စကားလုံး တို့ အလွန်၌ –

ဘာဝနာ အမှု ပြုလာတဲ့ အခါ –

စကားလုံး၊ ဝေါဟာရ နဲ့ အတွေးစဉ် စိတ်ကူး ပုံရိပ် တွေဟာ အတားအဆီး ဖြစ်ပါတယ်။ အကြောင်းက – ကျနော်တို့ဟာ ကိစ္စရပ်တိုင်း ၊ အကြောင်းအရာ တိုင်းကို စကားလုံးတွေနဲ့ ဖလှယ်သုံးစွဲ ကြလို့ပဲ ။ ဆိုလိုတာက – တကယ့် ဖြစ်တည်မှု သက်သက်ကို စကားလုံး တွေ အဖြစ် ပုံပြောင်း ယူကြတယ်။ အဲ့လိုနဲ့ ကျနော်တို့ သန္တာန်မှာ စကားလုံးနဲ့ တကယ့် ဖြစ်တည်မှု တစ်ထပ်တည်း လို ထင်မြင် လာတယ်။

အဲ့ဒါဟာ ဘာဝနာ ထုံမွှမ်းလာမှု အတွက် အတားအဆီး တစ်ရပ်ပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ဘာဝနာ အပြည့်အဝ ရရှိနိုင်ဖို့ ပထမဦးဆုံး လိုအပ်ချက်ဟာ အဲ့ အတား အဆီးကို ဖယ်ရှားနိုင်မှု အပေါ် မူတည်တယ်။ ခင်ဗျား သန္တာန်မှာ စကားလုံး နဲ့ ဖွဲ့စည်း စိတ်ကူးတတ်သမျှ သတိရှိ နေရလိမ့်မယ်။

ကျနော်တို့ ခင်ဗျား တို့ စိတ်ဟာ တစ်ခုမဟုတ်ရင် တစ်ခုကို အမြဲ တွေးနေတယ်။ အတွေးရှိရင် စကားလုံးရှိပါတယ်။ ဒါ့ကြောင့် ကျနော်တို့ စိတ်ဟာ အမြဲတမ်း စကားပြော နေတတ်တယ် လို့ ပြောလို့ ရတယ်။ Chattering Mind အမြဲတမ်း ပလုံစီ အတွေးတွေ ဗရပွနဲ့ သန္တာန် ဖြစ်စဉ် သက်သက်။

တကယ့် လက်တွေ့ ကျနော်တို့ ဖြစ်တည်ချက် သက်သက် မှာတော့ အဲ့လို မဟုတ်ဘူးရယ်။ အရာဝတ္ထု တစ်ခုကို မြင်တယ် ဆိုရင် မြင်ရုံမျှ သိမှု သက်သက်ပဲ။ အဲ့ဒီ မှာ စကားလုံး တွေ မပါဘူး။ ခင်ဗျားက ဘာဝနာ ပြုသူ ဆိုပါစို့ ။ ဒါဆို ခင်ဗျား ဟာ အဲ့ဒီ မြင်ရုံမျှ ကို စကားလုံး တွေနဲ့ ပုံပြောင်းမိတဲ့ အခါ အဲ့ဒီ ပြောင်းမိတဲ့ ဖြစ်စဉ် အပေါ် သတိ ရှိဖို့ လိုပါတယ်။

အရာရာဟာ ဖြစ်တည် ရုံမျှ ဖြစ်တည်နေတယ် ။ တကယ်တမ်း ဘာသာစကား ဆိုတာ ရှိမနေဘူး လို့ ကျနော် အတိအကျ ဆိုချင်ပါတယ်။ ဖြစ်တည်ချက် သက်သက် အတွက် ဘာသာစကား က လိုအပ်မနေဘူး။ ခင်ဗျား အသက်ရှင်တယ် – ကျနော် အသက်ရှင်တယ်။ ဒီကြားမှာ ဝေါဟာရ မလိုအပ်ဘူး။ ( မလိုအပ်ဘူး ဆိုတာထက် – “ရှိကို ရှိမနေဘူး” ) ဆိုလိုတာက ဖြစ်စဉ် တစ်ခု ဟာ စကားလုံး မပါဘဲလည်း ဖြစ်တည် နေကြပါတယ်။ဥပမာ- နှင်းဆီပန်း တစ်ပွင့် ဟာ ရှူရှိုက်သူ ၊ တန်ဖိုးထားသူ မရှိလည်း ပွင့်တယ်။ နှင်းဆီလို့ အမည် မတပ်လည်း သူ့ဖြစ်တည်ချက်နဲ့ သူ ပွင့်နေမှာပဲ။ စီးဆင်း သွားနေတဲ့ စမ်းရေ အလျဉ် အတွက် သူ ဆက်လက် စီးဆင်းဖို့ ဝေါဟာရ အတွေးပုံရိပ် မလိုအပ်ဘူး။ သူ့ ဖြစ်တည်ချက်ဟာ သဘာဝ အတိုင်း တည်ရှိတယ်။

ဘာဝနာ ရှိနေတဲ့ အခိုက် ဟာ အဲ့ဒီလို ဖြစ်တည်ချက် က ဖြစ်တည်ချက် သက်သက်မှာပဲ ရှိနေတဲ့ အခိုက်အတန့် ကလေး ဖြစ်ပါတယ်။

ဒါဟာ မဖြစ်နိုင်ဘူး လို့ ခင်ဗျား ပြောမလား။ တကယ်တမ်းက သဘာဝ ကျကျ ကိစ္စတစ်ရပ် ပဲ မဟုတ်လား ။ အဲ့လို သဘာဝ သက်သက် ဖြစ်ကြောင်း ကို ကျနော် တို့ သတိ မထား မိခဲ့ကြပါဘူး။ ကျနော် တို့ အတွေ့အကြုံ နဲ့ စကားလုံး အကြား ပုံဖော် ပြောင်းလဲတဲ့ ဖြစ်စဉ် ရှိနေတယ်။ ဒါကို ကျနော် တို့ မမြင်ခဲ့ကြဘူး။ မနက် အရုဏ်တက် နေထွက် လာချိန်မှာ ကောင်းကင် ကို မော့ကြည့်ပြီး ကြည်နူး နိုင်တယ်။ ကဗျာ စပ်ဆိုဖို့ ပြင်ဆင်နိုင်တယ်။ ကြည်နူးမှု မှာတင် မသိရှိထားဘူး။ မရပ်သွားဘူး – စကားလုံး အဖြစ် ဖွဲ့သီ စိတ်ကူးတယ်။

တစ်ခါ – တစ်စုံတစ်ယောက် ကို ချစ်မိရင် ချစ်ကြောင်း ဖွဲ့သီ စိတ်ကူး ယဉ် ကြပြန် တယ်။ ဖြစ်ရပ်တစ်ခု ကြုံဆုံရင် ကြုံဆုံတဲ့ အတိုင်း သိမြင်မှု ကနေ – ဆက်လက် စိတ်ကူး ဖန်တီးတယ်။ စကားလုံး ဖွဲ့စပ် ရှင်းပြဖို့ ကြိုးစားတယ်။ အခြား အခြား စိတ်ကူးတွေနဲ့ ပေါင်းစပ် ဖွဲ့စည်း စဉ်းစား တယ်။ အဲ့ဒီလို ဖြစ်တည်ချက် နဲ့ စကားလုံး အကြား ကွာဟချက် ရှိကြောင်း ကျနော် တို့ သတိ မမူတဲ့ အခါ ဖြစ်တည်ချက်နဲ့ စကားလုံး အကြား ကွာဟချက် မရှိဘူးလို့ အထင်ရောက်သွား စေပါတယ်။

တကယ် စင်စစ် – ချစ်ခြင်း သက်သက်ဟာ စကားလုံး မဟုတ်ဘူး။ နေရောင် ဖြာကျ နေတာကလည်း စကားလုံး မဟုတ်ဘူး။ အတွေးမဟုတ်ဘူး။ သူ့ဖြစ်တည်ချက် နဲ့ သူတည်ရှိတယ်။ ဒါတင်မက- အဲ့ဒီ သိရှိတဲ့ အခိုက်အတန့် လေး သက်သက်မှာသာ တည်ရှိတယ်။ နို့ ပေမယ့် ကျနော်တို့ စိတ်သန္တာန်က အဲ့အတိုင်း မနေဘူး။ စကား ရှာကြံတယ်၊ ပုံရိပ်တွဲစပ် ပြောင်းယူ တယ်။ ဒီလိုနဲ့ ဘာသာ စကား ဝေါဟာရတွေ ဟာ ခင်ဗျား အတွေ့အကြုံ ၊ ဖြစ်တည်ချက် သက်သက် နဲ့ ခင်ဗျား ကြားကို ဝင်ရောက် နေရာယူလာပါတယ်။

ဘာဝနာဟာ အဲ့လို စကားလုံး တွေ မပါတဲ့ နေထိုင်မှု ဖြစ်ပါတယ်။ ဘာသာစကားမဲ့တဲ့ သိမှု သက်သက် နဲ့ နေထိုင်မှုပဲ။ ဒါ့ကြောင့် – အရင်ပို့စ်တွေမှာလည်း ကျနော် ပြောခဲ့တယ် – ဘာဝနာဟာ နည်းနာ မဟုတ်ဘူး၊ နည်းစနစ် မဟုတ်ဘူး၊ ကျင့်ကြံရတဲ့ ကျင့်စဉ် တစ်ခု မဟုတ်ဘူး၊ မိမိ ဖြစ်စဉ်ကို မိမိ အပြည့်အဝ နေထိုင်ခြင်း ကိုသာ ဆိုလိုပါတယ်။ ဒါ့ကြောင့် တစ်ခါတစ်လေ မှာ ဘာဝနာဟာ အလိုလို ဖြစ်တည်တယ်။ ခင်ဗျား ချစ်မိတယ် ဆိုပါစို့၊ လက်ရှိမှာ ချစ်တဲ့စိတ် ခံစား ရမယ်။ အဲ့ဒီ ချစ်ခြင်း သက်သက်ဟာ အတွေး မဟုတ်ဘူး။ စိတ်ကူး မဟုတ်ဘူး။ ဆိုလိုတာက ပုံရိပ် မဟုတ်ဘူး။ ခံစားရတဲ့- ဖြစ်တည်လာတဲ့ သန္တာန် သက်သက်။ အဲ့ဒီ ချစ်ခြင်း ရှိလာပြီး နောက်မှ ချစ်တဲ့သူ အပေါ် ပုံရိပ် အမျိုးမျိုး တွန်းထိုး ပုံဖော်မယ်၊ ပုံရိပ် အမျိုးမျိုး တွဲစပ် တမ်းတမယ်။ ဒါပေမယ့် ချစ်ခြင်း သက်သက် နဲ့ အဲ့ဒီ ပုံရိပ်တွေ ဟာ ထပ်တူ မဟုတ်ဘူးရယ် ။ ချစ်ခြင်းရဲ့ ဖြစ်တည်ချက်က သက်သက်၊ သူ့ နောက် အတွေးသန္တာန် အစဉ် က သက်သက်။ ဒီနောက်ဆက်တွဲ တွေက ပုံရိပ် (ဝါ) စကား ဝေါဟာရ အနေနဲ့ ခင်ဗျား သန္တာန်မှာ ဖြတ်သန်း သွားပါတယ်။ ဆက်လက်ပြီး ယုံကြည်စွဲလမ်းသွားမယ်။

တစ်ခါတစ်လေမှာ ခင်ဗျား တွေ့ကြုံ နိုင်တာ ရှိတယ်။ ခင်ဗျား သန္တာန်မှာ ချစ်မြတ်နိုးမှု သက်သက် ဖုံးလွှမ်းသွားတဲ့ အခါ စကားလုံးတွေ ဆွံ့အသွားတယ်။ ဒေါသကြီးလွန်း တဲ့ အခါ စကားတွေ ပျောက်ရှ ကုန်တယ်။ ဆိုလိုတာက ဖြစ်တည်ချက် သက်သက် ထင်ရှားလာတဲ့ အခါ စကားတွေ အဖြစ် ပုံပြောင်းခွင့် မရလိုက်တာမျိုး အလိုလို ဖြစ်တတ် ပါတယ်။ ဘာဝနာ ဆိုတာ အဲ့ဒီ ဖြစ်တည်ချက် သက်သက် အပေါ် သိရှိလက်ခံ နေထိုင်မှုပါ။

ပုံမှန် အနေအထားမှာ မကျေလည် စရာ ရှိနိုင်တာတွေက –

ဖြစ်တည်ချက် သက်သက်မှာ စကားလုံးတွေ မလိုအပ်ဘူး ။ဒါကြောင့် ဘာဝနာဟာ စကားလုံးမဲ့ သိမြင်နေထိုင်မှုပဲ ဖြစ်တယ် – လို့ ကျနော် ပြောခဲ့တယ်။

၁။ ဒါဟာ – ခင်ဗျား ကို ဘာသာစကား မရှိဘဲ ရှင်သန်နေရမယ် လို့ ပြောတာ မဟုတ်ပါဘူး။ စင်စစ်မှာ – ခင်ဗျား ဘာသာစကား ကို အသုံးပြု နေမှာပါ။ ဒါပေမယ့် အဲ့လို စကားလုံး ပုံရိပ် တွေ မရပ်မနား တရစပ် ထွက်ရှိနေတတ်တဲ့ ခင်ဗျားသန္တာန် ( Chattering Mind ) ကို ခင်ဗျား အလိုကျ တိုးချည်၊ ရပ်ချည် လုပ်နိုင် ရဲ့လား။ ခင်ဗျားရဲ့ နေထိုင်မှု ဟာ အဲ့အပေါ် နိုင်နင်းရဲ့လား။ ကျနော်တို့ ခင်ဗျားတို့ လူမှုရေး ဘောင် အတွင်း နေထိုင် နေကြသမျှ၊ ဘာသာစကား၊ ဝေါဟာရတွေ က အသုံးပြု နေရဆဲပဲ။ ဒါပေတဲ့ ခင်ဗျား တစ်ဦးတည်း တည်ရှိပြီ ဆိုတဲ့အခါ ၊ ခင်ဗျား တည်ရှိနေတဲ့ အတိုင်း ခင်ဗျား သန္တာန်ကို ရပ်တန့် သွားနိုင်ရဲ့လား။

ဘာဝနာ မရှိသူဟာ မရပ်တန့် နိုင်ဘူးရယ်။ တစ်ယောက်တည်း ရှိနေလဲ – ဆက်ပြီး ဆက်ပြီး တွေးတယ်။ ပုံဖော်တယ်။ ပြန် စဉ်းစား တယ်။ ဆိုလိုတာက ခင်ဗျား သန္တာန်မှာ Chattering Mind – စကား ပေါက်ပေါက် ဖောက်နေတဲ့ စိတ်သန္တာန် အစဉ်သာ- ကြီးစိုး နေတယ်။ ခင်ဗျား ကိုယ် ခင်ဗျား အတွက် – ခင်ဗျား ရဲ့ အရှင်သခင် ဟာ ခင်ဗျား ဖြစ်မနေဘူး။ အဲ့ဒီ စိတ်အစဉ် ပုံရိပ်တွေ ချည်း ဖြစ်နေတယ်။ ခင်ဗျားက စိတ်ကို မနိုင်ဘူး။ စိတ်ကသာ ခင်ဗျားကို နိုင်နေတယ်။

ဒါ့ကြောင့် စိတ်ကူး၊ အကြံ၊ အတွေး၊ ဝေါဟာရတွေချည်း ကြီးစိုးနေချိန်မှာ ဘာဝနာ ဖြစ်မနေပါဘူး။ အပြန်အလှန် ပြောရင် – ဘာဝနာ ဖြစ်တည်နေချိန် မှာ အတွေးတွေ၊ စကားလုံးတွေက ကြီးစိုး မနေနိုင်တော့ဘူး။ ခင်ဗျား သန္တာန် ဟာ သိစိတ် သက်သက် နဲ့သာ ရှင်သန် နေတော့တယ်။ ဖြစ်တည်လာသမျှကို သိမှု သက်သက်နဲ့ ကြည်လင်နေတယ်။

ဒါ့ကြောင့် – “စိတ်သန္တာန်ကို နိုင်နင်း ဖြစ်တည်မှု ဟာ ဘာဝနာ” ဖြစ်တယ် လို့ ထပ် အဓိပ္ပာယ် ဖွင့်ဆို နိုင်ပါတယ် ။ ခင်ဗျား အတွက် စိတ်ကူး စိတ်သန်း၊ အတွေးအခေါ်၊ ဝေါဟာရ တွေဟာ အန္တိမ ဖြစ်တည်ချက် မဟုတ်တော့ ဘူး။ ခင်ဗျားကို ဖုံးလွှမ်း မနေတော့ဘူး။ ခင်ဗျား ဟာ သူတို့ အလွန်မှာ သီးခြား ဖြစ်သွားတယ်။ သူတို့ရဲ့ အလွန် မှာ ဖြစ်တည်နေမှု သက်သက် အနေနဲ့ပဲ ရှိနေတယ်။ ဒါ့ကြောင့် သိရုံမျှ ( Just Consciousness ) သက်သက်မှာ ဘာသာ စကား ပျောက်ဆုံး နေတယ်။ ဖြစ်တည်ချက် သက်သက်မှာ ဘာသာစကား မဲ့နေရတယ်။ အဲ့ဒီ သိရုံမျှ သက်သက်ရယ် – ဖြစ်တည်ချက် သက်သက် ရယ် ပူးတွဲ ဖြစ်တည်တဲ့ အခါ ၊ အပြည့်အဝ တစ်ပေါင်းတည်း ဖြစ်သွားတဲ့ အခါ – ဘာဝနာ အပြည့်အဝ ဖြစ်ထွန်းပါတယ်။

၂။ ဘာသာစကား၊ ဝေါဟာရ အတွေးစဉ်တွေကို ဖယ်ပစ်ရမယ် လို့ ကျနော် ပြောတာဟာ – ခင်ဗျားရဲ့ အတွေး ၊ အကြံ၊ စကားတွေ၊ ကြံစည် စိတ်ကူး နေတာတွေ ကို နှိပ်ကွပ်ပစ်ရမယ် ၊ ဖျောက်ပစ်ရမယ် လို့ ဆိုလို တာ မဟုတ်ဘူး ရယ်။ ခင်ဗျားရဲ့ နိစ္စဓူဝ နေ့စဉ် ရှင်သန် နေမှု ထဲမှာ – ဘာသာစကား၊ ဝေါဟာရ တွေ၊ အတွေးစဉ် တွေနဲ့ သာ ရှင်သန် မနေရဘူး လို့ ရိုးရိုးရှင်းရှင်း ဆိုလို ထားတာ ဖြစ်ပါတယ်။ ဥပမာ – ခင်ဗျား လမ်းလျောက်တဲ့ အခါ – ခင်ဗျား ခြေထောက် တွေ လှုပ်ရှားပေးရတယ်။ ဒါပေမယ့် ခင်ဗျား ထိုင်နေပြီ ဆိုတဲ့ အချိန် အထိ ခြေထောက် တွေ လှုပ်ရှားနေတုန်း ပဲလား။ အဲ့ဒါ ဆိုရင် – ခင်ဗျားကို ဘယ်လို ပြောကြမလဲ။ ရူးနေပြီလို့ ပြောကြတော့မယ်။ ခင်ဗျား ထိုင်နေပြီ ဆိုတဲ့ အချိန်မှာ – အဲ့ခြေထောက် တွေကို ရပ်ပစ်ဖို့ လိုအပ်ပါတယ်။ အလားတူ – ခင်ဗျား အလုပ်အကိုင်မှာ ၊ အိမ်မှာ ပြောဆို ဆက်ဆံရမယ်၊ အလုပ်ခွင်မှာ တွေးကြံရမယ်၊ လှုပ်ရှားပြောဆိုရမယ် – အဲ့အတွက် စကားလုံး ဝေါဟာရတွေ လိုအပ်တယ်၊ စိတ်ကူး စိတ်သန်း အကြံအတွေးတွေ လိုအပ်တယ်။ – ဒါပေတဲ့ – ခင်ဗျား ဘယ်သူနဲ့ မှ စကားမပြော ဖြစ်တဲ့ အခါမျိုး၊ အလုပ် ပြီးစီး သိမ်းဆည်းလို့ပဲ ဖြစ်ဖြစ် ၊ ခေတ္တနားနေခိုက်မှာ ဖြစ်ဖြစ် ခင်ဗျား တည်ရှိနေပြီ ဆိုရင် – စကားလုံး ဝေါဟာရ တွေ ဆက် ရှိမနေ သင့် တော့ဘူး မဟုတ်လား။

ဒါပေမယ့် ကျနော်တို့မှာ ဘာဝနာ မရှိတဲ့ အခါ – ဘယ်သူနဲ့မှ စကားပြော မနေရင်လည်း စိတ်သန္တာန် ထဲမှာတော့ ပုံရိပ်ထိုးပြီး စကား ပြောနေကြပါသေးတယ်။ စကားလုံးတွေ ၊ အတွေး စိတ်ကူးတွေ – ကျနော်တို့ သန္တာန်မှာ ဆက်ရှိ နေကြသေးတယ်။ ဒါ့ကြောင့် – ခင်ဗျားဘယ်သူနဲ့မှ ဆက်ဆံ မနေတဲ့ အချိန်အခါ မျိုးမှာ ခင်ဗျား သန္တာန် ထဲ မှာ ပုံရိပ်စိတ်ကူး မရှိ၊ စကားဝေါဟာရ မရှိဘဲ ဖြုတ်ချထား ၊ ဖယ်ထားနိုင်ရဲ့လား။

ဒါကို – ဖြုတ်ချထား၊ ဖယ်ထားနိုင်ပါပြီ ဆိုရင်တော့ – ခင်ဗျား ဘာဝနာ အမှု ကောင်းကောင်း ပြုနိုင်လာပြီ လို့ ဆိုရမှာ ဖြစ်ပါတယ်။

20.12.2011
2:45 PM
…………..
Meditate on Meditation
…………..
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/
…………..

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: