ် အရွယ်က ပြဿနာ ရှိလာတာ ဖြစ်ပါတယ်။ အချို့တွေ ကတော့ ဘာမှ မဖြစ်တတ်ဘူး – အဲ့ဒီ လေးဆယ့်လေးနှစ် ကို သိတောင် မသိလိုက်ဘဲ ဖြတ်သန်း သွားကြတယ်။ အဲ့ဒါက သမာဓိအား ကောင်းနေလို့၊ ပညာဥာဏ် ရှိနေလို့ပါ ဆိုပြီး မထင်လိုက်ပါနဲ့။ အခြား အကြောင်း တွေလည်း ရှိနိုင်ပါသေးတယ်။

ဆိုလိုတာက သူတို့ အတွေးထဲမှာ ဘဝနဲ့ ပတ်သက်လို့ မျှော်လင့်ချက်တွေ၊ အိပ်မက်တွေ ရှိနေဆဲ၊ မက်ကောင်းနေဆဲ ဖြစ်နိုင်သေးတယ်။ အဲ့လို ဖြစ်ခဲ့ရင် သူတို့ဟာ လေးဆယ့် လေးနှစ် ဆိုတဲ့ ကာလကို ဘာမှ မထူးခြားဘဲ ဖြတ်သန်း သွားမှာပဲ။ ဒါပေမယ့် အဲ့လို လူတွေ အကုန်လုံးဟာ အနှေးနဲ့ အမြန် – ခံစားချက် တစ်ရပ် ဝင်လာ တတ်ပါတယ်။ အဲ့ဒါကတော့ — ဘဝဟာ အဓိပ္ပာယ်မရှိဘူး၊ ဘဝမှာ မျှော်လင့်ချက်ဆိုတာ ထင်သလောက် မရဘူး – ဆိုတဲ့ အမြင် အသိတွေပဲ ဖြစ်ပါတယ်။ အဲ့ဒီ အခါမှာ ယခင် ရှိခဲ့တဲ့ မျှော်လင့်ချက်တွေ၊ အိပ်မက်တွေ၊ အကောင်းမြင် ထားတာတွေ အကုန် ပြိုပျက် ကုန်ကြတယ်။ အစွန်း တစ်ဖက်က အကောင်းမြင် ဝါဒ ပြိုလဲ ကျသွားတယ်။ အဲ့ဒီအခါ အစွန်း တစ်ဖက်မှာ ရှိတဲ့ အဆိုးမြင်ဝါဒ ဘက်ကို ကူး ပြောင်း ရောက်သွားကြတယ်။ မျော်လင့်ချက်တွေ ကြီးမားခဲ့တဲ့ အကောင်းမြင် ဝါဒကြီး ဗြောင်းဗြန် လန်သွားရပြီ။ အခြားတစ်ဖက်မှာ မျှော်လင့်ချက် မဲ့ခြင်း ဆိုတဲ့ အဆိုးမြင်ဝါဒ ပေါ်ပေါက်လာရပြီ။ မြင်မြင်သမျှ အလင်းရောင် အားလုံး – မှောင်အတိ ကျသွားတယ်။ ဘဝကို ခါးခါးသီးသီး လက်ခံ မိသွားတယ်။

မြင်သိနေကျ ဥပမာ အဟောင်းလေး နဲ့ပဲ ပြောပါမယ်။ နှင်းဆီ တစ်ပွင့် ဆိုပါတော့ ။ ခင်ဗျား က အဲ့ဒီ အချိန်မှာ အဲ့ဒီ နှင်းဆီရဲ့ ဆူး အကြောင်း တွေပဲ တွေးနေမိတော့မှာ။ အဲ့လို တွေးမိနိုင်ဖို့ အရင်ဆုံး ခင်ဗျားမှာ ရှိနေခဲ့ဖူးမှာက – “တယ်လှတဲ့နှင်းဆီ၊ ဂန္တဝင် မြောက် နှင်းဆီ ပါ ကလား။ ဆူးပေါင်း တစ်ထောင်ကြားမှာ ငွားငွား စွင့်စွင့် ပွင့်လန်း လာလိုက်တာများ” စသဖြင့် ခင်ဗျား အကောင်းမြင် ခဲ့ဖူးပါတယ်။ ခင်ဗျား ကဗျာ ဆန်ခဲ့ဖူးမယ်။ အာရုံခံစားချက်တွေ ထည့်သွင်း ထားခဲ့ဖူးမယ်။ မျော်လင့်ချက်တွေ အိပ်မက်တွေနဲ့ တပွေ့တပိုက်ကြီး သိမ်းဆည်းပြီး ဘဝဟာ ရှေ့ကို ဆက်လက် ပြည့်ဝသွားဖို့ ရှိတယ်လို့ အကောင်းမြင် သမား ဖြစ်ဖူးခဲ့မယ်။

ဒါပေမယ့် သိပ်မကြာခင် အချိန်တန်လာတော့ နှင်းဆီရဲ့ သရုပ်သကန်ဟာ မှုန်ဝါးသွားတယ်။ ခင်ဗျား အာရုံမှာ ဆူးတွေချည်းသာ ကျန်ရစ် ခဲ့တယ်။ — ဘယ်မှာလဲ နှင်းဆီ၊ ဆူးချည်းသာ ရှိနေတာများ နှင်းဆီတဲ့လား။— အဲ့ဒီလို ခင်ဗျား မယုံကြည်နိုင်တော့၊ လက်မခံတော့ဘူး။ အဲ့တော့ ခင်ဗျား ထပ်ပြီး ပြန်ပြောလာတယ်။ — ဒါဘယ်လိုမှ မဖြစ်နိုင်ဘူး။ နှင်းဆီဆိုတာ အိပ်မက်ပဲ။ မာယာတွေပဲ။ စိတ်ရဲ့ လှည့်စားချက်တွေပဲ။ ထင်ယောင် ထင်မှားတွေ ချည်းပဲ။ ဒီလို ဆူးတွေ ထောင်ချီနေတဲ့ ကြားမှာ ဒီလို လှတပတ နှင်းဆီ တစ်ပွင့်ဟာ ဘယ်လိုနည်းနဲ့ ရှိနေမှာတဲ့လဲ။ နှင်းဆီ ပန်းတစ်ပွင့် ဆိုတာ ဘယ်လို လုပ် ရှိလာနိုင်မှာလဲ —- စသဖြင့် ခင်ဗျား အရင် ရှိခဲ့တဲ့ အကောင်းမြင် အတွေးတွေကို ခင်ဗျား ကိုယ်တိုင်ပဲ ဆန့်ကျင် ပစ်လိုက်တယ်။ သဘာဝကို သဘာဝ အတိုင်း မမြင်တော့ဘဲ မိမိ ကိုယ်ကိုယ် ကန့်လန့်ကာ အုပ်ပစ်လိုက်တယ်။ ခင်ဗျား ဘဝကို ခင်ဗျား အမှောင် ချ ပစ်လိုက်တယ်။ အဲ့ဒါဟာ အဆိုးမြင် ဝါဒီ တစ်ယောက် ရဲ့ ဖြစ်စဉ် ဖြစ်ပါတယ်။

အကောင်းမြင်ဝါဒီ တစ်ယောက်က နေ့ရက်တွေကို တွေးတော နေချိန်မှာ အဆိုးမြင် ဝါဒီ က ညအမှောင်တွေကို တွေးနေမယ်။ အကောင်းမြင် ဝါဒီ က ပြောတယ် — ငါတို့မှာ နေ့ရက် နှစ်ရက်ရှိပြီး၊ ကြားမှာ ညတစ်ညသာ ရှိတယ်။ နေအလင်းကို နှစ်ခါမြင်ရပြီး ညအမှောင်ကို တစ်ခါသာ တွေ့ရတယ်။ ဘယ်လောက် ပျော်စရာ ကောင်းလိုက်သလဲ—- ။ အဆိုးမြင် ဝါဒီက ပြန်ပြောတယ် —- ငါတို့မှာ ညအမှောင် နှစ်ခါ ကြုံရပြီး နေ့အလင်းရောင် တစ်ခါသာ ရတယ်။ အိပ်မက်ဆိုးတွေ၊ ထင်ယောင်ထင်မှားတွေနဲ့ အမှောင်သာ ပိန်းပိတ်နေရတယ်။ ဘယ်လောက် ဆိုးရွားလိုက်တဲ့ ဘဝလဲ—-။

သူတို့ နှစ်ဦးစလုံး ပြောနေသမျှ ပုံစံကွဲပြားနေပေမယ့် – ဘဝဟာ အတူတူပဲ ဖြစ်ပါတယ်။ အဆိုးမြင် ဝါဒီ ၊ အကောင်းမြင် ဝါဒီ ဆိုတာ တကယ် စင်စစ် ဆန့်ကျင် ကွဲပြားနေတာ မဟုတ်ဘူးရယ်။ သူတို့ နှစ်ဦးဟာ ပေတံတစ်ချောင်းထဲ ပေါ်က အစွန်း နှစ်ဖက် ဖြစ်နေတာ သက်သက်ပဲ။ ဒီနေရာမှာ ကျနော် ပြောလိုတာက အဲ့ဒီ အစွန်းနှစ်ဖက် စလုံးကို ကျော်လွန် သွားဖို့ လိုပါတယ်။ အဲ့ဒီ ပေတံကို လွှတ်ပစ်နိုင်ဖို့ လိုအပ်ပါတယ်။ ဘဝ ခရီးကို မှန်မှန်ကန်ကန် လျောက်လှမ်းသွားလိုတဲ့ သူဟာ မျှော်လင့်ချက် ထားရှိ နေတာကိုရော၊ မျှော်လင့်ချက် မဲ့ သွားတာကို ရော ချန်ရစ် ထားခဲ့ဖို့ လိုပါတယ်။ နေ့ရက်ကိုလည်း တွယ်တာ မက်မောပြီး တွက်ချက် မနေသလို၊ ညအမှောင် ကိုလည်း ကြောက်လန့် တကြား ငြင်းပယ် မနေတဲ့သူ ဖြစ်ဖို့ လိုပါတယ်။ သစ္စာတရားကို ရှာဖွေသူဟာ နှင်းဆီ ချည်းပဲလည်း ကြည့်မနေသလို၊ ဆူးချည်းပဲလည်း ကြည့်မနေပါဘူး။ သူဟာ ရိုးရိုးရှင်းရှင်း စောင့်ကြည့်သူ သက်သက်သာ ဖြစ်ပါတယ်။

ဟိုတစ်နေ့က ဒီအွန်လိုင်းပေါ်မှာတင် တစ်ယောက်က ကျနော့ကို မေးခွန်းတစ်ခု မေးပါတယ်။ အကောင်းမြင်သမား က ကောင်းသလား၊ အဆိုးမြင်သမားက ကောင်းသလား တဲ့။ ကျနော် ဒီမှာ ဖြေလိုတာက – အကောင်းမြင်သမား၊ အဆိုးမြင်သမား ဆိုတာ တွေကို ဖယ်လိုက် စေချင်တယ်။ အဲ့ဒီ အစား – အမှန်ကို အမှန် အတိုင်း မြင်တဲ့သူသာ မကောင်းဘူးလား လို့ ပြန်ဖြေ ရပါလိမ့်မယ်။

အမှန်ကို အမှန် အတိုင်း မြင်သူ ဆိုတာ ရိုးစင်းစွာ စောင့်ကြည့်နေသူကို ဆိုလိုပါတယ်။အဲ့ဒီလို စောင့်ကြည့်ရာမှာ ကောင်းတာ၊ ဆိုးတာ၊ လှတာ၊ မလှတာ ဘာမှ မပါပါဘူး။ စောင့်ကြည့်ရုံ သက်သက်လေးပါ။ နှင်းဆီချည်းပဲ ကွက်မကြည့်သလို၊ ဆူးချည်းပဲ ကွက်မကြည့် တတ်တဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီ စောင့်ကြည့်သူ ဟာ မိမိ အကြိုက်၊ မိမိ အစွဲအလမ်း၊ မိမိ ထိခိုက်မှု၊ မိမိ အတွက် ဆိုတာ ကိုတောင် ငဲ့ကွက် ထည့်သွင်း မထားတဲ့သူ ဖြစ်ပါတယ်။ ဆိုလိုတာက သူ ဦးတည်ရာဟာ – အမှန် တစ်ခုတည်း သာ ဖြစ်တယ်။ အဲ့ဒီ သူ့ရဲ့ ဦးတည်ရာ အတွက် သူ ဘာမှ ငဲ့ကွက် နေမှာ မဟုတ်ဘူး။ အမှန် ဖြစ်ခြင်း သက်သက်ကသာ သူ့ ရှေ့မှာ ရှင်းရှင်းလင်းလင်း ရှိနေတယ်။ ဒါဟာ အမှန်မြင်သမား တစ်ယောက်ရဲ့ ဂုဏ်ရည် ဖြစ်ပါတယ်။

ဒါဟာ အပြောလွယ်သလောက် ခက်ခဲပါတယ်။ အများအားဖြင့် အကောင်းမြင်မလား- မမြင်ရင် အဆိုးမြင်သမား ဖြစ်သွားတတ် ကြတာချည်း ပါပဲ။ အကြောင်းက —

လူအများစုဟာ မိမိတို့ ဘဝ၊ မိသားစု ၊အလုပ်၊ စသဖြင့် မိမိတို့ ကျင်လည်ရာ အတွင်းမှာ ကိုယ့် အကျိုးစီးပွား ကို မျှော်မှန်း ရှာကြသူ တွေချည်းပဲ ဆိုတာ နားလည်ပါလိမ့်မယ်။ အဲ့အတွက် မိမိတို့ မျှော်မှန်းထားတဲ့ အကျိုးစီးပွား မဖြစ်ထွန်းမှာ ၊ ပွန်းပဲ့မှာကို ကြောက်ရွံ့စိတ် စိုးရွံ့စိတ်ဟာ ကိုယ်စီရဲ့ စိတ်နှလုံးမှာ- အလိုလို ကိန်းအောင်း ဖြစ်ပေါ်ပါတယ်။ အဲ့ဒီ ကြောက်စိတ် က ရိုးရိုးလေး တော့ မဟုတ်ပါဘူး။ ထုနဲ့ ထည်နဲ့ ရှိနေတဲ့ ကြောက်စိတ်ပါ။ အဲ့လိုနဲ့ အဲ့ဒီ ကြောက်စိတ်၊ စိုးရွံ့စိတ်ရဲ့ အရှိန်အဟုန်ကြောင့် – ကျနော်တို့ဟာ အရေးပါတဲ့ အရာတစ်ခုကို မေ့လျော့ ကျန်ရစ်ခဲ့တယ်။

ဥပမာ အနေနဲ့ – ကုမ္ပဏီ တစ်ခု မှာ အလုပ်လုပ်သူတွေ ဆိုပါတော့ –

သူတို့ဟာ အများအားဖြင့် –

၁) မိမိ အထက်လူကြီးကို ကြောက်တယ်။

၂) မိမိ အောက်လက်ငယ်သား မိမိထက် တော်သွား တတ်သွား၊ ကျော်သွား မှာကို ကြောက်တယ်။

၃) မိမိ ရာထူး ခုံနေရာ ပျောက်သွား မှာကို ကြောက်တယ် ။

၎) မိမိ ရာထူး ခုံနေရာ ပိုမကောင်းလာမှာကို ကြောက်တယ်။ စသဖြင့် …

အဲ့ဒီမှာ သူတို့ မကြောက် တာက တစ်ခုပဲ ရှိပါတယ်။ အဲ့ဒါက သူတို့ မမှန်မှာကိုတော့ မကြောက်ဘူး – ဆိုတာပါပဲ။

အဲ့လိုပြောတာက သူတို့ အမှားတွေ ချည်း လုပ်နေမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သူတို့ မှန်တာကို ရွေးလုပ် ကြပါတယ် ။ ကြိုးစားပြီး လုပ်တယ်။ ဒါပေမယ့် အခုပြောတဲ့ – ကြောက်ရပါတယ် ဆိုတဲ့ အချက်တွေနဲ့ ကြုံကြိုက်လာခဲ့ရင် အလွယ်တကူ မှားပစ် လိုက်နိုင်တယ်။ မမှန်ဘဲ လည်း နေရဲတယ်။ အဲ့ဒါဟာ အများစုရဲ့ သရုပ်သကန်ပဲ ဖြစ်ပါတယ်။

ဒီအချက်ဟာ လူ့ဘောင်ကြားမှာ အကောင်းမြင်သမား၊ အဆိုးမြင်သမား စသဖြင့် အစွန်းနှစ်ဖက်သာ များပြားနေရပြီး ၊ အမှန်မြင်သမား နည်းပါးရခြင်း အကြောင်းရင်း တစ်ချက် ပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ တိုက်ဆိုင်မိလို့ – အတွေ့အကြုံထဲက ဖြစ်ရပ် တစ်ခု ထုတ်ပြပါမယ်။

ဟိုးတစ်လော က ကျနော် လုပ်ငန်းကိစ္စတစ်ခု အတွက် နယ်သွားပြီး အစည်းအဝေး တက်ရတယ်။ အလုပ်က အုပ်စုလိုက် အသင်းအပင်း အလိုက် လုပ်ရတဲ့ အလုပ် မို့ အစည်းအဝေးမှာ လူများတယ် ဆိုပါတော့။ အစည်းအဝေးက ရိုးရိုး မီတင် မဟုတ်တဲ့ ညှိနှိုင်း အစည်းအဝေး မို့ တော်တော်များများ စကားပြောရတယ်။ သူတို့ စကားနဲ့ ပြောရင် – ဒါစကားပြောနေတာ ဟုတ်ဘူး -“ညှိနှိုင်း” နေတယ် ပေါ့ဗျာ။ တကယ် အနှစ်သား ကတော့ ကိုယ်လိုရာ၊ ရည်သန်ရာ ကို မပါပါအောင် ကျဘမ်း စကားပြော၊ ဆွဲခေါ်ရတာပါ။ ( စကားမစပ် – တစ်ခု ပြောရရင် ကျနော် အဲ့ဒီ ညှိနှိုင်းတို့ Negotiate တို့ကို မယုံဘူး ။ခင်ဗျားရော ယုံကြည်ပါသလား။ တကယ်တမ်း “ညှိနှိုင်း”၊ “Negotiate” ဆိုတာရဲ့ သဘောအမှန်ကို အားမနာတမ်း ပြောရင် – ကိစ္စတစ်ခုကို နှစ်ဖက်အဆင်ပြေအောင် အမှန်တစ်ဝက် အမှားတစ်ဝက် ရောညှပ်ပစ်တာ ဖြစ်ပါတယ်။ အလုပ်တစ်ခု လုပ်တာမှာ Negotiate တွေနဲ့ သွားနေရင် အဲ့အလုပ်က ဘယ်တော့မှ မမှန်နိုင်တော့ဘူးလို့ ကျနော် ထင်တယ်။ ဘာလို့ဆို မူရင်း Negotiate လုပ်တယ် ဆိုတာရဲ့ အဓိပ္ပာယ် ကိုယ်၌က – မှန်ရာကို လုပ်ကြမယ် ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူး။ သူတို့က ကိုယ်သင့်ရာ ကိုယ်လုပ်ကြမယ်လို့ လွန်ဆွဲကြတာ မျိုးပဲ။ )

ကျနော် အဲ့အစည်းအဝေး မှာ တော်တော် စကားပြော ဖြစ်လိုက်တယ်။ အဲ့ဒါကလည်း ကိုယ်မှန်တယ်လို့ ယုံကြည်ရာကို ပြောတာ ဖြစ်ပါတယ် ။ စင်စစ် ကျနော့ ရာထူး- ဘာမှ မဟုတ်ဘူး။ ဒါပေမယ့် ကိုယ်မှန်တယ် ထင်ရာကိုတော့ ဘာမှ ကြောက်မနေ နိုင်ဘူး။ ကိုယ်မမှားဘူးလို့ ထင်မြင်တဲ့ ကိစ္စမှာ – “ညှိနှိုင်းပါ” လို့လည်း စကားလှလှ ပြောထားတဲ့ အတွက် ပစ်ပစ်နှစ်နှစ်ကို ညှိနှိုင်းကြည့်ကြပါတယ်။ ဆိုလိုရင်းကိုပဲ တိုတိုနဲ့ ပြောရင် – လုပ်ငန်းထဲ လူကြီးတွေ အပါအဝင် ကျန်တဲ့ အယောက် သုံးလေးဆယ် က တစ်ဘက်၊ ကျနော်နဲ့ ကျနော်နဲ့ အလုပ်တူ တွဲလုပ်နေတဲ့ အကို ၊ ဒီနှစ်ယောက်က တစ်ဘက်။ ကွဲထွက် သွားတယ်။ တော်တော်ကြာကြာ အခြေအတင် တွေ ပြောပြီး၊ အစည်းအဝေး ပြီးတယ်။ အစည်းအဝေး ခန်းဆိုတာ လုပ်ငန်းကိစ္စ အခြေအတင် ပြောဆိုလုပ်ကိုင်မယ်၊ ပြီးရင် ကျန်တာ အလုပ်လုပ်ဖို့ပဲ ရယ် မဟုတ်လား။ အတွင်းခန်းမှာ ဘယ်လိုပဲ အယူဝါဒ ကွဲပြား ၊ ငြင်းခဲ့ရ ငြင်းခဲ့ရ၊ ကျန်တာမှာ ဘာမှ မထူးခြားတဲ့ သူတွေ ၊ ပုံမှန်သမားရိုးကျ သွားနေမယ့် သူတွေချည်းပဲ မဟုတ်လား။ ကျနော် အဲ့လို ကျနော် မြင်ထားပါတယ်။ ဒါပေမယ့် ဒါဟာ ကျနော့် အမြင်ပဲ ရှိတယ်။

အစည်းအဝေး အပြင်ရောက်တော့ – ကျနော့် အသိတစ်ယောက် ဆီကို သွားမိတယ်။ အလုပ်ကိစ္စနဲ့ ဆိုင်ပါဘူး။ ကျနာ် က အစည်းအဝေး လာတက်ရုံတင်ပဲ ဆိုတော့ ပြီးပြီ ဆိုပါတော့။ အဲ့ဒီ ကျနော့မိတ်ဆွေက- အစည်းအဝေးခန်းထဲက အုပ်စုကွဲတဲ့ အတိုင်း ပြောပါဆိုရင် တစ်ဖက်က ရှိတဲ့သူ ပေါ့။ ဒါပေမယ့် ကျနော် ခင်တဲ့သူ ချစ်တဲ့သူပဲ ။ အလုပ်နဲ့ မဆိုင်ဘူးရယ်။ ဒီအလုပ်ကိစ္စ သတိအနေနဲ့တောင် ကျနော့ဆီမှာ မရှိတော့ပါဘူး ။ ဝမ်းပန်းတသာ ကျနော် သွားတွေ့တယ်။ စကားပြောရယ် ဆိုရယ် ရှိမလို့ပါ။ နကိုကလည်း ခင်မင်ရင်းနှီး ရှိပြီးသားကပဲ။ ကျနော် ထွေထွထူးထူး တွေးမထားမိဘူး။ ဒါပေမယ့် ကျနော် သွားတွေ့တဲ့ အချိန်မှာ သူက တွန့်ဆုတ်နေတယ်။ ပေါ်လွင်အောင် ပြောရင် မိတ်ဆွေပုံစံ မဟုတ်ဘူး။ တစိမ်း ဆန်ဆန် ဖြစ်နေတယ်။ နကိုက ကျနော်တို့ စကားပြောတာ ပွင့်လင်းခဲ့ကြသလောက် အဲ့တုန်းက အထစ်အထစ် ဖြစ်နေတယ်။ မျက်လုံးက ကျီးကန်းတောင်းမှောက်နဲ့ တစ်ခုခုကို ရွံ့နေသလိုမျိုး။ အလုပ်များနေသလား ဘာလား ကျနော်လည်း အဲ့လိုပဲ တွေးလိုက်မိပါတယ်။၊ ကျနော် တွေးထားခဲ့မိတာနဲ့ တစ်ခြားစီ ဖြစ်နေတာတော့ အမှန်ပဲ။ ဒါပေတဲ့ စိတ်ကူးထဲ မရှိခဲ့မိသေးဘူး

နောက်ရက် တော်တော်ကြာ မှ သိလိုက်ရတယ်။ သူ စကား တန်းတန်း ဖြစ်သွားတာဟာ သူ့ပတ်ဝန်းကျင်က သူ့ကို ကျဉ်မှာ ကြောက်လို့ပါတဲ့။ ကျနော်လည်း ဘာမှန်းမသိလို့ ပြန်မေးတယ်။ ဘာကျဉ်မှာတုန်း – ဆိုတော့ – သူက ရှင်းပြတယ်။ ကျနော်တို့ အစည်းအဝေးမှာ အားလုံးနဲ့ တစ်ယောက် ဖြစ်ခဲ့တာ ၊ သူက တစ်ဖက် အားလုံးကြားထဲမှာ ။  ကျနော်က တစ်ဘက်မှာ။ ကျနော့ကို အားလုံးက  မျက်မုန်းကျိုးနေချိန် သူသာ ကျနော်နဲ့ ဖက်လှဲတကင်း မြင်တွေ့မိကြရင် သူ့ကိုပါ ရောပြီး မျက်မုန်းကျိုးမှာ စိုးမိလို့ပါ ဆိုလား ။ ထားပါတော့။  အဲ့လိုနဲ့ ဒီဂလို ဖြစ်ခဲ့တယ်ပေါ့။

ပထမတော့ အံ့ဩမိပါတယ်။ ဒါပေတဲ့ နောက်တော့ ကိုယ့်ကိုယ်ကိုယ်သာ ရယ်နေမိတော့တယ်။ ဘာလို့ဆို အခုကိစ္စဟာ ဘာမှ ထူးဆန်းတဲ့ ကိစ္စ မဟုတ်လို့ပဲ။ အဓိက က ကျနော် သာ လူတွေရဲ့ သဘောကို မေ့လျော့ နေခဲ့မိတာ ဖြစ်ပါတယ်။ စင်စစ် သူကလည်း လူပဲ ဆိုတာကို မေ့သွားခဲ့တယ်။ သူဟာ ကျနော့်မိတ်ဆွေ၊ ကျနော် သံယောဇဉ် ရှိတဲ့သူ ဆိုတဲ့  အသိ တစ်ချက်တည်း နဲ့ လူထဲက လူ မဟုတ်ဘူးလို့ “မျော်လင့်ချက်” ရှိနှင့်ပြီးသား ဖြစ်နေခဲ့တယ်။

သာမာန်အခြေအနေမှာ ဆိုရင် သူဟာ ကျနော့ကို သူ့မိတ်ဆွေ တစ်ယောက်လို အခင်အမင် မပျက်၊ သဘောထားက ရှိနေမှာပါ။ ဒါပေမယ့် သူ ရပ်တည်နေရတဲ့ အဲ့ဒီ “အသိုင်းအဝိုင်းအတွင်း” က စဉ်းစားလိုက်ရင် — အခု ကျနော် အစည်းအဝေးမှာ လုပ်ခဲ့ ပြောခဲ့တာတွေဟာ မှားမှားမှန်မှန် – သူ့ အတွက် ထိခိုက်တော့မယ်လို့ သူတွေးမိ သွားတော့တယ်။ အဲ့ဒီမှာ တင် တွေးရိုးတွေးစဉ် တွေဟာ “မှားတာ၊ မှန်တာ” ထက် ပိုပြီး ပဋိပက္ခ ဖြစ်သွားတော့တာပဲ။

အဲ့တော့ – လူဟာ  မျှော်လင့်ရာကို ဦးတည်သွားနေရင်းက –  မိမိကိုယ်ကိုယ်၊ မိမိရပ်တည်ချက်ကို ထိပါးလာနိုင်တော့မယ် လို့ ဆိုရင် ( မှန်ရာတွေကို မဆိုထားနဲ့ ) မှားတာတွေ တောင် လုပ်ရဲပါသေးတယ်။ အဲ့ဒီအချက်ကို ကျနော် ဒီဖြစ်ရပ်မှာ မေ့ပစ်လိုက်မိတာပဲ ဖြစ်ပါတယ်။ ကျနော် အခုပြောတဲ့ ဖြစ်ရပ်က ဘာမှ ဆန်းကြယ် မနေပါဘူး။ လူတိုင်းမှာ ဒီလိုမျိုး သဘောသကန် တူတဲ့ အခြား ဆိုးဆိုးဝါးဝါးတွေ တောင် ရှိတတ်ကြပါသေးတယ်။

ပြောချင်တဲ့ အချက်က — ကျနော်ဟာ ကျနော့မိတ်ဆွေ အပေါ် အကောင်းမြင် ထားမိတယ်။ ကျနော့မိတ်ဆွေက ကျနော့အပေါ် အဆိုးမြင် ထားတယ်။ အဲ့ဒီ အတွက် ပဋိပက္ခ-အကျိုးဆက် ဖြစ်လာတယ်။ အဲ့ဒါရဲ့ byproduct အဖြစ် – စိတ်မကောင်းဖြစ်တာ-သံယောဇဉ် ယုတ်လျော့သွားတာ- နောင် ဆင်ခြင်သွားတာ – စသဖြင့် နောက်မှာ တစ်သီကြီး ပေါ်ထွက်လာ ကုန်ကြတယ်။

ဒီနေရာမှာ အဆိုးမြင်တဲ့သူရော၊ အကောင်းမြင်တဲ့သူရော ဘယ်ဘက်မှ ဘာမှ ကောင်းမနေခဲ့ ပါဘူး။ သူ့နေရာနဲ့သူ မှားနေကြတာ ချည်းပဲ ။ အဲ့ဒါဟာ တကယ်လည်း သဘာဝ ကျပါတယ်။ ဘာလို့လဲ ဆိုတော့ ကျနော် တို့ လက်ရှိ ဘဝမှာ- နေ့- ချည်းပဲ ရှိမနေပါဘူး။ နေ့ရော ညပါ ဒွန်တွဲ ရှိနေတယ်။ နှင်းဆီး ရှိရင် ဆူးလည်း ရှိတယ်။ ပျော်ရွှင်ခြင်း ရှိတယ် – ဝမ်းနည်းခြင်း ရှိတယ်။ ရှင်သန်ခြင်း လည်း ရှိသလို သေဆုံးခြင်းလည်း ရှိပါတယ်။ ဒါတွေရဲ့ ဒွိသဘာဝ ကို မြင်နိုင်ဖို့ အကြောင်း ဟာ အကောင်းမြင်နေလို့ မရသလို၊ အဆိုးမြင်နေလို့လည်း မရပါဘူး။ တကယ်က – အမှန် မြင်မှသာ အမှန် အတိုင်း သိမှာ ဖြစ်ပါတယ်။

အဲ့ဒီအတွက် လုပ်ရမယ့် အလုပ်ကို အနှစ်ချုပ် ပြောရရင်- ရိုးစင်းစွာ စောင့်ကြည့်ခြင်း ပဲ လိုအပ်ပါတယ်။ ဘယ်ဟာမှ ထပ်မဖြည့် သလို၊ ဘယ်ဟာမှ မနှုတ်ပယ်တဲ့ စောင့်ကြည့်ခြင်း မျိုးပဲ ဖြစ်ပါတယ်။ အဲ့ဒီ စောင့်ကြည့်နေခိုက် အတွင်း မှာ ဘယ် တစ်ဖက်စွန်းမှ မရှိသလို၊ ဘယ်ပေတံ မှလည်း မရှိဘူး။ နှင်းဆီကို လည်း မြင်သလို ဆူးကိုလည်း မြင်တယ်။ ဒါဟာ အကောင်းမြင်ခြင်းကို ရော၊ အဆိုးမြင်ခြင်းကိုပါ ဖယ်ချထားတာ ဖြစ်ပြီး၊ အဲ့နှစ်ခုလုံးထက် ပိုမြင့်မားတဲ့ – အမှန်မြင်ခြင်း သက်သက် ဖြစ်ပါတယ်။ အဲ့လိုနည်းအားဖြင့်သာ နှင်းဆီနဲ့ ဆူးတို့ရဲ့ အလွန်၊ ရှင်သန်ခြင်းနဲ့ သေခြင်း တို့ရဲ့ အလွန်၊ ပျော်ရွှင်ခြင်း၊ ကြေကွဲ ဝမ်းနည်းခြင်း တို့ရဲ့ အလွန်ကို ရောက်ရှိသွားနိုင်ပါ လိမ့်မယ်။ အိုရှိုးရဲ့ စကားနဲ့ ဆိုရင် အဲ့ဒီ အလွန်ဟာ နိဗ္ဗာန်လို့ တောင် ခေါ်နိုင်ပါတယ်တဲ့။

21.11.2011
11:15 PM
……………………..
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/
………………………

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: