မုဒုစ

မုဒု – ဆိုတာဟာ နူးညံ့ပျော့ပျောင်းခြင်း၊ ကြည်လင်ခြင်း၊ ရှင်းလင်း နေခြင်း ဖြစ်ပါတယ်။ မေတ္တာတရား ကို အမှန်စင်စစ် ပွားများနိုင်ဖို့ လိုအပ်တဲ့ အရည်အချင်း တစ်ရပ် ပါ။ ဒါပေမယ့် မုဒု – ကို နာခံလွယ်ခြင်း လို့လည်း ခေါ်ဆို နားလည် ကြတယ်။ တကယ်တော့ အတူတူ ပါပဲ။

မုဒု ဆိုတာကို ဒီထက် ပို ရှင်းအောင် ပြောရင် – စိတ်ကူး၊ အတွေး ဘာမှ မရှိတဲ့ ဖြစ်ရပ် အခြေအနေ ပါ။ ခင်ဗျားရဲ့ သန္တာန်မှာ အတွေးတွေ၊ ခံစားချက် တွေ အကုန်အစင် ဖယ်ရှား ထားပြီးပြီ ဆိုတဲ့အခါ ၊ သိစိတ် အစဉ် တစ်ခုလုံး ရှင်းသန့်သွားတဲ့ အခါ အဲ့ဒီ အခြေအနေ ကို မုဒု လို့ ခေါ်ပါတယ်။ စင်စစ် မုဒု ဟာ မြင့်မြတ်ရာကို ဝင်ရောက်နိုင်တဲ့ တံခါး ပေါက် ဖြစ်ပါတယ် ။ စိတ်အစဉ် အသွင် သဏ္ဍာန် တွေကို ဖြုတ်ချပြီး ဖြစ်တည် ရုံမျှ ဖြစ်တည်နေပါစေ — မုဒု ကို ခင်ဗျား သိရှိရ ပါလိမ့်မယ်။

ဆင်ခြင် အတွေးတွေ ၊ ခံစားချက်တွေ နဲ့ ရှိနေစဉ်မှာ ခင်ဗျားဟာ လက်ရှိ ပိုင်ဆိုင်ထားတဲ့ ခင်ဗျား အဖြစ်ကနေ အဝေးကြီးကို ရောက်နေတယ်။ ခင်ဗျား ပိုပြီး တွေးခေါ် စဉ်းစားလေ ၊ ခင်ဗျား ဖြစ်တည်ချက် ကနေ ပိုပိုပြီး ဝေးသွားလေပဲ။ ခင်ဗျား အတွေးစဉ်ကို တစ်ခုချင်း ဖယ်ဖျက်ချ ကြည့်ပါ၊ ခံစားချက်တွေကို ဖြေလျော့ ကြည့်လိုက်ပါ၊ အခုလက်ရှိ ဖြစ်တည်နေတဲ့ ဖြစ်စဉ်လေး ကိုသာ ခင်ဗျား ကိုယ်တိုင် တည်တည်ငြိမ်ငြိမ် တွေ့ရပါ လိမ့်မယ်။ အဲ့ဒီ အချိန်မှာ ခင်ဗျား ဘာကိုမှ တွေးခေါ် မနေတော့ဘူး၊ ခင်ဗျား စိတ်မှာ ဘယ် စကားလုံး၊ ဘယ် ပုံရိပ်မှ ရှိမနေဘူး။ ခင်ဗျားဟာ ခင်ဗျား အဖြစ်သာ အထီးတည်း ကြွင်းကျန်ရစ် နေပါတယ်။

ဒါ့ကြောင့် – ခင်ဗျား ဦးနှောက် အတွင်း သယ်ဆောင် နေသမျှ ဝန်ထုပ် အားလုံး ဖြုတ်ချသွားတာကို မုဒု လို့ ရိုးရိုးရှင်းရှင်း သတ်မှတ်နိုင်တယ်။ ဝန်ထုပ်တွေ ခင်ဗျားမှာ ရှိနေတယ်။ အဲ့ဒီ ဝန်ထုပ်တွေဟာ ခင်ဗျား အတွက် တကယ်တော့ အကျိုးမဲ့တွေချည်း ဖြစ်ပါတယ်။ ခင်ဗျား အတွေးစဉ် တွေက အတိတ်တွေကို ပြန်ခေါ်ယူနေမယ် ဆိုပါစို့။ အတိတ် အကြောင်းတွေ၊ အတိတ် ပုံရိပ်တွေ၊ ပြီးခဲ့တဲ့ မနေ့က၊ မနက်က၊ မနှစ်က၊ ဟိုး လွန်လေပြီးသော အခါက- စသဖြင့် – ခင်ဗျား အာရုံကျရာ ပုံရိပ်တွေဟာ ခင်ဗျား အခု ဒီစာ ဖတ်နေစဉ်မှာပဲ ခင်ဗျားခေါင်းထဲ၊ ခင်ဗျားရဲ့ အတွေးစဉ် ထဲကို တစ်ဝဲလည်လည် ဝင်ရောက်လာကြမယ်။

အဲ့ဒီ အတိတ်ဆိုတာဟာ စင်စစ် ဘာမှ အသုံးမဝင်တော့တဲ့ ဖြစ်စဉ်တစ်ခုပဲ ။ အဲ့ဒီ ဖြစ်စဉ်က ဖြစ်ပျက် ပြီးနေပြီးသားပဲ ။ အသစ် တစ်ကြိမ် ထပ်တူ ကျအောင် ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့ သဘောတစ်ခု သက်သက်ပဲ ဖြစ်ပါတယ် ။ အခု ကျနော် ပြောတာကို ခင်ဗျား အလွယ်တကူ ခေါင်းညိမ့် နိုင်ပါလိမ့်မယ် ။ ဘာလို့ ဆို ခင်ဗျား ဒီလို စကားလုံးမျိုး အထပ်ထပ် ကြားဖူးခဲ့လို့ပါ။ ကျနော် ဆိုလိုတာက – တကယ် အသုံးမကျတာကို သိရင် – အဲ့ဒီ အတွေးတွေ ခင်ဗျား တကယ်စွန့်ပစ်နိုင်လား ။ စင်စစ် ခင်ဗျား မစွန့်လွှတ် နိုင်ဘူးရယ်။ အတွေး ပုံရိပ်တွေ၊ ခံစား ခဲ့သမျှတွေကို ခင်ဗျား တဝဲလည်လည် သိမ်းပိုက် ယူနေဦးမယ်။ ခင်ဗျား အဲ့ဒီ အပေါ် သာယာ နေဆဲ ဖြစ်ပါတယ်။ တကယ်လည်း ပြန်မရနိုင်တော့ဘူး ဆိုတာ သိရက်နဲ့ ခင်ဗျား ဆွဲခေါ် ထားနေတုန်းပဲ။ ခင်ဗျား ထင်မြင် ယူဆထား တဲ့ “မှတ်ဥာဏ်” ဆိုတာကြီး အထဲမှာ ခင်ဗျား အထပ်ထပ် ရိုက်ထည့် သိမ်းဆည်း ထားနေတုန်းပဲ။

ဘာဝနာကို ထုံမွှမ်းထားကြည့်ရင် မြင်နိုင်တာက – စိတ်ဆိုတာ ဟာ တစ်ကြိမ်မှာ တစ်ခုပဲ လုပ်နိုင် ပါတယ်။ အဲ့ဒါဟာ ဘယ် သတ္တဝါ မဆို အတွက် မှန်ကန်နေတဲ့ သဘော တစ်ရပ် ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ရဲ့ ဖြစ်ပျက်နိုင်စွမ်းဟာ လိုက်မမှီ လောက်အောင် လျင်မြန်တယ်။ အဲ့ဒါကြောင့် ခင်ဗျားဟာ တစ်ကြိမ်တည်းမှာ အများကြီး အာရုံ ခံစား နိုင်တယ် လို့ ထင်နေတယ်။

ဥပမာ ခင်ဗျား ဒီစာကို ဖတ်နေချိန်မှာ နားကြပ်တပ်ပြီး သီချင်း နားထောင် နေမယ်။ တစ်ခုခု စားနေရင် စားနေမယ်။ ဒါမှမဟုတ် အခြား တစ်ခုခုကို လုပ်နေမယ်။ ခင်ဗျား အလုပ်နှစ်ခု သုံးခုကို တစ်ပြိုင်တည်း လုပ်နိုင်နေတယ် လို့ ထင်နေတယ် မဟုတ်လား ။ အဲ့ဒါဟာ တကယ် အမှန် မဟုတ်ပါဘူး။ အာရုံဟာ အလုပ်တစ်ခုကို တစ်ကြိမ်သာ ဖမ်းယူနိုင်ပါ တယ်။ ခင်ဗျား သီချင်းသံကို အာရုံရောက်ရင် စာဖတ်တာ ကို ပျောက်သွားမှာပဲ။ စာဖတ်တာကို အာရုံရောက်ရင် သီချင်းသံက ပျောက်သွားမှာပဲ။ တကယ်က ပျောက်သွားတာ မဟုတ်ဘူး။ အာရုံ မရောက်တာပါ။

အဲ့သလိုပဲ အခု ပစ္စုပ္ပန် တည့်တည့် အချိန်မှာ ခင်ဗျားဟာ ကိုယ့်ကိုယ်ကိုယ် အတိတ် ပုံရိပ်တွေနဲ့ ချယ်လှယ် လိုက်တဲ့ အခါ – ခင်ဗျား အခု လက်ရှိရှိနေတဲ့ “ပစ္စုပ္ပန်က ခင်ဗျား” ကို မေ့ထားခဲ့မှာ ဖြစ်ပါတယ်။ ခင်ဗျားတို့ ကျနော်တို့ ပြောတတ်ကြတာ ရှိတယ်။ “အတိတ်က ပျော်ခဲ့တာတွေ၊ ဝမ်းနည်း ခဲ့တာ တွေဟာ ပြန်တွေး လိုက်တိုင်း အသစ်အသစ် ဖြစ်သလိုပါပဲဗျာ၊ ခံစားရတယ်” ဆိုတာမျိုး ။ ပြောသံ ကြားဖူး တာလည်း ရှိမယ်။ ကိုယ်ကိုယ်တိုင်လည်း ပြောခဲ့ဖူး လိမ့်မယ်။

တကယ်စင်စစ် အတိတ်ကို ပြန်တွေးလိုက်လို့ ပေါ်ပေါက်လာတဲ့ ခံစားချက်၊ အသွင်သဏ္ဍာန် တွေဟာ – အရင်အတိတ် ကနဲ့ ထပ်တူ ဘယ်တော့ မှ မကျပါဘူး။ ခင်ဗျား သန္တာန် မှာ အသစ်အနေနဲ့ပဲ ဖြစ်ပေါ်ပါတယ်။ ထပ်တူတော့ မဟုတ်ဘူး။ ခင်ဗျားရဲ့ ဒီ မနက်မိုးသောက် – ဟာ အရင်က မနက်မိုးသောက်နဲ့ ဘယ်တော့မှ ထပ်တူ မကျဘူး။ အသစ် တစ်ခုပဲ ဖြစ်ပါတယ်။ ခင်ဗျား ဒီနေ့ မြင်ရတဲ့ – နေ ဟာ ဟိုတစ်နေ့က နေ- မဟုတ်ဘူး။ ပြီးခဲ့တဲ့ တစ်နာရီ ၊ နှစ်နာရီက -နေဟာ အခု-နေ မဟုတ်တော့ပါဘူး။ အသစ်အသစ် သာ ဖြစ်နေပါတယ်။ ( ဒါဟာ သိပြီးသားပဲ လို့ ခင်ဗျား ဆိုမလား။ တကယ်သိဖို့ လိုအပ်ကြောင်း ကျနော် ပြောလိုတာ ဖြစ်ပါတယ် ) အဲ့ဒါကို သာမန် အချိန်မှာ ခင်ဗျား လက်မခံ နိုင်ဘူး။ ခင်ဗျားဟာ အဟောင်းတွေကိုပဲ နှစ်သက်နေတယ်။ အတိတ်တွေ ကို ပြန်သွားတယ်။ ပြီးတော့ ခင်ဗျား အခုလက်ရှိ ကြုံတွေ့ရ တဲ့ အခု အသစ်ပေါင်း များစွာ ကြားထဲကို ခင်ဗျား သိပ်မြတ်နိုးတဲ့ အတိတ် အဟောင်းထုပ်ကြီး ပစ်ချ လိုက်တယ်။

အဲ့တော့ ဘာဖြစ်သွားလဲ။ ခင်ဗျား ရဲ့ အခုပစ္စပ္ပန်ဟာ အဟောင်းနံ့တွေကြား ပျောက်ဆုံးပြီး ကျန်ရစ်ခဲ့ပါတယ်။ ဆိုလိုတာက အတိတ်ကို ပြန်ပြန် သွားနေတတ်တဲ့ ခင်ဗျား ရဲ့ စိတ်အစဉ် ဟာ အသစ်၊ အသစ် ပေါက်ဖွားနေတဲ့ ဖြစ်စဉ်တွေ ကို ဘယ်လိုမှ မမြင်နိုင်အောင် ကာဆီး ထား တယ်။ အဲ့သလို ကာဆီး ထားတာ ကြောင့်လည်း ခင်ဗျား ဟာ မနက်ဖြန် တွေကို ထပ်မျှော် နေရတယ်။ မနက်ဖြန် မိုးသောက်ရင် – မနေ့ မနက်က တွေ့ခဲ့တဲ့ နေမင်းကြီး ကို ပြန်တွေ့ရဦးမယ် လို့ ခင်ဗျား မျှော်လင့် ထားပြီးသား ဖြစ်ပါတယ်။ ခင်ဗျား လက်ရှိ ရင်ဆိုင် နေရတဲ့ အသစ်၊ အသစ်၊ နေမင်းပေါင်း များစွာ ကို ခင်ဗျား မမြင်နိုင်တော့ဘူး။ အခု လက်ရှိ ခင်ဗျားရဲ့ အသစ်အသစ် ဖြစ်နေမှုကို ခင်ဗျား မသိ တော့ဘူး။ ဘာလို့လဲ ဆိုတော့ ခင်ဗျားရဲ့ မျက်လုံး၊ ခင်ဗျားရဲ့ ဥာဏ်ဟာ အတိတ်တွေ၊ စိတ်ကူးတွေ၊ အတွေးတွေနဲ့ ဖုံးအုပ်နေလို့ ဖြစ်ပါတယ်။

ဒါဟာ ကျနော်တို့ ယခုပစ္စုပ္ပန် တည့်တည့်ကို လွဲချော်နေတဲ့ ပုံစံ ပါပဲ။ အတိတ်ဟာ ခင်ဗျား အတွက် ဝန်ထုပ် ဝန်ပိုးကြီး တစ်ခု၊ ခင်ဗျားကို ပိတ်လှောင် ထားတဲ့ ကန့်လန့်ကာ တံတိုင်းကြီးတစ်ခု၊ ခင်ဗျား ကို ထောင်ဖမ်းထားတဲ့ ကျော့ကွင်း တစ်ခု ဖြစ်နေတယ်။ အဲ့ဒါကို ခင်ဗျား မြင်ဖို့ လိုပါတယ်။ ခင်ဗျားဟာ အသေသား တွေကို စားနေတယ်။ ပြီးဆုံးသွားပြီ သေဆုံးသွားပြီ ဖြစ်တဲ့ အရာရာတိုင်း ကို လိုက်ပြီး ကောက်ယူ နေတယ်။ – ကောက်ယူရုံတင် မကဘူး- အခွင့်ရတိုင်း ပြန်သုံးနိုင်ဖို့ သိမ်းပါ သိမ်းဆည်း ထားလိုက်သေးတယ်။

ဒီလိုနဲ့ ခင်ဗျား ပတ်ပတ်လည် မှာ အတိတ်ရဲ့ ဟောင်းနွမ်းပုပ်သိုး နေတဲ့ အလောင်းပုံတွေ တစ်လောင်းပြီး တစ်လောင်း ပုံထပ်လာတယ်။ ခင်ဗျား ကလည်း ဒါကို ကျေကျေနပ်နပ် သိမ်းယူ နေတုန်းပဲ။ ဥပမာ – အုတ်ပုံ ထဲမှာ ဆော့နေတဲ့ ကလေးတစ်ယောက် နဲ့ တူနေပါတယ်။ အဲ့ဒီ ကလေး က သူ့ ပတ်ပတ်လည်မှာ အုတ်ချပ်လေးတွေ တစ်ခုပြီး တစ်ခု စီတယ်။ တစ်ခုပြီး တစ်ခု ထပ်တင်တယ်။ တစ်ဖြည်းဖြည်း နဲ့ အုတ်တန်းလေး ဟာ သူ့ပတ်ပတ်လည်မှာ မြင့်တက်လာတယ်။ သူက မသိဘူး။ စီ ကောင်းကောင်း နဲ့ စီနေတုန်း။ တစ်ချပ်ပြီး တစ်ချပ် တင်တုန်း။ ဆော့လို့ ကောင်းနေတုန်းပဲ။ နောက်ဆုံး သူ့ပတ်ပတ်လည်မှာ အုပ်ချပ်တွေ သူ့တစ်ရပ် ပြည့်လာတယ်။ အဲ့တော့မှ သတိဝင် တယ်။ သူဘယ်လို ထွက်ရမလဲ။ သူပတ်ပတ်လည်မှာ သူ စီထပ် ထားခဲ့တဲ့ အုတ်ချပ် တွေချည်းပဲ။ ဘယ်က ထွက်ရမလဲ။ မကြံတတ် မစည်တတ် ဖြစ်တယ် ။ ပြီးတော့ ထိုင်ငိုတော့တယ်။

ခင်ဗျားတို့ ကျနော်တို့ ဟာ အဲ့ဒီ ကလေးငယ်လေး နဲ့ အလားသဏ္ဍာန် တူပါတယ်။ ကိုယ်ပြုလုပ်ခဲ့တဲ့ အသိသညာ တွေ၊ ကိုယ် လုပ်ခဲ့ပြီးတဲ့ အတွေ့အကြုံ၊ ခံစားချက်တွေ ကို လက်ရှိ အချိန်ထိ ယူလာတယ်။ ကျနော်တို့ ပတ်ပတ်လည်မှာ ကျနော်တို့ ဘာသာ ပိတ်လှောင် ပစ်တယ်။ လက်ရှိ တကယ် ရှိနေတဲ့ အသစ် အသစ်တွေ ကို ခင်ဗျား ဘယ်လို မြင်နိုင်မလဲ။ ခင်ဗျား ရဲ့ အခု ခဏမဆိုင်း ဖြစ်ဖြစ်လာတဲ့ တစ်နာရီဟာ တကယ် စင်စစ်က – ခင်ဗျား ရဲ့ ဘဝ အသစ် ဖြစ်ပါတယ်။ ခင်ဗျားမှာ အဟောင်းတွေ မကျန် ခဲ့ဘူး ရယ်။ အသစ်တွေပဲ အမြဲ ဖြစ်လျက် ဖြစ်လျက် ရှိနေပါတယ်။ အသစ် အသစ် ဖြစ်ဖြစ် နေခြင်းဟာ တကယ် ရှင်သန် နေတဲ့ ဘဝပါ။ ဒါကို ကျနော် တို့ ခင်ဗျား တို့က လက်မခံဘူး။ အတိတ်က ပုံရိပ်တွေကို ယူပြီး အနာဂတ်ကို မိုက်မိုက် မဲမဲ မျှော်ကြည့်တယ် ။ အခု ပစ္စပ္ပာန် အချိန်တည့်တည့် ကို ဟာတာတာကြီး၊ ကွက်လပ်ကြီး အဖြစ် ချန်ထားရစ်ခဲ့ကြတယ်။ ဒီ ပစ္စုပ္ပန်ကလည်း မနေပါဘူး – ကုန်ဆုံး သွားမှာပဲ- အဲ့တော့ ခင်ဗျား ဘဝဟာ ဟာတာတာပေါင်း များစွာ အစုအဝေးကြီး ဖြစ်သွားရတော့တယ်။

ကျနော် ဆိုလိုချင်တာက – ကျနော်တို့ ရှင်သန် နေတာဟာ “အခု၊ ဒီနေရာ” မှာပါ။ “အခု၊ ဒီနေရာ” ဆိုတာကို – အတိတ်တွေဆီ တမ်းတပြီး မဖျက်ဆီး ပစ်ပါနဲ့။ “အခု၊ ဒီနေရာ” ဆိုတာကို – အနာဂတ်ဆီ မျှော်တလင့်လင့် မှန်းပြီး ကျော်ခွ မသွားပါနဲ့။ အဲ့လို ဘာမှ ပုံသဏ္ဍာန် မရှိတဲ့ စိတ်ကူးသက်သက် – အတိတ်နဲ့ အနာဂတ်တွေ အတွက် ပစ္စုပ္ပန်ကို ဖြုန်းတီး ပစ်တာဟာ လက်ရှိ ရှင်သန်နေတဲ့ ဘဝကို ဖျက်ဆီး ပစ်တာနဲ့ အတူတူ ဖြစ်နေပါတယ်။ ကျနော် ပြောချင်တာ အဲ့ဒါပါ။ ခင်ဗျားက အတိတ်ကို ပြန်တွေးမှ ကို ဖြစ်မှာလား။ အနာဂတ်ကို အမြဲ မျှော်ကြည့် နေမှကို ဖြစ်မှာ တဲ့လား။

တရုတ်ပြည် မဟာတံတိုင်းကြီးက အကြီးကြီးပဲ လို့ ဆိုတယ် — ခင်ဗျားရဲ့ သန္တာန်မှာရှိတဲ့ အဲ့ဒီ အတွေးစဉ်၊ ခံစားချက် တံတိုင်းကြီးဟာ အဲ့ဒီ တရုတ်မဟာတံတိုင်း ထက် ပိုကြီးပါတယ်။ ခင်ဗျားကို ကျဉ်းကျပ်နေအောင် ပိတ်လှောင် ပစ်နေတယ်။ အဲ့အတွက် ခင်ဗျား ဟာ အသစ်အသစ် ကို မမြင်တော့ဘူး။ အသစ်အသစ် ဖြစ်ပြီး လန်းဆန်းနေတဲ့ အရာတွေ ကို မပျော်မွေ့ နိုင်တော့ဘူး။ အသစ် အသစ် ဖြစ်နေတဲ့ နေမင်း ကို ခင်ဗျား မမြင် တော့ဘူး။ အဲ့လို ပစ္စုပ္ပန် ခဏတိုင်း အတွက် မရပ်တန့်နိုင်သရွေ့၊ ခဏတိုင်း ခဏတိုင်းမှာ အသစ် အသစ် ဖြစ်နေခြင်း သက်သက် ကို မသိနိုင်သရွေ့ – ခင်ဗျား “မုဒု” ကို ကိုယ်တိုင်ကိုယ်ကျ သိမှာ မဟုတ်ဘူး။ နားလည်မှာ မဟုတ်ဘူး။

တကယ် လို့သာ – မုဒု ကို ရရှိလာခဲ့ရင် ခင်ဗျား မြင်တွေ့လာရမှာက – ခင်ဗျားဟာ ခဏချင်း ခဏချင်းမှာ အသစ်အသစ် မွေးဖွား နေတယ်။ အခု စာပိုဒ်ရဲ့ အစမှာ ဖတ်နေတဲ့ ခင်ဗျား ဟာ သေဆုံးသွားပြီ။ အခု ခင်ဗျား ဟာ ခင်ဗျား အသစ်နဲ့ စာဖတ်နေတယ်။ တစ်လုံးချင်းစီ တိုင်းမှာ ခင်ဗျား ဟာ အသစ် အသစ် ဖြစ်နေပါတယ်။ ခင်ဗျားရဲ့ အတွေးတွေ ကလည်း အသစ်၊ လူကိုယ်တိုင် ကလည်း အသစ်ပါ။ အဲ့တော့ ခင်ဗျားဟာ အခုခဏမှာတင် သေသွားလိုက် ပြန်မွေးလာလိုက် ဖြစ်နေတယ်။ ဒါကို ခင်ဗျားက အခု အချိန်မှာ အတွေးနဲ့ပဲ ဆင်ခြင်ပြီး နားလည်နေဦးမှာ။ တကယ် မြင်ဖို့ အတွက်က- ဘာဝနာ အတိုင်း နေကြည့်မှသာ မြင်နိုင်တာပါ ။ အသစ်အသစ် ဖြစ်နေတဲ့ ခင်ဗျားရဲ့ အဖြစ်ကို ကိုယ်တိုင် ကိုယ်ကျ တွေ့သိရတဲ့အခါ — “မုဒု” ဖြစ်တဲ့ အခြေအနေဟာ မွေးဖွားခါစ ကလေးတစ်ယောက်နဲ့ တူတာပဲ ဆိုတာ ခင်ဗျား သိပါလိမ့်မယ်။ ခင်ဗျားဟာ အကြိမ်ကြိမ် အထပ်ထပ် ခလေး ဖြစ်နေတယ်။

ဒီနေရာမှာ ယေရှုခရစ် ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်း ရှိတယ်။ ခရစ်တော်က သူရဲ့ တပည့် တွေကို ပြောပါတယ်။

Unless you are like small children you will not be able to enter into my kingdom of God.

“ကိုယ့်လူတို့ ၊ ကလေးသူငယ် သဖွယ် မကျင့်ကြံနိုင် ခဲ့ရင် ငါ့အဖ ဘုရားသခင် ရဲ့ ကောင်းကင်နိုင်ငံတော် ကို ဝင်နိုင်မှာ မဟုတ်”

သူပြောခဲ့တဲ့ စကားဟာ အခု ကျနော်ပြောလိုတဲ့ အဓိပ္ပာယ် နဲ့ အပြည့်အဝ တူညီ ပါတယ်။ ခလေးသူငယ် တွေဟာ ပျော့ပြောင်းတယ်၊ ကြည်လင် ရိုးသားနေတယ်။ ဘာဖြစ်လို့လဲ။ တကယ်က သူတို့ ဘာဆို ဘာမှ မသိလို့ပါ။ သူတို့မှာ သိထားပြီးသား အတွေးအကြံ၊ ခံစားချက် နည်းနေသေးလို့၊ မရှိလို့ ဖြစ်ပါတယ်။ ခင်ဗျားတို့ ကျနော်တို့လို အတိတ် ဇာတ်ကြောင်း ပြန်ပြောင်း၊ အောက်မေ့ဖွယ် တွေလည်း မရှိသေးဘူး။ အနာဂတ် စီမံကိန်းကြီး တွေကိုလည်း မျှော်လင့်တကြီး ကိုးစား မစဉ်းစား နိုင်သေးဘူး။ သူဟာ အခုလက်ရှိ အချိန် သက်သက် ၊ သူ့ ပတ်ဝန်းကျင်ကို သိလိုစိတ် သက်သက် နဲ့ စတင် ရှင်သန်လာတဲ့သူ ဖြစ်ပါတယ်။

သူနဲ့ ယှဉ်ရင် ခင်ဗျားတို့ ကျနော်တို့တွေဟာ လူအိုတွေ ပါ။ သူ့လို ဘာလို့ မပျော့ပြောင်း ရတာလဲ။ သူ့လို ဘာလို့ ကြည်လင် မနေတာလဲ။ စင်စစ် အဖြေက အဲ့မှာတင် ရှိပါတယ်။ အသိတွေ၊ မှတ်ဥာဏ်တွေ၊ အတွေးတွေ၊ ခံစားချက်တွေ များနေ လို့ပါပဲ။ အဲ့လို အသိတွေ၊ ခံစားချက်တွေ၊ နာကြည်းချက်၊ ကြည်နူးချက်တွေ များနေရ တဲ့ အတွက် ကျနော်တို့ဟာ စိတ်ရော ၊ ရုပ်ပါ ရင့်ထော် လာကြတယ်။ အဲ့ဒီ အခါ “မုဒု” လို့ ခေါ်တဲ့ နူးညံ့ပျော့ပျောင်းမှု ၊ ကြည်လင် အေးချမ်းမှု ပျောက်ဆုံး သွားရ ပါတယ်။

ဒါ့ကြောင့် ခလေး အဖြစ် ကို သိဖို့ လိုအပ်တယ်။ ဆိုလိုတာက ခင်ဗျားဟာ အသစ် အသစ် ပြန်မွေးဖွား နေတဲ့ ခင်ဗျား အဖြစ်ကို သိမြင်ဖို့ လိုအပ် တယ်။ တကယ်လည်း ခင်ဗျား သန္တာန် မှာ အသစ်၊ အသစ်တွေချည်း မွေးဖွား နေပါတယ်။ ဒါပေမယ့် ခင်ဗျား ဥာဏ် က မမြင်ဘူး။ အဲ့လို မမြင်သေး သရွေ့ ခင်ဗျား သန္တာန်မှာ “မုဒု” မရှိဘူး။

ခင်ဗျားရဲ့ အတိတ်ကြီး က သေဆုံးသွားခဲ့ပြီပဲ။ “အတိတ်က ခင်ဗျား” ဟာ သေသွားခဲ့ပြီပဲ။ ဒီ အပုပ်အပွ “ခင်ဗျားပေါင်း များစွာ” ကို ဘာလို့ ဒီအထိ သယ်ဆောင် လာပါ သလဲ။ “အခု၊ ခဏ” မှာ ခင်ဗျား မနေနိုင် ရလောက်အောင်- အဲ့ဒီ အတိတ်ဟာ ဘယ်လောက် သေရေး ရှင်ရေး ဖြစ်နေ လို့လဲ။ အတိတ် ရဲ့ ပုံရိပ်တွေ ကို အားလုံး စွန့်ထုတ် ကြည့်ဖို့ တိုက်တွန်း လိုပါတယ် ။ — ဆိုလိုတာက ခင်ဗျားရဲ့ ပစ္စုပ္ပန် တည့်တည့်ကို အမှတ်သတိ ရှိနေ စေချင်တယ် ။ ပစ္စုပ္ပန် တည့်တည့် ရဲ့ အဖြစ်ကို စောင့်ကြည့်ဖို့ ကြိုးစား ကြည့်စေချင်တယ်။ ဆိုလိုချင်တာက — အဲ့ဒါဟာ “ဘာဝနာ”ပါ ။ ပစ္စုပ္ပန် ခဏတိုင်းမှာ “ဘာဝနာ” နဲ့ နေထိုင်ကြည့် ပါ ။ အဲ့ဒီအခါ အတွေးစဉ် တွေ၊ အတိတ် တွေဟာ လက်ရှိ နေရာမှာ ရှိနေတဲ့ ခင်ဗျားကို ကြောက်လန့် လာကြပါလိမ့်မယ်။ တဖြည်းဖြည်း နောက်ဆုတ် ဖဲခွာ သွားကြ ပါ လိမ့်မယ်။ ခင်ဗျားကလည်း ပစ္စုပ္ပန် ခဏတိုင်း မှာ အသစ်အသစ် မွေးဖွား နေတဲ့ ခင်ဗျားကိုယ် ခင်ဗျား သိမြင် လာပါလိမ့်မယ်။

အဲ့ဒီ အခါ ခင်ဗျားဟာ တကယ့်ကလေးငယ် အဖြစ် ပြန်ရောက်ရောက် နေတာ ဖြစ်ကြောင်း တွေ့ရမယ်။ ဒီလို ရောက်ရှိ သွားတဲ့ ခင်ဗျားရဲ့ အဖြစ်ဟာ – စင်စစ် တကယ့် ကလေးငယ်နဲ့ မတူပါဘူး ။ တကယ့် ကလေးငယ်က စူးစမ်းလို စိတ် ရှိနေသေးတယ်။ ခင်ဗျားက ဘာမှ စူးစမ်း မနေဘူး။ တကယ့် ကလေးငယ်က ပြင်ပလောကကို သိလိုစိတ်နဲ့ ကြိုးစားနေသေး တယ်။ ခင်ဗျားက ခဏမဆိုင်း- ဖြစ်ခြင်း သက်သက် ကိုသာ သိမှတ်နေရုံ ကျန်ရှိနေ ပါတယ်။

တစ်နည်း ပြောရင် ခင်ဗျားဟာ ရင့်ကျက်တဲ့ ခလေးတစ်ယောက် ဖြစ်သွားတယ်။ အပြစ်ကင်းပြီး ဖြူစင် ရှင်းသန့်နေတဲ့ အဖြစ် ကို ကိုယ်တိုင် ကိုယ်ကျ မြင်တွေ့ သိရှိ ရပါလိမ့်မယ်။ အဲ့ဒီ အချိန်ဟာ ခင်ဗျား “မုဒု” ဆိုတာကို အပြည့်အဝ နားလည် သွားမယ့် အချိန်ပဲ ဖြစ်ပါတယ်။ ဒီအချိန်မှာ တိတ်ဆိတ်ခြင်း၊ စောင့်ကြည့်မှု သတိရှိခြင်း ဆိုတာတွေ ဟာလည်း ပေါင်းဆုံပြီးသား ဖြစ်သွားပါတယ်။ ဘာဝနာ ရဲ့ စွမ်းရည် အပြည့်အဝ ကိန်းဝပ် လာတယ်။ အဲ့ဒီ အချိန်မှာ ခင်ဗျားရဲ့ ဘဝ နေ့ရက်တိုင်းဟာ လှပတဲ့ နေ့ရက် အသစ် အသစ် တွေချည်း ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။

25.11.2011
12:30 AM

………………

http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/

………………

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: