သုခမြေ

အဲ့နေ့က ကောင်းကင် တစ်ခုလုံး ဘာတိမ်မှ မရှိဘူး။ လေလည်း တိုက်မနေဘူး -။ အဲ့တော့ စူးရှရှ နေရောင်တွေချည်း အစွမ်းကုန် တောက်နေတော့တယ်။ ဒီနေရောင် သွန်းလောင်းကျ ပြီး စူးရှနေပုံက ရက်စက်တဲ့ သရုပ် အပြည့်ရှိတယ်။ မနေမနား ပူပြင်း လွန်းလို့ အပူငွေ့တွေ တလှိုင်လှိုင်ထ နေတယ်။ ပုံရိပ်တွေ က မှုန်ဝါးရီဝေ နေကြ တယ်။ ဒီလမ်း ပေါ်မှာ ကျုပ် တစ်ယောက်တည်း။

ကျုပ် ဝဲယာ ဟိုသည်ဘက် တွေ အကုန်လုံးက လယ်ကွင်းတွေချည်းပဲ။ သူတို့တွေက ဟိုးမိုးကုပ် စက်ဝိုင်း အောက်စွန်း အထိ တပြန့်တပြော ရှိတယ်။ စိမ်းညို့ နေရမယ့် မြေဇာမြက်တွေတော့ တစ်ပင် တစ်လေမှ ခင်ဗျား တွေ့ရမယ် မထင်ပါလေနဲ့ ။ လွတ်လပ်တဲ့ လေကို ရှုရှိုက် ဖူးပွင့်နေမယ့် ပန်းတစ်ပွင့်မှ မရှိဘူး ။ ဒီလို နှလုံးတစ်ခု လုံး ကွဲအက် ဖုန်ထနေတဲ့ တိုင်းပြည်မှာ ဘယ်ပန်း ကရော ပွင့်နေမှာလဲ – ကျုပ်အတွက်တော့ မဆန်းလှဘူးရယ်။ အရာအားလုံးက ဟိုနေရာမှာ ၊ ဒီနေရာမှာ – စသဖြင့်- ကိုယ့်ဒုက္ခ ဥခွံလေးထဲ ကိုယ့်ဘာသာ ဝင်ခိုနေကြတယ်။

တကယ်က – ခေတ် အဆက်ဆက် တိုက်စားခဲ့တဲ့ ဒဏ်ရာတွေ ရှိတယ်။ ပြောမပြနိုင်တဲ့ တပ်မက်စိတ် တွေ ရှိတယ်။ အဲ့လိုနဲ့ အားလုံး မျက်ရည်နဲ့ မျက်ခွက်။ ငိုကြွေးပြီးရင်း ငိုကြွေးရင်း သစ်ညိုပင် တွေလည်း အမြစ်ပြတ်၊ ပျက်ပြုန်း သွားတယ်။ ဒီကမ္ဘာမြေ တစ်ခုတည်း အကာအကွယ်မဲ့ တုံးလုံး ကျန်ရစ်ခဲ့တယ်။ အရင်ကဆို ဒီနေရောင် လောက် မျိုးက ဘယ်မှုလိမ့်မလဲ။ စိမ်းမြမြ အရိပ်တွေနဲ့ ထီးရိပ် လို ခို၊၊ မလိုတမာ ပြုံးပြီးသာ နေလိုက်တော့မှာ။

အခုတော့ အကြင်နာ မဲ့လွန်းတယ်ပဲ ပြောပြော –

ဒီလို နေရောင်အောက်မှာ
အဖုံးအကာ၊ မျက်လွှာ မပါတဲ့ ပကတိ မျက်လုံး တစ်စုံတည်း
ကျန်နေရစ်တယ်။

မျှော်လင့်ချက်မဲ့ ကြောင်တောင်ကန်း စမ်းတဝါးဝါး။
ကမ္ဘာမြေက တဗျစ်ဗျစ် မြည်ဟည်း အက်ကွဲသွား။

ခင်ဗျား – ကျုပ်ပြောတာ မယုံ ရင် ကောင်းကင်ကို မော့ကြည့်လိုက်စမ်းပါ။ နကိုက နူးညံ့တဲ့ ပြာလွင်လွင် လှပနေ ခဲ့တာတွေ ကြက်ပျောက် ငှက်ပျောက် ပျောက်နေ တာ မတွေ့ ဘူးလား။ ရာစုနှစ်နဲ့ ချီပြီး အပူဒဏ် တွေ လွန်ကဲ ခဲ့လွန်းလို့ ပြာမွဲမွဲ ဖြစ်နေတာကိုရော မတွေ့ဘူးလား။ တကယ်ဆို ဒီလို ကောင်းကင်မျိုးက မိုးဖွဲဖွဲလေး ဖြစ်ဖြစ်၊ ရွာချပစ်သင့်တာ။ မွတ်သိပ်ရင်း သေဆုံးနေ ကြတဲ့ သစ်ပင် ခြုံနွယ် အစ အနေ တွေကိုရော ခင်ဗျား သတိမူမိ ၊ ကြည့်မိ ရဲ့လား။ တစပြင် ဖြစ်နေတဲ့ ဒီကမ္ဘာ ဟာ – စင်စစ် အဲ့ မိုးရွာမှ – ပြန် စိုပြည်နိုင်ဖို့ ရှိတယ် မဟုတ်လား။

ခုနေခါမှာ – ခင်ဗျားက သူတို့ကို “ဘဝ ဆိုတာ ရှင်သန်နေမှုပဲကွ” လို့ သွားပြောကြည့် ။ အသက်မဲ့ တဲ့ ရယ်သံတွေနဲ့ သူတို့ ခင်ဗျားကို ဝိုင်းဟားတိုက် လိုက် ကြလိမ့်မယ်။ ကျုပ်သိတယ်။

တကယ်က သူတို့ အားလုံး သေဆုံး နေကြတယ်။ မျှော်လင့်ချက်တွေ ဆီ လျောက်လှမ်းရင်း – မျှော်လင့်ရာ နေရာတွေဆီ အရောက်မှာ သေဆုံး ကုန်ကြတယ်။ ဘာလို့ဆို – အဲ့ဒီ မျှော်လင့်ချက် ရဲ့ အလွန် ဟိုဘက်ခြမ်းမှာ အားလုံး အတွက် သင်္ချိုင်း မြေ က အဆင်သင့် စောင့်ဆိုင်း နေတာမို့လို့ပဲ။ စိုးစိုးစီစီ အသံ တစ်သံမှ ကြားရမယ် မထင်နဲ့ ။ အံ့အားသင့်စရာ ကြောက်လန့်စရာ တိတ်ဆိတ်မှု သက်သက်သာ ကြီးစိုး တည်ရှိ နေတယ်။

အခုလည်း – ပါးပါးလေး ကျန်ခဲ့တဲ့ ဒီလေကို ရှူရှိုက်ဖို့ သက်ရှိသတ္တဝါ ဆိုတာ တစ်ကောင်တစ်မြီးမှ မရှိဘူးရယ်။

တစ်ချိန်တုန်းက ရှင်သန်ခဲ့တယ် –
အခု သေဆုံး ကုန်ကြတယ်။

ခင်ဗျား အတွက်တော့ မသိဘူး။ –
ကျုပ်ဘာသာ ကျုပ်အတွက်တော့ ဒါဟာ မထူးဆန်းဘူး။
………………….
Reading on J.K
………………….
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/
…………………

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: