မေးခွန်း

ဤကမ္ဘာသား တို့သည် အလှအပ ကို အလှအပဟု သိလာကြ သောအခါ
အကျည်းတန်ခြင်း သည် ပေါ်ပေါက်လာရသည်။
ဤကမ္ဘာသားတို့သည် ကောင်းမြတ်ခြင်းကို ကောင်းမြတ်ခြင်းဟု သိလာကြ သောအခါ
ဆိုးယုတ်ခြင်း ပေါ်ပေါက်လာရသည်။

လောက်ဇူ ဟာ စင်စစ် ပြည့်ဝတဲ့ မင်းမဲ့ဝါဒီ တစ်ယောက် လို့ ပြောရမလားပဲ။ ဒီနေရာ မှာ မင်းမဲ့ဝါဒီ ဆိုတာဟာ – Anarchist ကို သုံးထားတာ ဖြစ်ပါတယ်။ မင်းမဲ့ စရိုက် လို့ ဆိုရင် ဆိုးသွမ်းတဲ့ အပြုအမူ၊ စည်းမရှိ ကလနား မရှိ လုပ်ချင်ရာ လုပ်တဲ့သူတွေလို့ အမြင် ရှိတတ်ကြတယ်။ စင်စစ် Anarchist ဆိုတာ အဲ့ဒီ ဆိုးသွမ်းမှုကို ဆိုလိုတာ မဟုတ် ဘူး။ အကြမ်းဖျဉ်း ပြောရင် – မင်းအစိုးရ တည်ရှိနေမှု ကို ဆန့်ကျင်တာ သက်သက် ဖြစ်ပါတယ်။ Anarchist ဆိုသူတွေ ရဲ့ အတွင်းမှာတင် အမျိုးမျိုးအစားစား ကွဲပြားနေ ပါသေးတယ်။ Anarchist တွေရဲ့ မူရင်းသရုပ် က အအုပ်ချုပ်ခံနဲ့ အုပ်ချုပ်သူ ရယ်လို့ ခွဲခြားနေမှု ကို ဖယ်ရှား ထားခြင်း သက်သက်၊ တစ်ဦးပုဂ္ဂလ ကြိုးပမ်းအားထုတ်မှု ကို ရည်ညွှန်းခြင်း သက်သက် လို့ – ဒီနေရာမှာ အကြမ်းဖျဉ်း ပြောနိုင်မယ်။ ဒါ့ကြောင့် Aarchist တွေကို လွတ်လပ်တဲ့ တစ်ဦးတည်း သီးခြား ပုဂ္ဂလိက ဝါဒီတွေလို့ ဒဿန ဆရာတွေ နဲ့ နိုင်ငံရေး သမား အုပ်စုတွေက ခေါ်ဆိုတတ်ကြပါတယ်။ Aarchist အကြောင်းကို ဒီနေရာမှာ ပြောရင် မပြည့်စုံဘူး။ အလျဉ်းသင့်ရင် နောက်မှ နည်းနည်း ရေးကြည့်ပါမယ်။ လိုရင်းကို ပြန်ဆက်မယ်။

လောက်ဇူဟာ ပြည့်ဝတဲ့ Anarchist တစ်ယောက်ပဲ။ သူ့မှာ မင်းအစိုးရ မရှိဘူး။ သူနေထိုင်တာဟာ သဘာဝ အတိုင်းပဲ။ သူ့အတွက် နိုင်ငံ ဆိုတာ၊ လူ့အသိုင်းအဝိုင်း တစ်အုပ်စု၊ တစ်ဘာသာ ဆိုတာ မရှိဘူး။ သူဟာ “သူ” သက်သက်ပဲ။ ဒီကမ္ဘာလောက တစ်ခုလုံးမှာ သူ ရပ်တည်နေတဲ့ ဒီ ခဏတာမှာ လွတ်လပ်စွာ ရှင်သန်တယ်။ အဲ့ဒါပဲ ရှိတယ်။ သူက ဘယ်သူ့ကို မှ မအုပ်ချုပ်နေသလို၊ ဘယ်သူကမှလည်း သူ့ကို အအုပ်ချုပ် မခံဘူး။ သူ့မြေ ၊ သူ့နိုင်ငံ၊ သူဘာလူမျိုးဆိုတဲ့ အစွဲမျိုးလည်း မရှိဘူး။ သူ့ရဲ့ ရှင်သန်နေမှုကို အပြည့်အဝ “ရှင်သန်နေမှု” အဖြစ် သက်သက်ပဲ ထားရှိတယ်။ ( ဒီနေရာမှာ “ထားရှိတယ်” ဆိုတဲ့ စကားကလည်း လိုရင်းကို အတိအကျ မရောက်ပါဘူး။ သူဟာ “သူ” ဖြစ်နေတယ်။ အဲ့ဒါပဲ။ )

သူ ပြောတယ်။ “ခင်ဗျား အမိန့်အာဏာ ရယ်လို့ စပြီး စဉ်းစားတာနဲ့ – တစ်ဖက်မှာ အမိန့်အာဏာဖီဆန်မှု ဆိုတာ ပေါ်လာမှာပဲ။ အလားတူ – ခင်ဗျားက ဘုရားသခင် အကြောင်း စဉ်းစား နေပြီ ဆိုတာနဲ့ – တစ်ဖက်မှာ စေတန် မိစ္ဆာ ဆိုတာ ပေါ်ပေါက်လာမှာပဲ” ဒီစကားကို သူပြောရခြင်း အကြောင်းက – တွေးခေါ်မှုတွေ၊ စိတ်ကူး အမြင်တွေဟာ ဆန့်ကျင်ဘက် အသွင် နှစ်ရပ်ကို အမြဲတမ်း ဖော်ကျူး ပေးထားတယ်။ အတွေးတွေမှာ အမြဲတမ်း ဒွိသဘာဝ ရှိတယ်။ ဒါ့ကြောင့် အတွေး၊ ယုတ္တိ၊ ဆင်ခြင်ဥာဏ် တွေ အားလုံးမှာ နက်နဲတဲ့ သိမ်မွေ့တဲ့ – ပဋိပက္ခတွေ အမြဲ ရှိနေကြပါတယ်။ ဆိုလိုတာက တွေးတောမှု တိုင်းဟာ ကစဥ့်ကလျား အမြဲ ဖြစ်နေတတ်တယ်။ ဒါ့ကြောင့် ဒီလို ပဋိပက္ခတွေနဲ့ ၊ ဒီလို အစွန်းနှစ်ဖက် ကစဥ့်ကလျား ဖြစ်သမျှ တွေကို ဖယ်ရှားဖို့ ကြိုးစားမယ် ဆိုရင် – တွေးတောမှု တိုင်းကို လျော့နည်း အောင် ဖယ်ရှား သုတ်သင် ပစ်ကြရတယ်။ နောက်ဆုံး ခင်ဗျား အပြည့်အဝ ငြိမ်းချမ်း ချင်တာ ဆိုရင် – ဘယ်တွေးခေါ်မှုမှ ရှိမနေတော့တဲ့ ၊ ဘယ်အတွေး ဘယ် စကားလုံးမှ ရှိမနေတော့တဲ့ သန္တာန် ၊ ဖြစ်စဉ် – အဖြစ် ကို ရရှိဖို့ ကြိုးစား ကြရတော့တယ်။

အကြောင်းက – ဒီလို တွေးတောမှု သရုပ်သကန် တွေ ပျောက်ကွယ်သွားမှ ဒွိသဘာဝတွေလည်း ပျောက်ကွယ် သွားမှာ မို့လို့ပါပဲ ။ အဲ့အချိန်မှာ ခင်ဗျား သန္တာန် အတွင်း ဘယ် ဒွိသဘောမှ မရှိတော့ဘူး။ ဘယ် ပဋိပက္ခ မှ ရှိမနေ တော့ဘူး။ အလွန်ဆုံး ပြောနိုင်တာက ခင်ဗျားဟာ “ခင်ဗျား” အဖြစ်သက်သက်ပဲ ဖြစ်သွားတယ်။ အဲ့ဒီမှာ အခြား ဘာမှ မပါဘူး။ ဧက၊ တစ်ခုတည်း ဖြစ်သွားတယ်။ ဒီလိုမှ မဟုတ်ဘဲ ခင်ဗျားက တွေးစရာတွေ၊ စဉ်းစားနေမှာတွေ၊ စိတ်ကူးတွေ ဆက်ပြီး ထားရှိနေသရွေ့- ခင်ဗျား သန္တာန်မှာ အမြဲတမ်း ( အနည်းဆုံး ) နှစ်ခု ဖြစ်နေမယ်။ နှစ်ပိုင်းကွဲနေမယ်။ ခင်ဗျား က “ဒီဟာက ကောင်းတယ်” လို့ စဉ်းစားရင် “ဟိုဟာက မကောင်းဘူး” ဆိုတာ အလိုအလျောက် ခွဲခြားပြီး ဖြစ်နေမယ်။ ကောင်းတယ် – မကောင်းဘူး ၊ ဆိုးတယ် – မဆိုးဘူး ၊ ချမ်းသာ – ဆင်းရဲ၊ ချမ်းမြေ့တယ် – စိတ်ရှုတ်တယ် စသဖြင့် အဲ့သလို – ခင်ဗျား သန္တာန်ဟာ ကစဥ့်ကလျား ဖြစ်နေဦးမှာပဲ။

အနောက်နိုင်ငံတွေမှာ စိတ်ကစဥ့်ကလျား ရောဂါ တစ်နေ့ထက်တစ်နေ့ ပိုများလာနေတယ်။ အဲ့ဒါ ဘာဖြစ်လို့လဲ။ တကယ်က အနောက်နိုင်ငံရဲ့ သိပ္ပံအမြင်တွေ၊ အတွေးအခေါ်နဲ့ ဘာသာရေးတွေ ဟာ လူတွေရဲ့ အတွေး ကို ရပ်တန့်နိုင်အောင် လုပ်မပေးနိုင်လို့ ။ အဲ့ဒီ အစား – ပိုပြီး ဝေဖန် ပိုင်းခြား၊ ခွဲခြား သွားစေဖို့ ကိုသာ တွန်းအား ပေးနေကြလို့ပဲ။ သူတို့က – ဘုရားသခင်ဟာ ကောင်းမြတ်တယ်– လို့ ပြောတယ်။ ဒါဆို ကမ္ဘာမှာ အခု မျက်မြင် ရှိနေတဲ့ ဆိုးယုတ် နေသမျှ၊ ဒုက္ခ တွေကို ဘယ်သွား ထားမလဲ။ ဘုရားသခင် ဟာ ကောင်းမြတ်ခြင်း သက်သက် ဆိုရင် – ဆိုးယုတ်မှု ဆိုတာ ဘယ်လို ဖြစ်နိုင်မလဲ။ ဒါပေမယ့် တကယ့်လက်တွေ့ ဘဝမှာ တော်တော်များများ အဆိုးတွေ ချည်း ရင်ဆိုင်နေရတယ်။ အဲ့ဒီ အဆိုးတွေကို ဘယ်နား သွားပို့ ထားရမလဲ။ ဒီလို မေးခွန်းကြောင့် – ခင်ဗျားတို့က စေတန် မာရ်နတ် ဆိုတာကို ထည့်သွင်း ပြောလာ ရပြန်တယ်။ စင်စစ်က – ခင်ဗျားကိုယ်တိုင် ဘုရားသခင် ဆိုတဲ့ စကားလုံးကို ထည့်သွင်း အသုံးပြု လာခဲ့လို့ – စေတန် မာရ်နတ် ဆိုတဲ့ ဝေါဟာရ ကို နောက်ထပ် ထည့်သွင်း ဖြေရှင်း ရတာ ဖြစ်ပါတယ်။ နို့မို ဆို အဲ့ဒါတွေက မလိုအပ်ဘူးရယ်။

လောက်ဇူက ဘုရားသခင် ဆိုတဲ့ စကားလုံးကို မသုံးခဲ့ဘူး။ ဘုရားသခင် အကြောင်း ဆိုတာကိုတောင် မပြောခဲ့ ပါဘူး။ ဒါဟာ အရေးကြီးပါတယ်။ ဘာလို့ဆို လောက်ဇူရဲ့ ကျမ်းဖြစ်တဲ့ “Tao Teh Ching” ကို ဘာသာစကား အမျိုးမျိုးနဲ့ ပြန်ဆိုကြရာမှာ အချို့ နေရာတွေ မှာ God လို့ ထည့်သွင်း ပြန်ဆိုထားတာ ရှိတယ်။ အဲ့ဒါ မှားယွင်းနေပါတယ်။ လောလောဆယ် မြန်မာပြန် ထွက်ရှိတဲ့ စာအုပ်တွေတော့ သိပ်မရှိလို့ မြန်မာမှာ သုံးထားတာတော့ မတွေ့ဘူး သေးဘူး။ “Tao Teh Ching” ကို ပုံစံတစ်မျိုးစီ ရေးသားပြကြတဲ့ မြန်မာ စာရေးဆရာ တွေက – ကျနော် သိသလောက် – ဆရာ သက်လုံ၊ တာရာမင်းဝေ နဲ့ မင်းသိင်္ခ တို့ပဲ ဖြစ်ပါတယ်။ သူတို့လည်း ဘုရားသခင် ဆိုတဲ့ စကားလုံး တစ်ခါမှ မသုံးခဲ့ဘူး။ တောက်တယ်ကျင်း ကျမ်းမှာ ဘုရားသခင်လို့ အဓိပ္ပာယ် ရတဲ့ စကားလုံး တစ်လုံးမှ မပါခဲ့ပါဘူး။ လောက်ဇူဟာ ဘာလို့ ဘုရားသခင် ဆိုတာကို မသုံးနှုန်းခဲ့သလဲ။ ဘာလို့ မပြောခဲ့သလဲ။

အကြောင်းက – ခင်ဗျား ဘုရားသခင်လို့ ပြောပြီ၊ တွေးမိ ပြီ ဆိုရင် – စေတန် မာရ်နတ်ကိုလည်း ဖယ်ချန်ထားလို့ မရတော့ဘူးရယ်။ သူတို့ နှစ်ခုစလုံး ကို ခင်ဗျား အတူတူ လက်ခံရတော့မယ်။ ဆိုလိုတာက အတွေးတွေ၊ စကားလုံးတွေ ဆိုတာ ဆန့်ကျင်ဘက် နှစ်ရပ်ကို အမြဲတမ်း ကိုယ်စားပြု ရည်ညွှန်းထား ကြတယ်။ အဲ့ဒါကို ခင်ဗျား ရှောင်လွှဲလို့ မရတော့ဘူး။ အစွန်းတစ်ဖက်ကို ခင်ဗျား ဆွဲယူ လိုက်တာနဲ့ အခြား အစွန်း တစ်ဖက်ဟာ တွဲဖက် ပါလာမယ်။

ဤကမ္ဘာသား တို့သည် အလှအပ ကို အလှအပ အဖြစ် သိလာကြ သောအခါ
အကျည်းတန်ခြင်း သည် ပေါ်ပေါက်လာရသည်။

အလှအပကို သီးခြား ရွေးကောက်ပြီး အတွေးစဉ် တွေနဲ့ ခွဲခြားတဲ့ အခါ အကျည်းတန်တယ် ဆိုတာ နှိုင်းယှဉ်ချက်အရ ပေါ်ထွက်လာရတယ် ။ ကျနော် တို့ ကြားဖူးကြပါတယ် — “အနူတော မှာ လူချော” ဆိုတဲ့ စကားပါ ။ ဒီစကားကို ကျနော်တို့ တွေက တစ်ဖက်သားကို နှိမ်ဖို့ အသုံးပြု တတ်ကြတာ များတယ်။ တကယ်တော့ ဒီစကားဟာ ကျနော်တို့ ကို သတိပြုတတ်ဖို့ လမ်းကြောင်း ပေးနေတဲ့ စကားပဲ။ ချောမောလှပခြင်း ဆိုတဲ့ သရုပ်ဟာ နှိုင်းယှဉ်ချက် အရပဲ ထွက်ပေါ်လာတာ ဖြစ်တယ်လို့ သွန်သင်တဲ့ စကား ဖြစ်ပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ ကျနော်တို့က ရွေးချယ် ကောင်းနေတုန်းပါ။ ဘယ်ဟာ လေးက ပိုလှတယ်။ ဘယ်ဟာလေးက ပိုကောင်းတယ် – မိမိ အကြိုက် မိမိ အစွဲနဲ့ ရွေးချယ် နေတုန်းပါ။ အဲ့လို ရွေးချယ်လေလေ ခင်ဗျား နောက်မှာ ချန်ထားရစ် ခဲ့တဲ့ အရာတွေက အကျည်းတန်သွား ရလေလေပဲ။

ဒီလို – အစွန်းနှစ်ဖက် တွေ ရှိနေပါတယ် ဆိုတာ သိပါလျက်ကနဲ့ – ကျနော် တို့ ခင်ဗျားတို့ အမြဲ ရွေးချယ် နေတုန်းပဲ။ လှတာကို ရွေးတယ် – အဲ့ဒီ အခါ ခင်ဗျားတို့ မလိုချင်တဲ့ အရုပ်ဆိုး အကျည်းတန်မှုက အနောက်မှာ အရိပ်လို ပြန်တွဲဆက် ပါလာနေမှာပဲ။ ခင်ဗျားတို့ ဘာသာတစ်ခုခုကို ဝင်ရွေးချယ်လိုက်တယ်။ အဲ့အခါ အခြား ဘာသာတွေဟာ ခင်ဗျားတို့ သန္တာန်မှာ – အနည်းဆုံး မိစ္ဆာဝါဒ တွေ ဖြစ် သွားတော့တာပဲ။ အခြား ဝါဒမှာ ကပ်ညိနေသူ တွေကလည်း ခင်ဗျား ယူဆတဲ့ ဝါဒကို မိစ္ဆာဝါဒ လို့ လက်ညှိုးထိုးမှာပဲ။ ခင်ဗျားက ပြန်ငြင်းခုံပြီ ဆိုတာနဲ့ – ခင်ဗျားနဲ့ သူတို့ရဲ့ ငြင်းခုံပွဲဟာ ဘယ်တော့ ပြီးမလဲ။ ခင်ဗျားဟာ ခင်ဗျားရဲ့ မိဘ တွေနဲ့ အယူအဆ မတူတဲ့ အခါ အတိုက်အခံ ဖြစ်မယ်။ ခင်ဗျားသားသမီးက ခင်ဗျားနဲ့ အယူအဆ မတူတဲ့ အခါ အတိုက်အခံ ဖြစ်ဦးမယ်။ အဲ့ဒီ အတိုက်အခံတွေ ဘယ်တော့ ပြီးမလဲ။

ခင်ဗျားတို့ ဘာလို့ ရွေးချယ်နေကြသလဲ လို့ မေးတဲ့အခါ – ခင်ဗျားတို့ အများစု ပြန်ဖြေကြတယ်။

“ငါတို့မှာ ဆင်ခြင်တုံ တရားရှိတယ်။ ငါတို့ မှာ အသိဥာဏ် ရှိတယ်။ ငါတို့က လူတွေ။ အခြား တိရစ္ဆာန်တွေမဟုတ်ဘူး။ ဝေဖန်စိစစ် တတ်တယ်။ ပိုင်းဖြတ် ခွဲခြား တတ်တယ်။ ဒီလို ပိုင်းဖြတ် တတ် ခွဲခြားတတ်အောင် ငယ်စဉ်တောင်ကျေး ကတည်းက သင်ကြား လာခဲ့တယ်။ သွန်သင် လာခဲ့တယ်။ အဲ့ဒါတွေကို မလုပ်ရဘူး ဆိုရင် – အလကား ဘယ်နား သွားထား မလဲ။”

အဖြေက – ခင်ဗျားတို့ အဲ့သလို အလကား ထားပစ်ရမှာ စိုးတာနဲ့ပဲ အမှားကြီးတွေ သယ်မလာပါနဲ့။ တကယ် ဝေဖန်စိစစ်ရမှာက အပြင်ပ အရာတွေကို မဟုတ်ဘူး။ ခင်ဗျားတို့ ကျနော်တို့ အသိဥာဏ်ကိုသာ ဖြစ်ပါတယ်။ ကျနော်တို့ ပြောပြောနေတဲ့ ငါတို့က “လူတွေ” ဆိုတဲ့ စကားကိုသာ ဖြစ်ပါတယ်။ ငါတို့က လူတွေ – အသိဥာဏ်ရှိတဲ့ သတ္တဝါတွေလို့ မာန်တက် ကြတာကြောင့် – ကမ္ဘာပျက်ဖို့ လက်နက်ဟာ ကျနော်တို့ လက်ထဲမှာပဲ ရှိနေရတော့တယ်။ အဲ့ဒါကို သတိထားဖို့ လိုပါတယ်။ ကျနော်တို့ သင်ကြားခဲ့တာတွေက ကျနော်တို့ ကို ကောင်းကောင်း မွန်မွန် အသုံးချခွင့် ပေးဖို့လား – ကျနော်တို့ကို လှောင်ပိတ်နေသလား။ ကျနော်တို့အပေါ် ဘယ်လို အကျိုး သက်ရောက် နေသလဲ။ အနာဂတ်ကို မကြည့်ပါနဲ့။ အခု ကို စိစိငှငှ ကြည့်ကြည့်ပါ။ အခု – ဖြစ်ရှိနေတာကို မညှာမတာ ကြည့်နိုင် ရင် အနာဂတ်ကို သိပါလိမ့်မယ်။

ချက်ကော့ဖ်ရဲ့ ကျီးကန်း ပြဇာတ် မှာ –

ကျီးကန်း တစ်ကောင်က ယာခင်းတစ်ခုကို ဖြတ်ပြီး ပြန်လာတော့ လူတစ်ယောက် နဲ့ တွေ့တယ်။

ကျီးကန်း — ” မင်္ဂလာပါဗျာ ”
လူ — မင်္ဂလာပါ ၊ ခင်ဗျားတို့ နိစ္စဓူဝ ဒီလိုပဲ အစာရှာလိုက် ပြန်လာလိုက်နဲ့ ပဲလား ၊ ခင်ဗျား အသက် ဘယ်လောက် ရှိပြီလဲ ၊
ကျီးကန်း — ၃၇၆ နှစ်
လူ — အမ်……. နည်းနည်း နောနော အသက်လားဗျာ ၊ ဒီအတွင်း ခင်ဗျား ဘာတွေ လုပ်ဖြစ်တုန်း ။
ကျီးကန်း — ဘာမှ မလုပ်ခဲ့ရ ပါဘူးဗျ ၊ ဘာတွေ များကော ထပ်လုပ် ရဦးမှာလဲ ၊ အစာစားတယ် ၊ ရေသောက်တယ်၊ မျိုးဆက် ပြန့်ပွား အောင် လုပ်တယ် ၊အိပ်တယ် ၊ ဒါပဲပေါ့ — အဟက် ၊
လူ — ဖြစ်မှဖြစ်ရလေ ကျီးကန်းရယ် ၊ ဒီအသက် ဒီအရွယ် အထိ ဒါနဲ့ ပဲ အချိန်ကုန်ခဲ့ သတဲ့လား ၊ ရှက်စရာ ဗျာ ၊ဒီလောက် နှစ်အကြာကြီး နေခဲ့တာတောင် ခင်ဗျားမှာ အခြား ဖွံ့ဖြိုးမှု ဘာမှ မရှိတော့ဘူးလား ၊ အံ့ပါ့၊ မိုက်ပါ့ ၊
ကျီးကန်း — အိမ်း ၊ ဂလိုတော့လဲ ဘယ်ဟုတ် ပါ့မလဲလေ ၊ အသိဥာဏ် ဆိုတဲ့ဟာက အသက် ရှည်တိုင်း အသက် ကြီးတိုင်း ရနိုင်တာမျိုး ရယ်မှ မဟုတ်တာ ၊လေ့လာမှု သင်ယူ မှတ်သားမှုနဲ့လဲ ဆိုင်သေးတာကိုး ဗျ ၊
လူ — ဘယ်လိုပဲဖြစ်ဖြစ်လေဗျာ ၊ အသက် ၃၇၆ နှစ် ဆိုတာ လောက မှာ တော်တော်ကြီး ကို ကြာရှည်တဲ့ နှစ်ဗျ၊ ကျုပ်သာ အဲလိုနေရမယ် ဆိုရင် တက္ကသိုလ် မှာ ပညာစုံ အတတ်စုံသင်ပြီးလောက်ပြီ ၊ အိမ်ထောင် လည်း အခါ နှစ်ဆယ် လောက် ကျနေလောက်ပြီ ၊ အသက်မွေးဝမ်းကျောင်းမှု လည်း စုံလောက်ပြီ ၊ ရာထူးတွေ လည်း တက်ပြီ။ စီးပွားရှာရင် ကျိကျိတက် သူဌေး ဖြစ်လောက်ပြီ ၊ ဘဏ်မှာ ငွေတစ်ရာ ကို တစ်မတ်နှုန်း နဲ့ စုရင်တောင် ခုလောက်ဆို သန်းပေါင်း ရာချီ နေလောက်ပြီ ၊ခင်ဗျား အဲ့သလောက် ပိန်းရသလားဗျာ ၊ အင်းလေ — ဒါကြောင့်မို့လဲ ကျီးကန်း ဖြစ်နေရတာ ထင်တယ် ၊
ကျီးကန်း — အမလေးဗျာ ၊ ဟာဟ ၊ ကျုပ်ကဖြင့် မရှက်သေးဘူး ၊ ကျုပ်တို့ ကျီးကန်းတွေ နေတဲ့ အနှစ် သုံးရာဟာ ခင်ဗျားတို့ လူတွေ နေတဲ့ အနှစ်သုံးဆယ် နဲ့ပဲ နှိုင်းကြည့်ပါဦး။ ခင်ဗျားတို့ နှစ်သုံးဆယ် အတွင်း လုပ်ခဲ့တဲ့ မိုက်မဲမှုမျိုး ကျုပ်တို့ဆီမှာ တစ်ခါမှ မရှိဘူးဗျ ၊ ကျုပ်တို့ ကျီးကန်းတွေ အချင်းချင်း စစ်မတိုက်ဘူး ၊ ငွေတိုး ချေးမစားဘူး ၊ဘဏ်တိုက်မှာ ငွေမစုဘူး ၊ တက္ကသိုလ် ပညာရပ်တွေ မရှိဘူး ၊ အသိတွေ အတတ်တွေက ၀င်တဲ့ မာနတွေ မရှိဘူး ၊အချင်းချင်း ခြိမ်းခြောက် ငွေမညှစ်ဘူး ၊ အပေါစား ကဗျာ တွေ ၀တ္ထုတွေ မရေးဘူး၊ ကျီးကန်းမ တွေက လင်သားကို သစ္စာမဲ့တာ မရှိဘူး၊ ကျီးကန်းထီး တွေကလည်း ကိုယ့် အိမ်သူ သက်ထား အပေါ် ဖောက်ပြားတာ မရှိဘူး၊ ကပ်ဖား ရပ်ဖား မရှိဘူး၊ ခြောက်တွန်းမယ့် သူ မရှိဘူး ၊ လူလိမ် မရှိဘူး ၊ ကြောင်သူတော် မရှိဘူး ၊ တတ်ယောင်ကား မပါဘူး ၊ ကဲ — ပြောစမ်းပါဦး ကိုယ့်လူ ၊

အဲ့တော့ – ဟိုးအထက်က ပြောခဲ့တဲ့ စကားကို ပြန်ဆက်ရင် – မေးခွန်းတွေ ပေါ်လာမယ်။

ကျနော်တို့ ဘာတွေ ရွေးချယ်ကြမှာလဲ။ ကျနော်တို့ ဘယ်အသိဥာဏ်တွေနဲ့ ရွေးချယ် ကြတာလဲ။ သင်ကြားခဲ့ရတဲ့ ၊ မလွှတ်ပစ်ရက်တဲ့ အဟောင်းအမြင်း တွေနဲ့လား။ ကိုယ့်ဘာသာကိုယ် လက်ရှိ အဖြစ်ကို ကြည့်ပြီး – နည်းနည်းလေးတောင် မဖောက်ထွက် နိုင်ကြတော့ဘူးလား။ ကိုယ့်ရင်ထဲက အစွဲအလမ်းကို ကိုယ်ဖြုတ်ချပစ်နိုင်ဖို့ ကျနော်တို့ သတ္တိ မရှိနိုင်ကြဘူးလား ။ အဲ့ဒါ မိုက်ရူးရဲ ဆန်လွန်းနေတယ်လို့ မြင်သလား။ ဘာလို့ သတ္တိ မရှိရတာလဲ။ ဘာတွေကို ဘယ်အကြောင်းကြောင့် ရွေးချယ် နေကြပါသလဲ။

ဒါတွေဟာ ကနေ့ခေတ်အခါမှာ လူတိုင်း လိုအပ်နေတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။

………………………………..
1.12.2011
11:30 AM
……………………………….
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/
……………………………….

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: