သိမှု အချက်အချာ

မေး။ ။ ခင်ဗျားပြောခဲ့ဖူးတယ်။ စောင့်ကြည့်မှု/ သိမှု/ သတိ ဟာ အချက်အချာ ပါတဲ့။ သိပ်မကြာသေးမီ တစ်ညက ကျနော် တော်တော်များများ ဖြေလျော့ နားနေ ဖြစ်တယ်။ အဲ့အချိန်မှာ သိမှု သတိ ရှိနေပါတယ်။ အဲ့ဒါ သူဟာသူ ဖြစ်လာတာပါ။ ခဏပဲ။ ဒါပေမယ့် ကြည်လင်တယ်။ အံ့အားသင့် စရာ ကောင်းတယ်။ အဲ့မတိုင်ခင် တွေကတော့ ခင်ဗျားပြောတဲ့ စောင့်ကြည့်မှု အလုပ် — စိတ်က စိတ်ကို၊ အဲ့စိတ်က နောက် တစ်စိတ်ကို စောင့်ကြည့်တဲ့ အလုပ်သာ ပုံမှန် – လုပ်ဖြစ် နေတယ်။ အဲ့ဒီ “အချက်အချာ” ဆိုတာနဲ့ ပတ်သက်ပြီး ထပ်ပြောလို့ ရနိုင်မလား။

ဖြေ။ ။ သိမှု/သတိ ဟာ အချက်အချာပါ လို့ ကျနော် ပြောပါတယ်။ အဲ့စကား အတွက် ထပ် ရှင်းပြစရာ အခြား နည်းလမ်း မရှိပါဘူး။ အဲ့ဒါဟာ တခြား တစ်နည်းနည်း နဲ့လည်း သင်ကြား မပေး နိုင်ဘူး။ လေ့ကျင့်ခန်း ဆင်းလို့ ရတဲ့ အရာ လည်း မဟုတ်ပါဘူး။ “သိမှု/သတိ” ဆိုတာမှာ တင် အဓိပ္ပာယ် အပြည့်အဝ ပါရှိပြီး ဖြစ်ပါတယ်။

ကျနော် ပြောပြလို့ ရနိုင်မယ့် ဟာတွေက ကျနော်နဲ့ နီးစပ် နီးပါး ရှိနေမယ့် အရာတွေကိုသာ ဖြစ်ပါတယ်။ အဲ့ဒီ အရာတွေမှာ “ အချက်အချာ” သဘော ဘာမှ မပါဝင်ဘူး။ ကျနော်နဲ့ တော်တော် နီးနီးစပ်စပ် ရှိတဲ့ အရာတွေ အထိ ကျနော် ပြောကောင်း ပြောနိုင်မယ်။ “သိမှု/ သတိ” ကိုတော့ ဒီထက် ထပ် ရှင်းပြလို့ မရနိုင် တော့ဘူး။ ဘာလို့ဆို “နီးနီးစပ်စပ်” ရှိတယ် ဆိုတဲ့ အရာတွေနဲ့ ကျနော့ကြားမှာ အနည်းဆုံး အကွာအဝေး တစ်ခုတော့ ရှိနေသေးတယ် မဟုတ်လား။ ကျနော် အဲ့ဒါကို ရှုကြည့်နိုင်ရင် ပြောပြနိုင်လိမ့်မယ်။ ဒါပေမယ့် “သိမှု/ သတိ” ဆိုတာ ကျတော့ ရှုကြည့်တဲ့ တစ်စုံတစ်ခု မဟုတ်ပါဘူး။ သူက သပ်သပ် မဟုတ်ဘူး။ သူဟာ ကိုယ်ကိုယ်တိုင်ပဲ။ “ရှုကြည့်ခြင်း” သက်သက် ပါပဲ။ ဒါ့ကြောင့် “သိမှု” ကို ဘာလဲ မေးရင် – “သိမှု” လို့ပဲ ပြန်ပြောရ တော့မယ်။

အဲ့ဒါဟာ ကျနော်တို့ တစ်ဆင့် ပြီး တစ်ဆင့် ရှင်းပြလို့ ရနိုင်တဲ့ အနုပညာ ပစ္စည်း ထည် လိုမျိုး မဟုတ်ဘူး။ ခင်ဗျား သန္တာန်မှာ ဖြစ်လိုက်တဲ့ အချိန် ခင်ဗျား သိတယ်။ ဒါ့ကြောင့် ထပ် ရှင်းစရာ မလိုအပ်ဘူး။ ဘာလဲ လို့ ခင်ဗျား သိတယ်။ ဘာလဲလို့ ခင်ဗျား ခံစားမိတယ်။

တစ်ခုရှိတယ် – ခင်ဗျားက အဲ့ဒါကို ရအောင်လို့ ဆိုပြီး ကြိုးစား နေရပါတယ် ဆိုရင်တော့ ပြဿနာ ရှိပါတယ်။ ဘာလို့ဆို- အဲ့ဒီ ကြိုးစား နေရမှု ဟာ ခင်ဗျား သိမှု မဟုတ်ဘူး။ သိမှု အကြောင်းတွေကို လိုက်ဖမ်းယူ နေသလိုမျိုး သက်သက် ပဲ။ သိမှု အပေါ် လိုက် ထိန်းချုပ် နေတဲ့ အမှု သက်သက် ဖြစ်ပါတယ်။ လူရဲ့ အကျင့်က အရာရာကို ထိန်းချုပ် ကြိုးကိုင်ချင်တယ်။ အဲ့ဒါက ခင်ဗျားရဲ့ သန္တာန် အတ္တ တစ်စိတ်တစ်ပိုင်းပါ ။ ကျနော်ပြောတဲ့ သိမှု/သတိ ကတော့ ထိန်းချုပ်တာ မဟုတ်ဘူး။ ထိန်းချုပ်လို့ မရဘူး။ ခင်ဗျား သိရင်သိ၊ – မသိရင် “မသိခြင်း” သက်သက်ပါပဲ။

ခင်ဗျားက လုပ်ယူ မယ် ဆိုရင် အနီးစပ်ဆုံး သဘောမျိုး အထိ ရောက်ရောက် နေနိုင် ပါတယ်။ တစ်ခါတစ်လေ အခန့်သင့်ရင် ခင်ဗျား အဲ့ဒါကို တွေ့နိုင် ပါတယ်။ ဆိုလိုတာက ခင်ဗျား သန္တာန်မှာ – သိမှု ချည်း သက်သက် နဲ့ ငြိမ်ကျ သွားနိုင်တယ်။ အဲ့ဒီ အချိန်မှာ ခင်ဗျား ရုတ်တရက်ကြီး ခုမှ သိလိုက် ရသလိုမျိုး ခံစားမိနိုင်တယ်။ ခင်ဗျား သန္တာန်မှာ ဘာဖြစ်နေတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ကြည့်မြင် လိုက်ရတဲ့ အခိုက်အတန့်ပဲ ဖြစ်ပါတယ်။ ညဘက် ခင်ဗျား နားနေချိန်မှာ အဲ့ဒါကို ခင်ဗျား တွေ့လိုက်ရတယ် လို့ ခင်ဗျား ဆိုထားတယ် ။ ဒီအချက်က ခင်ဗျားကို မှတ်သား စရာ တစ်ခု ပေးပါတယ်။ အဲ့ဒါကတော့ “နားနေမှု” ပါ။ သိမြင် စောင့်ကြည့်မှု/သတိဟာ အားစိုက် ညှစ်ထုတ်ပြီး ရယူရတဲ့ အရာ မဟုတ်ဘူး လို့ ဆိုလိုတာပါ။ နားနေမှုဟာ ခင်ဗျားရဲ့ သိမြင်မှုကို ရိုးရိုးလေး ဖြစ်ပေါ်ခွင့် ပေးထားတာ ဖြစ်ပါတယ်။

အခြား အချိန်တွေမှာတော့ ခင်ဗျား ကြိုးစား နေရတယ်။ အားစိုက်ထုတ် နေတယ်။ အဲ့ဒီ နေရာကို ရောက်ဖို့ – အဲ့ဒါကို သိနိုင်ဖို့ – လုံးပမ်း နေရ တယ်။ ခင်ဗျား သန္တာန်မှာ Tension ရှိနေမယ်။ အဲ့ဒါကြောင့်လည်း “စိတ်” က “စိတ်” ကို ၊ အဲ့ဒီ “စိတ်” က နောက် “စိတ်” ကို စောင့်ကြည့်တယ် ဆိုတာ ရှိနေပါတယ်။ အဲ့ဒါဟာ စိတ်ကူး အတွေးချည်း ဖြစ်နေလို့ပါ။ စိတ်ကူး အတွေး ဟာ သိမြင်မှု သက်သက် ကို မဖမ်းယူ နိုင်ဘူး။ သူ လုပ်နိုင်တာ က ယုတ္တိတွေ၊ ( logic တွေ)၊ နည်းနိဿယ တွေ၊ အခြား အတွေးအခေါ်တွေ၊ အယူဝါဒ၊ အခြား အတတ်သညာ တွေ၊ ဗဟုသုတ တွေကို နားလည် ပေးနိုင်စွမ်း ပဲ ရှိတာ ဖြစ်ပါတယ်။ ခင်ဗျား အတွက် ကြည်လင်နေမယ့် – ရှုမြင်ထားတဲ့ ရိုးရိုးစင်းစင်း သိမှတ်မှု ဟာ အဲ့ဒီ အတွေး စိတ်ကူး ရဲ့ အလွန်မှာ ရှိပါတယ်။ ရှုမြင်မှု သိမှု မှာ ဘာသာစကား မရှိဘူး။ ဘာသာစကား၊ ဝေါဟာရ တွေ နဲ့ မတည်ဆောက် ထားဘူး။ ဒါကြောင့် ကျနော် ပြောတဲ့ အချက်အချာ “သိမြင်မှု/ သတိ” ဟာ စိတ်ကူး အတွေးတွေရဲ့ အလွန် ကို ဆိုလိုပါတယ်။

အဲ့ဒီ အခါမှာ အကြောင်းတစ်ရပ်ရပ် ခင်ဗျား သန္တာန်မှာ ဖြစ်လာရင် ရှင်းရှင်းလင်းလင်း မြင်ရတယ်။ ခင်ဗျား ဆီမှာ အတွေး ရှိနေတာ မဟုတ်ဘူး။ အဲ့ဒီ အတွေး မရှိနေဘူး ဆိုတာ ကိုလည်း ခံစား သိလို့ ရနိုင်ပါတယ်။ ခင်ဗျား ကြိုးစား ကြည့်တဲ့ အခါတိုင်း ခင်ဗျား စောင့်ကြည့်မှု ရှိနေတယ်။ စိတ်ရဲ့ တစ်ချို့ တစ်ဝက်ကို စောင့်ကြည့်နေတဲ့ အခြား စိတ်ဖြစ်စဉ် တစ်ရပ်မျိုးလို့ ခင်ဗျား ဘဝင်တကျ လက်ခံသွားလိမ့်မယ်။ အဲ့ဒီ စောင့်ကြည့်မှုဟာ ပုံမှန် အတွေး အသိတွေက သီးခြား ကင်းလွတ်နေပါတယ်။

ခင်ဗျား စောင့်ကြည့်မှု အလုပ်ကို – အဲ့ဒီ အတိုင်း ဆက်ကာ ဆက်ကာ သွားနေရတယ်။ ခင်ဗျား သန္တာန် ဟာ အဲ့ဒီ ပိုင်းဖြတ်မှု ကိုပဲ ဆက်ကာ ဆက်ခါ လက်ခံ နိုင်နေတယ်။ ဒါပေမယ့် နောက်ဆုံး- ခင်ဗျား က ခင်ဗျား စိတ်သန္တာန် သက်သက်ချည်း ရှာတွေ့ သွားပါတယ်။ အဲ့ဒီ စိတ် သန္တာန်ဟာ ဘာဝနာ အစစ် မဟုတ်သေးဘူး။ စောင့်ကြည့် နေမှု စစ်စစ် မဟုတ်သေးဘူး ဆိုတာပါ သိသွားတယ်။ အဲ့ဒါကြောင့် ဒီ ဖြစ်ရပ်က ယူရမယ့် သင်ခန်းစာ ဟာ – အားစိုက်ထုတ်မှု၊ အားအင် ညှစ်ထုတ်မှုမျိုး မပြုလုပ်ဖို့ ကို ရည်ညွှန်း ပါတယ်။ ခင်ဗျားရဲ့ အားစိုက် ထုတ်နေမှု အစား – အပြည့်အဝ ဖြေလျော့ နားနေ လိုက်ချိန် အထိ ခင်ဗျား သန္တာန်မှာ စောင့်ကြည့်မှု အလုပ် စဉ်ဆက်မပြတ် ရှိနေဖို့ လိုအပ်တယ်။ အဲ့လိုနဲ့ ခင်ဗျားမှာ သိမှုချည်း သက်သက် သာ ကျန်ရှိပြီး၊ အပြည့်အဝ နားနေလိုက်ချိန်ဟာ အတွေးတွေ အားလုံး နိုးနိုးကြားကြား ရပ်ဆိုင်း သွားတယ်။

ပုံမှန် အခြေအနေမှာ အဲ့ဒီစိတ်ဟာ အိပ်ပျော်ခါနီး ဆဲဆဲ လိုမျိုးပဲ။ အိပ်ပျော်သွားဖို့ အဆင်သင့် ဖြစ်နေတဲ့ အနေအထားမျိုး နဲ့ တူတယ်။ အဲ့ဒီ နေရာမှာ ခင်ဗျား အားစိုက် ထုတ်နေတာ မရှိဘူး။ အားစိုက်ထုတ် နေရရင်လည်း ခင်ဗျား မအိပ်ချင်ပါဘူး။ အိပ်လို့လည်း မရဘူး။ အဲ့ဒါကြောင့် သိမှုချည်း သက်သက် အခြေအနေ နဲ့ အိပ်ပျော်သွားတဲ့ ခံစားရမှု အခြေအနေ – ဒီ နှစ်ခုကြားမှာ ဘုံတူညီနေတာ တစ်ခု ရှိတယ်။ အဲ့ဒါက – ဘယ် အားစိုက်ထုတ်မှု မှ သိမနေ၊ ရှိမနေတာ – ပဲ။ အားစိုက်ထုတ် လွန်း နေသရွေ့က ခင်ဗျား အဲ့ဒီ သိမြင်မှု သတိချည်း သက်သက် ကို မရောက်ဘူး ။ လွဲနေဦးမယ်။

အားစိုက်ထုတ်မှု တိုင်းဟာ လွဲချော်နေဦးမယ် ဆိုတဲ့ အကြောင်း ခင်ဗျား မဆင်ခြင်ထားရင် – သိမှု သက်သက် ကို ( ကျနော် ဆိုလိုတဲ့ အချက်အချာ နေရာကို ) ခင်ဗျား မရနိုင်ဘူး။ တစ်ကြိမ် တစ်ခါ ၊ ခဏလေးပဲ ဖြစ်ဖြစ် – ခင်ဗျား စိတ်ကူး အတွေးတွေ ဟာ ငြိမ်ကျသွားမယ် ဆိုပါစို့။ အိပ်ခါနီး ဆဲဆဲ အထိ ဖြစ်သွား သလိုမျိုး ။ ခင်ဗျားက ရှုမှတ်မှု တော့ ရှိနေတယ် ၊ အတွေး တွေသာ လျော့ပါး သွားတယ် – အိပ်ပျော် သွားတာလဲ မဟုတ် – ပုံမှန် တွေးခေါ် စဉ်းစား နေတာလဲ မဟုတ် ဘဲ – စိတ်က အပြည့်အဝ အနားရသွားတဲ့ အချိန်မှာ – သိမြင်မှု ရုတ်တရက် ဖြစ်လာပါတယ်။ အဲ့ဒါကို ရလိုက်တဲ့ အချိန်မှာ ခင်ဗျား ကြည်ကြည်လင်လင်ကို ခံစားလိုက်ရလိမ့်မယ်။ ခင်ဗျား သိသွားတယ်။ အခုအချိန်မှာ ဘာလဲလို့ မေးစရာမျိုး မလိုအပ်တော့ ဘူးရယ်။

ဒါပေမယ့် အဲ့ဒါလေး ကို – ဒါ ဘာလေးပါလိမ့် လို့ အတွေး ဝင်တာနဲ့ ပြန်ပျောက် သွားတာပဲ။ ဘာလို့ ဆို ခင်ဗျား အစကို ပြန်ရောက်သွားလို့။ ကျနော် တိုက်တွန်း ချင်တာက – အဲ့လို ဖြစ်လာခဲ့ရင် ဖြစ်လာတဲ့ အတိုင်းလေး ပုံမှန် ရှိနေ ထားဖို့ပါ။ ခင်ဗျား စောင့်ဆိုင်း နေတယ်။ ခင်ဗျား သန္တာန် ဖြစ်ပျက်သမျှ ခင်ဗျား စောင့်ကြည့်၊ ရှုမှတ်နေတယ်။ ပုံမှန် အတိုင်းလေးပဲ သွားနေတယ်။ သိမှတ်ထားတယ်။

( ကျနော် ဒီနေရာမှာ အရင် ပို့စ်တွေက ထပ်ကာ တလဲလဲ ပါနေတဲ့ တစ်ခု ပြောလို ပါတယ်။ အဲ့ဒီ သိမှတ် စောင့်ကြည့်နေမှု ဟာ – စောင့်ကြည့် နေမှု သက်သက်ပဲ ရှိပါတယ်။ ဝင်ရောက် ဝေဖန်တာ၊ ကောင်းတယ် ဆိုးတယ် ခွဲခြားတာ၊ ပိုင်းဖြတ်၊ ဆုံးဖြတ်တာ ဘာတစ်ခု မှ မလုပ် ပါဘူး ။ ဖြစ်သမျှ စောင့်ကြည့် နေရုံ သက်သက်ပါ။ အဲ့ဒီ အတွက် ခင်ဗျားက – ငါတစ်ခုခု ပြန်မမြင်ရ ကောင်းလားလို့ အတင်းအကျပ် အားစိုက်ထုတ် နေစရာ မလိုပါဘူး။ ခွန်အား ညှစ် ထုတ် နေလို့လည်း မရဘူး။ နောက်ဆုံး အာရုံတစ်ခုခု အပေါ် စိတ်ကို စူးစိုက် နေတာလည်း မဟုတ်ဘူး။ Concentration မဟုတ်ပါဘူး။ အခု လက်ကတောက်ချင်း – ခင်ဗျား သန္တာန် ဖြစ်သမျှ ကြည့်နေတယ် ဆိုရုံလေး ပါပဲ။ )

အဲ့အချိန်မှာ ခင်ဗျား သန္တာန်ထဲ ခင်ဗျား ပြန်လိုချင်တဲ့ တစ်ခုခု ဆိုတာ ကို လုပ်ယူ နေတာ မဟုတ်ဘူး။ ဘာတွေ ဖြစ်လာမလဲ – စိတ်နှလုံးက ဖွင့်ဟ ထားပါတယ်။ စောင့်ဆိုင်း နေတယ်။ ဒီလို မဟုတ်ဘဲ ခင်ဗျား အနေနဲ့ အာရုံတစ်ခုကို စွဲမြဲဖို့ အားစိုက် လိုက်မိတယ် ဆိုရင် လွတ်လွတ် ထွက်နေမှာပါပဲ ။ အဲ့ဒါကို သတိပြု စေချင်ပါတယ်။ ဥပမာ ပေးရင် လက်ဝါးဖြန့် ထားတာနဲ့ တူတယ်။ ခင်ဗျား လက်ဝါးဖြန့် ထားနေသရွေ့ လက်ဝါး ပေါ်မှာ ရှိသမျှ ဘယ်လေထုမျိုး မဆို ဖြစ်တည် နေနိုင်တယ်။ ခင်ဗျားက လေကို ဖမ်းဆုပ် ချင်လို့ လက်သီး ဆုပ် လိုက်တာနဲ့ အဲ့ဒီ လေတွေ ပျောက် သွား တော့တာပဲ။ ခင်ဗျား လက်သီးဆုပ် လိုက်တာဟာ လေကို ဖမ်းယူလိုက်တာပဲ လို့ တွေးကောင်း တွေးနေ နိုင်မယ်။ ဒါပေမယ့် ခင်ဗျား လက်ဝါးဖြန့် ထားသလောက် ခင်ဗျား လက်သီး ဆုပ် ထဲမှာ လေ မရှိတော့ဘူးရယ်။ ဒါ့ကြောင့် ခင်ဗျား လက်သီး ဆုပ်ထားဖို့ မလိုပါဘူး။ လက်ဝါး ဖြန့်ထားဖို့သာ လိုပါတယ်။ ခင်ဗျား သန္တာန်မှာ အားလုံး ဖြစ်တည် ဖို့ အခွင့် ရှိတယ်။

ခင်ဗျား အလုပ်က – မိမိ ကိုယ်၊ စိတ်၊ ထင်ရှားရာမှာ ဘာတွေ ဖြစ်တယ် ဆိုတာကို စောင့်ကြည့် နေရုံလေးပဲ။ စောင့်ကြည့် သိနေရုံမျှလေးကို ဆိုလိုပါတယ်။ အဲ့ဒီ စောင့်ကြည့်မှု ကိုတော့ အချိန်မပြတ်၊ အဆက်မပြတ် လုပ်နေရ လိမ့်မယ်။ ခင်ဗျား ရဲ့ သန္တာန်မှာ စိတ်အတွေး စကားလုံး တွေ လျော့ပါးသွား တဲ့ အခိုက်၊ စိတ်ကူး အတွေးတွေ ဖြေလျော့ သွားတဲ့ အခိုက်၊ စိတ်ဟာ အိပ်ပျော် သလိုမျိုး အလားသဏ္ဍာန် တူတဲ့ အခြေအနေ တစ်ခုကို တိမ်းညွှတ်သွားတဲ့ အခိုက် အထိ – ခင်ဗျား စောင့်ကြည့်မှု ရိုးရိုးလေး ရှိနေရတယ်။ ရှိလည်း ရှိနေနိုင်ပါတယ်။ ဆိုလိုတာက – အဲ့ဒီ စိတ်ငြိမ်ဝပ် သွားတဲ့ အခါမျိုးမှာတောင် ခင်ဗျား နိုးနိုးကြားကြား သတိရှိ နေတယ်။ အဲ့ဒီနောက်မှာ – ရုတ်တရက် – ခင်ဗျားဟာ – ခင်ဗျား ခန္ဓာကိုယ်လည်း မဟုတ် – ခင်ဗျား အတွေး အသိ စိတ်လည်း မဟုတ် – အခု ခင်ဗျား ထင်နေတဲ့ ခင်ဗျား ကိုယ်တိုင် မဟုတ် တဲ့ အံအားသင့်စရာ တစ်ခုခု ဖြစ်ကြောင်း- ရှင်းရှင်း လင်းလင်း သိသွား ရပါလိမ့်မယ်။ အဲ့ဒီ အချိန်မှာ – အဲ့ဒါဟာ ဘာလဲ ဆိုတဲ့ မေးခွန်း ပေါ်လာ စရာ မရှိပါဘူး။ ဘာလို့ဆို – အံ့အားသင့် စရာ ကောင်းနေတဲ့ အဲ့ဒီ တစ်ခုခု ဟာ – တအား ရိုးရှင်း လွန်းတဲ့ အသိ သက်သက် မို့လို့ပါ။

ဒါ့ကြောင့် “သိမြင်မှု” ဟာ ဘာလဲ ဆိုတဲ့ မေးခွန်း အတွက် – “သိမြင်မှု” မည်ကာ မတ္တ သက်သက်မျှ ဆိုတာက လွဲရင် အခြား ဖြေစရာ နည်းလမ်း မရှိတာပဲ ဖြစ်ပါတယ်။

6.12.2011
3:00 PM
……………………..
Osho: Light On the Path
……………………..
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/
……………………..

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: