စိတ် ကောင်းကင် ဝေယံ က

မိုးကြိုးသွားတစ်ချက်
စိတ်တံခါးကို နှက်တော့
အလို – ကြည့်စမ်း
အိုမင်းမစွမ်းတစ်ဦး
တစ်ကိုယ်တည်း ပျော်မြူးလို့

ဒီကဗျာမှာ ပါတဲ့ အိုမင်းမစွမ်းတစ်ဦး ( The Old man ) ဟာ ဇင် သမားတွေ အတွက် ဘုရားသခင်ရဲ့ ပုံရိပ်လိုမျိုးပါ။ God နဲ့ အလားသဏ္ဍာန် တူပါတယ်။ ဒါပေမယ့် – အခု အများ ယူဆသလို ဖန်ဆင်းရှင် ဘုရားသခင် ကို ဆိုလိုတာ မဟုတ်ဘူး။ ရှေးကျတဲ့ သဘာဝ ကိုပဲ ဆိုလိုတာ ဖြစ်ပါတယ်။ အဲ့ဒီ သဘာဝဟာ ခင်ဗျားရဲ့ သဘာဝလည်း ဖြစ်တယ်။ တကယ် လည်း အဖိုးအိုပါပဲ။

စိတ်သမ္ပဇဉ်ကို ပစ်ချ
အတွေးအခေါ်တွေ ရပ်တန့်
သက်ဝင်နိုးကြား ကြည့်ရအောင်။

တောတောင်နဲ့ ကျေးငှက်သာရကာမှာ
ကန့်လန့်ကာ ခြားဆက် မရှိ
ပကတိ အကြည်သားနဲ့ ဝင်းပလို့။

ကြားဆက်မရှိ
ဆုံကြည့်ရအောင်။

သစ္စာ ဆိုတာ
အခု ဒီနေရာမှာ
လက်ငင်း ဝင်းပ။

ရှာဖွေလို့ မရ
ရှုမြင်လို့သာ ရတဲ့ အရာ
သစ္စာတဲ့ – ဒီနေရာမှာ။

နိုးထကြစမ်းပါ့
အခါခါ လှုပ်နှိုး
ထစမ်းပါ့ ကိုယ့်လူ။

နားလည်တဲ့ တွေးခေါ်စိတ်တွေ
အဝေး မသွား၊ အနီးအပါးတင် ထားခဲ့။
အသိသညာဟာ ပညာကို ဖုံးကွယ် –
အဲ့ အဖုံးအကာတွေ ထားရစ်ခဲ့။

Osho: Clash of Thunder

………………………………..
A : ဒီကဗျာကို မြင်တော့ – ပထမဆုံး မေးခွန်း ပေါ်လာပါတယ်။
How to stop Thinking?
ကျနော်တို့ အတွေးစဉ်ကို ဘယ်လိုရပ်ရမှာလဲ။

ဖြေကြည့်မယ်။

ကျနော်တို့ စိတ်ရဲ့ အတွေးစဉ်ကို ရပ်ပစ်လို့ မရပါဘူး။ အတွေးကို ရပ်တန့်ပစ်ဖို့ မကြိုးစား စေချင်ဘူး။ အကြောင်းက အတွေးဟာ သူ့ အလိုအလျောက်သာ ရပ်တန့်သွား နိုင်တယ်။ ကိုယ်က ပြုပြင်အားစိုက်လို့ မရဘူး။ ဒါကို – အတင်းအကျပ် ပြုပြင်အားစိုက်ပြီး လုပ်ယူရင် ရူးသွားဖို့သာ ရှိပါတယ်။ အဲ့ဒါကို ဂရုပြုစေချင်ပါတယ်။

ဇင် မှာ ပြောလေ့ပြောထ ရှိတဲ့ No-mind အတွေးစိတ် မရှိတော့တဲ့ အခြေအနေ ဆိုတာ အတွေးတွေ ရပ်သွားတဲ့ အခြေအနေကို ဆိုလိုတာ မဟုတ်ဘူး။ အတွေးစဉ် ဆက်လက်ပြီး မရှိတော့တာ ကိုသာ ဆိုလိုတာ ဖြစ်ပါတယ်။ ရှုပ်သွားလား မသိ။ တစ်နည်း ပြန်ပြောပါမယ်။

စိတ်အတွေးစဉ်ကို ရပ်တန့်ဖို့ အားစိုက် ထုတ်ကြည့်ရင် ပိုပြီး အာရုံ ရှုတ်ထွေး လာတာကို တွေ့ရမယ်။ ဒါမှမဟုတ် သိစိတ်အစဉ်က ဝေဝါး သွားတယ်။ အတွေး အချင်းချင်း ပဋိပက္ခ ဖြစ်ကုန်တယ်။ ဒီထက် လွန်ကဲလာရင် ခင်ဗျား သတိလစ် သွားမယ်။ အဲ့ဒီ အခြေအနေမှာ ခင်ဗျား တော်တော် ကြာကြာ ရပ်တည်ကောင်း ရပ်တည် နေနိုင်ပါတယ်။ ဒါပေမယ့် ကျနော် ဆိုလိုတဲ့ နေရာကိုတော့ ရောက်မှာ မဟုတ်ဘူးရယ်။

တစ်ခါတစ်လေမှာ အချိန် အတိုင်းအတာ တစ်ခု အထိ စိတ်အတွေးတွေ ငြိမ်သက်ကျ သွားနိုင်တယ်။ အဲ့အခြေအနေကို လူတိုင်း နီးပါး လုပ်နိုင်ပါတယ်။ ဒါပေတဲ့ အဲ့ဒါဟာ ဇင်မှာ ပြောလေ့ရှိတဲ့ No-mind နေရာ မဟုတ်ဘူး။ အဲ့ဒီ အခြေအနေဟာ အဲ့ဒီ ခဏတာ အတွင်းပဲ ရပ်တန့်သွားတာ သက်သက် ဖြစ်ပါတယ်။ သူတို့ကို ပြန်လှုပ်နှိုးရင် ခင်ဗျား နကို အခြေအနေကိုပဲ ပြန်ရောက် လာတယ်။

တစ်ခဏလေး ငြိမ်သက်သွားတာ မျိုးဟာ ခင်ဗျား အတွက် တိတ်ဆိတ်မှု အမှန် ကို မပေးနိုင်ဘူး။ ဘာလို့ဆို – အားစိုက် ထုတ်ပြီးမှ ရရှိလာတဲ့ ငြိမ်သက်မှုဟာ တိတ်ဆိတ်မှု အစစ် မဟုတ်သေးဘူး။ သူ့ရဲ့ နောက်ခံ အောက်ဘက်မှာ ခင်ဗျား နှိပ်ကွပ်ထားတဲ့ အတွေးစဉ်တွေက အခွင့်အခါ မရဘဲ ငုပ်လျိုးနေတာ သက်သက် ဖြစ်ပါတယ်။

ဒါ့ကြောင့် အတွေးစဉ်တွေကို ရပ်တန့် ပစ်ဖို့ ဆိုတဲ့ နည်းလမ်း မရှိပါဘူး။ အတွေးစဉ်တွေ အလိုအလျောက် ရပ်တန့် သွားတာဟာ သိမြင်မှု ( witnessing ) ရဲ့ ဘေးထွက် အကျိုး ရလာဒ် တစ်ခုသာ ဖြစ်ပါတယ်။ သူ့ အလိုလိုသာ ဖြစ်တည်တယ်။

……………..

B: ဒါဆို နောက်မေးခွန်း တစ်ခု ပေါ်လာပါမယ်။
What to do? or What’s Witness ?
ဘာလုပ်ရမလဲ၊ သိမြင်မှု ဆိုတာ ဘာလဲ။

ဒီမေးခွန်းက သင့်လျော်ပါတယ်။ တကယ့်လက်တွေ့ အလုပ်တစ်ခု ကို ညွှန်းဆို တယ်။ သူ့ အဖြေက – “သိမြင်မှု” ဟာ “စောင့်ကြည့်မှု” နဲ့ တိုက်ရိုက် သက်ဆိုင် ပါတယ်။ အတွေးစဉ် ကို ရပ်တန့် ပစ်ဖို့ ကြိုးစားတာ မဟုတ်ဘူး – စောင့်ကြည့်နေရုံ တင် စောင့်ကြည့်နေ တာ သက်သက် ဖြစ်ပါတယ်။ စိတ်အာရုံရဲ့ အတွင်းကို ဘယ် အနှောင့် အယှက် ၊ ဘယ် အလုပ် ကိုမှ မပေးဘူး။ ခင်ဗျား သန္တာန် ဖြစ်ပျက်နေ သမျှ စောင့်ကြည့် နေရုံလေး၊ သိမြင်နေရုံလေး ကို ဆိုလိုပါတယ်။

ကျနော် သိသလောက် စိတ်အစဉ်ဟာ အရာအားလုံးထဲမှာ အလှပဆုံး မက္ကင်းနစ် ဖွဲ့စည်းပုံ တစ်မျိုးလိုပဲ။ ကနေ့ ခေတ် သိပ္ပံမှာ ရုပ်ဝတ္ထုပိုင်း တွေ တီထွင်ကြသမျှ ဘယ်လောက်တိုးတက် လာပါစေ – စိတ်အလှကိုတော့ မမှီသေးဘူးလို့ ထင်တယ်။ ကိုယ့်စိတ်ကို ကိုယ် ထပ်တလဲလဲ စောင့်ကြည့် နေတဲ့ အခါ အတွေး၊ စိတ်ကူး၊ ခံစားချက်တွေ တစ်ခုနဲ့ တစ်ခု လွန်းသီ ထိုးယှက် နေကြတယ်။ ရှုတ်ထွေးနေသလောက် စွမ်းအားလည်း အပြည့်အဝ ရှိပါတယ်။

ခင်ဗျား လုပ်ရမှာက အဲ့ဒါကို ၂၄ နာရီ စောင့်ကြည့်နေနိုင်ဖို့ပဲ ။ ၂၄ နာရီ ဆိုတာ များနေပါသလား။ တကယ်လည်း များနေပါတယ်။ ဘယ်လိုမှ လုပ်နိုင်ဖို့ မလွယ်လှ သေးပါဘူး။ အစဦးချင်းမှာ မိနစ်ပိုင်း အတွင်း၊ စက္ကန့်ပိုင်း အတွင်းတောင် မလွယ်လှပါဘူး။ စိတ်အစဉ် အတွေးကို ပြန် စောင့်ကြည့် နေတာ ကိုက အခြား စိတ်တစ်ခုလို ဖြစ်နေလို့ – စိတ်က ဥဒဟို ပြေးလွှားနေလို့ ဖြစ်ပါတယ်။

ဒီ ဖြစ်စဉ်မှာ သတိပြုရမှာက –

၁။ စောင့်ကြည့်တဲ့ ဒီအလုပ်မှာ စောင့်ကြည့်ရုံလေး ဆိုတာကို မမေ့ရပါဘူး။ အများအားဖြင့် အတွေးတွေ ရှုပ်ယှက်ခတ် နေတာကို ကြည့်မြင် လာတဲ့ အခါ မိမိ အလိုဆန္ဒနဲ့ ရပ်တန့် ပစ်ချင် လာပါတယ်။ အဲ့ဒီ အခါ – ခင်ဗျားက အတွေးတွေကို တစ်စချင်းစီ လိုက်ဆွဲစု ပစ်လိုက် တော့တယ်။ တစ်ခုပြီး တစ်ခု ရပ်တန့်အောင် လုပ်ပစ်မယ်။ နောက်ဆုံး ရပ်သွားနိုင်တယ်။ ဒါပေမယ့် ခင်ဗျား ရူးသွားဖို့ ဆဲဆဲပဲ ကျန်တော့ လိမ့်မယ်။

ကျနော် ဒီမှာ ဆိုလိုတာက အဲ့သလို ရပ်တန့်ပစ်ချင်စိတ် ဝင်လာခဲ့ရင်တောင် အဲ့ဒီ စိတ်ဟာ ခင်ဗျား စောင့်ကြည့်နေရမယ့် စိတ်တစ်ခု သက်သက် ပါ။ အဲ့ဒါကိုပါ စောင့်ကြည့် နေနိုင်တဲ့ အခါ ခင်ဗျား ရပ်ချင်နေတဲ့ စိတ်က ပြန်ပျောက်ကွယ် သွားပါတယ်။ သူ့အလိုလို ပျောက်ကွယ် သွားတာ ဖြစ်ပါတယ်။ ခင်ဗျား အားစိုက်ထုတ်နေတာ မဟုတ်ဘူး။ ကျနော်တို့ ခင်ဗျားတို့ အလုပ်က စောင့်ကြည့်ရုံလေး သက်သက် ။ ( Just Watch! ) အဲ့ဒါကို မမေ့လျော့ဖို့ လိုအပ်ပါတယ်။

၂။ ဒုတိယ အချက်- ဖြစ်လေ့ဖြစ်ထ အများဆုံး ဟာ ကိုယ့်ကိုယ်ကိုယ် ( ကိုယ့်စိတ်သန္တာန် ကို ကိုယ် ) ရန်သူတစ်ယောက်လို ကြည့်မြင်တဲ့ အမြင် ဖြစ်ပါတယ်။ ခင်ဗျား အဲ့သလို သဘောမျိုး၊ ရန်သူတစ်ယောက်လို အမြင်မျိုး နဲ့ စောင့်ကြည့် နေမိပြီ ဆိုရင် ကြာကြာ စောင့်မကြည့် နိုင်တော့ဘူး ဆိုတာပါ တွေ့လာရမယ်။ ခင်ဗျား ကိုယ်တိုင် ဝင်ပြီး ဝေဖန်လာ – ထိန်းချုပ်လာပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ဆန့်ကျင်လာမယ်။ ခင်ဗျား စိတ်ကို ဝင်ဝေခွဲ လာပြီး နောက်ပိုင်း ကိုယ့်သန္တာန်ကို ကိုယ် ဆုံးဖြတ်ချက် တွေ တစ်ခုပြီး တစ်ခု ချလာနေတတ်တယ်။ အဲ့အခြေအနေ ရောက်ရင် စောင့်ကြည့်မှု သက်သက် ဆိုတဲ့ မူရင်း အလုပ် ကို ကျနော်တို့ ခင်ဗျားတို့ မေ့လျော့ သွားတယ်။ တကယ့်အလုပ် မဖြစ်တော့ဘဲ- အတွေးစဉ် ထဲကို ပြန် ခုန်ချ သွားမိတတ်ပါတယ်။ဒီနှစ်ခု စလုံးဟာ စောင့်ကြည့်မှု သက်သက် ( Just Watch! ) ဆိုတာကနေ သွေဖယ်သွားနိုင်တဲ့ အချက်တွေပါ။

ကျနော်တို့ ကြားဖူးတဲ့ ပုံပြင်ဆန်ဆန် တစ်ခု ရှိတယ်။

“ဟဲ့ ကလေး ကြည့်ထားစမ်း” လို့ စကားတောင်စား ကို မှာခဲ့တဲ့ အခါ – စကားတောင်စား ဟာ ကလေးကို ကြည့်ရုံ ကြည့်နေခဲ့တယ်။ ကလေး က ခလေး ဆိုတဲ့ အတိုင်း ဟိုလျောက်လုပ် ဒီလျောက်လုပ် လုပ်တယ်။ စကားတောင်စား အနေနဲ့က ကြည့်နေရုံလေးပဲ။ သူ ဘာမှ ဝင်မတားဘူး။ ဘာမှ လည်း ဝင်မဆွဲဘူး လို့ ဆိုပါတယ်။ ဒီ ဖြစ်ရပ်ဟာ ဟာသ ပုံပြင် တစ်ခုလို မြန်မာ မှာ ရှိခဲ့ပေမယ့် – အခု ဒီနေရာမှာ အသုံးဝင်တယ်။ ကျနော်တို့ရဲ့ စိတ်၊ ကျနော်တို့ သန္တာန် ကို စောင့်ကြည့် ရုံမျှလေး စောင့်ကြည့်တယ် ဆိုတာ စကားတောင်စား ကလေးကြည့်တဲ့ ပုံအတိုင်းနဲ့ နီးပါး တူညီပါတယ်။

ဒါပေမယ့် နီးပါး ပဲ။ ထပ်တူ မဟုတ်ဘူး။ အကြောင်းက မိမိ စိတ်ကို မိမိ – အခု ခဏချင်း ဖြစ်ပျက်သမျှ စောင့်ကြည့်လာတဲ့ အခါ – ( ပထမမှာ တော့ မကြာခဏ လိုလို မေ့မေ့သွား တတ်ပါတယ်။ အာရုံနဲ့ မျောပါ သွားတာမျိုး။ မူရင်း အလုပ်ကို မေ့ချန် ထားရစ်ခဲ့ တာမျိုး ။ ဒါပေမယ့် ကြိုးစားလာရင်း ) အကြိမ်ရေ စိတ် စိတ်လာတဲ့ အခါ – ဒီ “စောင့်ကြည့်မှု” သီးသန့် အပေါ် လေးလေးနက်နက် ရိုသေမှု၊ မြတ်နိုးမှု ရှိလာပါတယ်။ လုပ်ယူတဲ့ လေးနက်မှုမျိုး ၊ ရိုသေမှုမျိုး မဟုတ်ပါဘူး။ အလိုအလျောက် ဖြစ်လာတာမျိုးပါ။

ဒီနေရာမှာ အိုရှိုးက ကဗျာ တစ်ပုဒ် စပ်ဆိုပါတယ်။

ကောင်းကင်ပြင်တစ်ခွင် တိမ်လွှာတွေ ပြေးလွှား နေတာထက်
စိတ်ကောင်းကင်ပြင်တစ်ခွင် အာရုံတွေ ပြေးလွှားနေတာ
ဘယ်လောက် လှလိုက်သလဲ။

တောတောင်ပန်းမန် အလှအပတွေ ဖူးပွင့်နေကြတာထက်
ကိုယ့်ဖြစ်တည်မှု အတွင်း အတွေးစဉ် ပန်းပွင့်တွေ
တစ်ပွင့်ပြီး တစ်ပွင့် – ပွင့်
တစ်ပွင့်ပြီး တစ်ပွင့် – တဖြုတ်ဖြုတ်ကြွေ
ဘယ်လောက် လှလိုက်သလဲ။

သမုဒ္ဒရာ ပြင်ကျယ်ထဲ
မြစ်ဧရာပြင် တွေ ဝဲကတော့ထိုး ရိုက်ခတ်စီး ဝင်နေတာထက်
အတွေးစဉ်တွေ လှုပ်ခတ်နေတာ ကြည့်ရင်း
တိတ်ဆိတ်မှု ထဲ စီးဆင်းဝင်သွားနေကြတာ
ဘယ်လောက်များ လှလိုက်သလဲ။

ဆိုလိုတာက – ကျနော် ဒီနေရာမှာ “ဘာသာရေး” ဆိုတဲ့စကား မသုံးထားဘူး။ ဒါဟာ ဘာသာရေး အနေနဲ့လည်း မဟုတ်ဘူး။ မိမိ ဘဝ အခု အသက်ရှူနေသလား – အသက်ရှူ ရှင်သန် နေချိန် တိုင်းမှာ ပြောင်းလဲသွားတဲ့ အမြင်တစ်မျိုး သက်သက်ပါ။ ဒါကို ဘယ်တံဆိပ် ၊ ဘယ်ဝါဒီ လို့ အညွှန်းတပ်မလဲ။ အခြားသူတွေ မကပ်ခင် ကျနော် အရင် ကပ်ကြည့်ပါမယ်။

စောင့်ကြည့်မှု – ဘာဝနာကို ထပ်ခါထပ်ခါ စွဲမြဲလာတဲ့အခါ ၊ နိစ္စဓူဝ လှုပ်ရှားသမျှ အတွင်း လေးလေးနက်နက် တွဲကပ်လာနိုင်တဲ့အခါ – ရှင်သန်ခြင်း၊ သေဆုံးခြင်း ကွာဟချက် ( ခင်ဗျား နားလည်ထားမယ့် မူလ အဓိပ္ပာယ် သတ်မှတ်ချက် အဟောင်းတွေ ) ပျောက်ဆုံး သွားတယ်။ အရာရာအပေါ် ရှုမြင်ထားတဲ့ ရှုထောင့်အမြင် ပြောင်းလဲသွားတယ်။ ခင်ဗျား အနေနဲ့ နေ့စဉ်ရက်ဆက် ( ဒါမှမဟုတ် ) အခုချက်ချင်း – လုပ်ကြည့်ရင် – ဒီရှုထောင့် အမြင်ကို တွေ့လာ ရလာနိုင်မယ် ထင်ပါတယ်။ ကြာချင်လည်း ကြာမယ်။

ဒီထက် လေးနက်လာတဲ့အခါ – ဒီထက် စွဲမြဲလာတဲ့အခါ – နေထိုင်နေ ရတဲ့ ခင်ဗျားရဲ့ တစ်ခဏချင်းမှာ အေးမြတဲ့ သိမြင်မှု သက်သက် သာ ရှိနေတော့ တယ်။ ခင်ဗျား ရယ်နေနိုင် တယ်။ နောက်ပြောင် နေနိုင်တယ်။ သတိလွတ်ရင် တစ်ချက်တစ်ချက် ဒေါသ လည်း ဖြစ်နိုင်သေးတယ်။ ဆိုလိုတာက အခြားသူတွေ အမြင် မှာတော့ ခင်ဗျားဟာ အရင်နေ့တွေက “ခင်ဗျား” ပဲ ဖြစ်နေမှာ။ သူတို့ မြင်သိထားတဲ့ ခင်ဗျား အတွက် “ခင်ဗျား” ဟာ ပုံမှန်ပဲ။ ဘာမှ မပြောင်းလဲသွားဘူးပဲ။ ဒါပေမယ့် ခင်ဗျား အတွက်တော့ မိမိ ပတ်ဝန်းကျင် ဟာ မိမိ ရှုမြင်ပုံ အတွင်း မှာတင် ပြောင်းလဲ သွားတာ တွေ့ရပါ လိမ့်မယ်။

သူတို့ကို ( မိမိ မြင်တွေ့နေကျ ပတ်ဝန်းကျင်ကို ) ယခင် ရှုမြင်တဲ့ အမြင်ထက် လေးနက်သွား တယ် – ဒါပေမယ့် အမြင်၊ ခံစားချက် ကြည်လင် ပေါ့ပါး တယ်။ စောင့်ကြည့်မှုကလည်း ကျင့်သား တကျ နောက်က တစ်ပါတည်း ကပ်ပါ နေပါတယ်။ အားစိုက် နေစရာ မဟုတ်ကြောင်း တွေ့လာရမယ်လို့ ဆိုလိုပါတယ်။ အလားတူ – ဒေါသစိတ်၊ မာနစိတ် ဆိုတာမျိုး တွေဟာ သီးခြား ထိန်းချုပ် နေစရာ မဟုတ်ဘဲ။ အဲ့ဒီ စောင့်ကြည့်မှု ရှိနေရုံနဲ့ အလိုလို ပျောက်ကွယ် သွားတာ တွေ့ရလိမ့်မယ် ။ အဲ့ဒီ စောင့်ကြည့်နေတဲ့ ခဏတိုင်း ခဏတိုင်း အတွင်း မှာ ရသကိုးပါး ထဲ မပါတဲ့ ( မပါဝင်ဘူးလို့ ကျနော် ထင်တဲ့ ) အေးမြ ပျော်ရွှင်မှုမျိုး သီးခြား ရှိနေပါတယ်။   အဲ့ဒီ ခံစားချက် ဟာ အတွေး မဟုတ်ဘူး။ သိမြင်မှု သက်သက်ပါ။ အဲ့ဒီ အဖြစ်ကို – အိုရှိုးရဲ့ စကားနဲ့ ဆိုရင်- စိတ်မဟုတ် တဲ့ စိတ် – ( တစ်နည်း ) ဇင်ရဲ့ အရသာ ( ဝါ ) တာအိုရဲ့ အရသာ ( ဝါ ) ယောဂရဲ့ အရသာ အခြေခံ လို့ စတင်ပြီး ခေါ်ဆိုပါသတဲ့။

10.12.2011
11:15 PM
…………………
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/
………………..

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: