ကာလမှ လွန်မြောက်သော

အမတ အဖြစ် ကို နားလည် သိမြင်ပြီးသူ အတွက် ကာလနှင့် ဒေသ သဘောတို့သည် သီးခြား ဖြစ်စဉ် တစ်ခု အနေဖြင့် တည်ရှိ မနေ။

ကာလနှင့် ဒေသ ဟူသည် မပြည့်ဝ မသိမြင် သေးသော သူ အတွက်သာ အစစ်အမှန် တည်ရှိ နေရသည်။ အကြင်သူ အတွက် ဒေသ ( Space ) သည် အညွှန်းဘောင် အမျိုးမျိုး ကွဲပြား ဖြစ်တည်လျက် ရှိသည်။ ကာလ ( time ) သည်လည်း အတိတ် ၊ ပစ္စုပ္ပန်၊ အနာဂတ် ဟူ၍ ကွဲပြား ဖြစ်တည် လျက် ရှိသည်။ ၎င်းသည် ဘဝ ဖြစ်တည်မှု အတွင်း အနောက်သို့၊ အတိတ်သို့- ပြန်မျှော်ကြည့်သည်။ ၎င်း မွေးဖွားခဲ့ရာကို၊ ၎င်း၏ ဇာတိကို ပြန်ဆင်ခြင် ကြည့်သည်။ ၎င်း ရည်ရွယ်ခဲ့ရာ၊ ၎င်း၏ ခြေရာ အလီလီ တို့ကို ပြန်မြင်ကြည့် သည်။ စင်စစ် ထိုအရာ အားလုံးကို သူထားရစ်ခဲ့ရပြီး ဖြစ်ပါသည်။

အတိတ် ဟူသည် ထပ်ကျော့ ဖြစ်တည်လာသော အနာဂတ်ပေါင်း များစွာ ပေါင်းထည့် ကျန်ရစ်သွားခဲ့ခြင်းသာ ဖြစ်သည်။ ထိုနည်း အားဖြင့် အကြင်သူ၏ သန္တာန်တွင် ပုံရိပ် ထင်ကာ ကုန်ဆုံးသွားခဲ့ပြီး ဖြစ်သည်။ အနာဂတ်ကို မျှော်ကြည့်နေခြင်း ပေါင်း များစွာ စုစည်း၍ အတိတ် ဖြစ်သွားကြသည်။ အကြင်လူသည် အဘယ်အကြောင်းကြောင့် အတိတ်ကို ပြန်မြင် ကြည့်ပါသနည်း။ အဘယ်ကြောင့် မကြာခဏ အတိတ်ကို တမ်းတ မျှော်ခေါ် နေမိတတ်ပါသနည်း။ စင်စစ် အနာဂတ် တွင် ဖြစ်ပေါ်လိုသော မိမိ အကျိုး ၊ လိုလားသော မိမိ အစွဲအလမ်း အတွက် အလို့ငှာ အတိတ် ကို မျှော်ကြည့်ခြင်း သာ ဖြစ်ပါသည်။ ထိုသည်ကိုပင် အတိတ်မှ “သင်ခန်းစာ” ယူခြင်း ဖြစ်သည်ဟု စကားလှလှ ကင်ပွန်း တပ်လေ့ ရှိသည်။

သို့သော် လူသည် ယင်းသို့ အတိတ်ကို ပြန်မျှော်ကြည့်ရုံ သက်သက် ရှိမနေပေ။ အတိတ်ကို ကြည့်ရင်းမှ အာရုံကို ပြန်လည် လွှဲယူ လိုက်သည်။ ထို့နောက် – ၎င်း၏ ဥာဏ်အမြင်၊ လိုဘဆန္ဒတို့ သည် အနာဂတ်သို့ မျှော်ကြည့်၍ ထကြွလာ မိပြန်သည်။ စိတ်ကူး ပုံဖော် သည်။ အနာဂတ်တွင် တစ်ခုခု ပြီးစီးအောင်မြင် နိုးနိုး၊ စီမံချက် မျှော်မှန်း ချမှတ်သည်။ ကောက်ကြောင်း ရေးဆွဲ တေးမှတ်သည်။ စင်စစ် ယင်း အနာဂတ် သည်လည်း ၎င်း အတွက် တည်ရှိနေသော အရာ မဟုတ်။ “အနာဂတ်” သည် မည်သူ တစ်ဦးတစ်ယောက် အတွက်မှ စင်စစ် ရှိမနေပေ။ ယင်း “အနာဂတ်”ဟူသော ဝေါဟာရသည် “သေမင်း” တည်း ဟူသော မြင်နိုင်ခက်၊ သိနိုင်ခက်သည့် အမှောင်ထု စင်စစ် – ဖုံးလွှမ်းနေသော အရာ ကို စကားဖလှယ်၍ သုံးစွဲ ထားခြင်းသာ ဖြစ်သည်။

အတိတ် နှင့် အနာဂတ်တို့ အပေါ် စေ့ဆော်သော အာရုံကြောင့် လူသည် မိမိ အဖြစ်မှ ကင်းကွာ သွားသည်။ အနာဂတ်၏ သိရခက် နက်နဲမှု သက်သက်က ၎င်းကို လိုဘအာသာ ရမ္မက်များဖြင့် ဖြားယောင်း သွေးဆောင်သည်။ ယင်းသို့ဖြင့် ၎င်းသည် အတိတ်ကို နမူနာ အခြေခံ ထား၍ အနာဂတ်ကို မျှော်မှန်း ဆက်လျောက်သည်။ စင်စစ် အနာဂတ်သည် မည်သည့်အခါမှ မရှိသည့် ဖြစ်စဉ် တစ်ခုသာ ဖြစ်သည်။ သို့သော် ၎င်းက စိတ်ကူး အိပ်မက် ဖန်တီး၍ မိုးကုတ်စက်ဝိုင်း အပြင်ဘက်ကို ပျံသန်းသွားမည် ဟု မျှော်မှန်းထားသည်။ ယင်း မိုးကုတ်စက်ဝိုင်း၏ ဟိုမှာဘက်တွင် ပျော်ရွှင်ခြင်း တည်ရှိသည်ဟု ယုံကြည် လိုက်သည်။ ယင်းမှ ရှာဖွေရေး ခရီးစဉ် ဆက် တော့သည်။

ထိုသို့ အားဖြင့် သွားနေကြတိုင်းသာ ဘဝပြည့်ဝ စုံလင်သွားမည် ဆိုလျှင် အားလုံး လိုရာခရီး မရောက်ဘဲ နေကြမည် မဟုတ်ပေ။ အားလုံး သွားနေကြဆဲ ၊ ပြေးနေကြ ဆဲ ဖြစ်ပါသည်။ ရာစုနှစ်ပေါင်း များစွာအတွင်း လူပေါင်း ကုဋေ ကုဋာ သွားနေ၊ ပြေးနေကြသည်။ သို့သော် ထို ကုဋေ ကုဋာ အများထဲက အရေ အတွက် မည်မျှ လိုရာခရီး ရောက်သွား ကြပါသနည်း။ – ( ဆရာပါရဂူ / Osho )

ဘဝသည် အတိတ် သမိုင်း အားဖြင့် ချဉ်းကပ်နိုင်သော အရာ မဟုတ်။ အလားတူ အနာဂတ်ကို မျှော်လင့်သော ယုံကြည်ချက်ဖြင့် ဆွဲတင်း ခေါ်ဆောင် အပ်သော အရာ တစ်ခုလည်း မဟုတ်။ ဘဝ ထံသို့ အတိတ်၊ အနာဂတ် ရှုမျှော်ချက်များဖြင့် မည်သို့မျှ ချဉ်းကပ်၍ မရနိုင်ပေ။ အခြားသူ တစ်ဦးတစ်ယောက်က လာရောက် ကျူး ကျော်သွား၍လည်း မရနိုင်ပေ ။ ဘဝ၏ ပြည့်ဝသော အဓိပ္ပာယ်ကို ယခု ပစ္စုပ္ပန် တည့်တည့်တွင်သာ ရယူနိုင် ပါသည်။ အကြင်သူ တစ်ဦးတစ်ယောက်နှင့်သာ သက်ဆိုင်သည်။ အခြားသူ ဝင်ရောက် ခန့်ခွဲပေး၍ မရ။

ကုန်ဆုံးသွားပြီးသော အတိတ်နှင့် မရောက် လာသေးသော အနာဂတ် ကိုသာ မျှော်တွေးနေသည့်တိုင် လူတို့သည် “ငါ” တည်းဟူသော အတ္တမကို ဖက်တွယ် ထားဆဲ ဖြစ်သည်။ ထိုအခါ သူတို့ ပိုက်စွဲထားသော အတ္တမသည် – ကုန်ဆုံး သွားပြီး ဖြစ်သော အတ္တမ၊ မဖြစ်လာ သေးသော အတ္တမ၊ ( တစ်နည်း ) အတ္တမ အတုကြီးသာ ဖြစ်လျက် ရှိတော့သည်။

စင်စစ် အတ္တမ ၏ မတည်မြဲခြင်း၊ မရှိခြင်းကို သိမြင်ပြီးသူ၊ အမတကို သိမြင်သူသည် အတိတ်ကိုလည်း မတွယ်တာ၊ အနာဂတ် အိပ်မက်များ လည်း မျှော်မှန်း မနေပေ။ လက်ရှိ ပိုင်ဆိုင်ရရှိထားသော ပစ္စုပ္ပန် တခဏချင်း ၌သာ အပြည့်အဝ ဖူးပွင့်ထားသော ပန်းတစ်ပွင့် ဖြစ်သည်။ ၎င်းအတွက် ပစ္စုပ္ပန် သည် ဘဝ၏ အားမာန် တို့ အစွမ်း ကုန် ဖူးပွင့်ရာ နေရာ ဖြစ်သည်။ ၎င်း လျောက်လှမ်း ခဲ့ပြီးသော အတိတ်တွင် မည်သည့် ခြေရာမှ ထင်ကျန်မနေ။ အနာဂတ် ခြေရာ များသည် လည်း ဖြစ် မလာသေး။ ၎င်း၏ စင်စစ် ခြေတစ်လှမ်း သည် ယခုပစ္စုပ္ပန် တည့်တည့် တွင်သာ ထင်ကျန် တည်ရှိသည်။

လေ တဖြူးဖြူး တိုက်ခတ်နေသော သဲကန္တာရ အတွင်း လျောက်လှမ်းသွားနေသည့် ခရီးသွားကဲ့သို့ – အတိတ်က ခြေရာများသည် လေ တိုက်စား၍ ပျောက်ကွယ် ကုန်ကြလေပြီ။ အနာဂတ် ခြေရာ ဟူသည်မှာလည်း တွေးဆ စရာပင် မလိုအပ်သေး။ ၎င်းအတွက် အစစ်အမှန်သည် – ယခု လှမ်းချလိုက်သော ခြေတစ်လှမ်း သာ ဖြစ်တော့သည်။

14.12.2011
4:45 AM
………………..
Reading on Jiddu Krishnamurti.
………………..
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/
………………..

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: