စာဖတ်သူများ

စာကို ဘယ်လိုဖတ်သလဲ။
ဘယ်စာကို ဖတ်သင့်သလဲ။
စာဖတ်တာက ဘာအကျိုးရှိလို့လဲ။
စာဖတ်သူက ဘယ်လို ဖတ်ရသလဲ။
စာဖတ်ပြီး အသိဥာဏ်ပညာ ဘယ်လို ယူကြသလဲ။
တကယ်ကော ရသလား …….

စသဖြင့် စာဖတ်ခြင်း အကြောင်း သက်သက်မှာတွင်ပင် လုံးလည် လိုက်စရာများ ရှိနေကြသည်ကို တွေ့ရပါသည်။

ငယ်စဉ်ကဆိုလျင် လူကြီးသူမများက ကလေး သူငယ်များကို ညွှန်ကြား ပြောဆို တတ်ကြသည်။ “စာဖတ်ကြ။ စာထဲမှာ ပညာရှာကြ” ဟု ဆိုကြသည်။ သို့သော် မည်သို့ ဖတ်ရ ရှုရမည် ကို တိတိပပ မညွှန်ကြားနိုင်ခဲ့။ သူတို့ ကိုယ်တိုင်ကလည်း ကလေးများကို လမ်းညွှန်ရာတွင် “ဘယ်စာက ကောင်းတယ်” “ဘယ်စာက မကောင်းဘူး” “ဘယ်ဟာကို ဖတ်” “ဘယ်ဟာကို မဖတ်နဲ့” “ဘယ်ဟာက အဆိပ်အတောက်” “ဘယ်ဟာက ဗဟုသုတ” စသဖြင့် ခွဲခြားပိုင်းဖြတ် ပေးကြသည်။ ထိုသို့ ခွဲခြား သတ်မှတ်ခြင်းသည် မှန်ကန်သော နည်းလမ်း ဖြစ်သည်ဟု ယင်းကလေးများ ကပါ မှတ်ယူ စွဲမြဲသွားကြပါသည်။ မည်မျှ ကြာရှည်စွာ ပိုင်းဖြတ် ပေးပါမည်နည်း။

( ကျနော့ တစ်ဦးတည်း သဘော ဆန္ဒ အရ ဆိုလျှင် ) ယင်းသို့ ခွဲခြား ကန့်သတ် ပေးခြင်း ကို မနှစ်သက်ပါ။ သဘောလည်း မတူပါ။ ငယ်စဉ်က အဖေ ၊ မိဘ၊ ဆရာတို့က ယင်းသို့ ပိုင်းဖြတ် ပေးလျှင် လည်း လက်မခံခဲ့ပါ။ စာဟူသမျှ ဖတ်၍ ရနိုင်သည်။ ဖတ်စကောင်းသည်။ မဖတ်ကောင်း သော စာဟူ၍ မရှိသင့် – ဟု မှတ်ယူသည်။ ယင်းအတွက်ကြောင့်ပင် — ( အနိမ့်ဆုံး) အညစ်ညမ်း စာပေ မှ စ၍ – အမြင့်ဆုံး – ဘာသာရေး ၊ ဒဿန စာပေများ အထိ ဖတ်သည်။ ဆိုလိုသည်မှာ “မဖတ်ချင်” သော စာသာ ရှိလျှင် ရှိရမည်။ “မဖတ်ကောင်း” သော စာဟူ၍ မရှိစကောင်း — ဟု ကျနော် စွဲမြဲ ယုံကြည် ထားပါသည်။

သို့သော် တကယ်တမ်း ဤယုံကြည်ချက်သည် အန္တရာယ် ကြီးလှပါသည်။ လိုအပ်ချက် တစ်ခု ရှိနေပါသည်။ ယင်းလိုအပ်ချက်ကို မဖြည့်စွမ်းနိုင်လျှင် ဖတ်ကောင်းပါသည် ဆိုသော စာပေသည်ပင် ထိုစာဖတ်သူ အတွက် အဆိပ် ဖြစ်သွားနိုင်သေးသည်။ စာပေသည် ထိုသူ အတွက် မိတ်ဆွေ မဟုတ်ဘဲ ရန်သူ ဖြစ်သွားပါလိမ့်မည်။ ထို အသိ လိုအပ်ချက် မရှိဘဲ စာဖတ် နေသမျှ ကာလပတ်လုံး ကောင်းသည့်စာ ဖြစ်စေ၊ ဆိုးသည့် စာ ဖြစ်စေ ၎င်းအတွက် ထိုက်သင့်သော အကျိုး ရှိမည် မဟုတ်ပေ။

ယင်းလိုအပ်ချက်မှာ ဖွင့်ဟထားသော နှလုံး ( Open Mind ) ဖြစ်ပါသည်။ မည်သည့်စာပေ ကိုမဆို ယင်းစိတ် နှလုံးဖြင့် ဖတ်ရှုတတ်ရန် လိုအပ်သည်။ သို့ဆိုလျှင် ယင်း Open Mind ကို မည်သို့ နားလည်ရမည်နည်း။ မည်သို့ ခံယူရမည်နည်း။ ယင်းစိတ် နှလုံးကို မည်သို့ မွေးမြူ ရပါမည်နည်း။ ယင်းသို့ မွေးမြူခြင်း နည်းကရော အမှန် ဟုတ်ပါသလား – စသည့် မေးခွန်းများ ဖြေဆိုနိုင်ရန် အတွက် မူ ကျနော် – ဆရာ ဦးရွှေအောင်ကို ယခုပို့စ်တွင် အားကိုး လိုက်ပါသည်။ ဆရာ ဦးရွှေအောင်၏ ဆောင်းပါးများ ဖြစ်သော “စာဖတ်သူများ” အတွဲစဉ် စာအုပ်မှ အနည်းငယ်ကို ဤနေရာတွင် တင်ရှိရန် လိုအပ်သည်ဟု ထင်သည်။ စင်စစ် ယင်းစာအုပ် သည် ကျနော် ငယ်စဉ်ကာလမှ ယနေ့တိုင် လမ်းညွှန်သမှု ပြုခဲ့သော စာအုပ် ဖြစ်ပါသည်။

ယင်းမှ ရရှိသော အသိအရ – အယုတ်ညံ့ဆုံး စာပေ မှသည် အမြင့်မြတ်ဆုံး စာပေ အထိ – မည်သည့် စာအုပ်ပင် ဖြစ်ပါစေ – စာဖတ်နည်း သိလျင် အကျိုးရှိစွာ ဖတ်ယူနိုင်သည် ဟု ကျနော် အယူရှိသည်။ ယုတ်မာ ညစ်ညမ်းသော စာ တစ်အုပ် ဆိုပါစို့။ ယင်း စာရေးသူက စေတနာဆိုးဖြင့် မှိုင်းတိုက်ပြီး ရေးလျှင်ပင် – စာရှုသူက ကောင်းမွန်သော နှလုံးသွင်း ရှိနိုင်ဖို့သာ လိုသည်။ စာရှုသူ အတွက် အကျိုး မယုတ်သွားပေ။ သို့သော် ထိုသို့ “ကောင်းမွန်သော နှလုံးသွင်း ရှိဖို့” ဆိုသည့် စကားတွင် — မည်သို့ နှလုံးသွင်း သည်ကို ဆိုလိုသနည်း။ မည်သည့် နည်းဖြင့် နှလုံးသွင်း ရမည်နည်း။ စာဖတ်သူက ယင်းကို မည်သို့ လက်ခံ ကျင့်သုံးရမည်နည်း – စသဖြင့် အဘယ် စာဖတ်သူ မဆို – အကျိုး မယုတ်သွားစေရန်၊ စာမှန်သမျှ အကျိုးရှိစေရန်၊ မည်သည့် စာပေ မှမဆို ရနိုင်သမျှ များများ အနှစ်ထုတ် ဆွဲကုတ်ယူနိုင်စေရန် – စာဖတ်နည်း ကိုမူ သိသင့်ပါသည်။

အောက်ပါ စာမှာ – ဆရာ ဦးရွှေအောင်၏ “စာဖတ်သူများ” မှ တပိုင်းတစ ဖြစ်ပါသည်။ ( တစ်ခု ပြောလိုပါသည်။ ဦးရွှေအောင်မှာ ထေရဝါဒ ဗုဒ္ဓဘာသာ အတွင်းမှ ဖြစ်၍ ယင်းစာရေးသားမှုသည် ဗုဒ္ဓ ဘာသာအတွင်းမှ ရေးသားမှု ဖြစ်ပါသည်။ ဆိုလိုသည်မှာ ပါဠိ ဝေါဟာရ များပြားနေပါလျှင် – အခြားဘာသာဝင် ညီအကို မောင်နှမများ နားလည်ပေးစေလိုသည်။ )

ဇေယျ
………………………………………

စာဖတ်သူများ – ဦးရွှေအောင်

စာဖတ်သူများကို အမျိုးအစားခွဲခြားလျင် … စာကို နောက်က လိုက်၍ ဖတ်သူ ၊ စာကိုရင်ဘောင်တန်း၍ ဖတ်သူ ၊ စာကို ရှေ့ ကကြို၍ ဖတ်သူ.. ဟူ၍ သုံးမျိုးခွဲ နိုင်ကြောင်းတွေ့ရသည် ။

  • စာကို ဖတ်သောအခါ စာ၏ သဒ္ဒါအနက် ကိုသာ သိပြီး သဒ္ဒါနက် အတိုင်း ခံယူ ကျင့်သုံးသော စာဖတ်သူများကို စာကို နောက်က လိုက်၍ ဖတ်သူများ အမျိုး အစား၌ ထည့်သွင်းပါသည် ။
  • စာ၏ သဒ္ဒါအနက်ကို ဖောက်ထွင်း၍ စာရေးသူ၏ စေတနာ ၊ စာရေးသူ၏ ရည်ရွယ်ချက် ၊ စာရေးသူ၏ နှလုံးသွင်း ကို သိပြီး ယင်းအတိုင်း ခံယူကျင့်သုံးသော စာဖတ်သူများကို စာကိုရင်ဘောင်တန်း၍ ဖတ်သူများ အမျိုးအစား၌ ထည့်သွင်း ပါသည် ။
  • စာရေးသူ၏ စေတနာ ၊ စာရေးသူ၏ ရည်ရွယ်ချက် ၊ စာရေးသူ၏ နှလုံးသွင်းကို ထွင်းဖောက်၍ စာ၏ အနတ္တအနက်တိုင်အောင် သိပြီး ယင်းအတိုင်း ခံယူကျင့်သုံးသော စာဖတ်သူများကို စာကိုရှေ့ ကကြို၍ ဖတ်သူများ အမျိုးအစား၌ ထည့်သွင်းပါသည် ။

စာကိုနောက်က လိုက်၍ ဖတ်သူများနှင့် စာကို၇င်ပေါင်တန်း၍ ဖတ်သူများသည်လည်း လောက ၏ အစီးအပွားအတွက် သူ့နည်းသူ့ဟန်ဖြင့် ဆောင်ရွက် ကြသူများဖြစ်ကြသည် မှန်ပါ၏ ။ သို့ရာတွင် ယင်းသို့ဆောင်ရွက် ကြရင်း ဆောင်ရွက်ကြသူများ၏ သန္တာန်၌ တပ်မက်မှုများ ၊ မောက်မာမှုများ ၊ ငါတကောကော မှုများ ပွား၍ ပွား၍ လာတတ် ပါသည် ။ ထို့ကြောင့် ယင်းတို့ကို တတ်နိုင်သမျှ ပယ်သတ် နိုင်ရန် အလို့ငှာ စာကို ဖတ်သောအခါ စာ၏ အနတ္တ အနက်တိုင် သိဖို့ လိုအပ်ပါသည် ။ အမှန်အားဖြင့် အားလုံးသော ဓမ္မ တို့သည် အနတ္တချည်းသာတည်း ..ဟုဟောထားပါလျက် ယင်းအတိုင်း မသိဘဲ ကျော်၍ ကျော်၍ သိနေကြသဖြင့် ……… ယင်းတို့၏ သန္တာန်၌ ထိုကဲ့သို့သော တဏှာ အတ္တ ၊ မာန အတ္တ ၊ ဒိဋ္ဌိအတ္တ များ ပွား၍ ပွား၍ လာခြင်းဖြစ်ပါသည် ။

ထို့ကြောင့်  မြတ်စွာဘုရားဟောတော်မူသည့် အတိုင်း စာ၏ အနတ္တ အနက်တိုင်အောင် သိမှသာ ဆောင်ရွက်ကြသူများ ၏ သန္တာန်၌ တပ်မက်မှုများ ၊ မောက်မာမှုများ ၊ ငါတကောကောမှုများ တည်း ဟူသော အတ္တသည် ပွား၍ ပွား၍ မလာဘဲ ပါး၍ ပါး၍ သွားမည် ဖြစ်သည် ။ ထိုအခါ အရင်းရှင်စာပေ ကို ဖတ်သည် ဖြစ်စေ ၊ ဆိုရှယ်လစ်စာပေကို ဖတ်သည် ဖြစ်စေ ၊ မည်သည့် စာပေကို ဖတ်.ဖတ် စာကို ရှေ့ က ကြို၍ ဖတ်သူများ အတွက် ဆရာဇီဝကသည် ဆေးဖက်မ၀င်သော သစ်ပင်ကို ရှာ၍ မတွေ့ သကဲ့သို့ လောကအတွက် အသုံးမ၀င်သော စာပေကို ရှာ၍ တွေ့ရန်ခဲယဉ်း မည် ဖြစ်ပါသည် ။

စာကို နောက်က လိုက်၍ ဖတ်သူများ

စာကို နောက်က လိုက်၍ ဖတ်သူများသည် စာဖတ်သော အခါ စာပေ၏ သဒ္ဒါနက် ( အဘိဓာ ) ကိုသာ သိသည် ။ အကြောင်းအရာ ၏ အသွင်သဏ္ဍာန် ( ၀ါစ္စ ) ကိုသာ သိသည် ။ ထိုထက်ပို၍ မသိ ၊ စာပေ၏ အဓိပ္ပါယ် နက် ( လက္ခဏာ ) ကို မသိ၊ အကြောင်းအရာ ၏ သဘောတရား ( လက္ချ ) ကိုမသိ ။ ထိုသို့မသိလျှင် စာရေးသူ၏ ဆိုလိုရင်းအာဘော်နှင့် စာရေးသူ၏ စေတနာကို မသိဘဲ ရှိတတ်၏ ။ ထို အခါ စာကို နောက်က လိုက်၍ ဖတ်သူသည် စာပေကို အကိုးအကားပြု၍ လုပ်ငန်းကိုဆောင်ရွက်သောအခါ များစွာသော အကျပ်အတည်း ကြုံရတတ်သည် ။ တိုက်ရိုက်အကိုး အကား မတွေ့ ရသောအခါ လုပ်ငန်းဆောင်ရွက် မှု နယ်နိမိတ် သည် များစွာ ကျဉ်းမြောင်းသွားလေသည် ။

စာရေးသူ ၏ ဆိုလိုရင်းအာဘော်နှင့် စာရေးသူ၏ စေတနာကို သိသော သူ များ က စာပေအကိုးအကားဖြင့် လုပ်ငန်းများကို ဆောင်ရွက်ကြသော အခါ စာပေကို နောက်က လိုက်၍ ဖတ်သူသည် သူသိသော စာပေ၏ သဒ္ဒါနက် ၊ အကြောင်းအရာ၏ ပုံသဏ္ဍာန် အကိုးအကားဖြင့် အခုအခံပြု၍ ကန့်ကွက်တတ်သည် ။ငြင်းခုံတတ်သည် ။ ထို့ပြင် သူ့ကိုယ်သူ စာပေပါ ပြဋ္ဌာန်းချက်များ အတိုင်း တိတိကျကျ ဆောင်ရွက်တတ်သူ ဟူ၍ ဂုဏ်ယူတတ်သည် ။ ထိုကဲ့သို့ ဖြစ်ခြင်း မှာ တစ်ခုတည်းသော စာပေ ကို အတူတကွ ဖတ်ကြသူများ ချည်း ဖြစ်ပါလျက် စာပေ၏ အနက်ကို သိရာ၌ အချင်းချင်း ရပ်တည်ချက် မတူသောကြောင့် ဖြစ်သည် ။

စာပေကို နောက်က လိုက်၍ ဖတ်သူသည် သူသိသော စာပေ ၏သဒ္ဒါနက် ၊အကြောင်းအရာ ၏ပုံသဏ္ဍာန်ကို တရားသေ စွဲကိုင်ကာလုပ်ငန်းဆောင်ရွက်သောအခါ အစွဲအလမ်းကြီးတတ်သည် ။ ကြီးသော အစွဲအလမ်းကို စွန့်လည်း စွန့်နိုင်ခဲသည် ။ အစွဲအလမ်း ကြီးသူကို ( အာဓာ နဂ္ဂါဟီ ) ဟူ၍ လည်းကောင်း ၊ကြီးသော အစွဲအလမ်း ကို စွန့်နိုင်ခဲသူကို ( ဒုပ္ပဋိနိဿဂ္ဂီ ) ဟု၍ လည်းကောင်း ကျမ်းဂန်များ ၌ သုံးစွဲသည်။

စာကိုနောက်ကလိုက်၍ ဖတ်သူ၏ စာပေသိသည် သညာဥာဏ်သိ အဆင့်မျှသာ ဖြစ်၍ လောက ၏ အစီးအပွား အတွက်ဆောင်ရွက်ရာတွင် အတ္တကို အခိုင်အမာ အနှစ်သာရ ပြု၍ ဆောင်ရွက်ခြင်း ဖြစ်သောကြောင့် အကျိုးများသင့် သလောက် အကျိုးများမှုမရှိ ချေ။

စာပေကို ရင်ဘောင်တန်း၍ ဖတ်သူများ

စာပေကို ရင်ဘောင်တန်း၍ ဖတ်သူများသည် စာဖတ်သောအခါ စာပေ၏ သဒ္ဒါနက်ကို ကျော်၍ အဓိပ္ပါယ် နက်ကိုသိသည် .။ အကြောင်းအရာ၏ အသွင် သဏ္ဍာန်ကိုကျော်၍ သဘောတရားကိုသိသည် ။ ထိုအခါ စာကို ရင်ဘောင်တန်း၍ ဖတ်သူသည် စာရေးသူ၏ ဆိုလိုရင်းကို သိသည် ။ စာရေးသူ၏ စေတနာကိုလည်း သိသည် ။ ထိုသို့သိလျင် စာပေကို အကိုးအကာားပြု၍ လုပ်ငန်းကို ဆောင်ရွက်ရာ ၌ ..အကျဉ်းအကျပ်ကြုံရမှု နည်း ပါးသွားသည် ။ စာပေကို ကိုးကားသောအခါ လည်း တိုက်ရိုက်သဒ္ဒါနက် မကိုးကားတော့ဘဲ ၊ အဓိပ္ပါယ် နက်ကိုသာ ကိုးကားသဖြင့် လုပ်ငန်းဆောင်ရွက်မှု နယ်နိမိတ် သည် အထိုက်အလျောက် ကျယ်ပြန့်လာသည် ။ ထိုအခါ စာပေ၏ သဒ္ဒါနက်၊ အကြောင်းအရာ၏ အသွင်သဏ္ဍာန် ကို တရားသေ စွဲကိုင်မှု မပြုတော့ဘဲ လုပ်ငန်းကို ဆောင်ရွက်လာတတ်သည် ။ သို့ရာတွင် စာပေ၏ ကြောင်းကျိုးဆက်နွယ်မှု အနက် ၊ အကြောင်းအရာ ၏ အနတ္တ သဘောကို သိသောသူများနှင့် မူ စာပေ အကိုးအကားဖြင့် လုပ်ငန်းဆောင်ရွက်ရာ၌ အထိုက်အလျောက် ငြင်းခုံမှုရှိတတ်သေးသည် ။

စာပေကိုရင်ဘောင်တန်း၍ ဖတ်သူ၏ စာပေသိသည် သမာဓိဥာဏ်သိ အဆင့်မျှသာ ဖြစ်၍ မိမိသိသော အသိဥာဏ်ဖြင့် လုပ်ငန်းဆောင်ရွက်သောအခါ အစွဲအလမ်းကြီးမှု လည်း ရှိတတ်သေးသည် .။ ကြီးသော အစွဲအလမ်းကို စွန့်လွှတ်ရန် ခဲယဉ်းမှုလည်း ရှိတတ်သေးသည် ။ ထိုကဲ့သို့ အစွဲအလမ်းကြီးမှုနှင့် ကြီးသော အစွဲအလမ်းကို စွန့်လွှတ်ရန် ခဲယဉ်းမှုသည် အနတ္တ သဘောကို အခြေခံ၍ မဆောင်ရွက်ဘဲ အတ္တကို အခြေခံ၍ ဆောင်ရွက်ခြင်း ကြောင့်ဖြစ်သည် ။ အတ္တကို အခြေခံ၍ ဆောင်ရွက်သောအခါ မိမိဆောင်ရွက်သော လုပ်ငန်းဟူသမျှ၌ မိမိအလို အတိုင်း ဖြစ်စေလိုသော သဘောရှိလာသည် ။ မိမိအလိုအတိုင်းမဖြစ်ပေါ်ပါကလည်း စိတ်နှလုံး မသာယာမှု ဖြစ်တတ်သည် ။ လုပ်ဖော်ကိုင်ဖက် များအပေါ်၌ သူ့ကြောင့် ၊ငါ့ကြောင့် ဟူ၍ အပြစ်ပုံချတတ်သည် ။

မိမိဆောင်ရွက်သောလုပ်ငန်း၌ အောင်မြင်မှုရရှိလာပါက အထင်ကြီးမှုဖြစ်ပေါ်တတ်သည် ။ မိမိကိုယ်ကို အထင်ကြီးမှုသည် ကျမ်းဂန်ဝေါဟာရအရ ( အဓိမာန )ပင်ဖြစ်သည် ။ (အဓိမာန ) ဟူသည် မိမိ၌ မရှိဘဲလျက် ရှိသည် ဟူသော အမြင်မှားမှု ၊ မဟုတ်ဘဲလျက် ဟုတ်သည် ဟူသော အမြင်မှားမှု ဖြစ်သည် ။ ထိုအမြင်မှားမှု သည် တဏှာ အတ္တ ကို အခြေခံ၍ လည်း ဖြစ်တတ်သည် ။ မာန အတ္တကို အခြေခံ၍ လည်း ဖြစ်တတ်သည် ။ ဒိဋ္ဌိအတ္တကို အခြေခံ၍ လည်း ဖြစ်တတ်သည် ။ထိုကဲ့သို့ဖြစ်တတ်ခြင်း သည် စာကို ရင်ဘောင်တန်း၍ ဖတ်သူ၏ သမာဓိဥာဏ်ဖြင့် အတ္တကို အခြေခံသော အဓိမာန ခေါ် အမြင်မှားမှု ကို မပယ်ဖျောက်နိုင်ခြင်းကြောင့် ဖြစ်သည်။

ထို့ကြောင့် စာကိုရင်ဘောင်တန်း၍ ဖတ်သူများသည် စာဖတ်သောအခါ စာပေ၏ အဓိပ္ပါယ် အနက်၊ အကြောင်းတရား၏ သဘောတရား ။စာရေးသူ၏ စေတနာကို သိ၍ လောကအကျိုးစီးပွားအတွက် ဆောင်ရွက်သော်လည်း ..စာပေ၏ ကြောင်းကျိုးဆက်နွယ်မှုအနက် ( ဗျဉ္ဖနာ ) ၊ အကြောင်းအရာ ၏ အနတ္တသဘော( ဗျင်္ဂျ ) ကို မသိသောကြောင့် အတ္တ ၏ အနှောင်အဖွဲ့ မှ မလွတ်ကင်းသေးသဖြင့် မအောင်မြင်လျင် စိတ်နှလုံးမသာယာခြင်း ၊ အပြစ်ပုံချခြင်းတို့သာ ဖြစ်ပေါ်ပြီး အောင်မြင်လျင်လည်း မိမိ ကိုယ်ကို မိမိ လူတော် ဟု အထင်မှားခြင်း ( အဓိမာန ) တို့ဖြစ်တတ်၏ ၊။

ထို့ကြောင့် ဤအဆင့် တွင်လည်း အကျိုးရသင့်သလောက် ရအောင် ဆောင်ရွက်နိုင်စွမ်းမရှိဟူ၍ ပင် ဆိုရ၏ ..။

စာကိုရှေ့ ကကြို၍ ဖတ်သူများ

စာကိုရှေ့ ကကြို၍ ဖတ်သူများသည် စာဖတ်သော အခါ စာပေ၏ သဒ္ဒါအနက်၊ အကြောင်းအရာ၏ အသွင်သဏ္ဍာန် ၊ စာပေ ၏ အဓိပ္ပါယ် အနက်၊ အကြောင်းအရာ၏ သဘောတရား ၊ စာရေးသူ ၏ ဆိုလိုရင်း ၊စာရေးးသူ၏ စေတနာကို သိရုံသာမက ထိုထက်ကျော်လွန်၍ စာပေ၏ ကြောင်းကျိုးဆက်နွယ်မှု အနက် ၊ အကြောင်းအရာ ၏ အနတ္တသဘောတို့ကို ပါ သိလေသည် ။ ထိုသို့သိခြင်း မှာ စာပေကို ဖတ်သောအခါ စာပေ၏ အနက်ကို ပညာဥာဏ်သိ ဖြင့် သိသော ကြောင့်ဖြစ်သည် ။

သို့ဖြစ်၍ စာကို ရှေ့ ကကြို၍ ဖတ်သူများသည် စာပေ အကိုးအကားဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် မအောင်မြင်လျင်လည်း စိတ်ဓါတ်မကျ ၊ အောင်မြင်လျင် လည်း ထောင်လွှားဂုဏ်ယူမှု မရှိ .။ ထို့ပြင် စာကိုနောက်ကလိုက်၍ဖတ်သူများနှင့် စာကိုရင်ဘောင်တန်း၍ ဖတ်သူများ ၏ အနက်အပေါ် ရပ်တည်ချက်ကို သိရှိပြီး ဖြစ်သဖြင့် …ထိုပုဂ္ဂိုလ်များနှင့် အငြင်းပွားမှုလည်း မကြီးမား ၊နားလည်သဘောပေါက်အောင်ရှင်းပြ၍ ညှိနိုင်းနိုင်စွမ်းရှိ၏ ။ အနတ္တ သဘောကို သိလာသည်နှင့်အမျှ အစွဲအလမ်းကြီးမှု နှင့် ကြီးသော အစွဲအလမ်း ကို စွန့်လွှတ်နိုင်ခဲ မှုတို့ သည် လည်း ကင်းပသွားမည် ဖြစ်၏ ။ လုပ်ငန်းဆောင်ရွက်မှုနယ်နိမိတ်သည်လည်း များစွာ ပိုမိုကျယ်ပြန့်လာ၏ ။

တန်ဖိုးအနေအားဖြင့် ဆိုရလျင် စာကိုနောက်ကလိုက်၍ဖတ်သူများ၏ လုပ်ငန်းအောင်မြင်မှုကို ရုပ်ပိုင်းတန်ဖိုး ( Material value ) ဖြင့်တန်ဖိုးဖြတ်ကြသည် . ။ စာကိုရင်ဘောင်တန်း ၍ ဖတ်သူများ ၏ လုပ်ငန်းအောင်မြင်မှုကို စိတ်ပိုင်းတန်ဖိုး ( Mental value ) ဖြင့် တန်ဖိုးဖြတ်ကြသည် ။ စာကို ရှေ့ က ကြို၍ ဖတ်သူများ၏ လုပ်ငန်းအောင်မြင်မှုကို မြင့်မြတ်မှု တန်ဖိုး ( Spiritual value ) ဖြင့် တန်ဖိုးဖြတ်ကြသည် ။

တို့ကြောင့် စာပေအကိုးအကားဖြင့် လောက ၏ အကျိုးစီးပွားအတွက် လုပ်ငန်းဆောင်ရွက်ကြသူများသည်… မိမိတို့၏ အနက် အပေါ် ရပ်တည်ချက်နှင့် လုပ်ငန်းဆောင်ရွက် မှု ၏တန်ဖိုး ကို …မိမိတို့ ကိုယ်တိုင်ကိုယ်ကျ ခွဲခြား ဆုံးဖြတ်နိုင်စေလိုပါသည်။ ယင်းကို ရည်ရွယ်၍ စာဖတ်သူ များ သုံးမျိုးအကြောင်းကို တင်ပြခြင်းဖြစ်ပါသည် ။။။

……………………………
ကဲ ….ကျနော်တို့ စာကို ဘယ်လို ဖတ်ကြပါမလဲ။
…………………………..

………………………….
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/

…………………………..

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: