ခဝါသည်

တစ်ရက်က – ရှေ့ပို့စ် စာအချို့ကို ကြည့်ပြီး မိတ်ဆွေ တစ်ယောက်က အောက်ပါအတိုင်း မေးပါတယ်။ ကျနော် အတတ်နိုင်ဆုံး ကြိုးစား ဖြေကြည့် ပါမယ်။

အမေး

“အခု” အချိန်မှာ “အခု” ဖြစ်ရှိတဲ့ အတိုင်း ရှင်သန် နေထိုင်ခြင်း ကို ဘာဝနာလို့ – ဆိုလို ပါတယ်။ “ဘာ လုပ်သင့်ပါတယ်” “ဘယ်လို လေးတော့ ဖြစ်သင့်ပါတယ်” စသဖြင့် အဲ့တာ တွေ မပါဝင်ဘူး။

အဲ့ဒီ စာကို – စာတစ်ပုဒ် မှာ ရေးထားတာ တွေ့ပါတယ်။ အဲသလို နေတာက နေချင် သလို နေလိုက်တာမျိုး ကို ဆိုလိုတာလား။ ဘယ်လို ကိစ္စ ကို မဆို စဉ်းစား ဆင်ခြင် ပြီးမှ မလုပ်ရ ဘူးလား။ အကောင်း အဆိုး၊ အကြောင်း အကျိုး ကို မတွေးပဲ၊ တခြား တစ်ဖက်သား ကို ထည့် မစဉ်းစားပဲ ကိုယ့် စိတ် အတိုင်း လွင့်မျော ပေးလိုက်ခြင်း ကို ဆိုလိုတာလား။

ကျနော် ကောင်းကောင်း မလုပ်တတ် သေးပါဘူး။ လုပ်ဖို့ ကြိုးစား ကြည့်တိုင်း- ခေါင်းကပဲ မူးလာသလို၊ ရုတ်တရက် ပစ်လဲ လိုက်တော့ မလို ။ ပြီးတော့ ကြောက်လာတယ်..၊ ဘာကို ကြောက်လာမှန်းမသိ။ ပြီးတော့ မပြီးသေးပါလားလို့ စိတ်က ကြောင့်ကြလာတယ်။ အဲဒါ တရားစခန်း မှာ ဖြစ်ခဲ့ရတဲ့ အဖြစ်ပဲ။ ပြီးတော့ ထွက်ပြေးချင်လာတယ်။ အရာရာက ထိန်းချုပ်ထား သလိုပဲ။ နေရတာ မပျော် တော့ဘူး…။

အဖြေ

ဒီ အမေးစကား ကို ရှင်းမယ် ဆိုရင် – “ဘာဝနာ” ဆိုတဲ့ အပေါ် နားလည်အောင် ကြည့်ပေးဖို့ တစ်ခုသာ ကျနော် တိုက်တွန်းချင်ပါတယ်။ ဒါ့ကြောင့် ဒီ အဖြေ တစ်ခု လုံးမှာ ကျနော် ဘာဝနာ အကြောင်းကိုပဲ ပြောပါမယ်။

ဘာဝနာ ဆိုတာ – အလွယ်ပြောရင် – ခင်ဗျားရဲ့ အတွေးစဉ်တွေ၊ ခံစားချက်တွေကို သတ်ပစ်တတ်တဲ့ သတ္တိ ရှိပါတယ် ။ ခင်ဗျား ရဲ့ အတိတ်ကို ပြန်လည် အောက်မေ့ နေတတ် သမျှ၊ ခင်ဗျားရဲ့ အနာဂတ်ကို မျှော်လင့် နေတတ် သမျှ အားလုံး ကို ရပ်ဆိုင်းသွား စေတတ်တယ် ။ ဆိုလိုတာက ဘာဝနာ- ဟာ အဲ့ဒီ အတိတ်နဲ့ အနာဂတ်နှစ်ခုအကြား – ခင်ဗျား အခု ရရှိပိုင်ဆိုင် နေတဲ့ “အခု၊အချိန်၊ – အခု အဖြစ်” ကိုသာ သိရှိ ဖြစ်တည်ခွင့် ပေးပါ တယ်။ ဒါဟာ ဘာဝနာရဲ့ ဂုဏ်သတ္တိတွေပါပဲ ။

ဒါ့ကြောင့်မို့

— “အခု” အချိန်မှာ “အခု” ဖြစ်ရှိတဲ့ အတိုင်း ရှင်သန် နေထိုင်ခြင်း ကို ဘာဝနာလို့ – ဆိုလို ပါတယ်။–

ရယ်လို့ ကျနော် ပြောခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ဘာဝနာရဲ့ ဂုဏ်သတ္တိပဲ ဖြစ်တဲ့ အတွက် ခင်ဗျား လုပ်ယူတာ၊ ဖန်တီးယူတာ မဟုတ်ဘူး။ လုပ်ယူ၊ ဖန်တီးယူလို့လည်း မရဘူး။ ဘာဝနာ ကို ခင်ဗျား ကိုယ်တိုင် လက်တွေ့ကျကျ ကျင့်သုံးနိုင်မှ တွဲဆက် ပါလာမယ့် ဖြစ်စဉ်တွေပါ။ ဒါ့ကြောင့် အရင် ကိုယ်တိုင်ကိုယ်ကျ စမ်းသပ် လုပ်ကြည့်ပါ။ သိပ်အကြာကြီး လုပ်ရမယ် လို့ ထင်နေပါသလား။ တကယ်က – အခု လုပ်ကြည့်ရင် အခု ငါးမိနစ်လောက် အတွင်း ခင်ဗျား သိနိုင်ပါတယ်။

ဒါဆို – ဒီလို “ဘာဝနာ” ကို ဘယ်လိုလုပ်မလဲ။ “ဘာဝနာ” ရဲ့ အလုပ်က ဘာလဲ။

ဘာဝနာရဲ့ အလုပ်ဟာ “စောင့်ကြည့်ခြင်း” သက်သက်မျှ ဖြစ်ပါတယ်။ ခင်ဗျားရဲ့ သန္တာန်မှာ အခု ခဏ မဆိုင်း ဖြစ်ပေါ်နေတဲ့ အခြင်း အရာတွေ ကို မပြတ် မလပ် စောင့်ကြည့်နေနိုင်ဖို့ပဲ လိုတယ် ။ ( ထင်သလောက်တော့ မလွယ်ဘူး ပေါ့လေ ) အဲ့ဒီ နေရာမှာ ခင်ဗျား ရဲ့ ကိုယ်စိတ်၊ လုပ်ကိုင်နေသမျှ တွေကို ဆွဲချုပ် ထားတာ မဟုတ်ပါဘူး။ ခင်ဗျားဟာ နိစ္စဓူဝ လုပ်ကိုင်နေတဲ့ အတိုင်း လုပ်ကိုင်နေမှာပါ။ ခင်ဗျား ပုံမှန်အတိုင်း ပြောရိုးပြောစဉ်၊ တွေးရိုးတွေးစဉ် တွေးနေမှာပါ။ ဘာဝနာ ဟာ – ခင်ဗျားရဲ့ ပုံစံတကျ ဖြစ်နေတဲ့ ကိုယ်စိတ်ကို ဘာမှ မချုပ်တည်းထား ပါဘူး။ ဒါပေမယ့် အနှိုင်းမဲ့ လွှတ်ပေးထားတာလည်း မဟုတ်ဘူး။ အလိုက်သင့် အလျားသင့် ခင်ဗျား သန္တာန် ဖြစ်ပျက်သမျှ စောင့်ကြည့်နေရုံ သက်သက်ပါ။ သူ့ရဲ့ အလုပ်ကို သူလုပ်နေမယ်။ သူ့ရဲ့ အလုပ်ဖြစ်တဲ့ စောင့်မြဲ စောင့်ကြည့် နေပါတယ်။

ဒါ့ကြောင့် ဘာဝနာ ပွားများသူ ကို ဖွင့်ဆိုလေ့ ရှိတဲ့ စကားလေး တစ်ခွန်း ရှိတယ်။

He is not a doer,or controller,or administrator. He is simply a WATCHER
ဘာဝနာ ပွားများသူ ဟာ –
ညွှန်ကြား ထိန်းချုပ်နေသူ မဟုတ်ဘူး။
စီစဉ်ကွပ်ကဲ နေသူ မဟုတ်ပါဘူး။
သူဟာ ရိုးရိုးစင်းစင်း လေး စောင့်ကြည့်နေသူ သက်သက် ဖြစ်ပါတယ်။

ဒါ့ကြောင့် ကျနော့စကား ကို ကျနော် ဒီမှာလည်း ထပ်ပြောရပါမယ်။

ဘာဝနာ အထဲမှာ – “ဘာလေးတော့ လုပ်သင့်ပါတယ် – ဘာလေးတော့ ဖြစ်သင့်ပါတယ်” ဆိုတဲ့ အကြောင်းတွေ မပါပါဘူး။ “ဘာလေးတော့ လုပ်သင့်ပါတယ်” ဆိုတာဟာ ခင်ဗျား စိတ်သန္တာန်ထဲ အတွေး၊ စိတ်ကူး ဝင်လာတာ ဖြစ်ပါတယ်။ အဲ့ဒါ ဘာဝနာ မဟုတ်ပါဘူး ။တွေးရိုး တွေးစဉ်ပါ။ အတွေး စိတ်ကူးပါ။– အဲ့အတွေး ရှိလာတာဟာလည်း ခင်ဗျား သန္တာန်မှာ ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်တစ်ခုပါပဲ။ ခင်ဗျား ဟာ ခင်ဗျား အလုပ်ကိုပဲ ဆက်လုပ်နေရပါလိမ့်မယ်။ အဲ့ဒါကတော့ စောင့်ကြည့်နေတဲ့ အလုပ် ပဲ ဖြစ်ပါတယ်။ အဲ့ဒီ အတွေး ခင်ဗျား သန္တာန်မှာ ပေါ်လာကြောင်းကို ခင်ဗျား စောင့်ကြည့်နေတယ်။ သိတယ် ။ “ဘာလေးတော့ လုပ်သင့်ပါတယ်” –ဆိုတဲ့ အတွေးဟာ ခင်ဗျားရဲ့ စောင့်ကြည့်နေမှု နဲ့ သတ်သတ် ဖြစ်နေတယ် ဆိုတာ တွေ့ပါလိမ့်မယ်။ ခင်ဗျား လုပ်တဲ့ ဘာဝနာ အလုပ်ဟာ – အဲ့ဒီ ခင်ဗျား သန္တာန်အတွင်း- ဖြတ်စီးသွားတဲ့ အတွေး ကို သိမှတ် လိုက်ရုံလေးပါ။ ကျနော် ပြောတဲ့ စကားဟာ – အဲ့ဒါကို ရည်ညွှန်း တိုက်တွန်း တာ ဖြစ်ပါတယ်။

နောက်တစ်ခု – ဘာလေးတော့ ဖြစ်သင့်ပါတယ်– ဆိုတဲ့ စိတ်ကူး၊ ခံစားချက် ပေါ်လာပြီ ဆိုပါတော့ ။ အဲ့ဒါဟာ လည်း ခင်ဗျားရဲ့ အတွေး ခံစားချက် ပါပဲ။ ခင်ဗျား သန္တာန် မှာ ပေါ်လာနေ မှာပဲ။ ဒါဟာ နေ့စဉ်နဲ့ အမျှ ကျနော်တို့ မှာ ကြုံတွေ့နေရတဲ့ စိတ်ကူး ခံစားချက်ပဲ။ ဗိုက်ဆာလာပြီ- စားလိုက်ဦးမှ-၊

အိပ်ချင်လာပြီ – အိပ်လိုက်ဦးမှ၊
ပျင်းတယ်- သီချင်း နားထောင်ဦးမှ၊
ဒီသီချင်း မသင့်ဘူး- ဟိုသီချင်းလေးက ပိုသင့်တယ်။
အပြင်ထွက်ပြီး လည်လိုက်ဦးမှ။ —- စသဖြင့် ခင်ဗျားတို့ ကျနော်တို့ သန္တာန်မှာ ဖြတ်သန်း လျက် ရှိနေမှာပါ။ ကျနော် ဆိုလိုတဲ့ ဘာဝနာဟာ အဲ့ဒီ ဖြတ်သန်းနေတဲ့ စိတ်ကူး၊ ခံစားချက် တွေကြားမှာ ဘာတစ်ခုမှ ဝင်ရောက် မနှောက်ယှက် ပါဘူး။ မချယ်လှယ်ဘူး။ ထိန်းချုပ်နေတာလည်း မဟုတ် ပါဘူး။ ခင်ဗျား အဲ့ဒါကို စောင့်ကြည့်ရုံတင် လုံလောက် ပါတယ်။ စောင့်ကြည့်ခြင်း သက်သက်ပဲ ဖြစ်ပါတယ်။

အဲ့ဒီအချိန်မှာ ခင်ဗျားဟာ ခင်ဗျား စိတ်အစဉ် အတွေးတွေနဲ့၊ ခင်ဗျားခန္ဓာကို ဘေးက ထိုင်ကြည့်နေတဲ့သူ လို ဖြစ်သွားတာ မျက်မြင် တွေ့ရပါလိမ့်မယ်။ ခင်ဗျား ကိုယ်၊ ခင်ဗျား စိတ်မှာ ဖြစ်နေတဲ့ သန္တာန်ကို မနှောင့်ယှက် ပေမယ့် – ဘာဝနာဟာ မျက်ခြည် မပြတ် စောင့်ကြည့် နေတယ် ဆိုတာကိုတော့ သတိပြုစေချင်ပါတယ်။ ဗုဒ္ဓဘာသာမှာ သုံးတဲ့ “ဝိပဿနာ” ဆိုတဲ့ ဝေါဟာရ အဓိပ္ပာယ်ဟာလည်း တကယ်တော့ ” စောင့်ကြည့်ခြင်း” ဖြစ်ပါတယ်။ ခင်ဗျားကိုယ်ကိုယ် ခင်ဗျား အခုမဆိုင်း အချိန်တိုင်း စောင့်ကြည့်နေရုံလေး ပါပဲ။ အဲ့ဒါ လုံလောက် ပါတယ်။

ဘာဝနာ ပွားများမနေဘူး ဆိုရင် – နေရိုးနေစဉ် ကျနော်တို့ ခင်ဗျားတို့ မှာ စောင့်ကြည့်သူ မရှိပါဘူး။ ကျနော်တို့ ဟာ ကျနော်တို့နဲ့ အကြောင်းသင့်ရာ ကို ခံစားတယ်။ ကျနော်တို့ နဲ့ အကြောင်း သင့်ရာကို တွေးကြ လုပ်ကြ တယ်။ စိတ်ရဲ့ ခေါ်ဆောင်ရာ၊ ခန္ဓာကိုယ်ရဲ့ ခေါ်ဆောင်ရာ ကို ထပ်တူလိုက်တယ်။ ခြေစုံပစ်ဝင်ပြီး စုန်းစုန်းမြုပ် – မျောပါ သွား ကြတယ်။ ဘာဝနာ က အဲ့ဒီ ဖြစ်စဉ်ကို ပြောင်းပြန် လှန်ပစ် ပါတယ်။ စိတ်နဲ့ ခန္ဓာ ကို သူ့သဘောအတိုင်းသာ စီးဆင်းသွား စေတာ ဆိုပေမယ့် ခင်ဗျားက စောင့်ကြည့်သူ သက်သက် ဖြစ်သွားပါတယ်။ အဲ့ဒီ စောင့်ကြည့် နေတာမှာ ခင်ဗျား မျှောပါ မနေတော့ဘူး ဆိုတာ တွေ့လိမ့်မယ် ။ နေချင်သလို နေလိုက်တော့ လို့ ပြောသလိုမျိုး မဟုတ်ဘူး ဆိုတာ တွေ့ပါလိမ့်မယ် ။

ခင်ဗျား ဘာဝနာနဲ့ ထုံမွှမ်းလာတဲ့ အခါ၊ ( တစ်နည်း ) ခင်ဗျား စိတ်နဲ့ ကိုယ်ကို ကြပ်ကြပ်- စောင့်ကြည့်ရုံလေးမျှ စောင့်ကြည့် နိုင်လာတဲ့ အခါ – နကို လွင့်ချင်သလို လွင့်မျော သွားနေတဲ့ မိမိသန္တာန် ဟာ ထင်သလို မမျောရဲတော့ပါဘူး။ အဲ့ဒါ ကိုယ် လုပ်ယူတာ မဟုတ်ပါဘူး။ ဘာဝနာရဲ့ ဂုဏ်သတ္တိ၊ စိတ်ရဲ့ ဂုဏ်သတ္တိပါ။

ကျနော်တို့ အချိန် ရှိသမျှ လွှတ်ပေးထားခဲ့တဲ့ ဒီစိတ်ကို မျောက်တစ်ကောင် နဲ့ တင်စားမယ် ဆိုပါစို့။ ယခင့်ယခင်က အဲ့ဒီ မျောက်နဲ့ အတူတူ ခင်ဗျား ကိုယ်တိုင်ပါ လိုက်ပါသွားနေတယ်။ အဲ့ဒီ မျောက် ခုန်လွှားနေသမျှ ခင်ဗျား လိုက် ခုန်လွှား နေရတယ်။ အခု ဘာဝနာ ဆိုတဲ့ အကျင့်နဲ့ ခင်ဗျား မျောက်ကို ခင်ဗျား ကြည့်နေပြီ ဖြစ်ပါတယ်။ နကိုက ဒီမျောက်ကို ခင်ဗျား အလိုလိုက် ခဲ့တယ်။ အဲ့ဒီ မျောက် ဖြစ်ချင်သမျှ ခင်ဗျား လိုက်လုပ်ပေးတဲ့ အခါမျိုးလည်း ရှိတယ်။ တစ်ခါတစ်လေ ဒီကို ခုန်တာမကြိုက်ဘူး၊ ဟိုကို ခုန်ချင်တယ်၊ ခင်ဗျား အတင်းအကျပ် ထိန်းချုပ်ပြီး သူနဲ့ အတူ လိုက်ခုန် ဖူးလိမ့်မယ်။ အဲ့မျောက် နာကျင်သလို ခင်ဗျား လည်း နာကျင်တယ်။ အဲ့ဒီ မျောက် ပျော်သလို ခင်ဗျားလည်း လိုက်ပျော်တယ်။

ဘာဝနာ ကတော့- ခင်ဗျားကို ဘေးထွက်ပြီး ထိုင်ကြည့် နေခိုင်းတာ ဖြစ်ပါတယ်။ အဲ့မျောက် လုပ်နေသမျှကို ခင်ဗျားက မျက်ခြည် မပြတ် ကြည့်ပေးနေဖို့ပဲ။ ဒီနေရာမှာ အရေးကြီးတာ တစ်ခု က အဲ့မျောက်ကို သွားမချုပ်လိုက်ပါနဲ့ ။- ဒီမျောက် ငြိမ်ငြိမ်နေစမ်းပါ လို့ အတင်းအကျပ် သွားမလုပ် လိုက်ပါနဲ့။ ဘာဝနာမှာ အဲ့လို သွားလုပ်ဖို့ မပါဘူးရယ်။ ( အဲ့ဒါ အရေးကြီးပါတယ် ) ခင်ဗျားက ငြိမ်စေချင် လွန်းလို့ အတင်းအကျပ် သွား ထိန်းချုပ်မယ် ဆိုပါတော့ ။ နိုင်နိုင်နင်းနင်း ဖြစ်ရင် ကိစ္စ မရှိဘူးရယ် ။ မနိုင်မနင်း လွတ်ထွက်လာတဲ့ အခါ ခင်ဗျားပဲ ပြန် အကိုက်ခံ ရပါလိမ့်မယ်။ ( ဒါဟာ ဘာဝနာကို စူးစိုက်မှု ( Concentration ) နဲ့ ရောပြီး အတင်း အဓမ္မလုပ်ရင်း ရူးသွပ်သွားတတ်ကြခြင်း အကြောင်းရင်း ဖြစ်ပါတယ်။ အချို့တွေက ရူးသွပ် သွားတာမျိုး မဟုတ်ပေမယ့် ဒေါသကြီးလာ တတ်တယ်။ စိတ်ခံစားချက် ပြင်းထန်လာတတ်တယ်။ အာရုံတစ်ခုခုကို အရူးအမူး ဖြစ်သွားတာမျိုး ရှိတတ်ပါတယ်။ အဲ့ဒါဟာ ဘာဝနာ ရဲ့ အလုပ် စောင့်ကြည့်မှု ထက် – စူးစိုက်မှု ဘက်ကို ပိုအားသန် သွားကြလို့ ဖြစ်ပါတယ်။ ကျနော် ဒီနေရာမှာ နည်းနည်း ပြောလိုတာက — စောင့်ကြည့်မှု သက်သက် ဆိုတဲ့ ဘာဝနာအလုပ် ကို ခင်ဗျား ဒီစာဖတ်ပြီး တွေးကြည့်မယ့် အစား လက်တွေ့ လုပ်ကြည့် စေချင်ပါတယ်။ စိတ်ကူး အတွေးဟာ အတွေးမှာပဲ ရှိနေပါမယ်။ )

စောနက စကားပဲ ပြန်ဆက်မယ်။ ခင်ဗျားရဲ့ မျောက်ဟာ စောင့်အကြည့်လည်း ခံနေရတယ်။ ခင်ဗျား ပါမလာဘူး ဆိုတာလည်း သိလာတဲ့နောက်မှာ တဖြည်းဖြည်း ငြိမ်ကျ သွားတာ တွေ့လိမ့်မယ်။ အဲ့ဒီ အတွက် မိတ်ဆွေ မေးခွန်းမှာပါတဲ့ – စိတ်အစဉ် ရဲ့ အလုပ်တွေ ဆိုတာ ဟာ ဘာဝနာ ပွားများစဉ် မှာ ဖယ်ရှားခံ ထားရတာ မဟုတ်ကြောင်း သိရပါမယ်။ တကယ်စင်စစ် အဲ့ဒီ အတွေးစဉ်တွေ၊ ခံစားချက်တွေဟာ သူ့သဘာဝ အတိုင်းနဲ့ သူ ခင်ဗျား သန္တာန်မှာ ဖြတ်သန်း သွားနေပါတယ် ။ ခင်ဗျားကလည်း ပုံမှန် စဉ်းစားတဲ့ လမ်းကြောင်းအတိုင်း၊ တွေးခေါ်နေ ခံစားနေနိုင်ပါတယ် ။ ဘာဝနာဟာ ဒါတွေကို ဘယ်တစ်ခုမှ မပိတ်ပင်ဘူး ။ မတားဆီး ထားပါဘူး။ စောင့်ကြည့်သူ တစ်ယောက်ရဲ့ တာဝန်ကိုသာ ရိုးရိုး စင်းစင်း ယူထားတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ခင်ဗျား သန္တာန်မှာ ချစ်တဲ့ စိတ်ဝင်လည်း သိတယ်။ မုန်းရင်လည်း သိတယ်။ ခင်ဗျား ဒေါသတွေ ထွက်ပြီး ရှူးရှူးရှားရှားလည်း ဖြစ်နိုင်သေးတယ်။ အဲ့ဒါကို သိပေးရုံလေး၊ စောင့်ကြည့်ပေးရုံလေးပါ။ ခင်ဗျား မေးခွန်းမှာပါတဲ့ သင့်မသင့် ရာမရာ၊ ကြောင်းကျိုး စဉ်းစားမယ် ဆိုတာတွေ လည်း သူ့ဟာသူ စဉ်းစား ၊ ဖြတ်သန်း သွား နေပါစေ။ ခင်ဗျား ရဲ့ ဘာဝနာ အလုပ် ဟာ စောင့်ကြည့်နေရုံပဲ ဖြစ်ပါတယ်။ အယုတ်ဆုံး အနေနဲ့ — ခင်ဗျား ကာမ ဆက်ဆံနေ ချိန်မှာတောင် ခင်ဗျား စောင့်ကြည့် နေနိုင်တယ်။ ဘာဝနာ ဟာ ခင်ဗျား ဖြစ်တည်နေသမျှ ရှိနေမယ့် အလုပ်။ အရိုးစင်းဆုံး တစ်ခုတည်းသော အလုပ် ပဲ။

ခင်ဗျားစကားရဲ့ နောက်ဆုံး အပိုဒ်ကို ကူးပါမယ်။

“လုပ်ဖို့ ကြိုးစား ကြည့်တိုင်း- ခေါင်းကပဲ မူးလာသလို၊ ရုတ်တရက် ပစ်လဲလိုက်တော့မလို ။ ပြီးတော့ ကြောက်လာတယ်..၊ ဘာကို ကြောက်လာမှန်း မသိ။ ပြီးတော့ မပြီးသေးပါလားလို့ စိတ်က ကြောင့်ကြလာတယ်။ အဲဒါ တရားစခန်းမှာ ဖြစ်ခဲ့ရတဲ့ အဖြစ်ပဲ။ ပြီးတော့ ထွက်ပြေးချင်လာတယ်။ အရာရာက ထိန်းချုပ်ထား သလိုပဲ။ နေရတာ မပျော် တော့ဘူး။”

ခင်ဗျား စကားမှာပဲ အဖြေဟာ အတိအကျ ပါဝင်ပါတယ်။ ခင်ဗျား အခု ဖြစ်ခဲ့တဲ့ မူးလာတာ၊ ကြောက်လာတာ၊ ကြောင့်ကြလာတာ၊ ထွက်ပြေး ချင်လာတာ တွေဟာ ဘာဝနာ ပွားသူ အများစုမှာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ကျနော်လည်း ဖြစ်ပါတယ်။ အဲ့လို ဖြစ်ရခြင်း အကြောင်းဟာ – ခင်ဗျားတို့ ကျနော်တို့ရဲ့ စိတ်သဘာဝ ကြောင့် လို့ နားလည်စေချင်တယ် ။နည်းနည်းလေး ရှင်းကြည့်မယ်။

ကျနော်တို့ ဘာဝနာ ဆိုတာကို မသိ၊ မရှိခဲ့ချိန်က စိတ်ဟာ ပျံ့လွင့် ချင်ရာ ပျံ့လွင့်ပြီး နေလာခဲ့ပြီးပြီ။ မျော်လင့်ချက်တွေ၊ ဦးတည်ရာတွေ၊ ပန်းတိုင်တွေ အလီလီ နဲ့ လွှင့်လာခဲ့ပြီးပြီ။ ခင်ဗျား ချစ်တဲ့သူ၊ ခင်တဲ့သူတွေ နဲ့ ရယ်မော ပျော်မွေ့ ခဲ့ပြီးပြီ။ ခင်ဗျား မုန်းချင်တဲ့သူ ကို မုန်းပစ် လိုက်ပြီးပြီ ။ နောက်ဆုံး ခင်ဗျားမှာ အသိတွေ၊ အတတ်တွေ ၊ စကားလုံးတွေ နဲ့ စိတ်ကူး အတွေးတွေ ဖုံးလွှမ်း ထားခဲ့ ပြီးပါပြီ။ စိတ်ဟာ အဲ့ဒီ ကြားမှာ ကျင့်သား ရနေပြီးသား၊ ပျော်မွေ့နေပြီးသား ဖြစ်ပါတယ်။ ခင်ဗျားက ဗုဒ္ဓဘာသာ တစ်ယောက် ဆိုရင် – ဒီနေရာမှာ သံသရာ ဆိုတဲ့ စကားလုံး တစ်လုံး ခဏသုံးချင်ပါတယ်။ သံသရာ တစ်လျောက်လုံး ခင်ဗျား ဒီ မျောက်စိတ် နဲ့ ကျင်လည် လာခဲ့ပြီးပြီ။ အခု ဘာဝနာ အမှု ပြုကြမယ် ဆိုတဲ့ အချိန်အထိ ခင်ဗျားတို့ ကျနော်တို့ မျောက်စိတ် ဟာ သွားချင်ရာသွားလို့ ကောင်းနေတုန်းပါ။

အဲ့ဒါကို ဗြုန်းခနဲ တည်ငြိမ်ရမယ် လို့ ခင်ဗျား စိတ်ကို ခင်ဗျား စွဲရပ် လိုက်တဲ့အခါ – ခင်ဗျား လွှတ်ချင် တိုင်း လွှတ်ပေးခဲ့တဲ့ စိတ်ဟာ ဖြတ်ခနဲ လန့်သွားတော့ တယ်။ တောင်တောင် အီအီ ကြောက်လန့်တကြား ရုန်းကန် တော့တယ်။ အကြောင်းက – ဘာဝနာဟာ Concentration သမာဓိ ကမ္မဋ္ဌာန်း မဟုတ်ဘူး ဆိုတာကို ခင်ဗျား မမေ့ဖို့ ပဲ။ ဘာဝနာ ဟာ သမာဓိ ပုံစံမျိုး – စိတ်ကို တစ်နေရာထဲ စူးစိုက်ထားဖို့- ငြိမ်နေဖို့ – ရိုက်သွင်းတာ မဟုတ်ဘူး ။ တကယ့် အလုပ်က – ခင်ဗျား သန္တာန် မှာ ဖြစ်ပေါ်လာသမျှ ၊ ပေါ်ပေါက်လာ သမျှ စောင့်ကြည့် ရုံလေးပါ။ ဒါပေမယ့် အဲ့သလိုမျိုး ကိုတောင် ဒီ စိတ်ရိုင်း က ကြောက်တယ်။ အလားတူပဲ – သူက သူ့အကျင့်အတိုင်း ခင်ဗျား ဘေးထွက်နေတာကို မကြိုက် ဘူး။ ခင်ဗျား သူနဲ့ အတူ လိုက်ပါ စေချင်တယ်။ ခင်ဗျား စောင့်ကြည့်နေတာ ကို မလိုချင်ဘူး။ သူနဲ့ အတူ လိုက်ခုန် နေစေချင်တယ်။ သူသွားချင်ရာ သွားမယ်။ ခင်ဗျား သူခိုင်းတာ လိုက်လုပ်ရမယ်။ သူ ခင်ဗျားဆီမှာ ရှင်သန်လာခဲ့တာ အဲ့ဒီ အတိုင်းပဲ။ ကာလ အရှည်ကြာ ကတည်းကပဲ။

ဒါကို အခု- ခင်ဗျား ကိုယ်တိုင်က စောင့်ကြည့်သူ အလုပ်ကို မနိုင်နင်းတဲ့ အခါ သူနဲ့ အတူ လိုက်ပါ သွားမိဦး မှာ။ သတိရလိုက် – ဘေးထွက်ပြီး စောင့်ကြည့်လိုက်၊ – စိတ်က ခေါ်တော့ ပြန်ပါ သွားလိုက်- ဖြစ်နေလိမ့်ဦးမယ်။ အထက်မှာ ကျနော် ပြောခဲ့တဲ့ စကား နောက်ထပ် ထပ်ပြောပါမယ်။ ဘာဝနာရဲ့ စောင့်ကြည့်မှု အလုပ်ကို – တစ်နေရာတည်း စူးစိုက်မှု ( Concentration ) နဲ့ ရောနှောလာတဲ့ အခါ – ခင်ဗျား စိတ်မှာ ကျင့်သား မရသေးဘူး။ အဲ့အတွက် မပျော်မွေ့ဘူး။ အကြောက်အကန် ရုန်းကန် တာ တွေ့ရပါလိမ့်မယ်။ အဲ့ဒီ အချိန်မှာ ခင်ဗျား ကိုယ်တိုင်ကလည်း စိတ်ကို အလိုလိုက် ချင်နေတယ် ဆိုရင်- အလွယ်တကူ ငြီးငွေ့သွားမှာပဲ။ ခင်ဗျား ကိုယ်တိုင် သူနဲ့ အတူ လွတ်ရာ ကျွတ်ရာသာ ခုန်သွားချင်တော့မှာပဲ။

ပေးနေကျ ဥပမာလေး တစ်ခု ရှိတယ်။ ရေကန်ထဲက ငါးတစ်ကောင်ကို ဆယ်ယူပြီး ကုန်းပေါ်ကို ပစ်တင်လိုက်တဲ့ အခါ ဖြတ်ဖြတ် လူးနေတာ တွေ့ရတယ်။ ဖြစ်နိုင်မယ် ဆိုရင် အဲ့ဒီငါးဟာ ရေရှိရာကိုပဲ ဦးတည် ပြန်ခုန်ချချင်တယ်။ ဒီလိုပဲ။ ခင်ဗျားတို့ ကျနော်တို့ရဲ့ သွားချင်ရာ သွားဖို့ အလိုလိုက် ခွင့်ပြုခဲ့တဲ့ စိတ်ဟာ – စောင့်ကြည့် ခံလိုက်ရပြီ၊ – မဖြစ်မနေ အလိုအလျောက် တည်ငြိမ် လာရပြီ- ရုန်းရင်းဆန်ခတ် သွားနေကျ စိတ်ကို အဆုံးမဲ့ ငြိမ်ဝပ် တိတ်ဆိတ်နေမှု ထဲ ဆွဲအသွင်းခံလာ ရပြီ ဆိုတဲ့ အခါ ဖြတ်ဖြတ် လူး သွားပါတယ်။ ဖြစ်နိုင်ရင် နကို ပျော်မွေ့ခဲ့ရာ နေရာကိုသာ ပြန်ခုန်ချ သွားချင် တော့တယ်။ ခင်ဗျား ကသာ လျော့လျော့ ရဲရဲ စောင့်ကြပ်ထားမယ် ဆိုရင် – သူကလည်း အချိန်မရွေး ပြန်ခုန်ချ သွားမှာပဲ။ ဒါ့ကြောင့် ကျနော် အကြံပြု လိုတာက သူ ဒီလို ဖြတ်ဖြတ်လူး နေချိန်မှာလည်း ခင်ဗျား အလုပ်ကို ဆက်လုပ်နေဖို့ လိုပါတယ်။ ဆက်လက် စောင့်ကြည့်မြဲ စောင့်ကြည့် နေစေ ချင်တယ်။ နောက်ဆုံး – သူက ခုန်ချ သွားစေဦးတော့ – ခင်ဗျားရဲ့ အလုပ်သာ မပြတ် ရှိနေစေချင်တယ်။ အဲ့အခါ ဒီကန်ထဲက ငါးဟာ ပြန်တက် လာပါလိမ့်မယ်။ မျောက် ဥပမာ အနေနဲ့ ပြောရင် – ခင်ဗျား စောင့်ကြည့်နေတဲ့ မျောက်ဟာ ခင်ဗျားရှေ့မှာ ဒူးထောက်လျက်သား တွေ့ရပါလိမ့်မယ်။

………………………………………….
ကျနော့ မိတ်ဆွေရဲ့ အမေးစကား ဟာ
https://zayya.wordpress.com/2011/11/20/cat/ မှာ ရှိတဲ့ ပို့စ်က ကွန်မန့် ဖြစ်ပါတယ်။

လေးစားလျက်

………………………………………….
25.11.2011
8:30 PM
………………………………………….

http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/
…………………………………………..

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: