ဆာတိုရီ ( Satori )

ဇင် နဲ့ ပတ်သက်လို့ အမေး အများဆုံးက ဆာတိုရီ ( Satori ) ပဲ ဖြစ်ပါတယ်။ ဆာတိုရီ ကို – “အသိဥာဏ် အမြင် နိုးထမှု ခဏ” လို့ အဓိပ္ပာယ် ဖွင့်ဆိုလေ့ ရှိတယ်။ ဇင်နဲ့ ဆက်နွယ်တဲ့ ဒဏ္ဍာရီ၊ ပုံပြင် သမိုင်းတွေမှာ ဆာတိုရီ ဆိုတဲ့ ဝေါဟာရ မကြာခဏ ပါလေ့ ရှိတယ်။ ဆာတိုရီ ဘယ်လို ရရှိသလဲ။ ဆာတိုရီ ကို အချိန်ကြာမြင့် အောင် ကြိုးပမ်း ပြီးမှ ရနိုင်တာလား။ တစ်ဆင့်ပြီး တစ်ဆင့် ကြိုးစား အားထုတ်မှ ရတာမျိုးလား။ သေချာတာက- လိုချင် စိတ်ဇောတွေနဲ့ လုပ်နေတဲ့ အချိန်တွေ ထိ မရသေးဘူး။ ဘယ် အားထုတ်မှု ကိုမှ မလုပ်ပြုတော့တဲ့ ခဏ- အားလုံးဖြေလျော့ချ လိုက်တဲ့ ခဏလေး မှာ ဆာတိုရီ ရရှိပါတယ်။

ဆိုပါစို့။ လူတစ်ယောက် အိပ်ငိုက်နေတယ်။ သူ့ကိုယ်သူ ဘာမှန်းတောင် မသိလောက် အောင် အိပ်ချင်မူးတူး ဖြစ်နေတယ်။ အိပ်ပျော် သွားတယ်။ သိမှတ်မှု မရှိဘဲ၊ ဘာမှ မသိတော့ဘဲ အိပ်ပျော် သွားတယ်။ အိပ်မက်တွေ အရှည်ကြီး မက်နေတယ် ဆိုပါစို့။ အဲ့အချိန်မှာ လူတစ်ယောက် ရောက်လာတယ်။“ဟေ့ကောင်၊ ဒီမှာဘာလာလုပ်နေတာလဲ၊ ထ” ဆိုပြီး အော်တယ်။ ဖြတ်ခနဲ သူလန့်နိုး သွားတယ်။ မျက်လုံးပွင့်လာတယ်။ သူ အိပ်ပျော် သွားမိပါလား ဆိုတာ အဲ့ခဏမှာ သိလိုက်တယ်။ အဲ့ဒီ ခဏ ကလေးပဲ။

ဒီလို မနိုးလာခင်က သူ အိပ်မက်တွေ တစ်ထောင့် တစ်ည တမေ့တမော၊ ရှည်ရှည်လျားလျား မက်နေမယ်။ အိပ်မက် ရှည်ကြီးတွေ ထဲမှာ အိပ်မက်ဆိုးတွေ မက်နေဦးမယ်။ ဘာပဲ ပြောပြော – အိပ်မက်ထဲ စီးမျော နေမယ်။ ဦးတည်ချက် အမျိုးမျိုး သွားလာ လှုပ်ရှား နေမယ်။ အိပ်မက် ထဲမှာ မဖြစ်နိုင်တဲ့ အရာတွေပါ ဖြစ်နေနိုင် ပါသေးတယ်။ – ဒါပေမယ့် ရုတ်တရက် ခေါ်သံ “ထတော့” ဆိုတဲ့ ခဏမှာ သူ ဖြတ်ခနဲ နိုးသွား တယ်။ သူ အိပ်မက်တွေ မက်နေ မိတာ ဖြစ်ကြောင်း ချက်ချင်း သိလိုက်ရတယ်။ ဒီဥပမာဟာ ဆာတိုရီ ( Satori ) နဲ့ အတိအကျ တူညီ ပါတယ်။

ခင်ဗျား တိတ်ဆိတ် ငြိမ်သက် နေမယ်။ ထိုင်ရုံလေး ထိုင်နေမယ် ဆိုပါတော့။ – ခင်ဗျား ထိုင်နေတယ်။
ခင်ဗျား သန္တာန် အတွင်းပိုင်းထဲ၊ ခင်ဗျားရဲ့ စိတ်သန္တာန်ထဲ တိုးဝင် နစ်မြုပ် ကြည့်မယ်။
စိတ်အတွေး၊ ခံစားချက်တွေ ဖြတ်သန်း နေတာ ကို ကြည့်နေမယ်။
စိတ် အစဉ်တွေ တစ်ခုပြီး တစ်ခု၊
ခင်ဗျား မျှော်မှန်းချက် တွေ တစ်ခုပြီး တစ်ခု၊
ခင်ဗျား ခံစားချက်တွေ တစ်ခုပြီး တစ်ခု၊ —
အဲ့ဒီ ဘယ်တစ်ခု မျိုးတွေ ဖြစ်ဖြစ် အဲ့ဒီ သန္တာန်ကို ခင်ဗျား သိနေ မြင်နေမယ်။

ဆိုလိုတာက – ခင်ဗျား သိမှု က သပ်သပ်၊ အဲ့ဒီ ခံစားချက် စိတ်ကူး သန္တာန် က သပ်သပ်။
– စောင့်ကြည့်နေရင်း – သိနေရင်း …. သိနေရင်း… စောင့်ကြည့်နေရင်း …
ခင်ဗျား ကိုယ်နှိုက်က သီးခြား မဟုတ်ကြောင်း၊… အဲ့ဒီ သိမှု သက်သက် ဖြစ်ကြောင်း ရုတ်ခြည်း မြင်လိုက် ရတယ်။
ဆိုလိုတာက ကျေကျေနပ်နပ် ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်။

ဒါပေမယ့် ဒါဟာ မပြီးသေးဘူး။ ခင်ဗျား အဲ့ သိမှုကို သိနေတုန်း။
“သိမှု သက်သက် ချည်းသာ” လို့ ဆိုတဲ့ သိမှတ်မှုတွေ စဉ်ကာ ဆက်ကာ – ငြိမ်သက် ကျ သွားတာ ကိုလည်း ခင်ဗျား ဆက် သိ နေရဦးမယ်။ ဆက် စောင့်ကြည့် နေရဦးမယ်။ အဲ့ဒီ ငြိမ်ကျသွားတဲ့ သိနေမှု သက်သက် ထဲ အတန်ကြာ နစ်မြုပ် ရှုမြင်ထား နေရင်း – ဗြုန်းဆိုခဏ – “ခင်ဗျား” လို့ ထင်မှတ် တဲ့ “ခင်ဗျား” ကိုယ်နှိုက်ရော ၊ “အတွေး နဲ့ သိမှု” အားလုံးရော ပြိုပျက် ကျသွားပါတယ်။

အဲ့ဒီ ခဏ အတွက် လွယ်ကူအောင် ဥပမာ ပေးရခက်ပါတယ်။ ဇင်ဆရာများ ကတော့ ဘာမှကို မပြောတော့ဘဲ နေတယ်။ ဗုဒ္ဓဘာသာ အတွင်းမှာလည်း တူမျှတဲ့ အခြေအနေ ရှိနိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒါကို လိုက်နှိုင်းယှဉ်ပြီး ပြောရင် — ဆိုင်ရာ ဘာသာရေး စာသမား များက နှိုင်းရကောင်းလား ဆိုတဲ့ အမြင်၊ စောဒကတွေနဲ့- အချည်းနှီး ဖြေရှင်း နေရပါလိမ့်မယ်။ ဆိုလိုရင်းက – ဒါဟာ ဇင် ဖြစ်မှ ၊ အခြား ဘာသာ တစ်ခုခု ဖြစ်မှ မဟုတ်ဘူး။ မိမိသန္တာန် အတွင်း နက်နက် ရှိုင်းရှိုင်း ဝင်ရောက်နိုင်တဲ့ အပေါ် မူတည်ပြီး ဘယ်သူ မဆို မြင်သိနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ် ။ ကျနော့အနေနဲ့ ကြိုးစားပြီး ဥပမာ တစ်ခု ပေးကြည့်မယ်။ ထပ်တူ မကျနိုင်ဘူး။ စိတ်ကူး အတွေးနဲ့ အခုခဏ မှန်းကြည့်နိုင်ဖို့ လောက်ပဲ။

ဥပမာ – နက်ရှိုင်းတဲ့ ချောက်ကမ်းပါး ထဲ ခင်ဗျား ဖြတ်ခနဲ ကျသွားတယ်။ ချောက်ကမ်းပါးထဲမှာက အမှောင်ချည်း သက်သက်ပဲ။ အလင်း မှန်သမျှ ဆိတ်သုဉ်းနေတဲ့ အမှောင်မျိုး။ ကိုယ့်ခန္ဓာကိုယ်ကိုပါ ပြန်မမြင်ရတဲ့ အမှောင်မျိုး။ ခင်ဗျား ဟာခနဲ ခံစားချက် ဖြစ်တယ်။ စစဦးချင်း ကြောက်လန့် သွားမယ်။ ချောက်ကမ်းပါး အနက်ကြီး ထဲကိုတော့ ခင်ဗျား ကျနေတုန်းပဲ ။ တနည်း ပြောရင် ဒီချောက်ကမ်းပါး ဟာ အောက်ခြေ ရှိမနေတဲ့ ချောက်ကမ်းပါး သက်သက် ဖြစ်ကြောင်း ခင်ဗျား မသိထားဘူး ။ တနည်း ထပ် ပြောရင် ဒီချောက် ကမ်းပါးဟာ အာကာသ ဟင်းလင်းပြင် ဗလာနယ် ချည်း သက်သက်။ အဲ့အချိန် – ခင်ဗျား ကိုယ့်ကိုယ် ကိုယ် ပြန်သိမိလိုက်တယ် – ခင်ဗျား ကိုယ်တိုင်ကလည်း ချောက်ကမ်းပါး ၊ ဗလာ သက်သက် ပဲ။ အဲ့လို သိလိုက်ရတယ် ဆိုပါတော့။

မိမိကိုယ်ကိုယ် ဗလာနယ် နဲ့ တသားတည်း ဖြစ်ကြောင်း သိသွား၊ မြင်သွားတယ်။ အဲ့ဒီ အချိန် – ခင်ဗျား သန္တာန် ဘယ်လို ပြောင်းလဲ သွားမယ် ထင်ပါသလဲ။ – – စောနက ချောက်ထဲ ကျလို့ သေရတော့မှာပဲ လို့ စိုးရိမ် ပူပန် နေတဲ့ စိတ်၊ ဇောချွေး မှန်သမျှ– ရုတ်ခြည်း ပျောက်ဆုံးသွား ပါတယ်။ ငါပြုတ်ကျနေတယ် ဆိုတဲ့ အသိ – ငါနာကျင်တော့မယ် ဆိုတဲ့ အသိ- ငါအားလုံးနဲ့ ကင်းပြတ်သွားရတော့မှာ ပါလား လို့ စိုးရိမ် စွဲလမ်းတဲ့ အသိ -နောက်ဆုံး ကြောက်လန့် မိတဲ့ ခံစားချက် အစရှိ သဖြင့်- ဘာဆို ဘာမှ မရှိ၊ ပျောက်ကွယ်သွားတာ တွေ့ရပါမယ်။ ဘာမှ မရှိတော့ဘဲ- အဲ့ဒီ “မရှိမှု” ကြောင့် သက်သက်- အေးငြိမ်း သွားသလိုမျိုး – ။ ခင်ဗျား လုံးဝ မသိတာ၊ မေ့မျောသွားတာ မဟုတ်ဘူး။ သူနဲ့ ဆန့်ကျင်ဘက်ပဲ – နိုးနိုးကြားကြား တစ်ခု ရှိနေတယ်။ အဲ့ဒါက “နိုးကြားနေမှု”ပါ။ အဲ့ဒီ နိုးကြားမှု ကလွဲလို့ ကျန်တာ – ဘာမှ မရှိတော့တဲ့ အဖြစ်မျိုး သက်သက်။

အဲ့ဒီ ခဏမှာ ခင်ဗျား ရဲ့ လောကဓာတ် တစ်ခုလုံး သိမ့်သိမ့်တုန်အောင် အေးမြနေပါတယ်။ တကယ့် ခဏလေး ပါပဲ။ အဲ့ဒီ အခြေအနေလေး ကို ဆာတိုရီ ( Satori ) လို့ ကျနော် ခေါ်ဆိုလိုပါတယ်။ ဒီ အမည် မတပ်လဲ အခြား ကြိုက်ရာ အမည် တပ်ခေါ်နိုင်တယ်။

ဒါပေမယ့် ဆာတိုရီဟာ ( မိမိကိုယ်ကိုယ် ပြန်စောင့်ကြည့်တဲ့ အလုပ်၊ – ဘာဝနာ ရဲ့ ) နောက်ဆုံး ပန်းတိုင် မဟုတ်ဘူး။ အဲ့လို နောက်ဆုံး ပန်းတိုင် ၊ အန္တိမ ပန်းတိုင် မဟုတ်ကြောင်း ကိုလည်း အဲ့အချိန်မှာ သိတယ်။ ပန်းတိုင်ဟာ ဒါပဲလို့ မြင်မယ့် အမြင်နဲ့- ဆန့်ကျင်ဘက် ပါ။ – ခရီးစဉ် အစစ် ဟာ အဲ့အချိန် မှာသာ စတင် ပါတယ်။ ဆိုလို တာက – ခင်ဗျား တောက်လျောက် မက်လာတဲ့ အိပ်မက်တွေ ဟာ နိုးကြားလာမိတဲ့ အဲ့ဒီ အချိန်မှာ တစ်ပြိုင်တည်း ပျောက်ကွယ် သွားတယ်။ ခင်ဗျား နိုးနိုးကြားကြား ဆက်လျောက် သွားတော့တယ်။

…………………
Ref: Osho
…………………
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/
………………..

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: