နိစ္စဓူဝ သေဆုံးနေရခြင်းများ အကြောင်း

Quest: နိစ္စဓူဝ သေဆုံးနေကြတယ် ( Dying Daily ) ဆိုတဲ့ စကားကို ခင်ဗျား ပြောခဲ့ဖူးတယ်။ အဲ့ဒါ ဘာကို ဆိုလိုတာလဲဗျ။

Ans: သေတာကို ကျနော်တို့ ဘာလို့ ကြောက်ကြသလဲ လို့ အရင် စမေးကြည့်ကြပါမယ်။ – သေခြင်းတရားကို ကြောက်လန့်ကြရခြင်း အကြောင်းက သေခြင်း တရားကို မကြုံဖူး၊ မသိဖူးလို့ပါ။ ရှင်းရှင်းပြောရင် မသေဖူးလို့ ဖြစ်ပါတယ်။ ကျနော်တို့ နောက်နေ့၊ မနက်ဖြန် ဘာဖြစ်မယ် ဆိုတာ မသိဘူး။ မနက်ဖြန် အတွက်၊ အနာဂတ် အတွက်၊ တကယ့် တကယ်တမ်း အလုပ်လုပ် နေကြပေမယ့် ကျနော်တို့ အသေအချာ မသိဘူး။ ဒါ့ကြောင့် ကျနော်တို့ စိတ်သန္တာန်မှာ မနက်ဖြန် ကို ကြောက်ရွံ့တဲ့ စိတ် အမြဲ ရှိနေတတ် ပါတယ်။

ဒါ့ကြောင့် ကျနော်တို့ အလုပ်လုပ် နေရခြင်း ရဲ့ နောက်ကွယ်က တွန်းအား ဟာ – မိမိ မသိတဲ့ အရာတစ်ခု ကို ဒိဋ္ဌ ကြုံတွေ့ရမှာ လက်မခံနိုင်စွမ်း ( တစ်နည်း ) ကြောက်ရွံ့မှုသာ ဖြစ်ပါတယ်။ ဒီအကြောင်းကြောင့် ကျနော်တို့ဟာ ဒီကနေ့ ကို မနက်ဖြန် အတွက် ပြင်ဆင်ဖို့ အသုံးချတယ်။ ပြုပြင် ဖန်တီး အရန်သင့် ဖြစ်ဖို့ ကြိုးပမ်းတယ်။ ကျနော်တို့ နေ့စဉ် လုပ်နေတဲ့ အလုပ်တွေက ဒါတွေပဲ မဟုတ်လား။ မနေ့ အချိန်တုန်းကလည်း မနက်ဖြန် အတွက် လုပ်ခဲ့တယ်။ ဒီကနေ့ ဆိုပြန်တော့လဲ မနက်ဖြန် အတွက် လုပ်ကြပြန်တယ်။ ကျနော်တို့ အားလုံး မနက်ဖြန် အတွက် စဉ်ကာ ဆက်ကာ အလုပ်လုပ်နေကြ တယ်။ အဲ့ဒီ “စဉ်ကာ ဆက်ကာ – အဆက်မပြတ်ရေး” ကို ကျနော်တို့ရဲ့ မနာလို ဝန်တိုမှု၊ ကျနော်တို့ရဲ့ ရူးသွပ်မှု၊ ကျနော်တို့ မှတ်ဥာဏ်တွေမှာ ထည့်သွင်း အရည်ဖျော်ပစ်တယ်။ ပုံပြောင်းပစ် တယ်။ ကျနော်တို့ ဘယ်နေရာ ရောက်နေနေ- အဲ့ဒီ အရာတွေကို ကျနော်တို့နဲ့ တစ်ပါ တည်း ယူဆောင်လာခဲ့ကြပါတယ်။

မယူဆောင်လာ ခဲ့ဘူးလို့ရော ထင်ပါသလား။ အဲ့သလို အဆက်မပြတ်ရေး ကို ထပ်ဖန် တလဲလဲ မှတ်ယူခဲ့လို့ သာ- ကျနော်တို့ မသေသေးဘူး ဆိုတဲ့ အသိ ဖြစ်လာ ခဲ့ပါတယ်။ မနေ့က အဖြစ်အပျက် တွေ ရှိခဲ့တယ်။ ဒီနေ့ အဖြစ်အပျက် အချို့ ကြုံဆုံရပြန်တယ်။ ဒါဆို – နောက်တစ်နေ့ ရှိဦးမယ်။ ဒီအချက်တွေကြောင့် – ကျနော်တို့ အတွက် ကျနော်တို့ စဉ်ဆက် မပြတ် – ဖြစ်တည်နေဖို့ ခိုင်မာနေ သလိုလို မှတ်ယူနေတယ်။ ကျနော်တို့ မှတ်ဥာဏ်နဲ့၊ စိတ်ကူး ခံစားချက်၊ မျှော်လင့်ချက်တွေက ကျနော်တို့ ဆက်လက် ဖြစ်တည် နေမယ် လို့ အမြင် ရောက် သွားစေတယ်။ ဒီလို “ဆက်လက် ဖြစ်တည်မှု” ဆိုတဲ့ အချက်ဟာ – “အသစ်” မဟုတ်ဘူး ဆိုတဲ့ အချက်နဲ့ အတူတူ ပါ။

ဆိုလိုတာက – ဥပမာ- ခင်ဗျား မှာ အတွေးတစ်ခု ရှိမယ်။ မနေ့က ခင်ဗျား တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံ အတိုင်း- မနက်ဖြန် မှာ နောက် တစ်ကြိမ် ထပ်ဖြစ်စေဖို့ ဆန္ဒ ရှိမယ် ဆိုပါတော့။ အဲ့ဒါဆိုရင် ခင်ဗျားဟာ သစ်လွင်မနေဘူး လို့ ဆိုလိုတယ်။ ဒါဟာ ကျနော်တို့ အများစု လိုချင်တဲ့ ပုံစံပဲ ဖြစ်ပါတယ်။ ကျနော်တို့ ဒီအတိုင်း ဆက်သွားချင်တယ်။

“ဒီအတိုင်း” ကျနော်တို့ ဘယ်လို ဆက်သွားချင်နေတာပါလဲ – ထပ်မေးရင်။ ကျနော်တို့ စိုးရိမ်ခဲ့သမျှတွေ အတိုင်း၊ ကျနော်တို့ ပျော်ရွှင်သမျှတွေ အတိုင်း၊ ကျနော်တို့ စိတ်ကူး စဉ်းစားထားပြီးသား တွေ အတိုင်း ဆက်သွားချင်တယ်။ အဲ့အတွက် ကျနော်တို့ အများစု ကြားမှာ ဖောက်ထွက်နိုင်စွမ်း မရှိဘူး။ ဖန်တီးနိုင်စွမ်း မရှိဘူး။ အသစ် အသစ် ဖြစ်မလာဘူး။ လူ့အဖွဲ့အစည်း၊ ဘာသာအယူဝါဒ အဟောင်းအဟောင်းတွေထဲမှာ – ပြုပြင်ဖို့ ပြောင်းလဲ နိုင်ဖို့ အသစ် အသစ် ဖြစ်ဖို့ ဆိုတာ ခက်ခဲနေရတယ်။

တကယ်က ကျနော်တို့တွေ နေ့စဉ် ရှင်သန်နေတာ မဟုတ်ပါဘူး။ နေ့စဉ် နေ့တိုင်း အသေသား တွေ စားနေတာပါ။ ကုန်လွန်ခဲ့ ၊ သေဆုံး ခဲ့ပြီ ဖြစ်တဲ့ နေ့ရက် တွေက ခံစားချက် အဟောင်းတွေ၊ အယူအဆ အဟောင်းတွေ ကနေ့ထိ သယ်ဆောင်လာဆဲ။ ဒါတင် မကျေနပ်သေးဘူး။ နောက်နေ့ နောက်နေ့ များမှာလဲ ဒီ အယူအဆ အဟောင်းတွေ ဆက်လက် ဖြစ်တည်နေစေချင်တယ် – ဒီခံစားချက် အဟောင်းတွေ ဆက် တည်ရှိ နိုင်ပါစေလို့ ဆန္ဒရှိတယ်။ အဲ့တော့ အဲ့ဒီ ဆန္ဒတွေနဲ့ အတူ မနာလို၊ ဝန်တို၊ ဒေါသ၊ မာန ရူးသွပ်သမျှတွေပါ တစ်ပါတည်း ဆက်လက် ပါဝင်လာပါတယ်။

ခင်ဗျားလည်း တွေးကြည့်နိုင်မယ် ထင်တယ် – နေ့တစ်နေ့ တာ ကုန်ဆုံးသွားပြီး အိမ်ပြန် ဝန်ထုပ်တွေ ချ အနားယူချိန်မှာ – “ဒီကနေ့ ပြီးပြီ။ ငါ့သန္တာန် ရှိသမျှ အကုန်ထားရစ်ခဲ့မယ်။ နောက်တစ်နေ့မှာ ငါ အသစ် အသစ်နဲ့ပဲ ရင်ဆိုင်မယ်” လို့ စိတ်ကူး ရှိခဲ့ဖူးပါသလား။ ဒီကနေ့ ရဲ့ အဟောင်းတွေကို နောက်တစ်နေ့ အထိ ဘယ်တော့မှ မသယ်သွားဘူးလို့ ဆန္ဒ ရှိခဲ့ဖူးပါသလား။

ကျနော်တို့မှာ အနည်းဆုံး တွယ်ငြိတဲ့ စိတ် ကျန်ရစ်နေပါတယ်။ ကျနော်တို့ ဘာကို တွယ်တာ မိနေကြသလဲ။ အသုံးအဆောင်တွေလား၊ ဒီ တိုက်တာ အိုးအိမ်တွေ လား ။ ဟုတ်ချင်မှ ဟုတ်မယ်။ ဒါပေမယ့် တွယ်တာမိနေမယ့် ( ကျိန်းသေတဲ့ ) အရာတွေက – ကျနော်တို့ရဲ့ စိတ်ကူး တွေ၊ ကျနော်တို့ရဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ အဲ့ဒီ စိတ်ကူးစိတ်သန်း၊ မျှော်မှန်းချက်၊ စကားလုံးတွေနဲ့ သာ ကျနော်တို့ ဆက်လက် အသက်ရှင်နေတယ်။ မြင်နိုင်ပါရဲ့လား မသိ။ ဆိုလိုတာက ကျနော်တို့ဟာ အခြားမဟုတ်ဘူး – အဲ့ စကားလုံး မျှော်မှန်းချက်၊ စိတ်ကူး စိတ်သန်းနဲ့ အတွေး တွေ ချည်း ဖြစ်နေပါတယ်။ ဒီ အရာတွေ နဲ့ အတူတူ နေထိုင်ချင်တယ်။ ဆက်လက် ရှင်သန်ချင်တယ်။

တကယ်လို့သာ – ဒီ စိတ်ကူးစိတ်သန်း အတွေးစဉ် အဟောင်းတွေ လုံးဝ ကုန်ဆုံး သွားနိုင်မယ် ဆိုရင် – အခြား တစ်ဘက် မှာ ဖြစ်တည်ချက် အသစ် ရှိ နေပါတယ်။ လုံးဝ စစ်စစ် အသစ် တစ်ခုပါ။ တွယ်ညိလာတဲ့ အဟောင်းတွေနဲ့ – ဘယ်လိုမှ မသက်ဆိုင်တော့ တဲ့ အသစ်မျိုး ဖြစ်တည်နေပါတယ်။ ဒါဟာ တက္ကိက သဘော တွေးဆ ပြောနေတာ မဟုတ်ဘူးရယ်။ နောက်ပြီး စိတ်လှုပ်ရှားစရာ အကြောင်း အချက်လည်း မဟုတ်ဘူး။ ခင်ဗျား အဲ့ဒါကို ထိသိနိုင်တယ်။ ခင်ဗျား အတွေ့အကြုံမှာ တစ်ကြိမ် တစ်ခါမှ မဖြစ်ဖူး၊ မကြုံဖူးတဲ့ အရာတစ်ခု ကို ကြုံရ ဆုံရတဲ့ အခါတိုင်း အဲ့ဒီ အချက်ကို ခံစား သိရှိနိုင်တယ်။

ကျနော်တို့ အများစု ရဲ့ ဘဝမှာ – ကျနော်တို့ စိတ်သန္တာန် ဟာ အဲ့ဒီ စိတ်ကူး အဟောင်း၊ ယုံကြည်ချက် အဟောင်း၊ အမြင်အဟောင်း တွေ ထဲမှာပဲ ကျင်လည် နေတယ်။ အဲ့ အဟောင်းတွေနဲ့ ရှေ့ဆက်နေတယ်။ မှန်တာ မမှန်တာကို မသိဘူး – လက်ခံစွဲမြဲထားတယ်။ အဲ့ဒါတွေနဲ့ ရှေ့ဆက်နေတာ ကိုပဲ – “ငါဟာ ငယ်စဉ် ကနေ ခုထိ ဒါတွေနဲ့ အသက်ရှင်နေတာ” လို့ အထင် ရောက်တယ်။

တကယ်တမ်းလဲ ကျနော်တို့ အားလုံး နီးပါး – ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ပညာရေး၊ အခြား အညွှန်းဘောင် အရေးအရာတိုင်းက ယုံကြည်ချက် အသီးသီး အောက်မှာ ( မမေးမမြန်း၊ မစူးမစမ်း ၊ အချို့က မေးမြန်းခွင့်မရ၊ စူးစမ်းခွင့်မရ ၊ မလွတ်လပ်ရခြင်း အကြောင်းနဲ့ ) လှောင်ပိတ် နေကြ၊ တွယ်ငြိနေကြဆဲ ဖြစ်ပါတယ်။ အစဉ်အလာ ( မိရိုးဖလာ ) ချမှတ် လာပြီးသား ၊ ဒါတွေကို လက်ကို လက်ခံရမယ် ဆိုတဲ့ အတွေးစိတ် နဲ့ – အသေသား တွေကို ထမ်းပိုးတယ်။ ကျနော်တို့ ဘဝကို ရှေ့ဆက် ချီတက်တယ်။ ဒါဆို – ခင်ဗျား ဘဝက အဲ့ဒီ အသေသားတွေ နဲ့ ချည်း တည်ဆောက်ထားတာ မဟုတ်လား။ – ခင်ဗျား စင်စစ် တကယ် ရှင်သန်နေတာရော ဟုတ်ရဲ့လား။ ကိုယ်ထမ်း လာခဲ့တဲ့ အရာတွေ ကို နည်းနည်းလေး ဖြစ်ဖြစ်ရော မော့ကြည့်ဖူး သလား။ စေ့စေ့ငှငှ ပြန်တွေးကြည့်နိုင်ဖို့ တော့ လိုမယ် ထင်ပါတယ်။

ဘာလို့ဆို ကျနော်တို့ ထမ်းလာခဲ့တာတွေဟာ ဝန်ထုပ်သာ ကြီးနေတယ်။ အမှန်လား အမှားလား ၊ ကိုယ်တကယ် သိမြင်မှု ရှိသလား လို့ ဝေခွဲမထားဘူး။ ဝေခွဲချင် စိတ်လည်း ရှိမနေဘူး။ ဆိုလိုတာက မဝေခွဲ မစိစစ်ရဲဘူး။ မဝေခွဲ မစိစစ်ရဲရခြင်း အကြောင်းကလည်း ကျနော်တို့ တွယ်ငြိနေတာတွေဟာ ယုံကြည်မှု တွေ အဖြစ် နေရာဝင်ယူလာလို့ ဖြစ်ပါတယ်။ သိမြင်မှု မရှိတဲ့ ယုံကြည်မှု ဟာ ဝေဖန်ခံရမှာ ကို ကြောက်လေ့ ရှိတယ်။ အဲ့ဒါကြောင့် ကျနော်တို့ ဝန်ထုပ်ကြီးကို တစ်ခါမှ စစ်မကြည့် ရဲဘူး။

တကယ်တမ်းသာ သေသေချာချာ ပြန်စစ်ကြည့်မယ် ဆိုရင် – ကျနော်တို့ ဒိဋ္ဌ သိမြင်မှု မပါဘဲ ယုံကြည် စွဲလမ်း ထားတဲ့ အယူအဆတွေ ဟာ – စကားလုံး တွေချည်း သက်သက် ဖြစ်နေတာ တွေ့ရပါတယ်။ ကျနော်တို့ လိုချင်တဲ့ စိတ်ကူး ၊ ဆန္ဒ၊ ယုံကြည်ချက် စတာတွေ အားလုံး ဟာ ကိုယ့် တကယ် အသိ တွေသာ မဟုတ်ဘူး ဆိုရင် စကားလုံး တွေချည်း၊ အတွေးအိမ် စိတ်ကူးတွေချည်း ဖြစ်နေတော့တယ်။ ဒါ့ကြောင့်လည်း ကျနော်တို့ ဘဝအတွက် စကားလုံးတွေက အရမ်း အရေးကြီး နေကြတာ ဖြစ်ပါတယ်။ စကား၊ ဝေါဟာရတွေကို ဖူးဖူးမှုတ် ပစား ပေးတယ်။ အဲ့ဒီနည်းနဲ့ အတွေး အိမ်ကို တည်ဆောက်တယ် – စိတ်ကူးကျရာ ကောင်းနိုးရာရာ ကိုင်စွဲထားမယ်။ ဒီလိုနဲ့ ကျနော်တို့ ဘဝကို ရှေ့ဆက်ဖို့ ကြိုးစားတယ်။ ကျနော်တို့မှာ အသစ် အသစ် တွေ မရှိဘူး။ ရုပ်ပိုင်းဆိုင်ရာ တွေ တိုးတက်ကောင်း တိုးတက် မယ် – စိတ်ပိုင်းတွေမှာ ချွတ်ချုံကျပြီး ( သိမြင်မှု မပါတဲ့ ) အတွေးသံသရာထဲ လည်နေမယ်။ ရှင်သန် မနေတဲ့ – အသေတွေ ချည်းနဲ့ သာ ကျန်ရစ် နေတော့တယ်။

အခုလို – ကိုယ်လည်း မသိရတဲ့ အဟောင်း တွေကို အစွဲအမြဲ ထမ်းပိုး မထားဘူး ဆိုရင်- ဘာဖြစ်မလဲ။ ငယ်စဉ်က ခုထိ သက်သက်မဲ့ ပုံသွင်း ခံလာရတဲ့ ယုံကြည်မှု အဟောင်း၊ အတွေးအခေါ် အဟောင်း တွေကို မစွဲမလမ်း စွန့်ပယ် ထားနိုင်ခဲ့ရင် ဘာဖြစ်မလဲ။

အပေါ်လွင်ဆုံး ကတော့ – ခင်ဗျား မှာ တွေးခေါ် နေကျ ပုံစံ အဟောင်းတွေ ပျောက်ဆုံး သွားမယ်။ အခြေတည်ပြီး အာရုံစိုက် စွဲလမ်းနေစရာ တွေ၊ တွေးရိုးတွေးစဉ် အစဉ်အလာတွေ ဖယ်ပစ်လိုက်တာ မို့လို့ ခင်ဗျား ပုခုံးပေါ်တင်ထားတဲ့ ဝန်ထုပ်ကြီး ပျောက်ကွယ် သွားမယ်။ ပေါ့ပါးသွားတယ်။ ခင်ဗျားရဲ့ အနာဂတ် ကို အရင်လို အစွဲအလမ်းတွေနဲ့ မျှော်လင့်ဖို့ အကြောင်း ဘာမှ မရှိတော့ဘူးရယ်။ ခင်ဗျား ရဲ့ အနာဂတ်ကို ဖြစ်သင့်တာ ဖြစ်ချင်တာ၊ ဖြစ်တန်စွမ်း မှန်သမျှ အကုန် လွတ်လပ်ခွင့် ပေးသွားတော့တယ်။

ဆိုလိုတာက ခင်ဗျား အနာဂတ်ကို နကိုလို မျှော်လင့်ချက်နဲ့ မချုပ်နှောင်ဘူး။ အသေ စီမံ မထား ဘူး။ သစ်လွင်နေမယ့် အနာဂတ် တွေသာ ရှိတော့တယ်။ ခင်ဗျား အတွက် နကို တွေးရိုး တွေးစဉ်တွေ ကနေ လွတ်ကင်း သွားတဲ့အတွက် – ခင်ဗျား စိတ်ရဲ့ ရှုမြင်ပုံဟာ ခင်ဗျား အနာဂတ် နဲ့ အတူ သစ်လွင်နေတယ်။ အသစ်အသစ် ဖြစ်နေတယ်။ အခု ပစ္စုပ္ပန် ခဏ – ကြုံလာသမျှကို အမြင်သစ်နဲ့ သာ ရှင်းရှင်းလင်းလင်း ရှုမြင် သွား နိုင်တော့တယ်။ အဲ့အတွက် ဖြစ်ပေါ် လာမယ့် အရာရာတိုင်းကို ခင်ဗျား ရင်ဆိုင်နိုင်တဲ့ သတ္တိ၊ အေးချမ်းတဲ့ အသိအမြင် ရှိလာ ပါတယ်။ ဒါဟာ ဘာသာရေး မဟုတ်သလို၊ အယူအဆ ၊ တွေးခေါ် မြှော်မြင်ရေး လည်း မဟုတ်ဘူး။ သိမြင် ရှင်သန်နေမှု ဘဝ သက်သက်။

ဒါပေမယ့် ဒီလို အခြေအနေ ရောက်ဖို့ ခက်ခဲပါတယ်။ ဘာလို့ဆို ကျနော်တို့ အများစုဟာ အတိတ်ကို ပြန်တွေးပြီး နေရင်နေ၊ မနေရင် အနာဂတ်ကို မျှော်လင့်ပြီးသာ နေချင်တတ် ကြလို့ပါ။ အတိတ်က – ပျော်ရွှင်ခဲ့၊ ကြည်နူးခဲ့တာ တွေ ပြန်တွေးမယ်၊ ဒါမှမဟုတ် လစ်ဟာခဲ့တာတွေ ပြန်တွေးမယ်။ အနာဂတ်မှာ – ပျော်ရွှင်မှု၊ ကြည်နူးမှု -ပုံစံ တစ်မျိုးမျိုးနဲ့ ဖြစ်ပေါ်လာပါစေ လို့ မျှော်လင့်မယ်။ ဒီလိုမှမဟုတ် – အရင်က မပြည့်စုံခဲ့ဘူး၊ ငါ အနာဂတ်မှာ ပြည့်စုံအောင် တည်ဆောက်မယ် လို့ စိတ်ကူး ရည်မှန်းမယ်။ ဒါ့ကြောင့် အရင်းချုပ်ကြည့်ရင် – အခုလတ်တလော အသက်ရှူနေတဲ့ ပစ္စုပ္ပန်ဟာ လစ်ဟာပြီး ကျန် နေရစ်ပါတယ်။ ခင်ဗျား တကယ် ရရှိတဲ့ ပစ္စုပ္ပန် ပေါင်း များစွာကို ဒီနည်းနဲ့ ခင်ဗျား ဘေးဖယ် ထားရစ်ခဲ့တယ်။ – အဲ့ဒါဟာ ခင်ဗျား တကယ် ရရှိတဲ့ ဘဝကို သတ်ပစ်တာနဲ့ အတူတူ ပါပဲ။ ဒါ့ကြောင့် ပစ္စုပ္ပန် တည့်တည့်မှာ မတည်ထားတဲ့ စိတ်ဟာ သေနေတာ နဲ့ အတူတူပဲ။ ဒီအချက်ကို ပေါ်လွင်စေချင်လို့ – ကျနော်တို့တွေဟာ နိစ္စဓူဝ သေနေကြတယ် ( Dying Daily ) လို့ ကျနော် ပြောခဲ့တာ ဖြစ်ပါတယ်။

အတိတ် ၊ အနာဂတ် ပြေးလွှား သွားနေတတ်တဲ့ ခင်ဗျား သန္တာန်ရဲ့ ဖြစ်စဉ်ကို မြင်နိုင်ရင် ခင်ဗျားကိုယ် ခင်ဗျား မေးသင့်တာက – ငါ့ဘဝကို ငါရှင်သန်နေတာရော ဟုတ်ရဲ့လား ဆိုတဲ့ မေးခွန်းပါ။ ကုန်ဆုံးသွားပြီ ဖြစ်တဲ့ အတိတ်၊ မလာသေးတဲ့ အနာဂတ် အပေါ် တည်မှီနေတဲ့ ခင်ဗျား ဘဝဟာ ခင်ဗျား ခန္ဓာကိုယ် ပျက်ပြုန်းသွားတဲ့ အထိ ကားယားကြီး ကျန်ခဲ့တော့မှာ။ တကယ်တမ်း ခင်ဗျား လက်ထဲမှာ ရှိနေတာက အခု။ ပစ္စုပ္ပန် တည့်တည့်။ အဲ့ဒါကို သိမြင်ထားနိုင်မှသာ ခင်ဗျား သေနေရာကနေ ပြန်နိုးထ လာဖို့ အကြောင်း ရှိပါတယ်။ ဆိုလိုတာက – ဘဝရဲ့ အစစ်အမှန် ရှင်သန်နေထိုင်ခြင်း ဆိုတာ – ပစ္စုပ္ပန် တည့်တည့် အတွင်း သိမှတ်နေထိုင်ခြင်း ပဲ။ ဒါဟာ ခင်ဗျား သန္တာန် ပြန်လည်မွေးဖွားခြင်း ( Reborn ) လည်း ဖြစ်ပါတယ်။ ခင်ဗျား နကိုက အသေတွေနဲ့ ချည်း ရှင်သန်နေခဲ့တယ်။

အခု ပစ္စုပ္ပန် တည့်တည့် ကျကျ သိမြင် နေထိုင်ပြီ ဆိုပါစို့။ အဲ့အခါ – ခင်ဗျား သန္တာန်မှာ အထူးသဖြင့် အတိတ်က အဟောင်းအမြင်းတွေ မရှိ တော့ဘူး။ မတွယ်တာဘူး။ မှတ်ဥာဏ် အဖြစ်တော့ ရှိနိုင်တယ်။ ဒါပေမယ့် ခင်ဗျား ဘဝ နေထိုင်မှုဟာ သိပ်ရိုးရှင်း သွားပါတယ်။ ဘာလို့ဆို ခင်ဗျား လက်ထဲကို ဘဝ စင်စစ် ရောက်ရှိ သွားလို့။ အတိတ်ကို မတွယ်ငြိရင် – အနာဂတ် ဆိုတာကိုလည်း ခင်ဗျား မျှော်လင့် တောင့်တစိတ် ရှိမနေဘူး။ တစ်စုံတစ်ခု ဖြစ်လာပါစေ လို့ စိတ်ကူး စိတ်သန်း၊ တွေးမောမှုတွေ မရှိတော့ဘူး။ ဆိုလိုတာက ပစ္စုပ္ပန်ကို မေ့လျော့ပြီး၊ မနက်ဖြန်ကို ပုံစံချ ၊ တမ်းတ မနေဘူး။ မနက်ဖြန် ဆိုတာကို စိတ်ကြိုက် ဖြစ်ခွင့် ပေးထားပါ တယ်။ ခင်ဗျား လွတ်လွတ်လပ်လပ် ရင်ဆိုင် လက်ခံနိုင် နေတယ်။ ခင်ဗျား ရဲ့ ပစ္စုပ္ပန်ဟာ အရင်က အရောင်မှိန် ခဲ့သမျှ၊ အခု ပစ္စုပ္ပန်မှာ လက်တွေ့ကျကျ တောက်ပ နေတော့ တယ်။ ။

Credit: Photos are from Myanmar Photographic Society.
…………………
Reading on J.Krishna.
………………….
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/
…………………..

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: