ကျွန်တော် – ဟစ်ပီ

ဟစ်ပီ ( Hippie ) တွေကို ခင်ဗျား ဘယ်လို နားလည် ထားလဲ။ နားသန်ကွင်း၊ ဂေါ်ကွင်း တန်းလန်း ထားမယ့် ကောင်တွေ – ဒါမှ မဟုတ် ပတ်ဝန်းကျင် နဲ့ ဘယ်လိုမှ သဟဇာတ မဖြစ်တဲ့ အဝတ်အဆင် မျိုး ဝတ်ဆင် တတ်တဲ့ ကောင်တွေ လို့ မြင်ပါသလား။ အနေအထိုင်၊ အပြောအဆို ကိုယ့်ကိုယ်ကိုယ် ဆောင့်ကြွား ဆောင့်ကြွား ရှိတဲ့ ကောင်တွေ ၊ လူ့ လဒ တွေ လို့ မြင်ပါသလား။ လူကြီးသော ဘာသော နားမလည်ဘူး – ပြောချင် ပြောမယ် – မပြောချင် မပြောဘူး – အဲ့လို နေတတ်တဲ့ မိမဆုံးမ ဖမဆုံးမလေး တွေ လို့ မြင်ပါသလား။ အဲ့လိုမြင်ကြမယ့် လူကြီးမင်း စာရှုသူ များ ရှိမယ် ဆိုရင် – အဲ့ဒီ ဟစ်ပီ ( Hippie ) ဆိုတဲ့ အပေါ်ကို ကျနော် ကာကွယ်ပြီး ပြောချင်တာ ရှိပါတယ်။

ဟစ်ပီ တွေကို လူကြီးမင်းတို့ အများစုက ဆိုးသွမ်းလူငယ် တွေလို့ တွေးကြ ထင်ကြတယ်။ ဟုတ်တယ်ဟုတ်။ အဲ့ဒါ မှားယွင်းနေပါတယ်။ ဘာလို့ဆို ခင်ဗျား တို့ သတ်မှတ်တဲ့ မြင်ကြတဲ့ – ဟစ်ပီ ဆိုတာ – ဟစ်ပီ အကုန်လုံး မဟုတ်သေး လို့ပဲ။ ခင်ဗျားတို့ သဘောမတွေ့တဲ့ ဟစ်ပီ လူငယ် တစ်ချို့ကို ကြည့်ပြီး “ဟစ်ပီ” တွေက “စရိုက်” တွေပါကွာလို့ ဝါးလုံးရမ်း ပြောရင် – လူကြီးမင်းတို့ – လူကြီးမင်း မပီသရာ ကျပါလိမ့်မယ်။ နောက်ပြီး – ဟစ်ပီ ဆိုတာကို ခင်ဗျားတို့ သေသေချာချာ နားမလည် သေးလို့လည်း ဖြစ်မယ်။ ကျနော် ဒီနေရာမှာ “ဟစ်ပီ” ဆိုတာတွေ ရဲ့ ဘက်က ကာကွယ်ပြီး ပြောရတာဟာ .. ( အဟက် – စိတ်တော့ မရှိပါနဲ့ ) ကျနော်လည်း ဟစ်ပီ မို့လို့ပါပဲ။

အဲ့တော့ ဟစ်ပီ ရဲ့ သဘောတရားကို နားလည်အောင် နည်းနည်း ပြောကြည့်မယ်။ ဟစ်ပီ တွေရဲ့ အဓိက အလုပ်က – “ဟုတ်ပါ့ဘုရား၊ မှန်ပါ့ဘုရား – လူသား” တွေရဲ့ လမ်းစဉ်ကို ငြင်းပယ်ခြင်း ဖြစ်ပါတယ်။ ဟစ်ပီတွေဟာ သူတို့ မှန်ကန်တယ် လို့ သူတို့ကိုယ်တိုင် မြင်၊ သိ၊ ခံစား ရတာကိုပဲ သူတို့ လုပ်တယ်။ အဲ့ဒါကြောင့်မို့လဲ သူတို့မှာ – အခက်အခဲ အမျိုးမျိုး ကြုံရပါတယ်။ သူတို့တွေဟာ သင့်တာ မသင့်တာ ထက် သူတို့ မှန်မယ် မြင်ရာ ကိုသာ လုပ်တတ် ကြလို့ပါ။

ဒါကို အခြေခံပြီး ကျနော် ဟစ်ပီ အမျိုးအစား နှစ်မျိုး ခွဲကြည့်တယ်။ လူကြီးမင်းတို့ လက်ညှိုးငေါက်ငေါက် ထိုးပြီး ပြောဆိုတတ်တဲ့ ဟစ်ပီ တွေက တစ်မျိုး တစ်စားပဲ ရှိပါသေးတယ်။ ခင်ဗျားတို့ လူကြီးမင်း အများ က သူတို့ရဲ့ နားသန်ကွင်း၊ ဂေါ်ကွင်း၊ အဝတ်အဆင် အကြောင် အကြားနဲ့၊ ထစ်ခနဲ တုတ်ဆွဲ ဓားဆွဲ၊ လမ်းဘေးထိုင် ဘုပြော၊ ဂစ်တာတီးရင်း အာပြဲ နေတာတွေပဲ ကြည့်ပြီး ပြောနေတာ ဖြစ်ပါလိမ့်မယ်။ တကယ်တမ်းက သူတို့တွေဟာ အကြမ်းထည်ပါ။ သူတို့ တွေရဲ့ နောက်ခံ အကြောင်းရင်းကို သေသေချာချာ မြင်အောင် ကြည့်ပါ။ ဟစ်ပီ နောက်တစ်မျိုး ရှိတယ်။ အဲ့ဒါကတော့ – လမ်းဘေးထိုင် ဘုပြောတယ် ဆိုတာထက် – ကိုယ် မှန်တယ် လို့ မြင်ရင် — ပတ်ဝန်းကျင်၊ ကိုယ့် ဓလေ့ထုံးစံ တွေတင် မကဘူး၊ ကိုယ့် အတွေးအခေါ် အယူအဆ ကိုပါ ပြောင်းလဲပစ်ရဲ သူတွေ ဖြစ်ပါတယ်။ သူတို့ တွေကလည်း အများအားဖြင့် ပတ်ဝန်းကျင်ရဲ့ လက်ညှိုး ထိုးတာ၊ ဖဲကျဉ်တာကို ခံရတတ်တယ်။

အခြေခံ အားဖြင့် – ဒီနှစ်မျိုး စလုံးဟာ လမ်းဟောင်းတွေ ကို ရှောင်ကျဉ်ရဲဖို့ အသင့်ရှိပါတယ်။ “နိုင်ငံကြီးသား၊ မြို့ကြီးသား၊ Gentleman” ဆိုတဲ့ စကားလုံးတွေ ကို ဘေးဖယ်ချ ထားသူတွေ ဖြစ်ပါတယ်။ ဒါ ကြောင့်လည်း လူ့အသိုင်းအဝိုင်း ကနေ အဝေးရောက်သွား တတ်တယ်။ ဟိုးတုန်းကသာ ဒီ “ဟစ်ပီ” ဆိုတဲ့ စကားလုံး ပေါ်ပေါက်ခဲ့ ရင် မဟာဝီရ ( မဟာဗီးရ် ) ကိုလည်း ဟစ်ပီ လို့ ခေါ်ကြလိမ့်မယ်။ သူက ဒီခေတ် ဟစ်ပီတွေ ထက်တောင် သာနိုင် ပါသေးတယ်။ သူ့ယုံကြည်ချက် အတွက် ဘာ အဝတ်မှ မဝတ်ဘဲ နေရဲ ခဲ့တဲ့သူပါ ။ ( သူ့ကို ဟစ်ပီ လို့ ပြောရမလား ဆိုပြီး ၊ ခုခေတ် ဟစ်ပီ ညီအကို မောင်နှမများ မနာကြပါနဲ့ အကောင်းပြောတာပါ။ ) အခုခေတ် အမြင်မှာ မဟာဝီရ ဟာ ဂျိန်းဘာသာရဲ့ ဖခင်ပါ။ အဲ့သည့် ခေတ်အခါကတော့ သူ ကိုယ်တိုင် လည်း လက်ညှိုး အထိုးခံ၊ တော်တော် အပြောအဆို ခံခဲ့ရမယ် ထင်ပါတယ်။ သူ့ကို ကြိုက်နှစ်သက် ကြသူတွေ ရှိသလို၊ ပစ်ပစ်နှစ်နှစ် ဝေဖန်ကြမယ့် သူတွေလည်း ရှိခဲ့မယ်။

ဟစ်ပီ တွေရဲ့ အခြေခံ ရှုထောင့် အမြင်ကို ကျနော် ကြိုက်တယ်။ သူတို့ တွေမှာ ဟန်ဆောင်မှု မရှိဘူး။ ဘာမှ မဖုံးကွယ် ထားဘူး။ သူတို့ ဖြစ်ရှိတဲ့ အတိုင်း ရိုးရိုးရှင်းရှင်း နေထိုင်တယ်။ ဒီနေရာမှာ “ရိုးရိုးရှင်းရှင်း” ဆိုတဲ့ ဝေါဟာရဟာ အရေးကြီးပါတယ်။ သူတို့ရဲ့ “ရိုးရိုးရှင်းရှင်း” ဆိုတဲ့ စကားလုံးဟာ — သူတို့ရဲ့ ဘဝ ဖြစ်တည်မှု အပေါ်မှာ ဘာ သက်ရောက်မှုမှ မထားတာ ကို ဆိုလိုတယ်။ ဘယ်ဓလေ့ထုံးစံ အရိပ်မှ မှီတွယ် မနေတာ၊ ဘယ် လောင်းရိပ်မှ ကျမနေတာကို ဆိုလိုပါတယ်။

ဒါ့ကြောင့်လည်း ဟစ်ပီတွေဟာ လမ်းဟောင်းတွေ၊ သမားရိုးကျ အတွေးအခေါ် တွေ ကို သံသယများ တတ်တယ်။ တစ်နည်းနည်း နဲ့ ဖောက်ထွက် လာတတ်ကြတယ်။ ရိုးရိုး ရှင်းရှင်း နေထိုင်တတ်တဲ့ သူတို့ သဘာဝကြောင့် ဟစ်ပီ တွေကို ရိုင်းတယ်လို့ အများမြင် တတ်ကြပါတယ်။ – ဟုတ်ပါတယ်။ ထင်သာ မြင်သာ ဟစ်ပီ တွေလို့ သတ်မှတ်ခံ ထားရသူ အများစုဟာ သူတို့ စိတ်ရှိလာရင် အားနာတာ ၊ အားမနာ တာ မသိဘူး ။ ဆဲထည့်လိုက်တယ်။ သူတို့ သန္တာန်မှာ ဒေါသ ဖြစ်လား – ဖြစ်တဲ့ အတိုင်း ပကတိ ပေါ်လွင်ပါတယ်။ “ဆဲဆိုတာ မကောင်းဘူး။ အဆင့်အတန်း ရှိရှိဆိုရင် ယဉ်ကျေးရတယ်” ဆိုတဲ့ အစဉ်အလာ သွန်သင် သမျှတွေကို ချန်ထားရစ်ခဲ့တယ်။ အဲ့ဒါဟာ ဆဲဆိုတာ၊ ရမ်းကားတာ တစ်ခုတည်း ကြည့်ပြီး မြင်နေကြလို့ပါ – သူတို့ လှူဒါန်းချင်စိတ် ရှိလာခဲ့ရင်လည်း ငေါက်ခနဲ ထလုပ်တတ်သူတွေ ဖြစ်ပါတယ်။ လူကြီးမင်းတို့ တွေမှာသာ တွေးရ ငေးရ ဖြစ်ချင် ဖြစ်နေလိမ့်မယ်။ သူတို့ကတော့ ချက်ချင်း ထလုပ်တတ်တယ်။

အလှူအတန်း လုပ်တာကို ကြည့်မယ်။ ယခင် နာဂစ် ၊ အခု ပခုက္ကူရေဘေး စသဖြင့် တို့မှာ လူကြီးမင်းတို့ သမုတ် ထားကြ တဲ့ ဟစ်ပီ တော်တော် များများ ပါဝင် လှူဒါန်းနေ ကြတာ ကိုရော မြင်နိုင်ပါရဲ့လား။ လူရော ကိုယ်ပါ လှိုက်လှိုက်လှဲလှဲ ပါဝင် လုပ်အားပေး နေကြတာကိုရော မြင်နိုင် ပါရဲ့လား။ လူကြီးမင်းတို့ အထဲက တော်တော်များများ မှာ – “ဒါက လှူမှာပေါ့၊ နေဦး – ငါ့မှာ ဘယ်လောက်ရှိ၊ အေး..အေး..။ ဒီလောက်ဆို အတော်ပဲပေါ့.. ငါလှူမယ်.. ငါလှူတယ်ဟေ့” စသဖြင့် ရှိနေတတ်ကြတယ်။ သူတို့ ကျနော်တို့ ဟစ်ပီတွေ အတွက်တော့ – လှူစရာ အကြောင်းမြင်ပြီး လှူချင်တယ်ဟေ့ တစ်ခွန်းထဲ မိမိသန္တာန်မှာ ပေါ်ဖို့ လိုပါတယ် – စိတ်ရော ကိုယ်ပါ လှူပြီးသား ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။ သူတို့ ဆဲချင်ရင် ထဆဲ ပစ်လိုက်တာနဲ့၊ သူတို့ လှူချင် တန်းချင်ရင် ချက်ချင်း ထလုပ် ပစ်လိုက်တာ – ဒီနှစ်ခုရဲ့ အခြေခံ ဟာ အသွင် သဏ္ဍာန်ချင်းကွဲ ပေမယ့် နောက်ကွယ် သဘောထားချင်း အတူတူပါ ။ ဆိုလိုတာက – သူတို့ ရဲ့ သန္တာန်ကို သူတို့ရဲ့ ဟန်ပန် အမူအရာနဲ့ တစ်ထပ်တည်း အပွင့်လင်းဆုံး အရိုးသားဆုံး ပုံဖော်ထားတာ ဖြစ်ပါတယ်။

လူကြီးမင်းများ ဖြစ်တဲ့ ခင်ဗျားတို့က စိတ်ထဲ မကျေနပ်ချက်တစ်ခုခု တွေ့လို့ ဆဲဖို့ ဆိုဖို့ စိတ် ရှိလာရင်တောင် – ပတ်ဝန်းကျင်ကို ရွံ့မယ်။ မိရိုးဖလာ သွန်သင်ချက်နဲ့ – ကောင်းတယ် မကောင်းဘူး ဝေဖန်ချက်တွေ စဉ်းစားတွေးခေါ် ဦးမယ်။ “ငါ ထဆဲလိုက်ရင် – လူကြီးလူကောင်း မပီသရာ ကျမယ်။ Gentleman မဆန်ပဲ နေလိမ့်မယ်။ အမိယုတ်တော့ နှုတ်ကြမ်းတယ် လို့ အပြောခံ ရလိမ့်မယ်။ သည်းခံခြင်းသည် ပါရမီ တစ်ပါးတဲ့။ ငါသည်းခံလိုက်တာပဲ ကောင်းပါတယ်။ သူ့ကို ငါပြန်ပြီး ပြုံးပဲ ပြုံးပြ နေလိုက်တော့ မယ်။ သည်းခံခြင်းသည် မင်္ဂလာ တစ်ပါးတဲ့၊ ဒါကလည်း ဘုရားဟော အရှိသားပဲ” စသဖြင့် ဒီနည်းမျိုးတွေနဲ့ လူကြီးမင်းတို့ Gentleman အများစု တွေးကြ ခေါ်ကြ ဆင်ခြင်ကြတယ်။ ကိုယ့်ဘာသာ တွေးနေရုံမကဘူး ။ ကလေးသူငယ် များကို ယဉ်ကျေးလိမ္မာ ရှိကြသူများ ဖြစ်ပါစေကြောင်း – ကြပ်ကြပ်မတ်မတ် သွန်သင် ပေးတတ်ကြတယ်။ ဒါပေမယ့် ကျနော်တို့ ဟစ်ပီ တွေကတော့ အဲ့လို မတွေးဘူး။ သူတို့ သန္တာန် တစ်ခုခု ဖြစ်လာရင် ဓလေ့ထုံးစံသော၊ Gentleman သော ၊ လူကြီးမင်းသော နားမလည်ဘူး – လုပ်ထည့်လိုက်တာပဲ။ ခင်ဗျားတို့က ဒီလို ရိုင်းစိုင်းခြင်း၊ ကြမ်းတမ်းခြင်း စရိုက် တွေ မြင်သာ နေတဲ့ ဟစ်ပီ တွေကိုပဲ ကွက် ကြည့်တယ်။ “ဟစ်ပီ တွေဟာ ဆိုးသွမ်းလူငယ်တွေပဲ” လို့ သိမ်းကျုံးရိုက်ပြီး ဩဘာ၊ ကင်မွန်း တပ်ပေး လိုက်ကြတော့တယ်။

စစ်စစ် ကျနော်တို့ ဟစ်ပီတွေကို- ကိုယ် လုပ်တဲ့ အလုပ် အတွက် မချင့်ချိန်၊ မစဉ်းစားဘူး၊ ဆိုတဲ့ တစ်ချက်တည်းကြည့် ပြီး ဝေဖန်ရင် မှားပါ လိမ့်မယ်။ ကျနော်တို့ ဟစ်ပီ အများစုဟာ ကိုယ်လုပ်တာ ကို ကိုယ်တာဝန် ယူတယ် ဆိုတဲ့ သတ္တိ စိတ်ဟာ အခိုင်အမာ ရှိပြီးသား ဖြစ်ပါတယ်။ ကိုယ့်အပြုအမူရဲ့ နောက်ဆက်တွဲ အကျိုးဆက် ကို မျှော်ကိုးခြင်း၊ မျှော်လင့်ခြင်း၊ ( ဝါ ) ပူပန်ခြင်း စိတ်နှလုံး မသာမယာ ဖြစ်ခြင်း ဘာမှ မရှိဘူး။ ဖြစ်လာရင် ရင်ဆိုင်မယ် – ကိုယ်ပြုတဲ့ အပြုအမူအတွက် ကိုယ်အပြည့်အဝ တာဝန်ယူတယ်- အဲ့ဒါပဲ ကျနော်တို့ ဆီမှာ ရှိပါတယ်။ ဒါဟာ ခင်ဗျားတို့ လူကြီးမင်းများနဲ့ ယှဉ်ကြည့်ရင် ဘယ်သူ အသာ၊ ဘယ်သူ အနာ ခွဲခြားနိုင်မယ့် အချက်တစ်ချက် လို့ ထင်တယ်။

တကယ်က ဟစ်ပီ ဆိုတာ “ဂုဏ်သရေရှိ – လူကြီးလူကောင်း ဝါဒ” ကို ဖယ်ဖျက်တာပါ။ ဣနြေ္ဒလို့ နာမည်လှလှ ပေးတတ်ကြတဲ့ ဟန်ဆောင် ဖုံးကွယ်မှု တွေ အကုန်လုံး ကို ခဝါ ချထားတာ သက်သက်ပါ။ ဟစ်ပီ တွေရဲ့ မျက်နှာမှာ အပြုံးတု မရှိဘူး။ သူတို့ ပြုံးရင် ရင်ထဲ ကပါ တကယ် ပြုံးနေတာ ဖြစ်ပါတယ်။ သူတို့ ရယ်နေရင် သူတို့ ရင်ထဲက တကယ် ရယ်တယ်။ သူတို့ ချစ်ရင်လည်း တကယ့်ရင်ထဲက အချစ်နဲ့ သာ ဖြစ်ပါတယ်။ သူတို့ဟာ အပြင်ဘန်း စည်းဘောင်တွေကို ဖယ်တယ်။ အတွင်းသန္တာန်ကိုလည်း ဘောင်မထား၊ စည်းမထား၊ လွတ်လွတ်လပ်လပ် သာ ထားရှိတယ်။ သူတို့တွေမှာ သူတို့ ကိုယ်ပိုင် ဖြစ်တည်မှု အမှန်ပဲ ရှိနေတယ် – အပြုံးတု၊ သရုပ်အတု၊ အချစ်တု၊ စကားလုံး အတုတွေ မရှိဘူး။

ဒါ့ကြောင့် ဟစ်ပီ တွေရဲ့ ဂီတ၊ ဟစ်ပီ တွေရဲ့ ကဗျာ ဟာ ပုံမှန်လမ်းကြောင်းကနေ ဖောက်ထွက်တယ်။ လန်းဆန်း သစ်လွင် နေတတ်တယ်။ သူတို့ ရဲ့ ဂီတသံဟာ ပေါက်ကွဲသံလည်း ဖြစ်နိုင်တယ်။ လေညှင်းသံလည်း ဖြစ်နိုင်တယ်။ အဲ့ဒီ ဂီတကို ဖန်တီး နေချိန်မှာ ရှိတဲ့ သူတို့ရဲ့ သန္တာန် အပေါ်မှာသာ မူတည်တယ်။ ကဗျာလည်း ထိုနည်း လည်းကောင်း ပဲ။ သူတို့ ရင်မှာ ပွင့်တဲ့ ပန်းဟာ အရင်းခံ အတိုင်းပဲ ရှိပါတယ်။ ဓာတ်မြေဩဇာ မရောဘူး။ ကိုင်း ဖြတ် ကိုင်းဆက် မလုပ်ဘူး။ သဘာဝ အတိုင်း ရှင်သန်ပြီး၊ သဘာဝ အတိုင်း ပွင့်လန်းပါတယ်။ လူလုပ် အကွပ်အညှပ် တွေနဲ့ မပြုပြင် မဆင်ယင် တဲ့ အတွက် ရေခံမြေခံ ညံ့လို့ သေသွားသူ တွေလည်း ရှိတယ်။ ရေခံ မြေခံပေါ် မူတည်ပြီး လန်းဆန်း လာသူတွေလည်း ရှိတယ်။ ဒါပေမယ့် အနှစ်ချုပ်ကြည့်ရင် သူတို့မှာ သဘာဝ သက်သက်ပဲ ရှိတယ်။ ဒါဟာ ဟစ်ပီ ဆိုတာရဲ့ အခြေခံပါ။

ကျနော် တို့ ဟစ်ပီတွေ မပြောမဖြစ် တဲ့ နောက် အချက်တစ်ခုက – မိမိတို့ရဲ့ သိစိတ်ကို အဆုံးအစမဲ့ ချဲ့ထွင် ချင်စိတ်ပါ ။ ဒါဟာ ဘယ်အညွှန်းဘောင် လက်အောက် မှာမှ မနေလိုဘူး ဆိုတဲ့ စရိုက်ရဲ့ အခြေခံ အကြောင်းတရား လည်း ဖြစ်ပါတယ်။ ဒီစိတ်ကြောင့်ပဲ ဟစ်ပီတွေမှာ လူကြီး မရှိဘူး။ သူတို့ အောက်ငယ်သား ဆိုတာလည်း မရှိဘူး။ သူတို့မှာ သူဌေးကို ကြောက်တာလည်း မရှိဘူး။ ကိုယ့်အလုပ်သမား ဆိုပြီး နှိမ်တာလဲ မရှိဘူး။ ဆိုလိုတာက ဟစ်ပီတွေမှာ ခင်ဗျားတို့ လူကြီးမင်း အများစုလို အဂတိတရား မလိုက်စားကြပါဘူး။ တော်တော် များများဟာ အသစ် – အသစ် – အသစ် ဆိုတဲ့ နယ်ပယ်တစ်ခွင်လုံးကို သာ ပြေးလွှားသွားချင် စိတ် ရှိပါတယ်။ တစ်နေရာရာမှာ တစ်ကြောင်းကြောင်းနဲ့ အကွပ်အညှပ် ခံနေရတာကို မလိုလားဘူး။

ဒါ့ကြောင့် ကောင်းလား ဆိုးလား ပင်ကိုယ်သိ မခိုင်မာ ခင်မှာ – အသစ် တစ်ခုလို့ မြင်ရင် ကိုယ်ရော စိတ်ပါ စမ်းသပ်ချင်စိတ် ရှိတတ်ကြတယ်။ ကွင်းပြင်ကျယ်ကြီး တစ်ခုလုံးကို စိတ်ရော ကိုယ်ပါ မျှောလွင့် ထားချင်တယ်။ ပတ်ဝန်းကျင် စည်းဘောင်တွေ၊ မိမိ ခန္ဓာကိုယ် ဘောင်အညွှန်း တွေကို ချေဖျက်ပစ် လိုက်ချင်တယ်။ ဒါ့ကြောင့်လည်း ခင်ဗျား တို့ လူကြီးမင်းများ မျက်စိအောက် မှာတင် ကျနော်တို့ ဟစ်ပီ အများဟာ ဘိန်းရှူတယ်၊ ကိုကင်းသုံးတယ်။ အဖြူစွဲတယ်။ ဟာရှီ ကိုင်တယ်။ Mescaline, Marijuana သုံးတတ် ကြပါတယ်။ ဒါကို ကြည့်ပြီး ခင်ဗျားတို့က လက်ညှိုး ထိုးမလား။ တစ်ဖက်မှာ ကြည့်ပါ။ – ဒီ ဟစ်ပီတွေပဲ ယောဂကျင့်တယ်။ ကမ္မဋ္ဌာန်း ထိုင်တယ်။ တရားစခန်းလည်း ရောက်ဖြစ်ကြ ပါသေးတယ်။ ဒီနောက်ပိုင်း ဆို ပိုများများ စားစား တွေ့ရပါတယ်။ ဒါပေမယ့် ဟစ်ပီ အကြမ်းထည်များ ကို တရားစခန်းမှာ တွေ့ရင် ခင်ဗျား တို့ လူကြီးမင်း အများ ကပဲ မေးငေါ့ အပြစ်တင် နေတတ်ကြပါသေးတယ်။ တကယ်တော့ ဒီတရား ဘာဝနာ နဲ့ မူးယစ်ဆေးဝါး ဟာ ဆန့်ကျင်ဘက် နှစ်ရပ်ပါ။ ဒီ ဆန့်ကျင်ဘက် နှစ်ရပ်စလုံးကို လုပ်ဖြစ်တတ်ကြတဲ့ အကြောင်းရင်းက – အထက်မှာ ပြောခဲ့တဲ့ ကျနော်တို့ ဟစ်ပီများရဲ့ အခြေခံ စိတ်ကြောင့်ပဲ ဖြစ်ပါတယ်။

ကဲ…စာဖတ်သူ လူကြီးမင်းများလည်း စာကို ဒီနေရာအထိ ဖတ်လာရင် –
ဟစ်ပီ အတွက် – ကာဆီး ပြောနေတဲ့ ကျနော့ အပေါ် တော်တော် ချဉ် နေလောက်ရော့မယ်။
တော်လောက်ပြီ ထင်ပါတယ်။

ကျနော် ပြောချင်တာက – ဟစ်ပီ တွေဟာ ဆိုးသွမ်းလူငယ် တွေ ဖြစ်တယ် ဆိုတဲ့ စွပ်စွဲချက် အမြင် နဲ့ နောင်လာ နောက်သား လူငယ်လေး တွေကို မိမိတို့ ပုံစံ ဒုံးရိုး ကြီး အတိုင်း ဇွတ်မသွင်း စေချင်ဘူး ။ ဒါကိုပဲ ဆိုလိုတာပါ။ မိမိတို့ ဓလေ့ ထုံးစံ တွေနဲ့ မညှပ်ကွပ်လိုက် ပါနဲ့။ “လူကြီးလူကောင်း နိုင်ငံကြီးသား ဆိုတာ ဒီလို နေရမှာကွ” ဆိုပြီး စကားလုံး လှလှနဲ့ ဟန်ဆောင် အမူအရာ တွေ မသင်ပေးကြပါနဲ့။ လွတ်လပ်မှုကို ဖော်ထုတ်ရဲဖို့၊ အမှန်ကို အမှန် အတိုင်း လက်ခံရဲဖို့၊ အမှားလို့ မြင်ရင် အမှားအတိုင်း ပြုပြင် ရဲဖို့ သတ္တိ နဲ့ အမြင် ကိုသာ သင်ပေးကြပါ။ ခင်ဗျားတို့ လူကြီးမင်း အများစု ဟာ ကိုယ့်အတ္တနဲ့ ကိုယ်ကြည့်ပြီး ကိုယ်လိုချင်ရာ ကိုယ် ပုံဖော်ကြတယ်။ အောက်သူ အောက်သား ဘာဖြစ်တယ်၊ ဘယ်လို ဆိုတာ နားမလည်ဘူး။ သိသလို ၊ တတ်သလို၊ ကိုယ့်လိုဘ ချည်းသာ မကြည့်ကြပါနဲ့။

ကိုယ့် ရလိုမှု တစ်ခုတည်းနဲ့ “အိုးဆိုတာ မခြောက်ခင် နာနာ ပုတ်ရတယ်ကွ” ဆိုတဲ့ ရှေးစကားကို ခင်ဗျားတို့ လူကြီးမင်း ပညာရှိအများက သုံးစွဲ အော်ဟစ် နေတတ်ကြတယ်။ အဲ့လို လူတွေကို အိုးလို သဘောထားပြီး ပုတ်တိုင်းသာ ထွက်ရမယ် ဆိုရင် – ပုံစံတူ လူသားတွေ ဒုနဲ့ဒေး ဖြစ်နေမှာပဲ။ ကျနော် တို့ ဟစ်ပီ အများ တောင်းဆိုလိုတာက – လူတွေဟာ – အိုး မဟုတ်ပါဘူး ခင်ဗျာ- ။ နာနာ ပုတ်ရင် ကွဲသွား ပါလိမ့်မယ်။ နောက်ဆုံးမှာ ကိုယ်လွတ်လိုရာ ကိုယ်ဇွတ် ခွဲထွက်ကြရင်း နှစ်ဦး နှစ်ဖက် ဆိုးကျိုးတွေသာ ဖြစ်လာ ပါလိမ့်မယ်။ အညွှန့်ရှိတဲ့ လူငယ်တွေ လည်း ပျက်ဆီးသွား ရသလို ခင်ဗျားတို့ လူကြီးမင်းများ လည်း ရင်ကျိုး သွားတာပဲ အဖတ်တင် ပါလိမ့်မယ်။ ခင်ဗျားတို့ အလုပ်က သူရို့လေးတွေ ကို တည့်မတ်ပေးဖို့သာ ဖြစ်ပါတယ်။ သူရို့တွေကို ပုံသွင်း ဖို့ မဟုတ်ဘူး။ ခင်ဗျားတို့ရဲ့ ပုံစံခွက်ထဲ ကို ဒီလိုစား ၊ ဒီလိုသွား၊ ဒီလိုကြံ၊ ဒီလိုတွေး – ဆိုပြီး ဆွဲမသွင်း လိုက်ပါနဲ့။ လူစဉ်မမှီအောင် မလုပ်လိုက် ကြပါနဲ့။ သူတို့ ပုံစံခွက်ဟာ ဘယ်လိုလေး ဖြစ်ရင် မကောင်းနိုင်ဘူးလား။ သူတို့ ပုံစံခွက်ကို ဘယ်လို ပုံဖော်ယူနိုင်စွမ်း ရှိကြသလဲ – အဲ့ဒါကိုပဲ သွန်သင်ပေးကြပါ။ အတွေးအခေါ် ဥာဏ် ဖောက်ထွက် တွေးသမျှ ကို မချိုးဖဲ့လိုက်ကြပါနဲ့။ ခင်ဗျားတို့ လူကြီးမင်းများ လုပ်ရမယ့် အလုပ်က လူငယ်တွေကို “ ဒီလမ်းက ကောင်းတယ် – ဘယ်လို ကောင်းတယ် ဘာကြောင့်ကောင်းတယ် ၊ ဒီလမ်းက ဆိုးတယ် – ဘယ်လို ဆိုးတယ် -ဘာ့ကြောင့်ဆိုးတယ်” နားလည်မြင်သာအောင် ရှင်းလင်း ညွှန်ပြဖို့ပဲ ရှိပါတယ်။ လက်ညှိုးထိုး ပြဖို့ပါ။ ဒီလူငယ်တွေဟာ သူတို့အား သူတို့မာန် အပြည့်အဝ အသုံးချခွင့် ပေးပါ။ ခင်ဗျားတို့ လိုချင်ရာ လမ်းကိုပဲ အတင်း တွန်းမပို့ကြပါနဲ့။ အဲ့ဒီလမ်းကို ဆက်သွားဖို့ တာဝန်ဟာ လူငယ်တွေရဲ့ တာဝန်သာ ဖြစ်ပါတယ်။

ကျနော်ပြောချင်တာ ဒါပါပဲ။

……………………..
Ref: Osho’s impressions on Hippies
…………………….
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/
…………………….

About zayya
Just Be. That's Enough! Shared words with Silence.

One Response to ကျွန်တော် – ဟစ်ပီ

  1. saw willian tun says:

    that right!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: