လူ သာလျင် ငြီးငွေ့ တတ်သော သတ္တဝါ

Q : ငြီးငွေ့တယ် ဆိုတာ ဘာလဲ။ ကျနော် ဘာရယ်မှ မယ်မယ်ရရ မလုပ်ဘဲ အားလုံး ခဏ ရပ်လိုက်တဲ့ အခါ – ကျနော့ ပတ်ဝန်းကျင်မှာ မလိုအပ်တာတွေ ချည်း ဖြစ် လာနေတယ် လို့ မြင်လာတယ်။ အဲ့ဒါကိုလည်း ကြောက်လန့် လာတယ်။ ဒီလိုဟာကို ဖြစ်စေတဲ့ ပင်မ အကြောင်းက ဘာလဲ။ အဲ့လို ဖြစ်လာရင် ကျနော်လည်း နေရထိုင်ရ မသက်မသာ ဖြစ်လာတော့တာပဲ ။ ဘာလို့ ဖြစ်ရတာလဲ။

A: လူသား စင်စစ် မှန်ရင် အရေးကြီး အရေးပါဆုံး အရာတွေထဲက တစ်ခုဟာ ငြီးငွေ့ခြင်း ဖြစ်ပါတယ်။ လူသာလျှင် ငြီးငွေ့နိုင်တယ်။ အခြား သတ္တဝါတွေမှာ ငြီးငွေ့ နိုင်မယ် မထင်ပါနဲ့။ အကြောင်းက ငြီးငွေ့တဲ့ သန္တာန်ဟာ – အသိဥာဏ်အလင်း ရမှုနဲ့ အများကြီး နီးစပ် လို့ပါ။ ငြီးငွေ့မှုနဲ့ အသိဥာဏ် အလင်း ရမှု ဟာ ဟိုဘက် ဝင်ရိုးစွန်းနဲ့ ဒီဘက် ဝင်ရိုးစွန်း ဆန့်ကျင်ဘက် နှစ်ခု ကွဲနေတဲ့ တစ်ခုတည်း သော အရာ ဖြစ်ပါတယ်။ တိရစ္ဆာန် တွေ အသိဥာဏ်အလင်း ( Enlightened ) မဖြစ်နိုင်ဘူး ဆိုရင် သူတို့တွေဟာ မငြီးငွေ့တတ်ဘူးလို့ ဆိုရမယ်။

ငြီးငွေ့ခြင်း ဆိုတာ – “ဘဝရဲ့ အနှစ်သာရ မဲ့မှု ကို ခင်ဗျား သတိမူမိနေတယ်” လို့ ရိုးရိုးလေး ပြဆိုနေတာပဲ ။ ဘဝမှာ ထပ်ကျော့နေတဲ့ ဖြစ်စဉ်တွေ ကို ခင်ဗျား တွေ့နေရတယ်။ အရင်တုန်းကလည်း အလားတူတွေ လုပ်ခဲ့ပြီးပြီ။ ဘာဖြစ်လာခဲ့သလဲ စမ်းစစ်ရင်း ဘာမှ ဖြစ်မလာဘူး လို့ မြင်လာတယ်။ ခင်ဗျား ဟိုဟိုသည်သည် ခရီးတွေ သွားနိုင်တယ်။ စိတ်ကူးကျရာ ဟိုလုပ် ဒီလုပ် လုပ်နိုင်တယ်။ ဒါပေမယ့် ခင်ဗျား ဘဝရဲ့ အသုံးမဝင်မှု ၊ အဓိပ္ပာယ်မဲ့မှုတွေကို နားလည် မိသွားတဲ့ အခါ – အပြင်းအထန် ငြီးငွေ့မှု ဆိုတာ ပေါ်ပေါက်လာပါတယ်။

အခု – အဲ့ဒီ ငြီးငွေ့မှုကို ခင်ဗျား နည်းနှစ်နည်းနဲ့ ချဉ်းကပ်နိုင်တယ်။ တစ်နည်းက – လူအများ လုပ်တတ်ကြတဲ့ နည်း ဖြစ်ပါတယ်။ ငြီးငွေ့မှုကို လက်မခံဘူး – ရှောင်ပြေးမယ်- သူနဲ့ ရင်မဆိုင်ဘူး – ခင်ဗျား မျက်စိမှိတ်ထားမယ်- ကျောခိုင်း ထွက်ပြေးမယ်။ ဝေးနိုင်သမျှ ဝေးဝေး ပြေးမယ်။ ငြီးငွေ့တဲ့သန္တာန်ကို ဖြေဖျောက် ဖို့ ခင်ဗျား ပိုင်ဆိုင်နိုင်မယ့် အခြား ပျော်မွေ့ရာ တွေထဲ ခုန်ချလိုက်မယ်။ အဲ့အထဲ မှာ ခံစားလို့ ရသမျှ ခံစားရင်း ခင်ဗျားရဲ့ ငြီးငွေ့မှုကို မေ့ဖျောက် ပစ်မယ်။ ဒီ ငြီးငွေ့မှုကို နောက်တစ်ကြိမ် ထပ်မတွေ့ချင်တော့တာနဲ့ပဲ ခင်ဗျားရဲ့ လက်တွေ့ ဘဝ ဖြစ်တည်မှုကို အာရုံတွေကြား ပြည်ဖုံးကား ချထားလိုက်တယ်။

ဒီအကြောင်းကြောင့် – ကမ္ဘာမှာ အရက်နဲ့ မူးယစ်ဆေးဝါး ပေါ်ပေါက် လာရပါတယ်။ ဒီအရာတွေက ငြီးငွေ့မှုကနေ ရှောင်ပြေးလို့ ရသွားအောင် ခင်ဗျားကို အကူအညီ ပေးတယ်။ ဒါပေမယ့် အဲ့ဒါတွေနဲ့ အတူတူ ခင်ဗျား တကယ်တမ်း ထွက်ပြေးလို့ မရဘူးရယ်။ သုံးစွဲနေတဲ့ ခဏလေးပဲ ခင်ဗျား မေ့ဖျောက်နိုင်တယ်။ ထပ်ပြီး ထပ်ပြီး ငြီးငွေ့မှုတွေ ခင်ဗျား သန္တာန်ထဲ ဝင်လာ နေဦးမယ်။ ထပ်ပြီး ထပ်ပြီး ကျယ်ကျယ် လောင်လောင် အော်ဟစ်ပြီး ဝင်ရောက်လာမယ်။ အဲ့တော့ ခင်ဗျားက ကာမလိင် အာရုံတွေ ဘက်ကို ကူးမယ်။ အစားအသောက် တွေ စားမယ်။ သီချင်း ဂီတ တွေနဲ့ နစ်မြုပ် ပစ်မယ်။ ခင်ဗျား ထွက်ပြေးနိုင်တဲ့ အခြား နည်းလမ်းတွေ ထောင်ပေါင်း များစွာ ရှိနိုင်သေးတယ်။ ဒါပေမယ့် အဲ့ဒီ တွေကနေ ရပ်သွားတိုင်း ငြီးငွေ့စိတ်က ပြန်ဝင် လာနေတုန်းပဲ။ တကယ်တော့ ငြီးငွေ့မှု ဟာ အသိဥာဏ် ရှိတဲ့ လူသားတွေ အတွက် ရှောင်လွှဲမရနိုင်တဲ့ အရာ တစ်ခု ပါ။ လူ့အသိဥာဏ် ဖွံ့ဖြိုး လာသမျှ တွဲစက်လာတဲ့ ဖြစ်ရပ် တစ်ခု ဖြစ်တယ်။ ဒါ့ကြောင့် ခင်ဗျား သူ့ကို မျက်နှာချင်း ဆိုင် – ရင်ဆိုင်နိုင်ဖို့ လိုပါတယ်။

ဒါ့ကြောင့် ငြီးငွေ့မှုကို ချဉ်းကပ်နိုင်တဲ့ နောက်တစ်နည်းက – ခင်ဗျား သူ့ကို မရှောင်မလွှဲဘဲ၊ သတ္တိရှိရှိ ရင်ဆိုင်ပစ်လိုက်ဖို့ပဲ။ အဲ့ဒီ ငြီးငွေ့မှု အပေါ်မှာ အတည်ငြိမ်ဆုံး လက်ခံလိုက်ဖို့၊ သူနဲ့ အတူ နေထိုင်လိုက်ဖို့၊ သူကိုယ်တိုင် ရဲ့ အဖြစ်ကို ခင်ဗျား သန္တာန်မှာ ထုံမွှမ်း သွားနိုင်ဖို့ ဖြစ်ပါတယ်။ ဗောဓိ ညောင်ပင်အောက် မှာ ဗုဒ္ဓ ရှာဖွေ လုပ်ကိုင်ခဲ့တာဟာ ဒါပဲ လို့ ဆိုချင်ပါတယ်။ ရာစုနှစ်ပေါင်း များစွာ ဇင် ဆရာတွေ ရဲ့ လုပ်ခဲ့သမျှဟာလည်း အဲ့ဒါပဲ ဖြစ်ပါတယ်။

ဘာဝနာ ဆိုတာရဲ့ အဓိပ္ပာယ်က – “ငြီးငွေ့မှုကို မျက်နှာချင်းဆိုင်၊ ရင်ဆိုင်လိုက်တာ” ကို ဆိုလိုတယ်။ ဒါဆို ဘာဝနာ ပွားသူက ဘာလုပ်နေရသလဲ။ သူ တိတ်ဆိတ်စွာ နေနေတယ်။ သူ့ရဲ့ အတွင်းဗဟိုကို စောင့်ကြည့်နေတယ်။ ( ဒါမှမဟုတ် အာနာပါန အနေနဲ့ ဆိုရင် ) သူ့ရဲ့ အသက်ရှူနေမှု အပေါ် သတိမပြတ် စောင့်ကြည့်နေတယ်။ ဒီလို ထပ်ခါထပ်ခါ လုပ်နေသမျှ ဟာ – ကိုယ့်ကိုယ်ကိုယ် ဖျော်ဖြေနေတယ်၊ ပျော်စရာ ကောင်းနေတယ်များ ခင်ဗျား ထင်သလား။ တကယ်က – အဆုံးစွန်ဆုံး အထိ ငြီးငွေ့သွားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ခင်ဗျား ဘာဝနာ ပွားရင်း အိပ်ငိုက်လာတဲ့ အခါ ဇင်ဆရာ က ခေါင်း လာခေါက် တော့တယ်။ ငြီးငွေ့လာတဲ့ သူ ၊ ငြီးငွေ့ပြီး ထိုင်နေရတဲ့ သူ အတွက် ထွက်စရာ လမ်းက အခြား မရှိဘူး။ အဲ့အတွက် တစ်ခုပဲ ကျန်တယ်။ အိပ်ပျော်သွားတယ်။ ဘာဝနာ၊ ကမ္မဋ္ဌာန်း လုပ်တဲ့သူ တွေမှာ အိပ်ချင်စိတ် ဖြစ်လာတတ်တာ တွေဟာ ငြီးငွေ့မှုကို ရှောင်ပြေးချင် စိတ် နဲ့ တိုက်ရိုက် သက်ဆိုင် ပါတယ်။ ခင်ဗျား အိပ်ပျော်သွားရင် ငြီးငွေ့မှု အပါအဝင် အားလုံးကို ခဏဖြစ်ဖြစ်တော့ မေ့သွားတယ်။

ဘာဝနာ မှာ အားထုတ်ရတဲ့ အပိုင်းဟာ အဲ့ဒီ ငြီးငွေ့မှုကို ကြံ့ကြံ့ခံ ရင်ဆိုင်ရတဲ့ အပိုင်း ပါ။ ခင်ဗျား ရှောင်ပြေးဖို့ မဟုတ်ဘူး။ နိုးနိုးကြားကြား သိနေဖို့။ ခင်ဗျား အိပ်ပျော်သွားရင် – ရှောင်ပြေး မိသွားတာ နဲ့ တူညီတယ်။ နိုးကြားနေဖို့ပဲ လိုတယ်။ မျက်ခြေမပြတ် စောင့်ကြည့်နိုင်ဖို့ လိုတယ်။ ခင်ဗျား အဲ့မှာ ရှိနေရင် ခင်ဗျား အဲ့ အတိုင်း ဖြစ်နေရမယ်။ ခင်ဗျား အဇ္ဈတ္တအပေါ် ရှုမှတ်မှု မြဲမြဲ ခိုင်မာ နေရမယ်။

ဒီလို ရှောင်မပြေး တော့ဘဲ ဆက်လက် ရှုမြင်မှု ဖြစ်လာတဲ့အခါ – နောက်ဆုံး အဆုံးသတ်မှာ တစ်စုံတစ်ခု ပေါ်ထွက် လာပါတယ်။ ရုတ်တရက် ထွက်ရှိလာတာ မျိုးပါ။ ခင်ဗျားရဲ့ ငြီးငွေ့တဲ့ အဖြစ်ကို စောင့်ကြည့် နေရင်း – ခင်ဗျား သန္တာန်ရဲ့ အနှစ်မဲ့မှု သက်သက်ကို ခင်ဗျား ဘာသာ ရုတ်တရက် ထွင်းဖောက် မြင်လိုက် ရတယ်။ ငြီးငွေ့မှုဟာ တကယ်တော့ အကာအရံ သက်သက် ၊ အဖုံးတကာ တစ်ခု သက်သက်ပဲ။ အဲ့အတွင်းထဲမှာ အနှစ်မဲ့မှု ၊ သုညတ ( အနတ္တ စသဖြင့် ဘယ်လို ခေါ်ခေါ် ) ကို ရုတ်တရက် စိတ်ချလက်ချ ခင်ဗျား တွေ့လိုက်ရတယ်။ အဲ့ဒီ သုညတ ကနေ အပြည့်အဝ လွတ်မြောက် မှ ခင်ဗျားရဲ့ ငြီးငွေ့မှုက စင်စစ် လွတ်မြောက် ပါတယ်။

ဒါ့ကြောင့် ငြီးငွေ့တဲ့ သန္တာန်ကို ပုံမှန်အနေအထား မှာ လွတ်မြောက်ချင်ရင်၊ ခင်ဗျား သူ့ကို ရင်ဆိုင်လိုက်ဖို့ပဲ ရှိတယ်။ ဘာဝနာရဲ့ အလုပ်ဟာ ဒါကို ပဲ ရည်ညွှန်းတယ်။ — ခင်ဗျား ရဲ့ ငြီးငွေ့တဲ့ စိတ်ကို ကြိုဆိုတယ်၊ ထွင်းဖောက်ပြီး စောင့်ကြည့် နေတယ်။ သုညတကို တွေ့လိုဇောနဲ့ ထိုင်နေစရာ မလိုဘူး – ခင်ဗျား ငြီးငွေ့မှုနဲ့ အတူတူ စောင့်ကြည့်မှု မပြတ်ဖို့ပဲ လိုအပ်တယ်။ – ဒါဟာ ဘာဝနာ ရဲ့ အလုပ် ဖြစ်ပါတယ်။

ယောဂ ထိုင်နည်း ပုံစံ တစ်ခုနဲ့ နာရီတော်တ်ာကြာကြာ ခင်ဗျား ထိုင်နေမယ်။ အသက်ရှူမှု သက်သက်ကို ခင်ဗျား စောင့်ကြည့်နေမယ် – ဒါဆိုရင် ခင်ဗျား ငြီးငွေ့တဲ့ အခြေအနေ အပြင်းထန်ဆုံး ဖြစ်လာတယ် ။ ဘာဝနာ အလေ့အလာ အားလုံးဟာ အဲ့ဒီ ငြီးငွေ့မှု ဆီကိုသာ ညွှန်းဆိုတယ်။ တရားစခန်း တစ်ခုမှာ ခင်ဗျား နေ့တိုင်း မနက်စောစော အချိန်မှန် ထရမယ်။ နေ့တိုင်း နေ့တိုင်း အဲ့အတိုင်း ဖြစ်နေမယ်။ နွေ ဖြစ်စေ၊ ဆောင်းဖြစ်စေ ခင်ဗျားနိစ္စ ဓူဝ အလုပ်ဟာ ပုံမှန် ပဲ။ မနက် သုံးနာရီ ဆို သုံးနာရီ၊ လေးနာရီ ဆို လေးနာရီ၊ ရေချိုးမယ်၊ လဘက်ရည် ကော်ဖီ မနက်စာ စားမယ်။ ကမ္မဋ္ဌာန်း ပြုချိန် အခန်းဝင်မယ်။ ဒီပုံစံ အတိုင်း ထပ်ကာ တလဲလဲ သွားမယ်။ ခင်ဗျားရဲ့ တစ်နေ့တာ အချိန်ကလည်း ပုံမှန် အချိန်မှန် သွားနေမယ်။ သတ်မှတ်ထားတဲ့ အချိန်မှာ မနက်စာ နေ့လည်စာ စသဖြင့်။ ပြီးရင် ခင်ဗျား ကမ္မဋ္ဌာန်း အလုပ် ပြန်လာလုပ်မယ်။ ဒါတွေ အကုန်လုံးဟာ ငြီးငွေ့မှု ဆီကို ထောက်ပံ့ပေးဖို့ပဲ။

သတ်မှတ်ထားတဲ့ ဆင်တူ ဝတ်စုံ ( ယောဂီ ဝတ်စုံ ) တောင် ဝတ်ရနိုင်သေးတယ်။ အဲ့ ပုံစံမျိုးနဲ့ နေ့တိုင်း နေ့တိုင်း တွေ့နေရမယ်။ ခင်ဗျားကို ကမ္မဋ္ဌာန်း ဆရာက ဘာဝနာ ကျင့်ဖွယ် ဒီတရားတွေချည်း ဟောနေမယ်။ ဥပမာ ဇင်မှာ ဆိုရင် – ခင်ဗျားကို ပြောမယ် – “လက်တစ်ဘက်တည်း တီးတဲ့ လက်ခုပ်သံ ခင်ဗျား ကြားရပြီလား” သူ အဲ့လို နေ့တိုင်း နေ့တိုင်း ခင်ဗျားကို မေးနေမယ်။ ခင်ဗျားလည်း စဉ်းစားမယ်။ တွေးကြည့်မယ်။ ထိုင်ကြည့်နေမယ်။ အတွေးချည်းသာ ထိုင်တွေးနေရင် – ခင်ဗျား တရားစခန်း က ထွက်မလာခင် ရူးသွားမှာပဲ။ လက်တစ်ဘက်တည်းနဲ့ လက်ခုပ် ဘယ်လို တီးမလဲ။ စဉ်းစားပြီး ဘယ်သူမှ အဖြေရမှာ မဟုတ်ဘူးရယ်။ ဒါပေမယ့် ဆရာ ဘုန်းတော်ကြီးက ခင်ဗျားကို “ဆက်ထိုင်နေပါ၊ ဘာဝနာ ဆက်လုပ်နေပါ” ဒါပဲ ပြောလိမ့်မယ်။

ဒါတွေ အကုန်လုံးဟာ ခင်ဗျား ငြီးငွေ့မှုကို အဆုံးစွန်ဆုံး အထိ ဖြစ်ပေါ်စေဖို့ ပံ့ပိုးပေးနေမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်သမျှ မြန်မြန်၊ ခင်ဗျား ငြီးငွေ့သွားစေရဖို့သာ ကူညီပေးတယ်။ မန္တရ ဂါထာ ရွတ်နေတာပဲ ဖြစ်ဖြစ်၊ အလုပ်တစ်ခုတည်း အပေါ် ထပ်ကာ တလဲလဲ လုပ်နေရဖို့ပဲ ဖြစ်ဖြစ် – ခင်ဗျား ငြီးငွေ့ပြီး အိပ်ချင်လာမယ်။ ရက် နည်းနည်း ကြာလာတဲ့အခါ ခင်ဗျား လုံးဝ ငြီးငွေ့လာမယ်။ ထွက်ပြေးချင်စိတ် မရှိတဲ့ ငြီးငွေ့မှု မျိုး ဖြစ်ဖို့ လိုတယ်။ ခင်ဗျား အာရုံကို မလွှဲနိုင်ဘူး။ ရုပ်ရှင် တီဗီ မကြည့်ဘူး။ သီချင်း ဂီတ နားထောင်နေတာ မဟုတ်ဘူး။ အာရုံပျော်ရာ မထွက်သွားဘူး။ ခင်ဗျား ရဲ့ ငြီးငွေ့မှု သက်သက်ကို ရင်ဆိုင်ပစ်တယ်။ အဲ့ဒီ ငြီးငွေ့မှု ထဲ ထပ်ကာတလဲလဲ ရှုမြင်နေမယ်။

အဲ့အတွက် သတ္တိ ကောင်းကောင်း ရှိဖို့တော့ လိုအပ်ပါတယ်။ ဘာလို့ဆို ငြီးငွေ့မှုရဲ့ အဆုံး စွန်ဆုံး အခြေအနေဟာ သေခြင်း တရားလို့ပဲ။ သေခြင်း တရားထက် တောင် ခက်ခဲကောင်း ခက်ခဲနေနိုင်သေးတယ်။ အကြောင်းက သေခြင်း တရားဟာ ခင်ဗျား မသိဘဲလဲ ဖြစ်ပေါ်နိုင်တယ်။ ငြီးငွေ့မှုကိုတော့ ခင်ဗျား ကောင်းကောင်း ရှုမြင်ထား နိုင် နေတယ်။ ဘာဝနာ ပြုကျင့်ကြပုံ နည်းနာ အားလုံးရဲ့ အနှစ်သာရဟာ ဒီအပေါ်မှာ တည်ရှိပါတယ်။ ခင်ဗျား ရဲ့ ငြီးငွေ့နေမှုကို ဆက်ကာ ဆက်ကာ စောင့်ကြည့်နေရင်း – ဒီ ငြီးငွေ့မှု သန္တာန်ဟာ ခင်ဗျား အဇ္ဈတ္တမှာ ကြီးထွား သထက် ကြီးထွားလာတယ်။ နောက်ဆုံး ခင်ဗျား စောင့်ကြည့်မှု ကိုယ်၌က ငြီးငွေ့မှု စင်စစ် ဖြစ်သွားတဲ့ အထိ ။

အဲ့ဒီ အခါမှာ ပြောင်းလဲမှုလို့ပဲ ခေါ်ခေါ် ၊ အသွင်ပြောင်းမှု၊ ဥာဏ်လင်းပွင့်မှု၊ ဆာတိုရီ စသဖြင့် ခင်ဗျား စိတ်ကြိုက်ခေါ် ဆိုနိုင်တဲ့ အနေအထား တစ်ခု ဖြစ်ပေါ် တယ်။ ခဏတာလေး ၊ လက်ဖျောက်တစ်ချက် မရှိတဲ့ အခိုက်အတန့် ကလေးပဲ ဖြစ်ပါတယ်။ အဲ့ဒီ အချိန်မှာ ငြီးငွေ့မှုကနေ ဘယ်ကိုမှ ထွက်ပြေးလို့ မရမှန်း ခင်ဗျား ကောင်းကောင်း သိသွားတယ်။ တွေးခေါ်ပြီး၊ စဉ်းစားပြီး သိတဲ့ အသိမဟုတ်ဘဲ – စင်စစ် မျက်ဝါးထင်ထင် မြင်လို့ သိတဲ့ အသိ ဖြစ်သွားပါတယ်။ အဲ့ဒီ အသိ ရှိချိန်မှာ ငြီးငွေ့မှုက ခင်ဗျား လွတ်ထွက်သွားတယ်။ ငြီးငွေ့မှုကို ထွင်းဖောက်ပြီး – ခင်ဗျားရဲ့ သုညတ ထဲ နစ်မြုပ်သွားပါတယ်။

အဲ့ဒီ အခါမှာ ငြီးငွေ့မှု မရှိဘူး ။ ဘဝရဲ့ အဆုံးစွန်ဆုံး အနှစ်သာရ မဲ့မှုပဲ ရှိတယ်။ ခင်ဗျား ကိုယ်တိုင်လည်း ပျောက်ဆုံးသွားပါတယ်။ ဘယ်သူကရော ငြီးငွေ့နေရ ဦးမလဲ။ ငြီးငွေ့နေသူရော၊ ငြီးငွေ့နေတဲ့ စိတ်ရော အငွေ့ပျံ ပျောက်ကွယ် သွားသလိုပဲ။

ဒါ့ကြောင့် ခင်ဗျား မေးတဲ့ ငြီးငွေ့တယ် ဆိုတာ ဘာလဲ ဆိုတာကို ဖြေရင် –

ငြီးငွေ့ခြင်းဟာ မြင့်မြတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဖြစ်စဉ် တစ်ခုပါ။ – ဒါ့ကြောင့် – ကျွဲတွေ နွားတွေ မှာ ငြီးငွေ့မှု မရှိဘူး။ သူတို့ မှာ သူတို့နဲ့ တန်သလောက် ပျော်နေ နိုင်တယ် ။ ဆာလောင်နိုင်တယ်။ တစ်စုံတစ်ခုကို တောင့်တ နေနိုင်တယ်။ သူတို့ရဲ့ ဒုက္ခကို ခါးစည်း ခံစား နေရနိုင်တယ်။ ဒါပေမယ့် ငြီးငွေ့ မနေဘူး။ လူတွေမှာတော့ အသိဥာဏ် ရှိတဲ့သူ၊ မိမိ အဖြစ်ကို မိမိ ပြန်ရှုမြင်လေ့ ရှိတဲ့သူ၊ မိမိကိုယ်ကိုယ် စောင့်ကြည့်နေနိုင်သူ၊ ဆင်ခြင် နေနိုင်သူသာ ငြီးငွေ့လေ့ ရှိပါတယ်။ မိုက်မဲတဲ့လူတွေ ဆိုရင်တော့ မငြီးငွေ့ဘူး။ ဆိုလိုတာက သူတို့ ငြီးငွေ့တော့မယ် ဆိုရင် အလွယ်တကူ ပြောင်းလဲ ပစ်လိုက်တယ်။ သူတို့ အလုပ်တွေ လုပ်မယ်။ ပိုက်ဆံ ရှာမယ်။ ဘဏ်အကောင့်တွေ တိုးမယ်။ ကလေးတွေ မွေးမယ်။ စားမယ် သောက်မယ်။ ရုပ်ရှင်၊ တီဗီ ၊ ဂီတ အပန်းဖြေမယ်၊ ဟိုစပ်စပ် ဒီစပ်စပ် လုပ်မယ်။ သူတို့ ပျော်နေနိုင်တယ်။ ငြီးငွေ့မှု မရှိအောင် အာရုံတွေ အလွှဲအပြောင်း လုပ်နေနိုင်တယ်။ ပြောချင်တာကတော့ အဲ့ဒီ ကျွဲတွေ နွားတွေနဲ့ မခြားနား လှဘူးရယ်။

လူဟာ – ငြီးငွေ့မှုကို သတိရှိလာပြီိ ဆိုတဲ့အခါမှ လူသား စင်စစ် ပီသလာပါတယ် ။ ခင်ဗျား သတိထားမိနိုင်မလား မသိ – အသိဥာဏ် ဆင်ခြင်ဥာဏ် ထက်မြက် တဲ့ ကလေးငယ် တော်တော်များများဟာ ပျင်းရိ ငြီးငွေ့ လွယ်ကြတယ်။ သူတို့မှာ တစ်ခုတည်း နဲ့ တော်တော်ကြာကြာ ပျော်မွေ့မနေဘူး။ မကြာခဏ ဆိုသလို မေးခွန်းတွေ မေးတတ်မယ် ဒါမှမဟုတ် တည်ငြိမ် သွားတတ်မယ်။ – ခင်ဗျား သူ့ကို အရုပ်တစ်ခု ပေးလိုက်ရင် – “ဒါဘာလဲ၊ ဒါပြီးရင် ဘာလဲ။ ဒါပဲလား” သူ တွေးနိုင်သမျှ တွေးမယ် ။ ပြီးရင် ခင်ဗျား ပေးတဲ့ အရုပ်လည်း သူ့အတွက် ပျင်းစရာ ဖြစ်သွားတယ်။

ဗုဒ္ဓ။ သူ့အသက် ၂၉ နှစ်ဟာ ငယ်ရွယ်တုန်း ၊ အရွယ်ကောင်းပါ။ ဒါပေမယ့် သူ့တိုင်းပြည်ကို စွန့်ခွာခဲ့တယ်။ သူ့ ဘေးက အခြွေအရံ မိန်းမတွေကို ငြီးငွေ့တယ်။ ဝိုင်အဖျော် ယမကာတွေ ငြီးငွေ့တယ်။ စည်းစိမ်ချမ်းသာ တိုင်းပြည် အပေါ် ငြီးငွေ့တယ်။ သူ့အတွက် အရာရာတိုင်း ငြီးငွေ့ စရာတွေ ချည်း ဖြစ်ခဲ့တယ်။ အကြောင်းက သူကြုံဆုံခဲ့တဲ့ အာရုံတိုင်းကို သူစစ်ဆေးနေလို့ပဲ။ ထပ်ခါတလဲလဲ ဆန်းစစ်ရင်း သူ ငြီးငွေ့သွားတယ်။ သူ စွန့်ခွာလာခဲ့တယ်။ ဒီနေရာ တစ်ခု သတိထားဖို့ လိုပါတယ်။ – ဗုဒ္ဓ လောင်းလျာ စွန့်ခွာ လာခဲ့တာဟာ ကမ္ဘာလောက တစ်ခုလုံး မှားယွင်းနေလို့ မဟုတ်ဘူး။ အစဉ်အလာ ကျမ်းစာတွေမှာ ကမ္ဘာလောက က ဆိုးရွားနေတဲ့ အတွက်၊ မကောင်းမှုတွေချည်း ပြည့်လျှမ်းနေတဲ့ အတွက် စွန့်ခွာ လာခဲ့ရ သလိုလို ပြောဆိုလေ့ ရှိကြတယ်။ အဲ့ဒီ စကားက အဓိပ္ပာယ် မဲ့လွန်းပါသေးတယ်။ စင်စစ်က ငြီးငွေ့မှု ကြောင့်သာ စွန့်ခွာ ထွက်လာခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ ငြီးငွေ့မှုဟာ ဆိုးခြင်း ၊ ကောင်းခြင်းနဲ့ မဆိုင်ဘူး။ ခင်ဗျားလည်း ခင်ဗျား သန္တာန် အပေါ် ဆင်ခြင် ကြည့်နိုင်ရင် ငြီးငွေ့စိတ် ဖြစ်လာမှာပဲ။ ခင်ဗျားက မိုက်မဲမယ့်သူ ဆိုရင်တော့ ငြီးငွေ့စရာ မရှိဘူး။ ငြီးငွေ့ဖို့ နည်းနည်း ရှိလာရင် ပျော်ရာ အာရုံကို လွှဲယူလိုက်မှာပဲ။ တစ်ခုပြီး တစ်ခု လိုက်လုပ် ပစ်မှာပဲ။ ဒီ အာရုံပြီး ဟိုအာရုံ ခုန်ကူးသွားမှာပဲ။ ထပ်ကာ တလဲလဲ ဖြစ်နေတဲ့ အရာတွေ အပေါ် ခင်ဗျားစောင့်ကြည့်နေနိုင်မှာ မဟုတ်ဘူး။ မနေ့က အရာတစ်ခု လုပ်လို့ ပျော်ရင် – ဒီနေ့ အဲ့အရာကို ထပ်လုပ်မယ်။ လုပ်မရရင် အခြား တစ်ခုလုပ်မယ်။ ခင်ဗျား သန္တာန်မှာ ငြီးငွေ့တဲ့စိတ်ကို အဖြစ်မခံတာ ခင်ဗျား ကိုယ်တိုင်ပဲ ဖြစ်လိမ့်မယ်။

ဒါပေမယ့် အသိဥာဏ် ၊ ဆင်ခြင်ဥာဏ် ကြီးမားလာတဲ့အခါ ငြီးငွေ့မှုကို ရှောင်လွှဲရ ခက်လာပါတယ်။ ဗုဒ္ဓဟာ ငြီးငွေ့မှုကြောင့် လူ့ဘောင်လောက ကို စွန့်ခဲ့ပြီး တောအရပ်မှာ ဘာလုပ်တာတဲ့လဲ။ ခြောက်နှစ်လုံးလုံး တောအုပ် အတွင်းမှာ ဘာလုပ်နေမယ် ထင်ပါသလဲ။ နှစ်စဉ် နှစ်တိုင်း ၊ နေ့စဉ် နေ့တိုင်း သူ့ရဲ့ ဘာဝနာ ဟာ အဆုံးစွန်ဆုံး ငြီးငွေ့မှု ဆီသာ ဦးတည်သွားတယ်။ သူ့ရဲ့ ငြီးငွေ့မှုကို တကယ် စင်စစ် ဖြေဖျောက် နိုင်မယ့် နည်းလမ်းကို ရှာဖွေ နေတာပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့ အဆုံးစွန်ဆုံး ငြီးငွေ့မှုနဲ့ ဖြေဖျောက် နိုင်ခဲ့တယ်။ အဲ့ဒီ ညဟာ ဗုဒ္ဓ အရှင် စင်စစ် ဖြစ်တော်မူတဲ့ ညအခါ ပဲ ဖြစ်ပါတယ်။ ငြီးငွေ့မှု ထာဝရ ပျောက်ကွယ် သွားတော့တယ်။

ဒါဆို ကျနော်တို့ ခင်ဗျားတို့ရော။ အဆုံးစွန်ဆုံး ငြီးငွေ့မှုကို ဖောက်ထွင်း ရင်ဆိုင် နိုင်ပြီးမှသာ – ငြီးငွေ့မှုကနေ ခင်ဗျား ထာဝရ ထွက်ခွာ လာ နိုင်ပါတယ်။ ခင်ဗျား အခု အာရုံတွေနဲ့ ပျော်နေရင် – အဲ့ဒီ အပျော်ဟာ ခင်ဗျား စင်စစ်ကို ရှာမတွေ့နိုင်သေးတဲ့ အပျော်မျိုးပဲ။ လူတွေမှာ တစ်ကြောင်း မဟုတ် တစ်ကြောင်းနဲ့ ပျော်နိုင်တယ်။ – ဒါ့ကြောင့်မို့လဲ – တစ်ကြောင်း မဟုတ် တစ်ကြောင်းနဲ့ စိတ်ဒုက္ခ ရောက်နေကြရတယ်။ – ခင်ဗျား ဒီနေ့ တစ်ယောက်ကို ချစ်လို့ ငြီးငွေ့ရင် နောက်နေ့ တစ်ယောက်ကို ပြောင်းချစ်မယ်။ ဒီနေ့ ဒါလုပ်လို့ ငြီးငွေ့ရင် နောက်နေ့ အခြားဟာ တစ်ခု လုပ်မယ်။ ကားဟောင်း စီးရင်း ငြီးငွေ့လာရင် အခြား ကားသစ် ကို တမ်းတမယ်။ ခင်ဗျား ရဲ့ ငြီးငွေ့လာမယ့် ဖြစ်စဉ်ကို ပြောင်းလဲမှုတွေနဲ့ ဖြေဖျောက်ပါတယ်။ တစ်ဘဝလုံး အဲ့ဒီ အပြောင်းအလဲကို မျှော်ကိုး ပြီး ငြီးငွေ့မှုကို ဖြေဖျောက်ရေး နဲ့ အချိန်ကုန်တယ်။

ဆင်ခြင်ဥာဏ် ရှိသူကတော့ အပြောင်းအလဲတွေ နောက် မလိုက်တော့ဘူးရယ်။ သူ့ရဲ့ ငြီးငွေ့မှုကို သူကိုယ်တိုင် တည့်တည့် ရင်ဆိုင်ပါတယ်။ ခင်ဗျား ငြီးငွေ့တဲ့ သန္တာန် အပေါ် အာရုံ စိုက်လေလေ၊ ခင်ဗျားရဲ့ ရှုမြင်မှု ဥာဏ် ရင့်သန် လာလေလေပဲ။ နောက်ဆုံး – ခင်ဗျား သန္တာန် တစ်ခုလုံး မှာ ငြီးငွေ့မှုချည်း သက်သက်သာ ကျန်ရစ် ခဲ့တယ်။ အခြားနည်းနဲ့ ရှောင်လွှဲ ထွက်ပြေးလို့ မရပါဘူး။ အဲ့ဒီ ရင်ဆိုင်လိုက်ခြင်း သက်သက်ဟာ ဘာဝနာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အဆုံးစွန်မှာ ဥာဏ်အလင်း ရရှိမှု ဆီကိုသာ ဦးတည်သွားတော့တယ်။ အဲ့အခါ မှသာ ခင်ဗျား သန္တာန်မှာ ငြီးငွေ့မှု လုံးဝ ပျောက်ဆုံး သွားတယ်။

ဒါ့ကြောင့် နိဂုံးစကားအနေနဲ့ –

လူသာလျှင် ငြီးငွေ့နိုင်ပြီး၊ လူသာလျှင် ဥာဏ်အလင်း ရနိုင်တာ ဖြစ်ပါတယ်။။

………………
Ref: Osho: Only Man is capable of Boredom
………………
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/
………………

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: