အိုရှိုး – ခရှိဝဟာရ အမေး အဖြေ ( ၂ )

၁၉၈၅ ဇူလိုင်လ ၁၇ ရက် မှာ Good Morning America ရဲ့ တာဝန်ရှိသူ Ken Kashiwahara နဲ့ အိုရှိုး တို့ ရဲ့ အမေးအဖြေ စကား ဖြစ်ပါတယ်။ ယခင် ( ၁ ) ရဲ့ အဆက်ပါ။ အချို့တွေကို ကျော် ထားခဲ့တယ်။
……………………………………..

17 July 1985 om in Jesus Grove
Questioner – Ken Kashiwahara , Good Morning America, ABC Network, USA
Answerer – Osho_Bhagwan

Q: အိုရှိုး – ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် ဘုရားသခင်လို့ ယူဆထားပါသလား

A: ( ရယ်မောလျက် ) အိုး – ဘုရားသခင် !!!🙂 – “ဘုရားသခင်” ဆိုတာ မရှိဘူးဗျ။ အဲ့အတွက် ကျနော့ကိုယ် ကျနော် ဘုရားသခင်လို့ ဘယ်လို စဉ်းစားပေး ရမလဲ။ တကယ်စင်စစ် – ဘုရားသခင် ဆိုတာ လူတွေ ဖန်တီးထားတဲ့ အကြီးကျယ်ဆုံး လိမ်စဉ်ကြီးပါ။

Q: ဘာလို့လဲ။

A: ဘာဖြစ်လို့လဲ ဆိုတော့ – လူတွေဟာ အားကိုးရာ မဲ့နေတယ်။ သေခြင်းတရားကို ကြောက်လန့် နေမယ် ။ ဘဝ ပြဿနာတွေ တပုံတခေါင်း နဲ့ ဝန်ပိ နေကြတယ်။ သူ့ရဲ့ အတိတ်မှာ ( ဒါမှမဟုတ် ) သူ့ရဲ့ အမြင်မှာ – အဖေဖြစ်သူ၊ အမေဖြစ်သူ တွေရဲ့ စောင့်ရှောက်မှု ကို မက်မောတယ်။ ပြန်တမ်းတတယ်။ ဘာတာဝန် မှ ယူစရာ မလို၊ ဘာမှ စိုးရိမ် ကြောင့်ကြ နေစရာ မလိုတဲ့ လှတပတ နေ့ရက်လေးတွေကို မျှော်လင့်တယ်။ သူ့ကို ကြည့်ရှု စောင့်ရှောက်မယ့်သူ တစ်စုံတစ်ယောက် ရှိနေပါစေ လို့ သူ့မှာ ဆန္ဒရှိနေပါတယ်။ ဒါဟာ ကလေးသူငယ် ဆိုင်ရာ စိတ်ပညာပါ။

ဒီ စိတ်စရိုက် သန္တာန်ဟာ ဘာသာရေးလို့ ခေါ်တဲ့ Religion ဘာသာတရားတွေ အားလုံးအပေါ် အရိပ်ထိုး နေပါတယ်။ ဥပမာ – ဘုရားသခင် ကို အဖ ဘုရားသခင် လို့ ဆိုတာမျိုး ရှိတယ် ။ ဘုရားသခင် ကို မိခင် အဖြစ် သတ်မှတ်တဲ့ ဘာသာတွေလည်း ရှိတယ်။ ဒါဟာ အခြေခံ အနေနဲ့ ကလေး သူငယ် တစ်ယောက် ရဲ့ ရိုးရိုးရှင်းရှင်း စိတ်စရိုက် ပါ။ တကယ့် အစစ်အမှန် သဘောမှာ – ဒါဟာ အခြေအမြစ် မရှိဘူး။ ခင်ဗျား ကြောက်လန့် နေရတဲ့ အခါတိုင်း၊ ခင်ဗျား ပြဿနာ အကျဉ်းအကျပ်ထဲ ရောက်ရတဲ့ အခါတိုင်း ခင်ဗျား အကူအညီ လိုနေတယ်။ အကူအညီ ရှာတယ်။ ဒါပေမယ့် အကူအညီ ဆိုတာ ဘယ်တော့ မှ ရောက်မလာ ခဲ့ဘူး။

လက်ဝါးကပ်တိုင် ပေါ်က ယေရှု ခရစ်တော်ဟာ လည်းပဲ အကူအညီ မျှော်လင့် စောင့်စား ခဲ့သေးတာပဲ မဟုတ်လား။ နောက်ဆုံးမှာ စိတ်ပျက် သွားတယ်။ ညည်းတွား ရေရွတ်တယ်။ “အဖ ဘုရားသခင်၊ အရှင် အကျွန်ုပ်ကို လျစ်လျူရှု နေပါသလား” လို့ သူပြောခဲ့တယ်။ ဒီမေးခွန်း ပေါ်လာတာ ဟာ သူ့ အတွေးမှာ အကြီးမားဆုံး သံသယ ပေါ်လာခဲ့ လို့ပဲ။ တကယ့် လက်တွေ့ မှာ ဘာမှ ဖြစ်မလာခဲ့ဘူး။ သူ ဘုရားသခင်ကို နှစ်ပေါင်း များစွာ ယုံကြည်လာခဲ့တယ် – ဘုရားသခင်က သူ့ကို ကယ်တင်လိမ့်မယ်လို့ သူ ထင် ထားခဲ့တယ်- ဘာလို့ဆို သူဟာ ဘုရားသခင် ရဲ့ တစ်ဦးတည်းသော သားတော်လို့ သူလက်ခံထားလို့ပဲ ။ ဒါပေမယ့် ဘယ်သူမှ ရောက်မလာခဲ့ဘူး။

Q: “အဖဘုရား၊ မိမိပြုသော အမှုကို မိမိ မသိကြသည့် အကြင်လူ တို့ကို အခွင့်လွှတ်တော်မူပါ” လို့ သူ ပြောခဲ့သေးတာပဲ မလား။

A: ဒါဟာလည်း ဒီ တစ်စိတ်ထဲပဲ။

Q: ဘာအကြောင်းကြောင့်လဲ။

A: သူ့ဘဝ တစ်ခုလုံး ကြောင့်ပဲ။ သူ့ဘဝ တစ်လျောက်လုံး သူ သင်ကြားခဲ့သမျှ၊ သူ လုပ်ခဲ့သမျှ အဲ့ခဏမှာ ဘာမှ အသုံးမဝင်ဘူး ဖြစ်သွားတယ်။ ဘုရားသခင်ရဲ့ တစ်ဦးတည်းသော သားတော်လို့ ဘယ်လိုလူမျိုးက ကြွေးကြော်ပါသလဲ။ နောက်ပြီး – သူဟာ ကယ်တင်သူ ဖြစ်တယ်လို့ လူတွေကို ဟောကြားခဲ့တယ်။ သူနဲ့ အတူ ရှိနေသူ တိုင်း ကယ်တင်ခြင်းကို ခံရလိမ့်မယ်။ သူနဲ့ အတူ ရှိမနေသူဟာ ထာဝရ ငရဲကို ကျရလိမ့်မယ်။ — အဲ့ဒါ သူပြောတဲ့ စကားပဲ။ တစ်ဖက်မှာ — သူ့ရဲ့ အကျင့်ကို ကြည့်ကြည့်ပါ။ သူနဲ့ သူ့တပည့်သာဝကတွေ ဆာလောင် နေတဲ့အချိန် — မက်မုံပင်ကြီးမှာ အသီးသီး မနေဘူး။ သူ အဲ့ မက်မုံပင်ကို ကျိန်စာတိုက် တယ်။ တကယ်က မက်မုံသီးသီး တဲ့ ရာသီမှ မဟုတ်ဘဲ။ မက်မုံပင်မှာ ဘာအပြစ်မှ မရှိဘူး။ ဒါပေမယ့် သူ အဲ့အပင်ကို ကျိန်စာတိုက်တယ်။

အခု ဘုရားသခင်ကို တိုင်တည် ရေရွတ်တဲ့ စကား။ “သူတို့ ပြုတဲ့ အမှုကို သူတို့ မသိကြဘူး – သည်လူတွေကို အခွင့်လွှတ်တော်မူပါ” ဒီစကား ဟာ မိမိ အတ္တ အတွင်းစိတ်က ထွက်ပေါ်လာတဲ့ စကားမျိုးပါ။ သနားဂရုဏာ က ထွက်လာတယ် လို့ ကျနော် မထင်ဘူး။ ဒါပေမယ့် ရာစုနှစ်ပေါင်း များစွာ – ခရစ်ယာန်တွေ ကြွေးကြော်ခဲ့တာက – ယေရှုခရစ် ဟာ သနားဂရုဏာ စိတ်နဲ့- ရန်သူကိုတောင် ဆုတောင်း ပေးခဲ့ ပါသေးတယ် တဲ့။ ဒါပေမယ့် သူ့စကားကို ကျနော် အခု ပြန်ရွတ်ကြည့်မယ် “အဖဘုရား၊ သူတို့ ပြုသည့်အမှု သူတို့ မသိကြသော အကြင်လူ တို့ကို ခွင့်လွှတ်တော်မူပါ” ။ ဟုတ်တယ်ဟုတ် ။ တကယ်က ဒါဟာ သနားဂရုဏာ စိတ်က လာတာ မဟုတ်ဘူး။ “မင်းတို့ကတော့ မသိရှာဘူး။ ငါပဲ သိတယ်” ဆိုတဲ့ ဟိုလူတွေအပေါ် ရှုတ်ချ ပြစ်တင်စိတ် က လာတာ ဖြစ်ပါတယ်။

Q: ဒါပေမယ့် – ခရစ်တော် သင်ကြားခဲ့တာတွေဟာ လက်ရှိ လူ့ဘောင်အဖွဲ့အစည်း ကောင်းမွန်ရေး အတွက် အခြေခံ အကျဆုံး ပုံစံတွေပဲ မဟုတ် လား။

A: လူ့ဘောင်အဖွဲ့အစည်းကို ကူညီ ပေးနိုင်ခဲ့တဲ့ အရာ – ဘာတစ်ခုမှ မရှိပါဘူး။ အဲ့ဒီ သင်ကြားချက်တွေ ထဲမှာ ချီးမြှောက်တာတွေ မရှိဘူး။ ကျိန်စာတွေပဲ ရှိနေတယ်။ အဲ့ဒီ သင်ကြားချက် စကား တွေမှာ စကားလုံးလေးတွေ အရမ်းလှတယ်။ နောက်ပြီး အဲ့ဒါတွေကို လူတွေက ထပ်တလဲလဲ ရေရွတ်ကြတဲ့ အခါ – ခင်ဗျား အပါအဝင် အခြား လူတိုင်းနီးနီးဟာ – အဲ့စကားရဲ့ မူရင်း အသွားကို မေ့လျော့သွားကြတယ်။

သူပြောတယ် “Blessed are the poor, for theirs is the kingdom of God.” – ဒုက္ခဆင်းရဲ ခံရသူ အပေါင်းတို့သည် ကောင်းချီး ခံရမည့်သူများ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်၏ နိုင်ငံသားများ ဖြစ်သောကြောင့်– ဒီစကားလေးဟာ ဘယ်လောက် လှလိုက် သလဲ ။ ဒါပေတဲ့ အခြေအမြစ် ကျကျ ကြည့်ကြည့်ပါ – ရုပ်ဆိုး လွန်းတယ်။ ဒီစကား ဟာ ဒုက္ခ ဆင်းရဲခံရသူတွေ အတွက် နှစ်သိမ့်တဲ့ စကားသာ ဖြစ်နေပါတယ်။ အလွန်ဆုံး ဆင်းရဲသားတွေ အတွက် မြှောက်ပေးနေတဲ့ စကားပဲ ဖြစ်မယ်။ ဒီသနားစရာ ဆင်းရဲသား လူတွေကို ဒီစကားနဲ့ – မျှော်လင့်ချက် အမှားတွေ ပေးနေတယ်။ အဲ့ဒါရဲ့ အပေါ်လွင်ဆုံး သက်သေ ရလာဒ်က – အခု ကမ္ဘာမှာ ဆင်းရဲမွဲတေမှု တွေ ဖြစ်ပွား ကျန်ရစ်ခဲ့တယ်။

ဘုရားသခင်ရဲ့ နိုင်ငံသား အဖြစ် ဘယ်သူ မခံယူချင်ဘဲ ရှိပါ့မလဲ။ ယေရှုက ပြောခဲ့တယ် – “အပ်နဖား ပေါက်ထဲကို ကုလားအုတ် ခေါင်း ဝင်နိုင်ကောင်း ဝင်နိုင်လိမ့်မယ် – ချမ်းသာကြွယ်ဝ ဇိမ်ယစ်နေသူ တစ်ယောက်က ဘုရားသခင် တံခါးဝကို ဘယ်တော့မှ ဝင်နိုင်မှာ မဟုတ်ဘူး” ဒါဆိုရင် ဒီ ယေရှုခရစ်ဟာ ကမ္ဘာပေါ်က ဆင်းရဲ မွဲတေမှု တိုင်း အတွက် တာဝန်ရှိတယ်။ သူ က ချမ်းသာကြွယ်ဝမှု ကို ရှုံ့ချခဲ့တယ်။ အဲ့ဒါနဲ့ တစ်ဆက်တည်း – ကမ္ဘာကို ချမ်းသာအောင် ဖော်ဆောင်မယ့် စွမ်းရည်တွေ ၊ကြိုးပမ်း အားထုတ်မှု တွေ အကုန်လုံးကို သူ ရှုံ့ချတာ ဖြစ်သွားတယ်။

ဒုက္ခ ဆင်းရဲသားတွေ ဟာ ကောင်းချီး ခံရမယ့်သူတွေ ဖြစ်တယ် ဆိုတဲ့ စကားမျိုး ကျနော် မပြောနိုင်ဘူး။ ဒါဟာ Karl Marx ရဲ့ စကားနဲ့ ဆိုရင် လူတွေ အတွက် ဘိန်း- ပဲ။ သင်ကြားချက် တစ်ရပ် အတွက် – စကားလုံး လှလှတွေကို အသုံးပြုလို့ ရနိုင်ပါတယ် – ဒါပေမယ့် တကယ့် ရည်ညွှန်း နေတာကို ကြည့်တတ်ဖို့တော့ လိုမယ်။ ကနေ့မှာ ခရစ်ယာန်တွေ ဘာလုပ်သလဲ။ နှစ်ပေါင်း နှစ်ထောင် ရှိပြီ – သူတို့ ဘာလုပ်ခဲ့သလဲ။ သူတို့တွေဟာ မိဘမဲ့ ကလေးကျောင်းတွေ ဖွင့်လိမ့်ယ်။ သူတို့တွေဟာ သန္ဓေတားမှုကို ကန့်ကွက်နေတယ်။ မွေးဖွားနှုန်း ကန့်သတ်မှုကို ရှုတ်ချနေတယ်။

Q: အချို့တွေက မလုပ်ကြပါဘူးဗျ။

A: သူတို့ လုပ်သလို မလုပ်တဲ့ အဲ့ဒီ သူတွေဟာ အကျဉ်ခံ ရတော့မယ်ဗျ။ အခုလည်း အချို့ အကျဉ်ခံနေရတယ် မဟုတ်လား။ ဥပမာ အခု ပုပ်ရဟန်းမင်းကြီး ကိုယ်တိုင် က သန္ဓေတားမှုကို ကန့်ကွက်နေတယ်။ မွေးဖွားနှုန်း ကန့်သတ်မှုကို ဆန့်ကျင် တားဆီးပြ တယ်။ ဒါ့ကြောင့် ကမ္ဘာသားတွေ ရဲ့ တကယ့်ကိစ္စကြီး ကို သူ ဆန့်ကျင်နေရာ ရောက်သွားပါတယ်။ အခု ကမ္ဘာမှာ လူဦးရေ တိုးပွားနှုန်း မြင့်တက်လာတယ် – အဲ့ဒီအတွက် ဆင်းရဲ မွဲတေမှု နှုန်းလည်း မြင့်တက် လာရတယ် – ကဲ …ဒီကိစ္စ ဘယ်သူ့မှာ တာဝန်ရှိလဲ။ ကျနော့ အနေနဲ့ ဆိုရင်တော့ ဒီလူတွေ ဟာ ရာဇဝတ်ကောင်တွေပဲ။

Q: :O ပုပ်ရဟန်းမင်းကြီးက ???

A: ဟုတ်တယ် ။ အမှန်ပဲ။ ခင်ဗျား သူ့ကို ခဏတော့ ထိန်းသိမ်းထားသင့်တယ်။

Q: ဘာဖြစ်လို့လဲ ။

A: သူ လူတွေကို ပြောနေတဲ့ အချို့စကားတွေကို ခင်ဗျား ကြည့်ကြည့်ပါ။ “Go on producing children – they are gifts of God” — ကလေးငယ်များကို ဆက်လက် မွေးမြူကြလော့ – ၎င်းတို့သည် ဘုရားသခင်၏ လက်ဆောင်မွန်များ ဖြစ်ကြ၏ — တဲ့။

အဲ့ဒါဆိုရင် သူဟာ – အီသီယိုပီးယား အတွက် တာဝန်ရှိတယ်။ အိန္ဒိယက ဆင်းရဲသား တွေ အတွက် တာဝန်ရှိတယ်။ ကမ္ဘာမှာ ဆင်းရဲမွဲတေမှု ဟာ နေရာတိုင်း နီးပါးမှာ ဖြစ်ပွားနေပါတယ်။ အဲ့ဒီအတွက် ဘယ်သူတွေမှာ တာဝန်ရှိသွားမလဲ။ ဒီလူတွေမှာ တာဝန်ရှိသွားတယ်။ – တစ်ဖက်မှာ – ဘုရားသခင်ရဲ့ အမည်နာမ ကို ရေရွတ်ပြီး သူတို့တွေ အားပေးခဲ့ကြတယ် မဟုတ်လား ။ အဲ့အတွက် – လူဦးရေတွေသာ တိုးပွား လာတယ်။ အခြားတစ်ဖက်မှာ ကမ္ဘာကြီးကတော့ ပိုမို ငတ်ပြတ် မွဲတေသွားတော့တယ်။

Q: ဒါဆို ခရစ်ယာန်ဝါဒ၊ ဟိန္ဒူဝါဒ၊ ဗုဒ္ဓဝါဒ စသဖြင့် တည်ရှိနေကြတဲ့ ဘာသာ အယူဝါဒ တွေမှာ ခင်ဗျား ကောင်းတယ်လို့ ထင်တာ တစ်ခုမှ မရှိဘူးလား။

A: တစ်ခုမှ မရှိပါဘူး။ ကျနော် ဆိုလိုတာက – အဲ့ဒီ “ဝါဒ၊ ဝါဒီ” တွေ တံဆိပ် ကပ်ပြီး ခွဲခြား သတ်မှတ် လာတဲ့ ခင်ဗျားရဲ့ အတိတ် သန္တာန် အကုန်လုံး ကို ပြည်ဖုံး ကားချ ချန်ထားရစ် ခဲ့စေချင်တာ။ အဲ့ဒီ ဝါဒ၊ ဝါဒီ၊ အယူအဆ ဆိုတာတွေကို ချေဖျက် ထားခဲ့လိုက် စေချင်တာ။ အတိတ် က တစ်စုံတစ်ရာ မှ အရိပ်ထိုး မနေပါစေနဲ့။ အဲ့လိုနည်း အားဖြင့်သာ ခင်ဗျားဟာ အသစ်လွင်ဆုံး လူသား ဖြစ်နိုင်ပါလိမ့်မယ်။ လောကသစ်၊ နယ်ပယ်သစ် ဖြစ်လာပါလိမ့်မယ်။ ဒါ့ကြောင့် ကျနော် အရှေ့မှာ – ဒီဝါဒ၊ ဝါဒီ၊ အယူအဆ ဆိုတာတွေ အကုန်လုံး မှားယွင်း နေတယ် လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ သက်သေကတော့ အခု ခင်ဗျားရှေ့က ကမ္ဘာကြီးပဲ။ ကမ္ဘာဟာ အဲ့ဒီဝါဒ၊ ဝါဒီ ကွဲပြား နေမှုနဲ့ -အစိတ်စိတ် အပိုင်းပိုင်း- ရွှံ့အလူးလူး ဖြစ်နေတယ်။ ကမ္ဘာတစ်ခုလုံး ရူးသွပ်နေတယ်။ အဲ့ဒါကြောင့် လည်း စိတ်ကူးစံနှုန်းတွေ၊ နည်းလမ်း ဆိုတာတွေ၊ ဝါဒတွေ၊ လူ့ဘဝနေထိုင်နည်းတွေ၊ စကားလုံး အတွေးအခေါ် တွေနဲ့ – အချို့လူတွေက ဦးဆောင်ပြီး ကမ္ဘာကို မနည်း ထိန်းကျောင်း ပေးနေရ တယ်။ အဲ့ဒါဟာ ဗုဒ္ဓ ဝါဒ၊ ဟိန္ဒူ ဝါဒ၊ ခရစ်ယာန် ဝါဒ၊ မိုဟာမက်ဒင် ဝါဒ ဆိုပြီး ဝိဝါဒ၊ ဝါဒီ၊ တံဆိပ်တွေ ကွဲပြား ဖြစ်တည် နေမှု ကြောင့် ထွက်ပေါ်လာတဲ့ အကျိုးရလာဒ် ဖြစ်ပါတယ်။ အခု ကြုံနေရတာတွေ ဟာ အဲ့ဒီ အကျိုးရလာဒ် ပါပဲ။

Q: ခင်ဗျား ပြောတဲ့ စကားထဲမှာ ပါတယ်။ “ကမ္ဘာကြီး တစ်ခုလုံးဟာ ရွံ့အလိမ်းလိမ်း နဲ့ ရူးသွပ်နေတယ်” တဲ့ ။ ဒါဆို ခင်ဗျားက ကမ္ဘာကို/ လူကို သစ်လွင်အောင် ဖန်တီးစေချင်တယ် ဆိုတာ ဘာကို ဆိုလိုတာလဲ။

A: ရူးသွပ်မသွားစေဖို့ – ဖြူစင်လာစေဖို့ လမ်း ရှိပါတယ် –လို့ ကျနော် ရိုးရိုးရှင်းရှင်း ပြောနေတာ ဖြစ်ပါတယ်။ ခင်ဗျား ရဲ့ အတွင်း သန္တာန်မှာ အတိတ်က ဖန်တီးခဲ့သမျှ ရူးသွပ်မှုတွေ အကုန်လုံး ဖယ်ရှား သွားအောင် ခင်ဗျား လုပ်နိုင်တယ် လို့ ကျနော် ပြောနေတာပါပဲ။

Q: ဘယ်လိုမျိုးလဲ။

A: ခင်ဗျားရဲ့ အခုလက်ရှိ အတွေးစဉ်ကို ရိုးရိုးသားသား “စောင့်ကြည့်ခြင်း” သက်သက်နဲ့- ဖြစ်ပါတယ်။ ဒါဟာ ဘာဝနာပါ။ ဒါဟာ ဆုတောင်းတာ မဟုတ်ဘူး။ ဆုတောင်းဖို့ ဘုရားသခင် ဆိုတာ မရှိဘူး။ ခင်ဗျား အခု ထိုင်နေသလား – အဲ့ဒါဆို ခင်ဗျား လုံးဝ တိတ်ဆိတ် ငြိမ်သက်စွာ ထိုင်နေကြည့်ပါ – ခင်ဗျားရဲ့ သန္တာန်မှာ ဖြတ်သန်းသွားတဲ့ အတွေးစဉ်တွေ အပေါ် စောင့်ကြည့်မှု သက်သက် ရှိနေပါ။ — ဒီနေရာမှာ “စောင့်ကြည့်မှု” သက်သက် ဖြစ်ပါတယ်။ ခင်ဗျား ဝင်ပြီး မနှောင့်ယှက်ရဘူး။ “ဝေဖန် ပိုင်းဖြတ်မှု” တောင် မလုပ်ရပါဘူး။ ဘာလို့လဲ ဆိုတော့ – ခင်ဗျား ဝေဖန် စိစစ် နေတဲ့ ခဏမှာ – ခင်ဗျား စောင့်ကြည့်မှု သက်သက် ဆိုတဲ့ ကိစ္စ က ပျောက်သွားလို့ပဲ ။ ခင်ဗျားက “ဒီဟာက ကောင်းတယ်၊ ဒီဟာက မကောင်းဘူး” လို့ ဝင် ဝေခွဲလိုက်တဲ့ ခဏ ဟာ အတွေးပုံရိပ် ဖြစ်စဉ်တွေထဲ ခင်ဗျား ခုန်ချသွားတာပဲ ဖြစ်ပါတယ်။ အဲ့အတွက် ခင်ဗျားက စောင့်ကြည့်မှု သက်သက် ကို လုပ်တတ်ဖို့ လိုတယ်။ အဲ့လို စောင့်ကြည့်လာမယ် ဆိုရင် – သိပ်မကြာခင်မှာ ခင်ဗျား ရဲ့ “စောင့်ကြည့်နေမှု” နဲ့ ခင်ဗျားရဲ့ သန္တာန် ကြားမှာ ကွာဟချက် တစ်ခု ဖြတ်ခနဲ ဖြစ်သွား ပါတယ်။ အဲ့ဒီ ကွာဟချက်ကို မြင်လိုက်တဲ့ အချိန်မှာ ခင်ဗျား အံ့အားသင့်သွားလိမ့်မယ် ။ — ခင်ဗျား ဟာ စိတ်မဟုတ်ဘူး ။ အတွေးလဲ မဟုတ်ဘူး။ ခင်ဗျားဟာ ဒီခန္ဓာလည်း မဟုတ်ဘူး။ ခင်ဗျားဟာ စောင့်ကြည့်မှု သက်သက်၊ သိမှု သက်သက် ဖြစ်နေကြောင်း — ခင်ဗျား မြင်သွားပါလိမ့်မယ်။

ဒီစောင့်ကြည့်မှု ဖြစ်စဉ်ဟာ စစ်မှန်တဲ့ ဘာသာရေး ရဲ့ အနှစ်အမြုတေပါ။ ဘာကြောင့်လဲ ဆိုတော့ ခင်ဗျား အဲ့ဒီ စောင့်ကြည့်မှု ကို အတွင်းကျကျ ပိုပြီး နက်နက်ရှိုင်းရှိုင်း လုပ်လာလေလေ – အတွေး၊ စိတ်ကူး၊ ပုံရိပ်တွေ ပျောက်ကွယ် လာလေလေ ဖြစ်ကြောင်း တွေ့ရပါလိမ့်မယ်။ နောက်ဘိတ်ဆုံး- အဲ့လို စောင့်ကြည့် နေထိုင်ရင်း ဘာအတွေးမှ မရှိတော့တဲ့ ခဏကို ခင်ဗျား ရောက်သွား လိမ့်မယ်။ အဲ့အချိန်ဟာ “ဘာအတွေးမှ မရှိတော့ဘူး” ဆိုတဲ့ အတွေး တောင်- မရှိတော့တဲ့ အချိန်ပဲ။ ခင်ဗျားရဲ့ စိတ်၊ ခင်ဗျားရဲ့ သန္တာန်ဟာ လုံးဝ ဗလာကျင်းလျက် ဖြစ်နေတာ တွေ့မယ်။ လုံးဝ – အပြည့်အဝ – ဘာမှ မဟုတ်တဲ့ ၊ ဗလာဖြစ်နေတဲ့ အဲ့ဒီ ခဏကို – တစ်ကြိမ်ပဲ မြင်လိုက်ရပါစေ – ခင်ဗျားရဲ့ ရူးသွပ်မှု တွေ ပျောက်သွားတာ တွေ့ရပါလိမ့်မယ်။ ခင်ဗျား ဟာ အပြည့်အဝ အစစ်အမှန် လွတ်လပ်တဲ့ လူသားတစ်ယောက် ဖြစ်လာ လိမ့်မယ်။

Youtube Links.
http://www.youtube.com/watch?v=4Pp5mWs8k5I

……………………..
30.11.2011
2:30 AM
……………………..
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/
………………………

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: