Effortless Effort

ဘာဝနာလို့ ကျနော် မြန်မာမှု ပြုထား တာက Meditation ကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ Meditation ဟာ ဘာသာတိုင်းမှာ ရှိ( လောက် ) ပါတယ်။ ကျနော် သိမိ သလောက် ဘာသာ တွေမှာ သူ့နည်းနဲ့ သူ ဘာဝနာ ရှိတယ်။ ဒါ့ကြောင့် “ဘာဝနာ” ဆိုတဲ့ ဝေါဟာရ ကို မြင်ပြီး၊ အိန္ဒိယက နည်းတစ်ခု လို့လဲ မမှတ်ပါနဲ့။ ဘာဝနာ က တကယ်တော့ နည်းတစ်ခု လည်း မဟုတ်ဘူး။ ပုံစံ အမျိုးမျိုး ကွဲပြား နေတဲ့ ဖွံ့ဖြိုးမှု ဖြစ်စဉ် တစ်ခုပဲ ။ ဖြစ်တည်မှု သက်သက်ပဲ။ ခင်ဗျားရဲ့ ဖြစ်တည် ရှင်သန်နေမှုကို အပြည့်အဝ ဖွံ့ဖြိုး လာစေတယ်။

ဘာဝနာ ဟာ ခင်ဗျား သန္တာန်ကို အပိုဆောင်း ထပ်ဖြည့်တဲ့ အခြား အရာတစ်ခု မဟုတ်ဘူး။ ခင်ဗျားရဲ့ အခြေခံ သန္တာန်ကို ပြောင်းလဲ ပစ်ခြင်း သက်သက်ပါ။ ပန်းပွင့် တစ်ပွင့် ပွင့်သလို ဖွံ့ဖြိုးလာမှု မျိုး၊ အပြည့်အဝ ရှင်သန်မှုကို ဖော်ကျူးပါတယ်။ ဒါ့ကြောင့် ခင်ဗျားက ဘာဝနာကို တကယ် လုပ်ပြီ ဆိုရင် ခင်ဗျား ရဲ့ ဘဝ ရှင်သန်နေမှု ဟာ ခင်ဗျား ရဲ့ အဲ့ဒီ ဘာဝနာ ရင့်သန်မှု အပေါ်မူတည်ပြီး တဖြည်းဖြည်း ပြည့်ဝလာလိမ့် မယ် ။ သူ့ရဲ့ နောက်ကျော မျက်နှာစာမှာ ရှိတဲ့ သေဆုံးမှု မရဏ ကိုလည်း ကောင်းကောင်း သိမြင်သွားမယ်။ ဆိုလိုတာက ခင်ဗျားကိုယ် ခင်ဗျား ကောင်းကောင်း သိမြင်သွားစေတယ်။

ဘာဝနာကို စတင် လုပ်နေရတဲ့ သူတစ်ယောက် အတွက်က အလုပ်တစ်ခု ကို သတ်သတ်မှတ်မှတ် လုပ်နေရ သလိုပါပဲ။ ခင်ဗျား အဲ့ဒါကို တခုတ်တရ လုပ်နေ ရတယ်။ သိမှတ်နေရတယ်။ လေ့ကျင့်ခန်း ဝင်သလို ဝင်နေရတယ်လို့ ခံစားရလိမ့်မယ်။ ဒါပေမယ့် အဲ့ဒါက အစဦးပိုင်းလေးမှာတင် ဖြစ်ပေါ်နေရတဲ့ အရာပါ။ ဘာဝနာ မှာ လေးနက်သွားပြီ ဆိုတဲ့အခါ အဲ့ဒီ အလုပ်ပါ ပျောက်ကွယ်သွားပါတယ်။ ခင်ဗျားက ဘာကိုမှ လုပ်နေတာ မဟုတ်ဘူး။ ဘာမှ မလုပ်တာကို လုပ်နေတာလည်း မဟုတ်ဘူး။ (😀 ရှုပ်သွားပလား မသိ။ ကျနော့် ကိုယ်တွေ့နဲ့ တိုက်ဆိုင်ပြီး ပြောရင် – ဒီလိုပဲ ရှင်းရမှာ မို့လို့ပါ )

ဥပမာ ပေးကြည့်မယ်။ – စက်ဘီးစီး သင်သလိုမျိုး။ စက်ဘီး စပြီး သင်ခါစမှာ – ဘယ်လိုနင်း၊ ခါးကို ဘယ်လိုထား၊ လက်ကိုင်ကို ဘယ်လိုကိုင် ဆိုပြီး မှတ်သား သတိပြုနေရတယ်။ မကြာခဏ ချော်လဲမယ်။ ကျင့်သား ရလာတဲ့ အခါ ဖြေးဖြေးချင်း နင်းတတ်လာမယ်။ ဟိုတိုး ဒီတိုး တိုးမိနေမယ်။ လဲကောင်း လဲနေဦးမယ်။ နောက်ဆုံး ကျွမ်းကျင်သွားပြီ ဆိုတဲ့ အခါမှာတော့ – ဘေးဘီဝဲယာ၊ စကားပြောရင်း ၊ ငေးမောရင်း နင်းလို့ နင်းမှန်းမသိ စီးဖြစ်သွားတော့တယ်။

ဒီဥပမာက အပြည့်အဝ ထပ်တူ ကျနေတာတော့ မဟုတ်ဘူး။ နီးစပ် သဘောမျိုး ပါ။ ဘာဝနာဟာ အစပျိုး အချိန်မှာ အားစိုက်ထုတ် ရသလိုလို ရှိတယ်။ ဒါပေမယ့် – တကယ်က အလိုအလျောက် ဖြစ်စဉ် တစ်ခု သာ ဖြစ်ပါတယ်။ အဲ့ဒါကို နားလည်ရင် ရပါပြီ။

ဆိုပါစို့။ ဘာဝနာ ကို ခင်ဗျား အစပျိုးတော့မယ် ။ အဲ့အခါ ဘာဝနာရဲ့ ပင်ကိုယ် ဖြစ်တဲ့ “စောင့်ကြည့်မှု” ကို အလုပ်တစ်ခု လို ခင်ဗျား လုပ်နေဦးမှာပဲ ။ လေ့ကျင့် သလို ဖြစ်နေရဦးမှာပဲ။ တစစ အကြိမ်ရေ စိတ် လာတဲ့ အခါတော့ – အားစိုက်ထုတ်မှု ပျောက် သွားပါတယ် ။ အဲ့အချိန်မှာ – အားစိုက်ထုတ်နေစရာ မလိုဘူး။ မရှိတော့ဘူး။ ( တနည်း ) အလုပ်တစ်ခု အနေနဲ့ လုပ်နေစရာ မလိုအပ်တော့ပါဘူး။ နေ့စဉ် သွားလာ လှုပ်ရှားနေ သမျှမှာ သူ့ အလိုအလျောက် – စိမ့်ဝင် ပျံ့နှံ့ပြီး ဖြစ်ကြောင်း တွေ့ရပါမယ်။

အစဦး အချိန်မှာ အားစိုက်ထုတ်နေရနိုင်သေးတယ် ဆိုတာက – အကြောင်းရှိပါတယ်။ အဲ့ဒါက စိတ်ကြောင့်ပဲ။ စိတ်သန္တာန် ရဲ့ အားပြုရာ ဖြစ်တဲ့- စိတ်ကူး အတွေး၊ ပုံရိပ်တွေ၊ စကားလုံးတွေ ဟာ အားစိုက်ထုတ်မှု မရှိဘဲ ဘာမှ အလုပ် မလုပ်နိုင်လို့ပါ။ အဲ့ဒါက စိတ်ရဲ့ အကျင့်၊ စိတ်ရဲ့ သဘာဝပါ ။ အဲ့သလို အကျင့် ဖြစ်နေတဲ့ စိတ်ကို – ရုတ်ချည်း – ခင်ဗျားက အားမစိုက်ပါနဲ့လို့ ခင်ဗျားကိုယ်ကိုယ် တားမြစ်ရင် – စက်ဘီး တစ်ခါမှ မစီး ခဲ့တဲ့ သူ တစ်ယောက်ကို “စက်ဘီးစီးတာများ လွယ်လွယ်လေး၊ တက်ခွ၊ နင်း၊ သူ့အလိုလို သွားလိမ့်မယ်” လို့ ပြောလိုက်တာ နဲ့ အတူတူပဲ။ ခင်ဗျား ဒူးကွဲ ရုံသာ ရှိလိမ့်မယ်။

ဇင်ဘုန်းတော်ကြီး တွေက သူ့ရောင်းရင်းတွေကို ပြောလေ့ရှိတယ်။ “ထိုင်ရုံပဲထိုင်ပါ။ ဘာမှ မလုပ်နဲ့” တဲ့ ။ အဲ့တော့ သူ့စကားကို နားထောင်ကြ တဲ့ ရောင်းရင်းတွေက ထိုင်ကြည့် ကြတယ်။ ကြိုးစားပြီး ထိုင်ကြည့်တယ်။ ခင်ဗျား ဆိုရင်လည်း တကယ် ဘာမှ မလုပ်ဘဲ ထိုင်နိုင်ဖို့ တော်တော် ကြိုးစား ရလိမ့်မယ် ( ထင်တယ် ) ။ ထိုင်ရုံမျှလေး ဖြစ်ဖို့ စစချင် ကျနော်တို့ ဘယ်လိုလုပ်မလဲ။ ခင်ဗျားတို့ ကျနော်တို့ ဘယ်လို ကြိုးစားရမလဲ။ ဘယ်လောက် ကြိုးစားရမလဲ။ ထားပါတော့ – ဘာပဲ ပြောပြော ထိုင်ကြည့်မယ် ဆိုပါစို့ ။ အဲ့ဒီ အခါ – ခင်ဗျား ခေါင်းကို ဘုန်းတော်ကြီး က လာခေါက် သွားပါလိမ့်မယ်။ သူပြောမယ့် စကားက “ခင်ဗျား ဒါကို လည်း မလုပ်ရဘူးဗျ ။ ကျုပ်ပြောတဲ့ အထဲမှာ ကြိုးစားပြီး ထိုင်ပါ လို့ မပါဘူး။ ကြိုးစားပြီး ထိုင်တယ် ဆိုတာ က လုပ်ယူတာ။ အဲ့တော့ – ဘာကိုမှ လုပ်ဖို့ မကြိုးစား ပါနဲ့။ ခင်ဗျား လုပ်ရမှာက ထိုင်ရုံမျှလေး သက်သက်ပါ။ ထိုင်ရုံပဲ ထိုင်ပါ”

သူ့လိုမျိုး ကျနော် ကလည်း ခင်ဗျားကို ပြောမယ်။ — ရိုးရိုးလေး ပါဗျာ၊ ထိုင်နေရုံလေးပါ– ဆိုရင်- ခင်ဗျား ဘာလုပ်မလဲ။ စစချင်းမှာတော့ ခင်ဗျား တစ်ခုခု လုပ်မှာပဲ။ ခင်ဗျားက ထိုင်နေလိုက်မယ်။ “ရိုးရိုးလေး” ဆိုတာကို ကြိုးစားကြည့်မယ်။ ဒါပေတဲ့ ထိုင်နေရုံမျှလေး ဖြစ်ဖို့ ဆိုတာ အပေါ် ကြိုးစား အားထုတ်နေ ရသေးတယ်။ အဲ့ဒီ အားစိုက်ထုတ်မှု က ဝင်လာ နေမှာပဲ။ အဲ့ဒီ အခါ ခင်ဗျား သန္တာန်မှာ တင်းအား ရှိနေပါတယ်။ ဒါ့ကြောင့် ခင်ဗျား ထိုင်နေတာက ထိုင်နေရုံမျှလေး မဟုတ်သေးဘူး။ ခင်ဗျား ထိုင်နေရုံမျှလေး ထိုင်ပါတော့မယ် ဆိုတဲ့ အခိုက်မှာ – ခင်ဗျားရဲ့ သန္တာန်က စပြီး၊ စိတ်ရော ကိုယ်ပါ နည်းနည်းတော့ ရှုပ်ထွေး သွား တယ် ။ ရိုးရိုးလေး ထိုင်ဖို့ အားထုတ်တဲ့ အခါ အခက်အခဲ ဖြစ်လာတာ တွေ့ရပါလိမ့်မယ်။ အဲ့ဒါဟာ စစချင်းမှာ ကြုံတွေ့ရလေ့ ရှိတဲ့ ပုံစံပါ။

ဒီလိုနဲ့ – ရိုးရိုးလေး ထိုင်နေရုံမျှ အတိုင်း ခင်ဗျား- ရက်လ တာရှည် ကြိုးစား အားထုတ်နေမိမယ် ဆိုပါတော့။ “ရိုးရိုးလေး ထိုင်ရုံမျှ” ဆိုတာကို နေကြည့်ဖို့ ကြိုးစားတိုင်း ကြိုးစားတိုင်း လွဲချော်နေဦးမယ် ဆိုပါတော့။ နေ့စဉ်နေ့တိုင်း ကြိုးစား ကြည့်နေမယ်။ တစ်ရက်ပြီး တစ်ရက် – သည်းခံပြီး ထိုင်ရုံမျှလေး ဖြစ်ဖို့ အားစိုက်ကြည့် ရင်း တစ်နေ့မှာ ခင်ဗျား “ရိုးရှင်းစွာ ထိုင်ရုံမျှလေး ထိုင်နေပါမယ် ဆိုတဲ့ သိစိတ်” အားထုတ်မှု ပါ- ပျောက်ကွယ် သွားပါတယ်။ ခင်ဗျားဟာ သစ်ပင် တစ်ပင်လို၊ ကျောက်တုံးတစ်တုံး လို ဖြစ်တည်ရုံလေး ရှိနေတာ အံ့အားသင့်စရာ တွေ့ရမယ်၊ “ရှိနေရုံမျှလေးပဲ”။ အဲ့အချိန်မှာ ခင်ဗျား အတွက် အားစိုက်ထုတ်မှု ဆိုတာ မရှိတော့ဘူး။ မလိုအပ်တော့ဘူး။ စိတ်ကူး၊ အတွေး၊ စကားလုံး ဘာမှမရှိဘူး။ အားစိုက်ထုတ်မှု မဲ့တဲ့ “ထိုင်နေမှု” သက်သက်လေး ရယ်။

ဒါပေမယ့် အခုလို “အားထုတ်မှု မဲ့ရခြင်း အဖြစ်” ကို ရဖို့ အစဦးမှာတော့ – ခင်ဗျား တော်တော် သည်းညည်းခံခဲ့၊ ကြိုးစားခဲ့ရပါတယ်။ အခု ကျနော် ပြောတာက “ထိုင်နေရုံမျှ” ဆိုတဲ့ တစ်ခုတည်းပါ။ တကယ်က ထိုင်နေတာ၊ လှဲနေတာ၊ မတ်တပ်ရပ်တာ၊ လမ်းလျောက်နေတာ အဲ့ဒါတွေ အားလုံးမှာ အတူတူ ချည်းပဲ။ ဘာဝနာထုံမွှမ်းလာတဲ့ အခါ ခင်ဗျား သွားလာ လှုပ်ရှား နေသမျှ ဟာ “သွားလာလှုပ်ရှားနေရုံမျှ” ပဲလို့ မြင်သိလာရ တယ်။ အဲ့ဒါ အပြင် ဘာမှ မရှိဘူး။ ဘာဝနာ နည်းပေါင်း ဘယ်နည်းမျိုးနဲ့ မဆို ဒီ အခြေအနေ ကို ဦးတည်ပြီး လာရလိမ့်မယ် ထင်တယ်။ ခင်ဗျား ဖြစ်တည်နေသမျှ ကို “ဖြစ်တည် ရုံမျှလေး” စောင့်ကြည့် နေနိုင်တဲ့ အဖြစ်ကို ရောက်မယ်။ အဲ့ဒီရဲ့ နောက်မှာ ဘာတွေ ဆက်ဖြစ်လဲ – ဘာလဲ ဆိုတာတွေ အတွက် ကျနော် မသိဘူး။ စာအုပ်ထဲတွေ မှာတော့ ရှိကောင်း ရှိလိမ့်မယ်။

စာအုပ်တွေ အရ – ဘာဝနာကို ပြုကျင့်ကြတဲ့ နည်းနာပုံစံ အမျိုးမျိုး ရှိတယ် လို့ ဆိုပါတယ် ။ ကျနော် အခုပို့စ်မှာ ပြောတဲ့ “ထိုင်ရုံမျှလေး” ဆိုတာကလည်း အဲ့ဒီ နည်းတွေ ထဲက တစ်ခု သက်သက် ပဲ ။ ကိုယ်သန္တာန် ကိုယ့်စရိုက်ပေါ် မူတည်ပြီး ကိုက်ညီချင်မှ ကိုက်ညီလိမ့်မယ်။ ဘာဝနာ ပြည့်ဝ လာတဲ့ အခါ အားစိုက်ထုတ်မှု ဘာလို့ မရှိရ တော့တာလဲ လို့ မေးရင်- အချို့က – လုပ်ကြည့်ရင် သိလိမ့်မယ်- လို့ပဲ ဖြေကြတယ်။ ကိုယ်တိုင် လုပ်ကြည့်ဖို့ မရှိသေးတဲ့ သူ ၊ တွေးပဲ တွေးကြည့် ချင်ပါတယ် ဆိုတဲ့ သူ တွေ အတွက် ရှင်းကြည့် ဖို့ ကျနော် ကြိုးစားကြည့်မယ်။

ဘာဝနာ ရဲ့ မူရင်း အနှစ်က ခင်ဗျားသန္တာန်ကို ခင်ဗျားကိုယ်တိုင် ကိုယ်ကျ ကြည့်မြင် နိုင်ဖို့ ကိုပဲ ရည်ရွယ် တယ်။ ( ဒီစကားကို ကျနော် အထပ်ထပ် ပြောမိနေတယ် ထင်တယ် ) သူ့မှာ ဘယ် အတွေး၊ ဘယ်မျက်ကန်း ယုံကြည်မှု၊ ဘယ် အယူဝါဒ ၊ အတွေး မှ မလိုအပ် ဘူး။ တစ်နည်းအားဖြင့် – ခင်ဗျား လုပ်ကြည့်လို့ ချက်ချင်း မမြင်ရ – ဘာမှ မသိရဘူး ဆိုရင် လွှတ်ပစ်ခဲ့ နိုင်တယ်။ ကျနော် ဆိုရင် လည်း ဘေးဖယ် ထားလိုက် မှာပဲ။

ကျနော် နားလည် မိသလောက် ယုတ္တိ ဆင်ခြေတွေနဲ့၊ ဗဟုသုတ၊ စကားလုံးတွေ အတွက် ဘာဝနာ မှာ နေရာ ပေးမထားဘူး။ စိတ်ကူး ပုံရိပ်တွေနဲ့၊ အတိတ် အနာဂတ် မျှော်မှန်းချက် တွေ – မရှိဘူး။ ဘာဝနာ ဟာ ခင်ဗျား အခု လက်ကတောက် ချင်း “ခဏ” တာ မှာ ခင်ဗျား သန္တာန် ကို မြင်နေအောင် “စောင့်ကြည့် နေဖို့” သက်သက် ရယ်ပါ။ အဲ့အတွက် အချိန်သီးသန့် ပေးရတာလည်း မဟုတ်ဘူး။ လူတိုင်း ပိုင်ဆိုင်နေတဲ့ တစ်ရက် ၊ နှစ်ဆယ့်လေးနာရီလုံးလုံး၊ – ခင်ဗျားရဲ့ နှစ်ဆယ့်လေး နာရီ လုံးလုံးကို — ခင်ဗျား ပုံမှန် အတိုင်း — သွားလာပြောဆို လုပ်ကိုင်နေရင်း — “စောင့်ကြည့်တဲ့ အမှု” ကို လုပ်နေနိုင်တယ်။ ခင်ဗျား ယုံကြည် ကိုးကွယ်ရာ ဘာသာရေး ရဲ့ ဝတ်ပြုမှု၊ ဆုတောင်းမှု လုပ်နေချိန်မှာလဲ ဘာဝနာ ရှိနေလို့ ရတယ်။ အယုတ်ဆုံး ကာမ- မေထုန် အမှုနဲ့ အပျော် အပါး သောက်စား နေချိန်မှာလဲ ဘာဝနာ ရှိနေနိုင်ပါတယ်။ ဆိုလိုတာက- ဒီအလုပ်ဟာ အချိန်တိုင်း၊ နေရာတိုင်း အတွက် ဖြစ်ပါတယ်။ ခင်ဗျား ရှင်သန် ဖြစ်တည်နေ သမျှ တစ်ခုလုံး အတွက်ပါ။

အဲ့သလို အချိန်ပြည့် နေနိုင်လာ တဲ့ အခါ “ခဏ” တိုင်း “ခဏ” တိုင်းကို ခင်ဗျား မြင်နေတာပဲ ရှိနေတော့ တယ်။ မိမိသန္တာန်ကို ရှင်းရှင်းလင်းလင်း “မြင်”နေတာ သက်သက် နဲ့ – ခင်ဗျားရဲ့ ပစ္စုပ္ပန် “ခဏ” တိုင်းကို – ဘယ်သူ့အကူ၊ ဘယ်စာအုပ်အကူ၊ ဘယ်ဝါဒ အကူအညီ မှ မပါဘဲ — ရှင်းရှင်း သိမြင်နေရတယ်။ “ခဏတာ” လေးရဲ့ ဖြစ်တည်မှုသာ ရှိနေတယ်။ အဲ့ဒီမှာ – ယုံကြည်မှု ဆိုတာ မပါဘူး။ ဘာလို့ ဆို – ခင်ဗျားက မြင်နေရလို့။ အခြား ထင်မြင်ယူဆချက် မပါဘူး။ ဘာလို့ဆို မျက်မြင် မှာတင် သိနေတာမို့လို့။ အပူအပင် မရှိဘူး ။ ဘာလို့ ဆို ခင်ဗျား အတိတ်နဲ့ အနာဂတ် အပေါ်မှာ မျောလွင့်မသွားတော့လို့ပဲ။ အဲဒီ အခါ ခင်ဗျား သန္တာန်မှာ တွေးတောခြင်း၊ လုပ်ယူခြင်း၊ အားစိုက်ထုတ်ခြင်း ဘာမှ မရှိတော့ဘူး ဆိုတာလည်း တွေ့ရပါလိမ့်မယ်။

အထက်မှာ ကျနော် စက်ဘီး ဥပမာ ပေးထားခဲ့တယ်။ ဒီနေရာမှာ နောက် ဥပမာ တစ်ခု ထပ် ပေးကြည့်မယ်။ အခု စာဖတ်နေသူ ခင်ဗျား- ရေကူး တတ်ပါသလား ။ ရေကူးသင်ခါစက ရေထဲမှာ ကျနော်တို့ ခြေ ဘယ်လိုခတ်ရတယ်။ လက် ဘယ်လို ယက်ရတယ်။ အသက် ဘယ်လို ရှူရတယ် – စသဖြင့် မှတ်ယူပြီး အားစိုက် လေ့ကျင့်ကြရတယ်။ ဒါပေမယ့် ဒါက အစဦးဆုံး အချိန်မှာ သက်သက်ပဲ။ ခင်ဗျား ရေကူးတတ်လာပြီ ဆိုရင်တော့ – ရေထဲ ရောက်တဲ့အခါ ခင်ဗျား ခေါင်းထဲမှာ သီးခြား မှတ်နေစရာ ဘာမှ မလိုတော့ဘူးရယ်။ ယခင် မှတ်ယူခဲ့သမျှ အားစိုက်ထုတ် နေရသမျှတွေ တစ်ခုမှ ရှိမနေတာကို တွေ့ရမယ်။

ရေကူး ကျွမ်းကျင်ပြီးသူ တစ်ယောက်ကို “ရေကူးတယ်ဆိုတာ ဘာလဲ၊ ခင်ဗျား ဘယ်လိုလုပ်ပြီး ကူးသွားသလဲ” လို့ မေးရင် သူ့အနေနဲ့ တော်တော် အဖြေရ ခက် ပါလိမ့်မယ်။ “ဒီလိုပါပဲဗျာ ။ ဟိုခတ် ဒီခတ်နဲ့ ရောက်သွားတာပဲ” ဆိုတာ အဖြေမျိုးက တိတိကျကျ မမှန်နိုင်ဘူး – ဒီထက်ပိုပြီး တိကျအောင် ဖြေဖို့လည်း သူ ရှင်းမပြ နိုင်တော့ဘူး။ သူ ရေကူးတယ် ဆိုတာ ရေထဲကို သူ့ကိုယ်သူ အပြည့်အဝ လွှတ်ချပေးလိုက်ခြင်း တစ်မျိုး သက်သက်ပါ ( ဒီစကားကလည်း အတိအကျ မမှန်နိုင်သေးဘူး ) ။ ဆိုလိုတာက သူ မှတ်သား အားစိုက်ပြီး လုပ်ရတဲ့ အရာ – တစ်ခုမှ မရှိတော့ဘူး။ တကယ်လို့ အဲ့ဒီလူက ရေထဲမှာ ငါဘယ်လို ခြေခတ်ရဦးမယ်၊ ငါ ဘယ်လို လက်ယက်ရဦးမယ် စသဖြင့် စဉ်းစား နေရပြီ ဆိုရင်လည်း သူဟာ ရေကူး ကျွမ်းကျင်သူ မဟုတ်သေးဘူး။ ရေမကူးတတ်သူ ( ဒါမှမဟုတ် ) စဦးသင်ပဲ ရှိသေးတယ် လို့ ပြောရတော့မယ်။

ဆိုလိုတာက –

ခင်ဗျားရဲ့ နိစ္စဓူဝ အားစိုက်ထုတ် လုပ်ဆောင်နေသမျှကို ဖယ်ရှား ပစ်လိုက်တာဟာ ဘာဝနာ ရဲ့ နောက်ဆက်တွဲ ရလာဒ် တစ်ခု ဆိုတာကို သိထားဖို့ လိုပါတယ်။ ဘာလို့ ဆို – ဘာဝနာကို အတင်းအဓမ္မ အားစိုက်ထုတ်နေမှ ဖြစ်မယ်လို့ မှတ်ယူနေကြတာတွေ ရှိနေလို့ပါ။ ကျနော် နားလည်သိထားတဲ့ – ဘာဝနာ မှာ အတင်း အကျပ် အားစိုက်နေရတယ်၊ စိတ်ယုတ် စိတ်ပုတ်တွေ ဖယ်ရှား ပစ်ရတယ် ၊ အာရုံကို အတင်းစူးစိုက်နေရတယ် — ဆိုတာတောင် မပါပါဘူး။

စင်စစ် ဘာဝနာဟာ – ခင်ဗျားရဲ့ အတွင်းဆုံး အပိုင်းက စပြီး အမြင် ပြောင်းလဲသွားတာ သက်သက်ပါ။ ခင်ဗျား အတွင်းပိုင်း သန္တာန်မှာ ရိုးရိုးလေး ကြည်လင်နေတဲ့ အမြင် ရှိသွားကြောင်း – တကယ် လုပ်ကြည့်တဲ့အခါ တွေ့ရပါလိမ့်မယ်။ သာမာန် အချိန်မှာလို ချစ်တာ၊ မုန်းတာ၊ လောဘကြီးတာ၊ ဒေါသ ထွက်တာတွေ မရှိတော့ဘူး၊ မရှိရဘူး လို့ မဆိုလိုဘူး။ ခင်ဗျား သန္တာန်မှာ ချစ်တဲ့ စိတ် ရှိနေရင်လည်း မြင်နေ သိနေ တယ်။ မုန်းတဲ့ စိတ်ရှိနေရင်လည်း မြင်နေ သိနေတယ်။ လောဘကြီးမယ်၊ ဒါသထွက်လို့ ရှူးရှူး ရှားရှား ဖြစ်မယ်။ အဲ့ဒါ ခင်ဗျားရဲ့ စိတ်ပဲ။ ခင်ဗျားရဲ့ အလုပ်က အဲ့ဒါတွေကို သမားရိုးကျ “ရှင်းရှင်းလေး စောင့်ကြည့်နေဖို့” သက်သက်ပါ။

ဆိုလိုတာက ခင်ဗျား ရဲ့ သန္တာန်မှာ ဘာဖြစ်ဖြစ် – အဲ့ဒီ ဖြစ်နေတာက သတ်သတ်ပါ။ ခင်ဗျားက ခင်ဗျား သန္တာန်ကို Watcher အစောင့် တစ်ယောက် လို စောင့်ကြည့်နေဖို့ လောက်ပဲ။ ဝင်ဝေဖန်ခြင်း၊ ဝင်ရောက် တားဆီးခြင်း၊ ပိတ်ပင်ခြင်း၊ ဆုံးဖြတ်ခြင်း ဘာတစ်ခုမှ မလုပ်ပါဘူး။ အဲ့ဒီ အခါ ခင်ဗျားရဲ့ စိတ်၊ ခင်ဗျားရဲ့ ကိုယ်နဲ့ စောင့်ကြည့်နေမှုဟာ သီးခြားစီ ကွဲထွက်နေတာ တွေ့ရပါမယ်။ ( တနည်း) ဘာဝနာ ရဲ့ စောင့်ကြည့်မှု အမြင် က သတ်သတ် ဆိုတာ တွေ့ရပါလိမ့်မယ်။ အဲ့ဒီ အမြင်ဟာ အဲ့အချိန်မှာ အားစိုက်ထုတ်ပြီး လုပ်နေရတာ မဟုတ်ဘူး ဆိုတဲ့ အကြောင်း၊ ( တစ်နည်း ) စဉ်းစားတွေးခေါ်ပြီး စကားလုံး ပုံရိပ်၊ အတွေး တွေနဲ့ သိရတဲ့ အခြား သိမြင်မှု အတွေး တစ်ခု မဟုတ်ဘူး ဆိုတဲ့အကြောင်း -ခင်ဗျား ကိုယ်တိုင် ( အခြားသူ ပြောစရာ၊ စာအုပ်တွေ ဖတ်ပြီး သိနေစရာ မလိုဘဲ) မြင်နိုင်ပါမယ်။

တကယ်တော့ ဘာဝနာ ဟာ ရိုးရှင်းစွာနဲ့ “မြင်ခြင်း သက်သက်” ပါ။

……………………….

ဘာဝနာ – ဆိုတဲ့ ဒီဖြစ်စဉ် ကို စာချည်းသာ ဖတ်သွားရင် “စာ” သက်သက်ပဲ ဖြစ်နေပါလိမ့်မယ်။ ဒီ ဖြစ်စဉ်မှာ လူမျိုး၊ ဘာသာ – ဘယ်အရာမှ မပါဝင်ဘူး။ ဘာသာ၊ အယူဝါဒ၊ ဒဿန အတွေးအခေါ် စနစ် လည်း မဟုတ်ဘူး။ ဘာသာ အယူဝါဒ တစ်ခုရဲ့ လက်အောက်ခံလည်း မဟုတ်ပါဘူး။ လူတစ်ယောက် မိမိ ဘဝကို အခု လက်ရှိ အချိန်ပေါ် တည့်တည့်ကျကျ ကြည့်မြင်ထားခြင်း၊ ဖြစ်ရှိနေခြင်း သက်သက်၊ မိမိ ဖြစ်စဉ်ကို မိမိ “စောင့်ကြည့်” နေခြင်း သက်သက်ပါ။ “အခုခဏ” လုပ်ကြည့် ရင် “အခုခဏ” မှာတင် မြင်သာ နိုင်လောက်တယ်။ ကိုယ်တိုင် ကိုယ်ကျ လုပ်နိုင်ကြပါစေ လို့ ဆန္ဒပြုပါတယ်။

………………………
2.12.2011
7:30 PM
………………………
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/
………………………

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: