မပြောပြ/ ပြောမပြ/ ပြောပြမရသော

သစ္စာတရား၊ အမှန်တရား ဟာ ပြောပြလို့ မရဘူးလို့ အဆိုရှိတယ်။ ဘာလို့လဲ။ ဘာကြောင့် ဒီလို ပြောပြ မရအောင် ခက်ခဲရတာလဲ။ သစ္စာတရား ကို ဒီလို ပြောပြလို့ မရရတဲ့ အကြောင်းရင်းတွေက အမြောက်အမြား ရှိပါတယ်။ အခြေခံ အကျဆုံး၊ ပထမဆုံး အကြောင်းကို စပြောပါမယ်။

အဲ့ဒီ ပထမ အကြောင်းက – သစ္စာ၊ အမှန် ကို ဆိတ်ငြိမ်မှု (Silence) ကနေသာ သိမြင်နိုင်လို့ ဖြစ်ပါတယ်။ ခင်ဗျား က အသံထွက် စကားပြောနေရုံတင် မဟုတ်ဘူး။ Inner talk လို့ ခေါ်တဲ့ စိတ်အတွင်း မှာလည်း စကားတွေ ပြောနေမယ်။ စိတ်ကူးတွေ ပုံဖော်နေမယ်။ ရည်ရွယ် ကြံဆနေမယ်။ အကြောင်းအကျိုး ဆင်ခြေတွေနဲ့ ယုတ္တိ ခိုင်မာအောင် တည်ဆောက် နေမယ်။ ခင်ဗျား အပြင်ကို စကားသာ ထုတ်မပြောရင် ရှိမယ် – စိတ်အတွင်း ထဲမှာ အတွေးတွေ ဗြောင်းသတ် နေမယ်။ အဲ့ဒီ Inner talk ပါ ရှိနေသရွေ့ သစ္စာဆိုတာကို သိမြင်နိုင်ဖို့ မရှိပါဘူး။ အဲ့ဒီ Inner talk ဆိုတာ ကိုပါ ရပ်ပစ် ရပါလိမ့်မယ်။ အဲ့တော့ – ဒီလို ဆိတ်ငြိမ်မှု နဲ့ မှ မြင်နိုင်မယ့် အရာ ကို ခင်ဗျား ဘယ်စကားလုံးတွေ သုံးပြီး ဖော်ပြမလဲ။

အဲ့ဒီအရာ ဟာ အတွေး မဟုတ်ဘူး။ ကိုယ်တွေ့သိရတဲ့ အသိ၊ အတွေ့အကြုံပါ။ တကယ်လို့သာ အဲ့ဒီအရာဟာ အတွေးတစ်ခု ဆိုရင် ခင်ဗျား ကောင်းကောင်း ဖော်ပြနိုင်တယ်။ ဘာ အခက်အခဲမှ ရှိနေမှာ မဟုတ်ဘူးရယ်။ အဲ့ဒီ အတွေး ဟာ ဘယ်လောက် ခက်ခဲမှာ မို့လို့ လဲ။ ဘယ်လောက် ရှုပ်ထွေးနေမလဲ။ ခင်ဗျား ဖော်ပြ၊ ပြောပြလို့ ရပါတယ်။ တစ်နည်း မဟုတ် တစ်နည်းနဲ့ ပြောပြနိုင်တယ်။

ဥပမာ – အဲလ်ဘတ် အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီ ( Theory of Relativity ) ။ ဒီ သီအိုရီဟာ သူ့ခေတ် သူ့အခါက တကယ် ရှုပ်ထွေး ခက်ခဲတဲ့ သီအိုရီ ပါ။ အခု လက်ရှိအချိန်မှာလည်း သိပ္ပံနဲ့ သင်္ချာ အရင်းနှီး အကျွမ်းတဝင် မရှိတဲ့သူတွေ အဖို့ ရှင်းပြဖို့ ခက်နေဆဲ၊ နားလည်ရ ခက်နေဆဲ သီအိုရီ ပါ။ ဒါပေမယ့် အဲ့ဒါ ပြဿနာ မရှိဘူး။ ခင်ဗျား ပြောပြမယ့် သူက သူ့ဘာသာ နားမလည် နိုင်တာပဲ ရှိမယ်။ ခင်ဗျား ကတော့ ခင်ဗျား သိတဲ့ အဲ့ဒီ သီအိုရီ ကို ပြောပြနိုင်တယ်။ ဆိုလိုတာကတော့ ခင်ဗျား အဲ့ဒီ အတွေးကို တစ်ခုခု သုံးပြီး ဖော်ပြနိုင်နေတယ်။ တစ်ဘက်သူ ကိုသာ လုံလောက်တဲ့ ကြောင်းကျိုး ဆင်ခြေနဲ့ အချက်အလက် အချို့ မွမ်းမံ ပေးလိုက်ပါ။ အချိန် အတိုင်းအတာ တစ်ခု အတွင်းမှာ သူလည်း နားလည် သွားလိမ့်မယ်။

အိုင်းစတိုင်း သက်ရှိ ထင်ရှား ရှိစဉ်က သူ့သီအိုရီကို ကောင်းကောင်း နားလည်တဲ့သူ ဟာ တစ်ကမ္ဘာလုံး မှာ လူ ဆယ့်နှစ်ယောက်၊ တစ်ဒါဇင်သာ ရှိတယ် လို့ ဆိုတယ်။ ဒါပေမယ့် အဲ့ဒီ ဆယ့်နှစ်ယောက် ရှိတာဟာ လုံလောက်ပါတယ်။ တစ်ယောက်ပဲ ရှိနေဦးတော့ – အိုင်းစတိုင်းဟာ သူ့ရဲ့ အတွေးကို ဖော်ပြနိုင်နေတယ်။ အခု အချိန်မှာ နားလည်မယ့်သူ ဘယ်သူမှ မရှိဘူး ဆိုရင်တောင် ရာစုနှစ် အချို့ ဖြတ်သန်း ပြီးသွားရင် နားလည်မယ့်သူ တစ်ယောက်ယောက် ရှိလာနိုင် သေးတယ်။ ဘာလို့လဲ ဆိုတော့ အိုင်းစတိုင်းဟာ သူ့အတွေးကို ဖော်ပြနိုင်လို့၊ အတွေး ဖြစ်နေလို့ပါပဲ။

သစ္စာတရား က အဲ့လို မဟုတ်ပါဘူး။ သူ့ဆီ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်ဖို့ ဆိုရင် ခင်ဗျား စကားတွေ သုံးပြီး ဘယ်လိုမှ မဖော်ပြ နိုင်ဘူး။ အခြားလူကို မပြောနဲ့ဦး – ခင်ဗျား ကိုယ် ခင်ဗျား အတွက် ကိုပဲ စကားတွေနဲ့ သုံးပြီး နားလည်အောင် မလုပ်နိုင်ဘူး ဆိုတာ တွေ့ရပါလိမ့်မယ်။ စင်စစ် အဲ့ဒီ အရာ ဟာ စိတ်ကူးတွေ၊ အတွေးတွေ၊ စကားလုံးမှိုင်းတွေ လုံးဝ ဖယ်ချနိုင်ပြီးနောက်မှ ရောက်ရှိနိုင်မယ့် အရာ ဖြစ်ပါတယ်။ အဲ့တော့ ခင်ဗျားက ပြန်မေးမယ်။ — စိတ်ကူးတွေ ၊ အတွေးတွေ မရှိဘဲ ဘယ်လို ရောက်သွားမှာတဲ့လဲ၊ ဘယ်လို လုပ်ရမှာလဲ—–။ ဒီလို မေးခွန်း ထွက်ပေါ် လာရ တာဟာ- “ စိတ်ကူး၊ အတွေးတွေ ဖယ်ချ ထားပြီးတဲ့ နောက်” ဆိုတာကို တွေးကြည့်ပြီး – စိတ်ကိုယ်၌က အဲ့အရာကို နားမလည် နိုင်တော့၊ မမြင်နိုင်တော့ လို့ပါ။ တကယ်လို့သာ စိတ်ကူး အတွင်း မှာ ရှိနေရင်၊ ရှိပြီးသား ဆိုရင် – အဲ့အရာကို ခင်ဗျား တစ်နည်းနည်း ဖော်ပြနိုင် နေဦးမှာ။ သိနားလည်နေဦးမှာ ။ တကယ် စင်စစ် စိတ်အတွေးထဲ မရှိတဲ့ အရာမှသာ ဖော်ပြ မရနိုင်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနေရာမှာ ဘာသာစကား တွေက အလဟဿ ဖြစ်သွားတယ်။ ဘာသာဗေဒ တွေ ဆွံ့အကုန်တယ်။

လောက်ဇူ သူ့ဘဝ တစ်လျောက်လုံး ဘာလုပ် ခဲ့သလဲ။ ဥပနိသျှဒ်တွေ ကရော ဘာတွေ ပြောခဲ့သလဲ။ သူတို့ အားလုံး ဟာ ပြောပြ မရနိုင်တဲ့ တစ်စုံတစ်ခု ကို ပြောပြဖို့ ကြိုးစား ကြတယ်။ ဒါပေတဲ့ အဲ့ဒါဟာ ခင်ဗျားကို အပြည့်အဝ ပြောပြနိုင်တယ် လို့ သူတို့ မျှော်လင့်ထားလို့ မဟုတ်ဘူး။ အဲ့တစ်စုံတစ်ခုက ဘာလဲ ဆိုတာ ခင်ဗျား သိချင်စိတ်၊ ဆန္ဒ ပေါ်ပေါက်လာဖို့ကိုသာ မျှော်လင့်ထားကြလို့သာ ဖြစ်ပါတယ်။ ခင်ဗျားဟာ အဲ့ဒီ မဖော်ပြနိုင်တဲ့ အဖြစ်ကို နားလည်သွားရင် သိချင်စိတ်၊ ဆန္ဒ ပေါ်လာမယ်။ သစ္စာတရား ဆိုတာ ပြောပြလို့ မရဘူး ဆိုတဲ့အကြောင်း အမျိုးမျိုး သိုင်းဝိုင်း ပြောပြနေကြတာ ဟာ ဒီဆန္ဒ ခင်ဗျား သန္တာန်မှာ ထင်ရှားလာစေရေး အတွက်ကြောင့် ဖြစ်ပါတယ်။

ဒီလိုနဲ့ ခင်ဗျား သန္တာန်မှာ ငတ်မွတ်မှု ပေါ်လာတယ်။ တကယ်တမ်း နကိုကတည်းက ခင်ဗျားမှာ ငတ်မွတ်မှုက ရှိနေပြီးသားပဲ ။ သူတို့က နည်းနည်း နှိုးဆွပေးဖို့ပဲ လိုတယ်။ တကယ်လို့ ခင်ဗျားက ငြိမ်းချမ်းပြီးသား၊ အေးချမ်းပြီးသား၊ သစ္စာတရား ဆိုတာကို သိမြင်ပြီးသား ဆိုရင်တော့ ကိစ္စ မရှိပါဘူး။ တိုက်တွန်း ချင်တာက – ကိုယ့်ကိုယ်ကိုယ်သာ အရင်းအတိုင်း ကြည့်ကြည့်ပါ။ ခင်ဗျား နှလုံးသားမှာ မီးညွှန့်မီးတောက် တွေ ရှိနေတယ်။ ဆာလောင် မွတ်သိပ် နေဆဲပဲ ဖြစ်ပါတယ်။ အဲ့အတွက် လည်း ခင်ဗျား ဆာလောင်သမျှ၊ မွတ်သိပ်သမျှကို ဖြေဖျောက်ဖို့ တစ်စုံတစ်ခုကို လိုက်ရှာတယ်။ ခင်ဗျား ရေဆာနေတယ်။ ရေဆာနေတာကို ဖြေဖျောက်ဖို့က ရေသောက်ဖို့ပဲ လိုပါတယ်။ ဒါပေမယ့် ကျနော်တို့ ခင်ဗျားတို့က ရေမသောက်ဘူး။ အချို့ဆို ရေကို ရှာတောင် ရှာမနေဘူး။ ပြေရာ ပြေကြောင်း တွေ ပဲ ရှာနေတာ ရှိပါတယ်။ အခြား အခြားတွေ လိုက်လုပ် ကြည့်တယ်။ ရေအကြောင်းတွေ ကို လေ့လာတယ်။ အချက်အလက်တွေ မှတ်သားတယ်။ ရေဆိုတာ ဟိုက်ဒြိုဂျင် နှစ်ဆ၊ အောက်ဆီဂျင် တစ်ဆ ရောစပ်ထားတဲ့ ဒြပ် ဖြစ်ပါတယ် – ရေတွေ ပူရင် အငွေ့ပျံပြီး အထက်ကို တက်တယ်- တိမ်တွေ အဖြစ်နဲ့ စုဖွဲ့ပြီး မိုးအဖြစ် ပြန်ရွာကျတယ် – အေးလွန်းရင် ခဲတယ် – အစိုင်အခဲ ဖြစ်သွားတယ် – ဒီဂရီ နဲ့ ဆိုရင် ဘယ်လောက် ရှိရင် အေးခဲလိမ့်မယ် စသဖြင့် ခင်ဗျား တတ်သိနေပါလိမ့်မယ်။ ဒါပေမယ့် – အဲ့လိုနဲ့ ခင်ဗျား ရေငတ် ပြေသွားမတဲ့လား။ ခင်ဗျားရဲ့ သန္တာန်မှာ ငတ်ပြီးရင်း ငတ် လာတာပဲ ရှိမယ်။ ရေငတ် နေတာတော့ မပြေသွားဘူး။ ပိုပို တိုးပြီး ငတ်လာမယ်။ နောက်ဆုံး ခင်ဗျား မောဟိုက်ပြီး ပစ်လဲသွားမယ်။ ရေအကြောင်း ငါ့လောက် သိတဲ့သူ မရှိဘူးကွ ဆိုပြီး မာန်မာနတွေနဲ့ နောက်ဆုံး ခင်ဗျား သေဆုံးသွားမယ်။

ဗုဒ္ဓ၊ လောက်ဇူ စသဖြင့် ဆရာသခင် တွေဟာ သစ္စာတရားရဲ့ ပြောမပြနိုင်တဲ့ အဖြစ်ကို သိသလို၊ ခင်ဗျား တို့ ကျနော်တို့ရဲ့ ဆာလောင်နေမှု ကိုလည်း သိပါတယ်။ ဒါ့ကြောင့် ကျနော်တို့ကို “မင်းတို့ ငတ်မွတ်နေတာ မင်းတို့ ဘာသာ မြင်အောင် ကြည့်ကြပါ” လို့ မြင်သာအောင် လှုံ့ဆော်ပေးခဲ့တာ ဖြစ်ပါတယ် ။ ကျနော်တို့ကို “ဒီမှာ ရေပါ၊ ရော့- သောက်လိုက်” လို့ ပေးတာ မဟုတ်ဘူး။ “မင်းတို့ ရေငတ်နေတယ်၊ အဲ့ဒါကို သိသလား၊ သိအောင် လုပ်ပါ။ သိပြီလား – သိရင် ရေဆာပြေဖို့ က ရေကို သောက်မှ ပျောက်လိမ့်မယ်၊ မင်းတို့ ရေက မင်းတို့ ဆီမှာ ရှိတယ်။ အဲ့ဒီရေ ကို ဘယ်လို ရှာယူရတယ်” အဲ့ဒါကိုပဲ လက်ညှိုး ညွှန်ပြ ပေးတာ ဖြစ်ပါတယ်။ ခင်ဗျား ရေငတ်နေတာကို ခင်ဗျား ကိုယ်တိုင် တကယ် သိလာတော့မှ ရေရှာဖို့ ခရီးကို ခင်ဗျား စ-လှုပ်ရှားလိမ့်မယ်။ ဆရာသခင်တွေရဲ့ အလုပ်က ခင်ဗျား လှုပ်ရှားလာအောင် လုပ်ဖို့။ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် သိဖို့။ ကိုယ့် ရေကို ကိုယ့်ဘာသာ ရှာဖို့ ဖြစ်ပါတယ်။ အဲ့ဒီ ရေရှာတဲ့ ခရီးစဉ် အထဲမှာ ဘုရားသခင်တွေ၊ ကိုးကွယ်ဝတ်ပြုတွေ၊ ဆုတောင်းတွေ လိုပါသလား။ တကယ် လိုတာက ခင်ဗျား ရေဆာရင် ရေသောက်လိုက်ဖို့ပဲ လိုပါတယ်။ စကားလုံးတွေ၊ ဆင်ခြေတွေ၊ ယုတ္တိတွေ၊ ဝါဒတွေ ဖက်တွယ်ဖို့ လိုအပ်နေ ပါသလား။

ဒါ့ကြောင့် လောက်ဇူဟာ သူ မပြောမဖြစ် ပြောခဲ့ရတဲ့ ကျမ်း အစမှာ-

ပြောပြ၍ ရနိုင်သည် ဆိုသည့် ဓမ္မ ( Tao ) သည်
ပြီးပြည့်စုံသည့် ဓမ္မ ( Tao ) မဟုတ်။

လို့ ရေးခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် ဥပမာ တစ်ခု ပေးကြည့်ပါမယ်။ မွေးရာပါ မျက်ကန်း တစ်ယောက် ( ဝမ်းတွင်းကန်း ) ဆိုပါတော့။ မွေးကတည်းက အမှောင်ချည်း သက်သက် မြင်ခဲ့ရတဲ့ အဲ့ဒီလူကို ခင်ဗျားက “အလင်းဆိုတာက ဘာ၊ အမှောင်ဆိုတာက ဘာပါ” လို့ ဘယ်လို သွားရှင်းပြမလဲ။ သူ့မှာ အလင်း ဆိုတာနဲ့ ပတ်သက်လို့ နကိုကတည်းက ဘာအတွေ့အကြုံမှ မရှိဘူးရယ်။ ဒါပေမယ့် ပြောနိုင်တာတော့ ရှိတယ်။ အလင်း သီအိုရီ တွေ အကြောင်း ခင်ဗျား ပြောနိုင်တယ်။ အလင်းဆိုင်ရာ သိပ္ပံပညာ အကြောင်း ခင်ဗျား ပြောပြနိုင်တယ်။ သူကလည်း လိုက်လံ မှတ်သား စဉ်းစား ကြည့်ရင်း နဲ့ အလင်းပိုင်းဆိုင်ရာ သိပ္ပံ ပညာ မှာ ဆရာတစ်ဆူ ဖြစ်လာနိုင်တယ်။ သူ့အတွက် အလင်းဆိုတာ ဘာလဲ မြင်ဖူးသိဖူးနေစရာ မလိုအပ်ဘူး။ အလင်း ဆိုတာကို ဘာတွေ နဲ့ ပါဝင်ဖွဲ့စည်းထားသလဲ ဆိုတာတောင် သူတွေးခေါ် သိနိုင်ပါလိမ့်မယ်။ ဒါပေမယ့် “အလင်း” ဆိုတာ ရဲ့ အတွေ့အသိကိုတော့ သူ ကိုယ်တိုင် နားလည်မှာ မဟုတ်ဘူး။ ဘာလို့ ဆို သူကိုယ်တိုင် အလင်းကို မတွေ့ခဲ့ရဖူးလို့ပဲ။ အဲ့တော့ ဒီ မျက်ကန်း တစ်ယောက် ရဲ့ ပြောသမျှစကား၊ သိသမျှ အသိဟာ သူ့ရဲ့ အတွေးအိမ်ထဲက နှိုင်းယှဉ် စစ်ထုတ်ပြီး သိတဲ့ အသိတွေသာ ဖြစ်နေပါတယ်။ အလင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေသာ ဖြစ်တယ်။ “အလင်း” ကိုတော့ မဟုတ်ဘူး။

အဲ့လိုပဲ ကျနော်တို့ ခင်ဗျားတို့ဟာ “ဘုရားသခင် အကြောင်း” ကို ပြောနိုင်တယ်။ “ဘုရားသခင်” ကိုတော့ မဟုတ်ဘူး။ “ချစ်ခြင်း မေတ္တာ” အကြောင်း ပြောနိုင်တယ်။ “ချစ်ခြင်း မေတ္တာ” ကိုတော့ မဟုတ်ဘူး။ အဲ့ဒီ “အကြောင်း”- ဆိုတဲ့ နေရာမှာတောင် ခင်ဗျား နဲ့ ခင်ဗျားစကားကို နားထောင်မယ့်သူ ကြားမှာ – အဲ့ဒီသူရဲ့ နားလည်မှု၊ သူ့ရဲ့ စိတ်တွင်းဘောင်၊ သူ့ရဲ့ သိလိုတဲ့ ဆန္ဒ တွေက ခံနေပါတယ်။ သူက သူ့အသိ၊ အတွေ့ နဲ့ ယှဉ်ပြီး သာ ခင်ဗျား ပြောတာကို နားလည်လိမ့်မယ်။ ထပ်တူ အပြည့်အဝ နားလည်သွားဖို့ ဆိုတာတော့ မလွယ်ကူဘူး။

ဒါဟာ သစ္စာတရားကို စကားလုံးတွေ၊ အညွှန်းဘောင်တွေ၊ အသိ၊ အတွေးတွေနဲ့ ဖော်ပြလို့ မရတဲ့ ပထမ အကြောင်းပြချက် ဖြစ်ပါတယ်။ ဒုတိယ အချက်ကို ပြောပါမယ်။

သစ္စာ၊ အမှန်ကို မဖော်ပြနိုင်ရခြင်း ဒုတိယ အကြောင်းက- သူဟာ “ကိုယ်တိုင်ကိုယ်ကျ တွေ့သိရတဲ့ အတွေ့အကြုံ” မို့လို့ပါ။ ခင်ဗျား တို့ ကျနော်တို့ ကိုယ်တွေ့ သိခဲ့ရတဲ့ အတွေ့အကြုံ၊ ခံစားချက် ကို ပုံစံအမျိုးမျိုးနဲ့ ဖော်ပြပြီး အချင်းချင်း ချပြတတ်ကြတယ်။ စကားလုံးနဲ့၊ ကဗျာနဲ့၊ သံစဉ်ဂီတနဲ့၊ ဆေးရောင်စုံ ပန်းချီကားတွေနဲ့၊ အချို့ဆိုရင် အက၊ သရုပ်ဖော်နဲ့။ အဲ့ဒီ ဖော်ပြချက် ပုံစံတွေက အမျိုးမျိုး ကွဲပြားကြပေမယ့် ဖော်ပြသူရော၊ ဖော်ပြချက်ကို ကြည့်ရှုနေသူမှာပါ ကိုယ်တွေ့ အသိ ရှိ ဖို့ လိုပါတယ်။ အဲ့လိုမှ မရှိရင် ဘယ်သူမှ “အပြည့်အဝ” နားမလည် နိုင်ပါဘူး။ တစ်ယောက်က ခင်ဗျားကို “ချစ်မေတ္တာ” ဆိုတဲ့ အကြောင်း ပြောပြမယ်။ ခင်ဗျား ကြားလိုက်ရ မှာက စကားလုံးတွေပဲ ဖြစ်ပါတယ်။ အဲ့ဒီ စကားလုံးကို ခင်ဗျား နားလည်နေမှာက – ခင်ဗျား ကိုယ့်ဘာသာ မှတ်သိဖူးတဲ့ မေတ္တာ ရဲ့ ပုံပန်းသဏ္ဍာန်နဲ့ ခင်ဗျား ကြုံတွေ့ဖူးတဲ့ ဖြစ်ရပ်တွေ တွဲဆက်ပြီး ဆင်ခြင်တာ ဖြစ်ပါတယ်။ သူပြောနေတဲ့ မေတ္တာရဲ့ အဓိပ္ပာယ် အပြည့်အဝ ရဖို့ ခင်ဗျား လွဲချော်နေဦးမယ်။

ဆိုလိုတာက – စကားလုံးတွေဟာ “အဘိဓာန်”ထဲမှာ ရှိတယ်။ အဓိပ္ပာယ် ကတော့ ခင်ဗျား ကိုယ်တွင်းမှာပဲ ရှိတယ်။ ရှုပ်သွားလား မသိ။ ထပ်ပြောပါမယ်။ ခင်ဗျား ကိုယ်တွေ့ မသိခဲ့ဖူးတဲ့ စကား တစ်လုံးကို ခင်ဗျား နားမလည်လို့ ရှာချင်ရင် အဘိဓာန်၊ စွယ်စုံကျမ်းတွေ လှန်လှောနိုင်တယ်။ ဘာကို ဆိုလိုတယ် ဆိုတာ ခင်ဗျား အကြံ အတွေးနဲ့ သိနိုင်သေး တယ်။ ဒါပေမယ့် အဓိပ္ပာယ် အပြည့်အဝ ကိုတော့ ခင်ဗျား မမြင် မသိနိုင်သေးဘူး။ ခင်ဗျား လုံးဝ မြင်ဖို့ ဆိုရင် ခင်ဗျားကိုယ်တိုင် ထိတွေ့ သိရှိဖူးမှ ဖြစ်ပါလိမ့်မယ်။ နို့မဟုတ်ရင် မသိနိုင် မမြင်နိုင်ပါဘူး။

အလားတူ – ခင်ဗျား ကိုယ်တွေ့ ရင်ဆိုင် ခံစားပြီးသား စကားလုံး တစ်လုံးကို တစ်ချိန်မှာ ပြန်တွေ့၊ ပြန်ကြား ရတဲ့အခါ – အဲ့ဒီ စကားလုံးဟာ စကားလုံး သက်သက် မဟုတ်တော့ဘူး။ ခင်ဗျား အတွက် စကားလုံးချည်း သက်သက် ဖြစ်မနေဘူး။ ဥပမာ- ခင်ဗျား ပန်းသီး စားဖူးတယ် ။ တစ်ချိန်ချိန်မှာ ခင်ဗျားက – ပန်းသီး လို့ မြင်တာ၊ ကြားတာနဲ့ ခင်ဗျား သန္တာန်မှာ အဲ့ဒီ “ပန်းသီး” စကားလုံး သက်သက် မဟုတ်တော့ပါဘူး။ ခင်ဗျား စားခဲ့ဖူးတဲ့ ၊ သိခဲ့ဖူးတဲ့၊ မြင်ခဲ့ဖူးတဲ့ အတိုင်း နားလည် သွားပါတယ်။ စကားလုံးသက်သက် မြင်ရတဲ့ “ပန်းသီး” ရဲ့ အထဲမှာ ခင်ဗျား အတွေ့အသိတွေ ပေါင်းစပ် သွားတယ်။ စကားလုံး သက်သက် ဆိုတာထက် ပိုပြီး ထူးခြား သွားတယ်။ အဲ့လိုမှ မဟုတ်ဘဲ – ဘာမှလည်း အတွေ့အကြုံ မရှိတဲ့၊ ဘာမှလည်း မသိခဲ့ရဖူးတဲ့ စကားလုံး တစ်လုံးကို မြင်ရ တွေ့ရပြီ ဆိုရင်တော့ ခင်ဗျားကို တစ်ဖက်သူက စိတ်ကြိုက် ပြောပါစေ – ခင်ဗျားကလည်း စိတ်ကြိုက် တွေးခေါ် နေပါစေ – ခင်ဗျား ဆီကို ရောက်နေမှာက “စကားလုံးတွေ” ချည်းသာ ဖြစ်နေပါတယ်။ အဓိပ္ပာယ်တွေတော့ မဟုတ်ဘူး။

အဲ့တော့ – ကျနော်တို့ တစ်ခါမှ မတွေ့ကြုံ မသိခဲ့ဖူးတဲ့ သစ္စာ အမြင် ကို ဘယ်စကားလုံးတွေ နဲ့ ဖော်ပြမလဲ။ လက်ရှိ ဘဝ အတွင်းမှာတင် အတွေ့အကြုံ မရှိခဲ့ဖူးတဲ့ အရာတစ်ခုကို ကျနော်တို့ ပြောပြ ဖော်ပြဖို့ ခက်နေတယ် မဟုတ်လား။ ဒီ သစ္စာ အမြင်ကို ကျနော် တို့ ဘယ်လို ပြောပြ နိုင်ကြမလဲ။ စကားလုံး၊ ဝေါဟာရတွေ၊ ကျမ်းဂန် တွေ၊ ဥပနိသျှဒ်တွေ ကိုသာ ခင်ဗျား ဆာဗေး ဆင်း နေရပါ လိမ့်မယ်။ ကိုယ်တွေ့မမြင်ရင် ဘာတွေ သိလာနိုင်မလဲ။ တကယ်က သစ္စာအတွက် ကြံစည်ရင်း၊ တွေးခေါ်ရင်း၊ အသိသညာတွေ ရှာဖွေ စုဆောင်းရင်း- ခင်ဗျား ရဲ့ စိတ်အတွင်းကို သစ္စာတရား ဆိုတဲ့ စကားလုံးတွေသာ ဖြတ်စီး သွားမယ်။ သစ္စာတရားရဲ့ အသွင်သဏ္ဍာန်၊ ပုံရိပ်၊ အတွေးတွေ သာ စီးဝင်ကောင်း စီးဝင်သွားမယ်။ အဲ့လိုနည်းနဲ့ ခင်ဗျားတို့ ကျနော်တို့ – လိုလားငတ်မွတ်တဲ့ သစ္စာကို မမြင်နိုင် ၊ မရနိုင် ဘူးရယ် ။ စိတ်ကူး စကားလုံး ဗဟုသုတတွေ နောက် ကိုသာ တကောက်ကောက် လိုက်ပြီး ခင်ဗျား ကိုယ်တိုင် ကိုယ်ကျ – ကိုယ်တွေ့ မလုပ်သေး သရွေ့၊ တွေးပဲ တွေးနေသေးသရွေ့၊ မိမိကိုယ်ကိုယ် မိမိ မရှာသေး သရွေ့ ခင်ဗျား သစ္စာ ကို ခင်ဗျား ဘယ်လိုမှ မမြင်နိုင်ဘူးပဲ။

23.11.2011
11:30 AM
………………..
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/
………………..

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: