ငန်းဖြူ

Zen မှာ မေးတတ်တဲ့ မေးခွန်း ပဟေဠိ တစ်ခုရှိတယ်။ “ငန်း အပြင်ရောက်အောင် ဘယ်လိုထုတ်မလဲ” ဆိုတဲ့ ပြဿနာ ဖြစ်ပါတယ်။ တကယ်က ငန်းဟာ ဘယ်တုန်းကမှ အထဲမှာ မရှိခဲ့ဘူး။ သူက အမြဲတမ်း အပြင်မှာပဲ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီ ပဟေဠိပုစ္ဆာဟာ – ဇင် ကိုအန် တစ်ပုဒ် အဖြစ်နဲ့ နာမည်ကြီး ခဲ့တယ်။ ဆိုပါစို့- အဲ့ဒီအကြောင်း ကို မပြောခင် ဇင် က ဘာလဲ – ကိုအန် ပဟေဠိ ဆိုတာ ဘာလဲ အရင် နားလည်ထားရင် ပိုအဆင်ပြေပါလိမ့်မယ်။

ဇင်ကို အများစုက ဇင်ဗုဒ္ဓဘာသာလို့ ခေါ်ကြတယ်။ ဘာသာ လို့ အမည်တပ် ရုံနဲ့တင် လွဲမှား နေနိုင်ပါတယ်။ ဒါတင် မကသေးဘူး – ဇင်ဗုဒ္ဓဘာသာ ဆိုတဲ့ တံဆိပ် နဲ့ – ဇင် + ဗုဒ္ဓဘာသာ ( Zen Buddhism ) ဆိုပြီး တပ်စွဲ သမုတ် ထားပြန်သေးတယ်။ အဲ့ဒီ အတွက် အခု လက်ရှိ အမျိုးမျိုး ကွဲပြားနေတဲ့ – ဗုဒ္ဓဘာသာ ရဲ့ ဂိုဏ်းကွဲ တစ်ခု၊ ဘာသာရေး တစ်ခု လို့ အထင် ရှိနေတတ် ကြပါတယ်။ ဒါပေမယ့် အတွင်းကျကျ ဝင်ကြည့်ရင် – ဇင် ဟာ ကိုးကွယ်ရာ ဘာသာရေး တစ်ခု မဟုတ်ပါဘူး။ နည်းလမ်း တစ်ခု ၊ ပန်းတိုင်တစ်ခုထားထားတဲ့ ကျင့်စဉ် တစ်ခု လည်း မဟုတ်ဘူး။ ဇင် မှာ ဘာတောင်းဆိုမှုမှ မရှိသလို၊ ဘယ်ဆုတောင်း ဂါထာမှ မရှိဘူး။ ဘယ်အရာ ကိုမှ မညွှန်းထားဘူး။

နောက်ဆုံး – ဇင်မှာ အထွတ်အမြတ် ထားတဲ့ ဘယ်ကျမ်းဂန် စာပေရယ် မှ မရှိပါဘူး။ ဒါကိုပဲ အချို့က ဇင်ဝါဒ လို့ ခေါ်ကြ ပြန်ပါသေးတယ်။ တကယ်တမ်း ဇင်ဟာ ဝါဒ တစ်ခုလည်း မဟုတ်ဘူး။ ဒဿနိက စနစ် ၊ အယူအဆ မဟုတ်ဘူး။ ဇင်ဟာ – ခင်ဗျားအတွက် အရာ အားလုံးကို ခင်ဗျား အခု ဖြစ်ရှိနေတဲ့ အတိုင်း အပြည့်အဝ ချဉ်းကပ်စေရုံ သက်သက်သာ ရှိပါတယ်။ ဆိုလိုတာက ဇင်ဟာ – ခင်ဗျား အခု ဖြစ်ရှိ နေတဲ့ အတိုင်း ခင်ဗျား အပြည့်အဝ သိမြင်သွားစေ တယ် ။ အဲ့ဒါလေး သက်သက်ပါ။ အခု အချိန် – အခု နေရာ မှာ – ရှိနေတဲ့ ခင်ဗျား ဖြစ်တည်မှု သန္တာန်ရဲ့ ဘယ်အရာကိုမှ ခြွင်းချန် မထားခဲ့ဘူး။

ဇင် အတိုင်း နေတဲ့သူ ကို ဇင်ဝါဒီလို့ ခေါ်ကြမယ် ဆိုပါစို့။ ( ကျနော့ သဘော အနေနဲ့ဆို – အဲ့လို အမည်မတပ် လိုပါဘူး ။ ) ဇင်ဝါဒီ တစ်ယောက်ရဲ့ ပန်းတိုင်ဟာ အခြား မှာ မရှိဘူး။ အခု ဒီနေရာ မှာပဲ ရှိတယ်။ ဇင် ဝါဒီတစ်ယောက်ရဲ့ ပန်းတိုင် ရောက်ရှိရေး ဟာ နောင် တစ်ချိန်ချိန်မှာ ဖြစ်လာ ဖို့ မဟုတ်ဘူး။ အခု ဖြစ်ရှိနေတဲ့ လက်ငင်း ပစ္စုပ္ပန် အချိန်မှာသာ ဖြစ်ပါတယ်။ အဲ့အတွက် မနေ့က ဆိုတာ၊ မနက်ဖြန် ဆိုတာ မရှိ။ ဒီ အခု-ခဏ သာလျင် အစစ်အမှန် ဖြစ်ရှိ နေပါတယ်။ ဒါ့ကြောင့် ဇင်မှာ နည်းလမ်း နဲ့ ပန်းတိုင် ကွဲပြား မနေဘူး ၊ ခွဲခြား စရာ မလိုအပ်ဘူး – အခု ဒီအချိန်နဲ့ – အခု ဒီနေရာမှာ- ပန်းတိုင်ရော နည်းလမ်းပါ တစ်ပါတည်း ပေါင်းဆုံ နေပါတယ်။ သူ့ အတွက် ဘယ်ခြားနားမှု ကို မှ မလုပ်ဘူး လို့ ဆိုလိုတယ်။

ကမ္ဘာမှာ ပေါ်ပေါက်ခဲ့သမျှ ဒဿနိက စနစ်တွေ၊ ဘာသာတရား တွေမှာ – ဒွိသဘာဝတွေ ခွဲခြား ညွှန်ပြ ထားပြီး ဖြစ်ပါတယ်။ ၎င်းတို့ အသီးသီးရဲ့ နည်းနာ အတိုင်းသာ ကျင့်ကြံ နေထိုင်သွားရင် တစ်ချိန်ချိန်မှာ မကွဲမပြား တသားတည်း ငြိမ်းချမ်းမှု၊ သုခ အဖြစ်ကို ရရှိနိုင်မယ်လို့ ဟောပြော ညွှန်ကြားတယ်။ လူတွေရဲ့ သန္တာန် ကို ဒါ ကောင်းတယ်၊ ဟိုဟာ မကောင်းဘူး- ဒါက အမှန်- ဟိုဟာ က အမှား- ခွဲခြား ပိုင်းဖြတ် ပေးတယ်။ ဘုရားသခင် နဲ့ စေတန် ပိုင်းခြားပေး တယ်။ အလှအပနဲ့ အကျည်းတန်မှု ကွဲပြား ရှုမြင် စေတယ်။ ကြောင်းကျိုး ဆင်ခြင်ဥာဏ် တွေ ချပေးတယ်။ ဆင်ခြင်တုံတရား လို့ နံမည် တံဆိပ်၊ ဝေါဟာရတွေ ကြွယ်ဝ လာစေတယ်။

အဲ့ဒါရဲ့ အကျိုးဆက်က – လူအများရဲ့ သန္တာန်မှာ ကောင်းမြတ်ခြင်း အမျိုးမျိုး၊ ဘုရားသခင် အမျိုးမျိုး၊ အမှန်တရား အမျိုးမျိုး နဲ့ လူ့အဖွဲ့အစည်း တစ်ခုလုံး အစိတ်စိတ် အမွှာမွှာ ဖြစ်ကြတယ်။ ဆိုလိုတာက ကောင်းခြင်း – ဆိုးခြင်း က စပြီး အတွေးအခေါ်၊ အဆိုပြုချက်၊ အယူအဆ၊ ယုတ္တိဗေဒ တွေ နောက် တကောက်ကောက် လိုက်ရင်း – မိမိသန္တာန် အဖြစ်မှန်ကနေ ဝေးကွာ သွားမယ်။ လူဟာ မိမိ အတွေး၊ မိမိ ဥာဏ်စွမ်းနဲ့ ရှေ့ဘဝ၊ နောက်ဘဝ၊ အတိတ်၊ အနာဂတ် မျှော်မှန်းတမ်းတ ချက်တွေ ဖိစီး အားကောင်းလာတယ်။ ဒါပေမယ့် လက်ရှိမှာတော့ – တကယ့် အဖြစ် – အခုလက်ငင်း ပိုင်ဆိုင်ထားတဲ့ မိမိ ဘဝ ပျောက်ဆုံး သွားတယ်။

ဇင်မှာ – ဆိုလိုတာက “ခင်ဗျားရဲ့ အခုအဖြစ်၊ အခု ဖြစ်တည်ချက် တည့်တည့် ဟာ – ခင်ဗျားနဲ့ အနီးစပ်ဆုံး အမှန်တရား တစ်ခုပါ။” ခင်ဗျား ခန္ဓာနဲ့ ခင်ဗျား ရဲ့ လောက တစ်ခုလုံး ဖြစ်တည်နေတာဟာ ဒီနေရာ ဒီအချိန်မှာပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် ခင်ဗျား စိတ် သန္တာန်ထဲမှာ ပန်းတိုင် တွေ ၊ စိတ်ဇောတွေ၊ အမြင်တွေ ချည်း ရှိနေတယ်။ တကယ့် တကယ် ဒီနေရာမှာ၊ ခင်ဗျား သန္တာန် တည့်တည့်မှာ ခင်ဗျား ရှိမနေဘူး။ ဟိုမှာ – ဟိုး အဝေးမှာ- အခြားတစ်နေရာမှာ ရောက်ရောက် နေတယ်။ ခင်ဗျား ဟာ ဒီနေရာ-ဒီ အချိန်မှာ မဟုတ်တဲ့ အခြား တစ်ခုခုကို အမြဲတမ်း ရှာဖွေ နေ၊ စူးစမ်း နေပါတယ်။ အခုလက်ရှိ ရှိနေတဲ့ မိမိ သန္တာန် အတိုင်း အပြည့်အဝ နေလို့ မရအောင် ခင်ဗျားတို့ ကျနော်တို့ စိတ်ဆန္ဒတွေ က လွန်းထိုးနေတယ်။ အဲ့ဒီ အရာတွေက- မိမိကိုယ်ကိုယ် အဝေးကို တွန်းပို့တယ်။ ဥပမာ – လက်ရှိ ဖြစ်ရှိနေတာထက် ပို ချမ်းသာ ချင်တယ်။ လက်ရှိ အခြေအနေထက် ပို အာဏာရချင်တယ်။ လက်ရှိ အဖြစ် ထက် ပိုပြီး မြင့်မြတ်ချင်တယ်။

ခင်ဗျားတို့ ကျနော်တို့ ရဲ့ သန္တာန် အမြင်မှာ – “လက်ရှိ” ဆိုတာ တည့်တည့် တည်မနေ နိုင်တော့ဘူး။ အခြား ပိုသာတဲ့ စိတ်ကူးယဉ် အိပ်မက်တွေ သာ ရှိနေတော့ တယ်။ ခင်ဗျား သူတော်စင် တစ်ပါး ဖြစ်ကောင်း ဖြစ်ချင် နေမယ်။ ငါ့ကိုယ်ငါ ဘယ်လို ကောင်းအောင် နေရမလဲ ၊ ငါ့ကိုယ်ကျင့်တရားကို ဘယ်လို ဖြူစင်အောင် သွေးရမလဲ စသဖြင့် အဖြေတွေ ရှာနေမယ်။ ငါဟာ သစ္စာတရားကို ရှာဖွေသူ ဖြစ်တယ် လို့ မိမိကိုယ်ကို နာမည်တံဆိပ် တပ်ချင် တပ်မယ်။ နည်းလမ်းပေါင်း မြောက်မြားစွာ ထဲက တစ်နည်းနည်းကို ကျင့်သုံးမယ်။ တစ်ချိန်ချိန်မှာ ခင်ဗျားဟာ သစ္စာတရားကို ရရှိမယ်လို့ မျှော်မှန်း ထားမယ်။

အားလုံး ခြုံပြောရင် – ကျနော်တို့ ခင်ဗျားတို့ဟာ လက်ရှိ အဖြစ်ကနေ – တစ်လှမ်းစာ၊ နောက်တစ်ရက်စာ၊ နောက်တစ်နှစ်စာ၊ နောက် ဘဝ စာ စသဖြင့် – သံသရာ ခရီး အဝေးကြီး ရှိနေတယ်လို့ မျှော်ကြည့်တယ်။ တစ်ချိန်ချိန်မှာ ဖြစ်လိုတဲ့ သဏ္ဍာန်ကို စိတ်ကူး ပုံဖော်ပြီး မိမိ သန္တာန် တစ်ခုလုံး – လက်ရှိကို မမြင်နိုင်ဘဲ- အဝေးကို ရောက်ရောက် နေပါတယ်။

ဇင်မှာတော့ အဲ့ဒါတွေ အကုန်လုံးကို ဖယ်ချထားတယ်။ အဲ့ဒီ စိတ်ကူး၊ ပုံရိပ်၊ ပုံသဏ္ဍာန်၊ ပန်းတိုင် တွေ ဟာ စိတ်ကူး သက်သက်၊ အိပ်မက် သက်သက်၊ ခင်ဗျား ကို လက်ရှိ အဖြစ် အမှန် ကို မပေးအပ်ထားတဲ့ အရာတွေ သက်သက်။ ဒါ့ကြောင့် ဇင်မှာ – အဲ့ဒီ မဖြစ်သေး တာ တွေနဲ့ မျှော်မှန်းချက်၊ စံနှုန်း ၊ ပန်းတိုင် တွေ အတွက် နေရာ မပေးဘူး။ အခု ဒီနေရာက ခင်ဗျား လက်ထဲ အခု ရှိနေတာကိုပဲ အပြည့်အဝ လက်ခံ စေတယ်။

ဇင်မှာ – ခင်ဗျား ရဲ့ ပန်းတိုင်က အခြားမှာ မဟုတ်ဘူး ။ “အခု ဒီနေရာမှာ” ဖြစ်ပါတယ် ။ ခင်ဗျား နည်းလမ်းက ရှေ့တစ်ချိန်ချိန်မှာ ဖြစ်လာမယ့် အရာ မဟုတ်ဘူး။ ရှေ့တစ်ချိန်ချိန် မှာ လုပ်နေဖို့ မဟုတ်ဘူး။ “အခု ဒီအချိန်” မှာ ဖြစ်နေ လုပ်နေဖို့သက်သက်ပဲ ။ “အခု ဒီအချိန် – ဒီနေရာ ( Now-Here ) ဟာ ခင်ဗျားပိုင်ဆိုင်တဲ့ Time-Space ( ကာလ-ဒေသ ) အပြည့်အဝ အကုန်လုံးပဲ” လို့ ဆိုလိုပါတယ်။ ခင်ဗျား အခု အဖြစ်ကို အခုအဖြစ် အတိုင်း အပြည့်အဝ နေထိုင်ဖို့ ပဲ။

ခင်ဗျား ပြန်မေးမယ်။
ခင်ဗျား အခု ဖြစ်-ရှိ နေတဲ့အတိုင်း နေထိုင်ပါ လို့ ပြောတဲ့ ( Now-Here ) အခုဒီအချိန်/ ဒီနေရာ ကလေး သက်သက်မျှ ဟာ – နည်းလမ်းလား။ ပန်းတိုင်လား။

တကယ်က –
နည်းလမ်းလည်း မဟုတ်သလို ပန်းတိုင် လည်း မဟုတ်ဘူး။ ( ဝါ ) နည်းလမ်း လည်း ဟုတ်သလို ပန်းတိုင်လည်း ဟုတ်တယ်။

ခင်ဗျားဟာ “ခင်ဗျား” အတိုင်း အပြည့်အဝ ဖြစ်ရှိ သိမြင်နေရုံမျှ ပဲရယ်။ အဲ့ဒီမှာ ဘယ် ဒဿန လိုအပ် နေပါသလဲ ။ ဘယ် ဘာသာရေး စနစ်၊ ဘယ်ဘုရားသခင် ကိုးကွယ်မှု ရှိနေစရာ လိုပါသလဲ။ လက်ရှိ အခု သိမြင်မှု သာ ရှိတဲ့ ဒီနေရာ ဆိုရုံ မတ္တလေး မှာ – ဘယ် ယုံကြည်မှု အတွက် ကော နေရာ ပေးဦးမလဲ ။ နောက်တစ်နေ့ ဆိုတဲ့ မနက်ဖြန် ဆိုတာတွေ ရှိနေပါသလား။ ပြီးခဲ့တဲ့ မနေ့က အကြောင်းတွေ ရော ရှိနေပါသလား။ ခင်ဗျား အခု ဖြစ်တည် သိမြင်မှု သက်သက်မှာ – ဘာတွေ ပါဝင်လာစရာ လိုအပ်သလဲ။

ကျနော် တို့ အစမှာ ပြောခဲ့တဲ့ ငန်းပြဿနာ ဟာ ဒီ အခြေအနေတွေကို ဖော်ညွှန်းပြ ပါတယ်။ “အပြင်မှာ ငန်း ရှိမရှိ” ဆိုတဲ့ ဇင် ကိုအန် ( Koan ) ပဟေဠိ ပုစ္ဆာ အတွက် ပုံပြင် ဇာတ်လမ်း တစ်ပုဒ် ပြောကြည့်မယ် ။ ဂျပန်မှာ တစ်ချိန်က နာမည်ကြီး ဒဿနဆရာ တစ်ယောက် ရှိတယ်။ သူ့အမည်က ရီကို ( Riko ) တဲ့ ။ သူက တစ်နေ့ ဇင်ဆရာကြီး နန်စင် ( Nansen ) ဆီကို ရောက်လာခဲ့တယ်။ ပြဿနာ တစ်ခုကို မေးတယ်။ အဲ့ဒီ ပြဿနာက ဟိုးယခင် ဇင်ဆရာ အဆက်ဆက်က ရှိခဲ့တဲ့ ပြဿနာ မေးခွန်းပဲ။

“လူတစ်ယောက်က ပုလင်းကြီး တစ်လုံးထဲကို ငန်းပေါက်လေး တစ်ကောင် ထည့်ထားမယ်။ အဲ့ဒီ ငန်းကို သူကြီးပြင်း လာတဲ့ အထိ အဲ့ပုလင်းထဲမှာပဲ ထားပြီး အစာ နေ့စဉ် ကျွေးနေမယ်။ ငန်းလေးက တစ်ဖြေးဖြေး ကြီးလာတော့ ပုလင်းထဲမှာ ပြည့်ကျပ်လာတယ်။ ငန်းကြီး ဖြစ်လာတာမို့ အဲ့ပုလင်းထဲက နေ ထုတ်ရ တော့မယ်။ ဒါပေတဲ့ ငန်းက ကြီးကြီး ၊ ပုလင်းက သေးသေး မို့ ထုတ် မရဘူး ဖြစ်သွားတယ်။ ငန်းကို အပြင်ထုတ်ချင်ရင် ပုလင်း ခွဲပြီးမှ ထုတ်လို့ ရမယ်။ ပုလင်း မခွဲဘဲ ဆက်မွေးရင်လည်း ဒီငန်းက မလှုပ်မရှား ပြည့်ကျပ်ပြီး – သေတော့မယ်။ ပုလင်းလဲ မကွဲ၊ ငန်းလည်း မသေအောင် ဘယ်လို လုပ်ရမလဲ။”

ဒီ အမေးစကားကို ကြားတော့ နန်စင်က ရုတ်တရက် လက်ခုပ်တစ်ချက် ထတီးလိုက်တယ်။ ပြီးတော့ “ရီကို!!” လို့ လှမ်းခေါ်တယ်။
ဒဿနဆရာ ရီကို ကလည်း ရုတ်တရက် – “ဟုတ်ကဲ့ ၊ ဆရာ” ဆိုပြီး ခေါင်းညွှတ် နားစွင့်နေတယ်။
နန်စင်က – “အခုကြည့်၊ ဘဲငန်း အပြင်ရောက်သွားပြီမလား” တဲ့။

ဇင်ရဲ့ ပဟေဠိတွေဟာ စဉ်းစားတွေးခေါ်ပြီး အဖြေရှာ ရမယ့် ပဟေဠိမျိုးတွေ မဟုတ်ပါဘူး။ ဆင်ခြေ၊ ယုတ္တိ၊ ကြောင်းကျိုး ဆင်ခြင်ဥာဏ် အဝန်းအဝိုင်းရဲ့ အပြင်ဘက်မှာပဲ ရှိပါတယ်။ ဇင် ပုစ္ဆာတွေမှာ အဲ့ဒီ ဆင်ခြင်ဥာဏ်၊ အတွေးအခေါ် အရာတွေ ဘယ်တစ်ခုမှ သုံး မရဘူး။ သုံးပြီး အဖြေရှာမယ် ဆိုရင် အမှားတွေချည်း ဖြစ်လာမယ် ။ အကြောင်းက မေးခွန်း ကိုယ်နှိုက်က အဓိပ္ပာယ် မရှိလို့ပဲ ။ အဓိပ္ပာယ် မရှိတဲ့ မေးခွန်း အတွင်းထဲမှာ အဓိပ္ပာယ် ကို ရဖို့ – ခင်ဗျား အနှစ်နှစ်အလလ တွေးခေါ် စဉ်းစားနေဦးတော့ – လွဲနေမှာပဲ။ ဆိုလိုတာက ကိုအန် ပုစ္ဆာတွေဟာ ခင်ဗျား အတွက် တွေးတောဖို့ မဟုတ်ဘူး။ အတွေးစဉ် ထဲမှာ ပတ်ရှာလို့ မရဘူး။ အတွေးတွေ ၊ စိတ်ကူး ပုံရိပ်၊ ဝေါဟာရ တွေ အားလုံး ရပ်ဆိုင်းသွားစေဖို့ ပေးတဲ့ ဘာဝနာ ပြု ပဟေဠိတွေသာ ဖြစ်ပါတယ်။

အိုရှိုးရဲ့ စကားနဲ့ ဆိုရင် ဒီ ပဟေဠိ ဟာ သိမြင်ခြင်း သက်သက်နဲ့ပဲ ဆိုင်တဲ့ မေးခွန်း၊ ခင်ဗျား နိုးကြားသွားဖို့ ၊ သတိဝင်သွားဖို့ လှုံ့ဆော်ပေးတဲ့ မေးခွန်း ပဲ။ သူ့ရဲ့ ရည်ရွယ်ချက်က ခင်ဗျား အိပ်မက် ၊ စိတ်ကူးတွေ၊ အတွေးတွေကနေ – လက်ရှိ အချိန် အခိုက်အတန့်ကို ဖြတ်ခနဲ မြင်နိုင် အောင်သာ တွန်းအားပေး တယ်။ ခင်ဗျားမှာ အတွေးတွေ ချက်ချင်း ပြောင်းသွား ၊ ရပ်သွားတဲ့ ခဏအဖြစ်ကို မြင်သွားနိုင်ရေး ။ အဲ့ဒါ ကိုသာ ဆိုလိုတယ်။ ခင်ဗျားရဲ့ အတွေး အိပ်မက် ထဲမှာ ဘဲငန်းက ပုလင်းထဲ ရောက်နေတယ်။ ဒီဘဲငန်းက ပုလင်းထဲမှာ ရှိနေတယ်။ ကြီးထွားလာနေတယ်။ ပုလင်း တပြည့် ဖြစ်လာတယ်။ ပုလင်းလဲ မကွဲ၊ ဘဲငန်းလည်း မသေအောင် ခင်ဗျား ဘယ်လို ထုတ်ရမလဲ။ ခင်ဗျား တွေးကြည့်နေမယ် – စိတ်ကူး ပုံဖော် ကြည့်နေမယ် – အဖြေ ရှာနေမယ် – အဲ့ဘဲငန်းကို ဒီပုလင်း ထဲကနေ အပြင်ကို ဘယ်လို ရောက်နိုင်မလဲ။

တကယ်စင်စစ် ကိုအန်ပုစ္ဆာတစ်ပုဒ်ဟာ သမားရိုးကျ ပဟေဠိလို အဖြေတစ်ခုခု ထုတ်ပေးနိုင်ဖို့ မရည်ရွယ်ဘူး။ ဖြေရှင်းလို့လည်း မရဘူး။ ဆင်ခြင်ဥာဏ် ၊ ယုတ္တိနဲ့ ဘယ်လိုမှ အကျုံးမဝင်ပါဘူး။ သူ့ကို ရှင်းလင်းနိုင်တဲ့ တစ်ခု တည်းသော နည်းလမ်းက – ခင်ဗျား ရပ်တည်နေရာ မိမိ အဖြစ်၊ မိမိ ဖြစ်တည်ချက် တစ်ခုလုံး ကို – မိမိ အိပ်မက် စိတ်ကူး ဘောင်ကနေ – နိုးကြားသိမြင်ခြင်း သက်သက် ခုန်ထွက်လာနိုင်ဖို့ သာ ဖြစ်ပါတယ်။ ခင်ဗျားရဲ့ အတွေး အိပ်မက်၊ စိတ်ကူး ပုံရိပ် ထဲမှာ ဘဲငန်းက ပုလင်းထဲမှာ ရှိတယ်။ ပုလင်း မကွဲရင် ဘဲငန်း ထွက်မရဘဲ ဖြစ်နေတယ်။ ဒါပေမယ့် အဲ့ဒါ ခင်ဗျားရဲ့ အတွေး၊ အိမ်မက်၊ Linguistic Dreams တွေသာ ဖြစ်ပါတယ်။ ခင်ဗျား အတွေးအိပ်မက် ထဲ ပုံရိပ် ထိုး၊ ဆင်ခြင်နေသရွေ့ ဒီပြဿနာက ဘယ်လိုမှ မပြေလည်သွားဘူး။

ပြေလည်သွားနိုင်တဲ့ နည်း စင်စစ်က – ဒီ အမေးပုစ္ဆာနဲ့ မဆိုင်တော့ဘူး။ ခင်ဗျား နိုးကြားသွားမှု သက်သက်နဲ့ပဲ ဆိုင်တော့တယ် ။ အဲ့ဒီ အချိန်မှာ ပုလင်းနဲ့လည်း မဆိုင်ဘူး၊ ငန်းနဲ့လည်း မဆိုင်ဘူး။ ခင်ဗျား နိုးကြားသွားတာ သက်သက်ပဲ ရှိနေတယ်။ ဆိုလိုတာက – ခင်ဗျားက “ခင်ဗျား” စင်စစ်ကို ပြန်ရှာတွေ့သွားတယ်။ တကယ့် ပြဿနာရဲ့ အဖြေဟာ – ပုလင်းလဲ မရှိ၊ ဘဲငန်းလည်း မရှိ၊ ခင်ဗျားသာ အခု၊ ဒီနေရာ ( Now-Here) မှာ ဖြစ်တည်မှု ( Being ) သက်သက် အနေနဲ့ သိမြင် ရှင်သန်သွားနိုင် နေတော့တယ်။ ဒါဟာ ဇင်ဆရာ နန်စင် ဖြေခဲ့တဲ့ ( ဝါ ) မဖြေခဲ့တဲ့ – အဖြေပဲ ဖြစ်ပါတယ်။

13.12.2011
9:00 AM
…………………………..
Osho: The Goose is Out!
…………………………..
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/
…………………………..

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: