ဖြူစင်သော စိတ်

ဖြူစင်တဲ့ စိတ် ဆိုတာ ဘာကို ဆိုလိုတာလဲ ။ ရိုးစင်းတဲ့ ဘဝ အတွက် စိတ်ထား ဖြူစင်မှုဟာ မရှိမဖြစ် လိုအပ်တယ်။ ဒါဆို ဖြူစင်တဲ့ စိတ်ဆိုတာ ဘာလဲ။

တောင့်တ၊ တမ်းတတဲ့ အာရုံခံစားချက် မရှိတဲ့ ကြည်လင်နေတဲ့ စိတ် အသွင်အပြင်မျိုးလို့ အကြမ်းမျဉ်း ခေါ်ဆိုလိုပါတယ်။ တစ်နည်းပြော ရင် လောဘ စိတ် ပျောက်ပြယ် နေတဲ့ အခြေအနေရဲ့ နာမည် တစ်မျိုးလို့ ဆိုနိုင်ပါတယ်။ အဲ့အခြေအနေမျိုးဟာ ခင်ဗျား တွန်းတိုး ခုခံ လုပ်ကိုင်နေရတဲ့ အရေးအ ရာ ကိစ္စတွေ အကြား ခင်ဗျား လက်လွှတ် အလျော့ပေးလိုက်ချိန် မှာ အသိသာဆုံး ပေါ်ပေါက် တတ်တယ်။ ခင်ဗျား ပတ်ဝန်းကျင် လောက ဟာ သူ့သဘောနဲ့သူ စီးမျော သွားတယ်။ ခင်ဗျား စိတ် က အဲ့ဒါတွေကို အရှင်းသား ရှုမြင် ထားလို့ ရတဲ့ အခြေအနေ ဖြစ်လာတယ်။ ဒါဟာ တိကျတဲ့ အဓိပ္ပာယ် ဖွင့်ဆိုနည်းမျိုးတော့ မဟုတ်သေးဘူး။

ကျနော်တို့ အတွေးအခေါ်တွေ၊ စဉ်းစားဥာဏ်၊ စိတ်ကူး ၊ ကြောင်းကျိုး ဆင်ခြင်ဥာဏ် ယုတ္တိ တွေဟာ ဦးနှောက်က လာပါတယ်။ ဒါ့ကြောင့် ဦးနှောက်က စဉ်းလဲ တယ်။ ခင်ဗျားကို ငယ်စဉ်က ခုချိန်ထိ အတွေးအခေါ် ဘောင် ၊ ကလနားတွေနဲ့ ထိန်းကွပ်မယ်။ ခင်ဗျား သန္တာန်မှာ အတ္တပုံရိပ်ကို အစွဲအမြဲ ထင်ဟပ် စေမယ်။ ဒါဟာ ဦးနှောက် ရဲ့ အလုပ် ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ ဦးနှောက်ဟာ အတ္တနဲ့ အတူတူ ရှင်သန် တယ်။ အတ္တမရှိရင် ၊ အတ္တလျော့နည်းသွားရင် လူဟာ ဦးနှောက်နဲ့ အသက် မရှင်တော့ ဘူး။ ဆိုလိုတာက အတွေးအခေါ်တွေ၊ စိတ်ကူး ၊ ဆင်ခြင်ဥာဏ်တွေ၊ လိုချင်လောဘတွေနဲ့ အသက် မရှင်တော့ဘူး။ သူ့ဆီမှာ ကျန်ရစ်ခဲ့တာက ဖြူစင်တဲ့ စိတ် သာ ဖြစ်ပါတယ်။

ဖြူစင်စိတ် ရှိသူဟာ ဦးနှောက်သမားလို မဟုတ်ဘူး။ ဦးနှောက်သမားက တွန်းထိုး တိုက်ခိုက် ငြင်းခုံတယ်။ ဖြူစင်စိတ် ရှိသူက တိုက်ခိုက် ငြင်းခုံရသမျှ အပြီးအပိုင် စွန့်လွှတ် ထားပြီး ဖြစ်ပါတယ်။ တနည်းပြောရင် အတ္တကို ဖယ်ရှား ထားနိုင်တယ်။

  • ဦးနှောက်နဲ့ နေထိုင်သူက ငါဘယ်လိုနေရမလဲ – ငါဘယ်လိုရှင်သန်အောင် လုပ်ရမလဲ တွေးတယ်။
  • ဖြူစင်စိတ် ရှိသူက မိမိ ရှင်သန်မှု သက်သက်ကို သိရှိရုံမျှ နေထိုင်တယ်။
  • ဦးနှောက်နဲ့ နေထိုင်သူဟာ သူလိုချင်တာတွေကို တွေးခေါ်ယူတယ်။
  • ဖြူစင်စိတ် ရှိသူက လိုအပ်ချက်ကိုသာ သိမှတ်နားလည်တယ်။
  • ဦးနှောက်နဲ့ နေထိုင်သူဟာ အတိတ်ကို လွမ်းတယ်၊ အနာဂတ်ကို မျှော်မှန်းတမ်းတတယ်။
  • ဖြူစင်စိတ် ရှိသူက မိမိမျက်စိအောက် တဒင်္ဂခဏ အတွင်းသာ ရောင်ပြန်ဟပ် သိမြင်နေထိုင်တယ်။

ဒ့ါကြောင့် ဖြူစင်တဲ့သူ တွေဟာ ရိုးသားမှု အပြည့်အဝ ရှိနေပါတယ်။ ဒီနေရာမှာ တစ်ခု နားလည်စေချင်တာက – ရိုးသားမှု ရှိတိုင်း ဖြူစင်တာ မဟုတ်ဘူး။ ရိုးသားမှုကို အတင်းလုပ်ယူပြီး ဖြူစင်ပြလို့ မရဘူး။ ဖြူစင်တဲ့ စိတ်သန္တာန် ရှိသူ အတွက် ရိုးသားမှုက အလိုအလျောက် တွဲကပ် ပါလာပြီးသား အရိပ်တစ်ခုပဲ။ ဒါ့ကြောင့် “ရိုးရိုးသားသား နေထိုင်ကြပါ” ဆိုတဲ့ ဆုံးမ ဩဝါဒတွေကြောင့် ခင်ဗျား အတင်းအကျပ် လုပ်ယူတဲ့ အခါ – ရလာတဲ့ ရိုးသားမှု တွေဟာ အတု အယောင် ရိုးသားမှုတွေ ဖြစ်နေတတ်တယ်။ စင်စစ် ရိုးသားမှုဟာ သီးသန့် အတင်းအကျပ် ကြိုးပမ်း လုပ်ယူ နေဖို့ မဟုတ်ဘူး။ ခင်ဗျား ကြိုးစားပြီး အတင်း ရိုးသားရင် ခင်ဗျား သန္တာန်မှာ ရှိနေပြီးသား ရိုးသားမှု လေးတောင် ပျက်စီးကောင်း ပျက်စီးသွားနိုင်သေးတယ်။ ဆိုလိုတာက လုပ်ယူတဲ့ ရိုးသားမှုဟာ ပေါ့ပျက်ပျက် နိုင်တယ်။ ရိုးသားမှု စင်စစ် ရှိဖို့ အတွက် ခင်ဗျား သန္တာန်မှာ ဖြူစင်သွားဖို့ပဲ လိုအပ်တယ်။ ဖြူစင်စိတ် ရှိလာရင် ခင်ဗျား နောက်ပြန် လှည့်ကြည့် စရာ မလိုအပ်ဘူး။ ရိုးသားမှုဟာ အရိပ်လို တွဲကပ် ပါလာပြီးသားပဲ။

ဖြူစင်တဲ့သူတွေရဲ့ စရိုက် လက္ခဏာတွေမှာ – မူဝါဒ မရှိဘူး။ အစွဲအလမ်း မရှိဘူး။ တွေးခေါ်မှု ပုံစံ မချထားဘူး။ ပြင်းပြတဲ့ တောင့်တစိတ် အာသာ မရှိဘူး။ အဲ့အတွက် အချို့တော် တော်များများ ဟာ ဖြူစင် ချင်လွန်းလို့ – အရာအားလုံးကို ပြီးစလွယ် နေထိုင်ပစ်ကြတယ်။ ဒါဟာလည်း မလိုအပ်ဘူးရယ်။ တကယ်လို့ ခင်ဗျားက ပြည့်စုံ ကုံလုံတဲ့ ဘဝ အနေအထား ရှိတယ် ဆိုရင် သူတောင်းစား အကျင့် ကျင့်စရာ မလိုအပ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ညှင်းဆဲ စရာ မလိုဘူး။ ဘာလို့ဆို – ရိုးသားခြင်း ဆိုတာ ပစ္စည်း ဥစ္စာ ကြွယ်ဝခြင်း ၊ ချို့တဲ့ခြင်းနဲ့ ဘာမှ မသက်ဆိုင်လို့ပဲ။

ငမွဲတစ်ယောက်နဲ့ သူဌေး တစ်ယောက် ရှိမယ် ဆိုပါစို့။ နှစ်ဦးစလုံးက သူတို့ လက်ရှိ အဖြစ် ဘဝအပေါ်မှာ မကျေမနပ် စိတ်ဆင်းရဲ နေရရင် အတူတူပဲ လို့ ပြောလို့ရတယ်။ ဒီလိုမှ မဟုတ်ဘဲ မွဲတေနေသူက ကြိုးပမ်းအားထုတ်မှု ရှိတယ် – ဒါပေမယ့် သူ့လက်ရှိ အပေါ်မှာ ရှုမြင်နေထိုင်ရင်း စိတ်က ရောင့်ရဲနေတယ်။ သူဌေး က မကျေမနပ် သားရဲမရဲ ရှာနေ ဖွေနေတုန်းပဲ ဆိုရင် – တကယ် ကြွယ်ဝနေသူက မွဲတေနေသူသာ ဖြစ်လိမ့်မယ်။

စိတ်နှလုံး ဖြူစင်သူရဲ့ မပါမဖြစ်တဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်က – “အတွေးစဉ် ရဲ့ ချုပ်ခြယ်မှုက လွတ်ငြိမ်းချမ်းသာခွင့် အပြည့် ရရှိထားသူ” ဖြစ်ပါတယ်။ ခင်ဗျားက စိတ်နှလုံး ဖြူစင်သူ ဆိုပါစို့။ ဒါဆို ခင်ဗျားဟာ အတိတ်ကို ပြန်တမ်းတ နေမှာ မဟုတ်ဘူး။ အဲ့အတွက် အတိတ်က ခင်ဗျားကို လွှမ်းမိုး မနေနိုင်တော့ဘူး။ အလားတူ အနာဂတ် ကိုလည်း ခင်ဗျား မျှော်မှန်း မနေတော့ဘူး။ ဘာကြောင့်လဲ ဆိုတော့ – အနာဂတ် ဆိုတာ အတိတ်ရဲ့ အရိပ် သက်သက် မို့လို့ပဲ။

အတိတ်မှာ ခင်ဗျား ပျော်ရွှင်စရာ တစ်မျိုးမျိုး ခံစားခဲ့ရမယ် ။ ဒါဆို ခင်ဗျား အခုအချိန်မှာ တွေးမှာက နောင်အနာဂတ်မှာ အဲ့လို ပျော်ရွှင်စရာ မျိုး ထပ်ကျော့ ခံစား နေချင်တယ်။ အတိတ်မှာ ခင်ဗျား နာကျင် ကြေကွဲခဲ့ရမယ်။ ဒုက္ခရောက်ခဲ့မယ်။ ဒါဆို ခင်ဗျား ရဲ့ အနာဂတ် တစ်ချိန်ချိန်မှာ အဲ့လို နာကျင်ကြေကွဲရမယ့် ဒုက္ခမျိုး ထပ် မဖြစ် လာစေဖို့ ဆုတောင်း ပတ္ထနာတွေ ပြုရတော့မယ်။ တကယ် စင်စစ် ခင်ဗျားတို့ ကျနော်တို့ မျှော်မှန်းတဲ့ အနာဂတ်ဟာ ပြုပြင် ဖြည့်စွက်ထားတဲ့ ကျနော် တို့ရဲ့ အတိတ်ပဲ ဖြစ်ပါတယ်။ အတိတ် ကို တွယ်တာမှု လျော့ပါးသွားတာနဲ့ အမျှ အနာဂတ်အပေါ် တမ်းတစိတ်ဟာလည်း အချိုးတူ ပျောက်ပြယ် သွားတယ်။ အတိတ် ကို လုံးဝ ဖယ်သတ်သွားတဲ့ အခါ ခင်ဗျား သန္တာန်မှာ အနာဂတ်လည်း လုံးဝ ပျောက်ကွယ် သွားပါတယ်။ ခင်ဗျား လက်ထဲမှာ ဘာရှိနေမလဲ။ — အခု လက်ရှိ တဒင်္ဂ – အခု ခဏသာ ထင်ထင်ရှားရှား ကျန်နေရစ်တယ်။

ပုံပြင် တစ်ပုဒ် ပြောကြည့်မယ်။ ရွာစွန်ရွာဖျား တစ်ခုမှာ ရဟန်းကြီး တစ်ပါး သီတင်းသုံး နေထိုင်တယ်။ ဒီရဟန်း ပိုင်ဆိုင်တာက သင်္ကန်းတစ်ထည်နဲ့ သပိတ် တစ်လုံးပဲ။ အင်မတန် ရိုးစင်းတဲ့ ဘဝမျိုးနဲ့ အထီးတည်း ဖြတ်သန်း နေတယ်လို့ ဆိုကြပါစို့။ တစ်နေ့မှာ ဒီရဟန်းကြီး အကြောင်း – ဘုရင် ရွှေနားတော် ပေါက်ကြား သွားတယ်။ ဘုရင်မင်းတြားလည်း ကြားကြားချင်း ကြည်ညို သဒ္ဓါစိတ် ဖြစ်လာပြီး မင်းဆရာအဖြစ် ကိုးကွယ်ချင်တဲ့ စိတ် ဖြစ်လာတယ်။ ဒါ့ကြောင့် သူ အရင်ဆုံး ရဟန်းကြီး အကြောင်း သေသေချာချာ စုံစမ်းမယ်လို့ အကြံ ဖြစ်တယ်။ ဒါ့ကြောင့် မင်းချင်းတွေ စေလွှတ်ပြီး – ရဟန်းကြီးရဲ့ ဘဝနဲ့ ကြားသိရတဲ့ သူ့ စိတ်နေသဘောထားဟာ အပ်စပ်မှု ရှိမရှိ၊ ဟုတ်မဟုတ် စောင့်ကြည့် အကဲခပ် ခိုင်းလိုက်တယ်။

ဘုရင့်ရဲ့ မင်းချင်းတွေလည်း အတန်ကြာ လေ့လာ အကဲခတ်ကြပြီး – “ဘုရင်မင်းမြတ်၊ အရှင် စုံစမ်းစေလိုတဲ့ ရဟန်းကြီးရဲ့ ဘဝဖြတ်သန်းမှုမှာ အပြစ်အနာအဆာ တစ်စုံတစ်ရာ မရှိပါဘူး။ သူဟာ အလွန်တရာ ဖြူစင်သူ ဖြစ်ပြီး၊ ရိုးစင်းစွာ နေထိုင် ကျင့်ကြံသူသာ ဖြစ်ပါတယ်။ တကယ် ကြီးမြတ်တဲ့ သူတော်စင် တစ်ပါးပါပဲ” လို့ လျောက်တင်ကြတယ်။

ဘုရင်လည်း ရဟန်းကြီးရဲ့ ကျောင်းသင်္ခမ်း ဆီ ထွက်လာခဲ့တယ်။ ရဟန်းကြီးကို မြင်တော့ ဝပ်တွား ကန်တော့၊ တရိုတသေ ဂါရဝ ပြုရင်း – “အရှင်ဘုရား၊ တပည့်တော်ရဲ့ နန်းတော်မှာ သီတင်းသုံးဖို့ ပင့်ဆောင်ချင်ပါတယ်။ တပည့်တော်ရဲ့ မင်းဆရာ အဖြစ် သီတင်းသုံး ချီးမြှင့်ပေးတော်မူပါ” လို့ တောင်းပန် လျောက်ထားတယ်။ ဒါပေမယ့် ဘုရင့် စိတ်ထဲမှာတော့ – ဒီရဟန်းဟာ သူတော်စင် မှန်ရင် သူ့ရဲ့ ဖိတ်ကြားချက်ကို ငြင်းပယ်လိမ့်မယ် လို့ တွေးထားတယ်။ “မဖြစ်နိုင်ပါဘူး။ ကျွန်ုပ်ဟာ ရိုးစင်းတဲ့ အကျင့်အကြံနဲ့သာ နေထိုင်သူ ဖြစ်တယ်။ ဘယ့်နှယ် နန်းတော်ထဲ နေလို့ ဖြစ်နိုင်ပါ့မလဲ” ဆိုတဲ့ စကားမျိုး ရဟန်းကြီး ဆီက ကြားရလိမ့်မယ် လို့ မျှော်လင့်ထားတယ်။

ဒါပေမယ့် ရဟန်းကြီးက – “ကောင်းပြီလေ။ မြင်းရထား ဘယ်မလဲ။ သင့် ရထား ယူလာခဲ့ပါ။ နန်းတော်ဆီ ကျွန်ုပ် လိုက်ခဲ့ပါ့မယ်”

ရဟန်းကြီး စကားကို ကြားတော့ မင်းကြီးလည်း ထိတ်လန့်တကြား ဖြစ်သွားတယ်။ သူ အထင်နဲ့ အမြင် ပါစင်အောင် လွဲနေပြီ မလား။ ဧကန္တ ဒီလူဟာ လူညာပဲ ထင်တယ် – အတုကြီးပဲ ဖြစ်မယ်လို့ သူတွေးလိုက်တယ်။ ဒါပေမယ့် နန်းတော်ကို ပင့်ဖိတ်တဲ့ စကားက ရှိပြီးသားမို့ – “ကောင်းလှပါပြီ ဘုရား” ဆိုပြီး မြင်းရထားနဲ့ အတူ နန်းတော်ထဲ ပြန်လာခဲ့ကြတယ်။ တလမ်းလုံးမှာ ရဟန်းကြီးရဲ့ သွင်ပြင်က နကိုအတိုင်း တည်ငြိမ် နေရက်သား ပေမယ့် ဘုရင် မင်းမြတ် ကတော့ စိတ်ဆင်းရဲသွားတယ်။ မှုန်ကုပ်ကုပ် ညှိုးနွမ်းနွမ်းနဲ့။ သူ့ အတွေးထဲမှာ – “အခုတော့ ဘယ်လို လုပ်မလဲ။ သူ့ကိစ္စကို ဘယ်လို ရှင်းရပါ့မလဲ။ ငါ့ဘာသာ သူ့ထောင်ချောက်ထဲ ဝင်တာ ဆိုတော့ ခက်နေတယ်။ အထောက်တော် မင်းစေတွေ တစ်ယောက်မှ အသုံးမကျဘူး။ အရူးတွေ။ ဒီ ရဟန်းအကြံကို ဘယ်သူမှ မရိပ်မိကြဘူး။ ဒီ ရဟန်း သစ်ပင်အောက်မှာ အကြာကြီး နေနေတာဟာ ငါ့စိတ်ကို ဆွဲဆောင်ဖို့ လုပ်နေတာ သက်သက်ပဲ။”

နန်းတော်ကို ရောက်တော့ ဘုရင်က ရဟန်းကြီးအတွက် အကောင်းဆုံး အခန်း စီစဉ်ပေးတယ်။ ရဟန်းကြီးကလည်း ဘုရင့်နန်းဆောင် ဖြစ်တာနဲ့ အညီ ကိုက်ညီမှု ရှိအောင် ဖြည့်တင်းတယ်။ မင်းကြီးလည်း တစ်နေ့ တစ်ခြား နေရခက်လာတယ်။ နေ့စဉ်နေ့တိုင်း ထိုင်းထိုင်းမှိုင်းမှိုင်း အခက်ကြုံနေရတယ်ပေါ့။ ဘာလို့လဲ ဆိုတော့ ရဟန်းကြီးက ဘုရင်လိုပဲ နေထိုင်စားသောက် နေနေပေမယ့် တစ်ခါတစ်လေမှာ ဘုရင် ဖြစ်တဲ့ သူ့ထက်တောင် သာနေတယ်လို့ ထင်နေတယ်။ ဘုရင်ကြီးမှာ သူ့သောကနဲ့ သူ စိတ်ဆင်းရဲစရာ ကိစ္စတွေက ရှိနေတယ်။ ရဟန်းကြီးကတော့ ဘာသောကမှ မရှိ၊ ပုံမှန်ပဲ။ ပန်းခြံထဲ လမ်းဆင်းလျောက်တယ်။ ရေချိုးသန့်စင်တယ်။ အနားယူတယ်။ ကမ္မဋ္ဌာန်း အလုပ် အေးအေးညောင်းညောင်း လုပ်နိုင်နေတယ်။

“ဒီလူဟာ တကယ့် ကပ်ပါးမြှောင်ပဲ” လို့ ဘုရင်က တွေးမိလာတယ်။ တစ်နေ့ သည်းမခံနိုင်တော့တဲ့ အဆုံး ၊ နံနက် စောစော ပန်းခြံထဲ လမ်းလျောက်နေတဲ့ ရဟန်းကြီး ရှိရာကို ထွက်လာခဲ့တယ်။ ဘုရင်က “ ကျွန်ုပ် သင့်ကို ပြောစရာ စကား ရှိတယ်”

ဘုရင့် စကားကို ကြားတော့ ရဟန်းကြီးက ပြုံးပြီး – “ကျွန်ုပ်သိပါတယ်။ အမှန်က သစ်ပင်အောက်မှာ ကတည်းက ၊ ကျွန်ုပ် သင့်နန်းတော်ကို မလာခင် ကတည်း က သင်ပြောချင်နေတယ် ဆိုတာ ကျွန်ုပ်သိပါတယ်။ သင့်ရဲ့ ဖိတ်မန္တက စကားကို ကျွန်ုပ် လက်ခံလိုက်တဲ့ အချိန်ကတည်းကပဲ မဟုတ်လား။ သင် ဘာလို့ ဒီလောက်ကြာအောင် စောင့်နေရသလဲ။ ဒီလောက် ဒုက္ခခံစားဖို့ မလိုအပ်ပါဘူး မင်းကြီး။ သင်ဝမ်းနည်း ကြေကွဲနေတာကို ကျွန်ုပ် သတိပြုမိပါတယ်။ သင် ကျွန်ုပ်ကို လာမတွေ့ ဖြစ်ဘူး၊ တရားသဘော မမေးမြန်းတော့ဘူး။ သင် မစူးစမ်း မလေ့လာ ဖြစ်တော့ဘူး ။ အခု ကာလ ခြောက်လတာ ရှိပြီ။ သင် အချိန်တွေ ဖြုန်းတီး ပစ်ခဲ့ရာ မကျဘူးလား။ သင့်အနေနဲ့ ကျွန်ုပ်ကို ချက်ချင်း မေးသင့်တယ်။ ဟိုး အစအချိန်ကလည်းက မေးသင့်တယ်။ မေးပါ မင်းကြီး”

ဘုရင်က – “ကျွန်ုပ်တစ်ခု မေးချင်ပါတယ်။ အခု အခါမှာ သင်နဲ့ ကျွန်ုပ်ကြား ကွဲပြားခြားနားမှု ရှိနေတယ်။ သင့်ရဲ့ နေ့စဉ် ဘဝဟာ ကျွန်ုပ်ထက် အဆများစွာ သာလွန်နေ ပါတယ်။ ကျွန်ုပ်မှာ အလုပ်၊ တာဝန် တွေနဲ့ ပြုစရာ ဝတ္တရား အမျိုးမျိုး ရှုပ်ထွေး ပွေလီနေတယ်။ သင် ရဟန်း အနေနဲ့ စိတ်ပူပန်စရာ ရှိမနေဘူး။ သင့်မှာ ဘာမှ ရှိမနေဘူး။ ကျွန်ုပ်ထက် စာရင် သင့်မှာ ဘာမှ ရှိမနေဘူး။ ဒါပေမယ့် သင့်မှာ ဘာမှ ပူပင်မှု ရှိမနေဘူး။ ကျွန်ုပ် သင့်အပေါ် မနာလို ဝန်တို စိတ် ဖြစ်မိပါတယ်။ အမှန်ပါပဲ။ ဒါ့ကြောင့် ကျွန်ုပ် သင့်ဆီ နောက်ထပ်တစ်ကြိမ် လာမတွေ့ ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ အကြောင်းက သင်နဲ့ ကျွန်ုပ်ကြား ဘာမှ မကွဲပြား ဘူးလို့ ကျွန်ုပ်တွေးနေမိ နေပေမယ့် – ကျွန်ုပ်က ပိုင်ဆိုင်မှု တွေ အကြား စိုးရိမ် စိတ်နဲ့ ရှင်သန်နေသူသာ ဖြစ်နေတယ်။ သင် ရဟန်းကတော့ ဘာမှ မရှိဘဲ ကျေနပ် နှစ်သိမ့် နိုင်နေတယ်။ ကျွန်ုပ်လည်း သင့်လို သင်္ကန်း ရုံနိုင်ပါတယ်။ ဆွမ်းခဲဖွယ်တွေ သင် အခု သုံးဆောင်နေသလို သုံးဆောင် နိုင်ပါတယ်။ သင် အခု လမ်းလျောက်နေသလို ကျွန်ုပ် လျောက်နိုင်နေတယ်။ ဒါပေမယ့် သင် နဲ့ ကျွန်ုပ်ကြား ဘယ်အချက် မတူမညီ ဖြစ်နေရပါသလဲ”

ရဟန်းကြီးက ပြုံးတယ်။ “အရှင်မင်းကြီးရဲ့ ပြဿနာကို ဖြေကြားစေချင်ရင် ကျွန်ုပ်နောက်ကို အခု လိုက်ခဲ့ပါ။ ကျွန်ုပ်တို့ မြို့တော်ကနေ ထွက်ပြီး လမ်းလျောက် ရအောင်။”

ဘုရင်လည်း ရဟန်းကြီးနောက် လိုက်ပါသွားတယ်။ သူ့တို့ မြို့ကို ကျော်ဖြတ်သွားတယ်။ လယ်ကွင်းတွေရဲ့ ဟိုးဘက်ကို ဆက်လျောက် တယ်။ မြစ်တစ်စင်း ဆီ ကို ရောက်တယ်။ အဲ့ မြစ်ကို ဖြတ်သွားသေးတယ်။ ဟိုဘက်ကမ်းကို ရောက်တော့ – ဘုရင်က – “ရှေ့ကို ဆက်သွားဖို့ မလိုအပ်တော့ ဘူး ထင်ပါတယ် ။ သင် ရဟန်း ဘာကြောင့် ကျွန်ုပ်ကို အဖြေမပေးသေးသလဲ”

ရဟန်းက – “ခဏလေး ထပ်စောင့်ပါဦး၊ မင်းကြီး။ ကျွန်ုပ်သင့်လျော်တဲ့ နေရာတစ်ခုကို ရောက်တဲ့ အခါ သင့်ကို ဖြေကြားပေးပါ့မယ်”

နောက်ဆုံး သူတို့ တိုင်းပြည်ရဲ့ နယ်စပ်ကို ရောက်လာတယ်။ ဘုရင်က ပြောတယ်။ “ရပါပြီ။ ဒါ ကျွန်ုပ်တို့ တိုင်းပြည်ရဲ့ နယ်နိမိတ် ဖြစ်ပါတယ်”

အဲ့ဒီ အခါကျမှ ရဟန်းက ပြောတယ်။ “ ဒါဟာ ကျွန်ုပ် အခု ရှာနေတဲ့ နေရာပဲ ဖြစ်ပါတယ်။ အခု ကျွန်ုပ် နန်းတော်ကို မပြန်တော့ပါ။ အသင်မင်းကြီး ကျွန်ုပ်နဲ့ အတူ လိုက်မလား။ ဒါမှမဟုတ် နန်းတော်ကို ပြန်မလား”

ဘုရင်က – “ကျွန်ုပ် ဘယ့်နှယ့်လုပ်ပြီး သင့်နောက်ကို ဆက်လိုက်နိုင်မလဲ ရဟန်းကြီး။ ကျွန်ုပ်မှာ ကျွန်ုပ်တိုင်းပြည် ရှိတယ်။ ကျွန်ုပ်ပိုင်တဲ့ ဥစ္စာဓန ရှိတယ်။ ကျွန်ုပ်ရဲ့ မိဖုရား၊ သား သမီးတွေ ရှိတယ်။ ကျွန်ုပ် ဘယ့်နှယ့်လုပ် သင့်နောက် လိုက်ရမလဲ”

ရဟန်းက – “အခု သင်နဲ့ ကျွန်ုပ်ကြား ဘာများ မတူညီနေရသလဲ ဆိုတာ သင်မင်းကြီး သိပြီ မဟုတ်လား။ ကျွန်ုပ် သွားတော့မယ်။ လှည့်ကြည့်စရာ ဘာမှ မရှိဘူးရယ်။ ကျွန်ုပ် အရင်က နန်းတော်မှာ သီတင်းသုံးခဲ့တယ်။ စည်းစိမ် ဥစ္စာတွေ အကြား ရှင်သန်ခဲ့တယ်။ အဲ့ဒါတွေဟာ ကျွန်ုပ် သိမ်းပိုက်ထားတာ မဟုတ်ဘူး။ ကျွန်ုပ်မှာ ပိုင်ဆိုင်လိုစိတ် မရှိဘူး။ အသင်မင်းကြီးမှာ အခု အဲ့အရာတွေ အပေါ် ပိုင်ဆိုင်တဲ့ စိတ် ရှိနေတယ်။ အဲ့ဒါဟာ ကျွန်ုပ်တို့ နှစ်ဦးကြားက မတူညီ တာပဲ ဖြစ်ပါတယ်။ ကျွန်ုပ် သွားပါတော့မယ်။” ရဟန်းကြီးက ဘုရင် လှူထားတဲ့ အဖိုးတန် သင်္ကန်းကို ချွတ်လိုက်တယ်။ “ဟောဒီမှာ သင့်ရဲ့ သင်္ကန်း။ ပြန်ယူသွားပါ။ အရင်လို ပျော်ရွှင်စွာ နေပါ မင်းကြီး။”

ဘုရင်ဟာ သူ့ရဲ့ မိုက်မဲတဲ့စိတ်တွေကို ကောင်းကောင်း သဘောပေါက်သွားပါတယ်။ ဒီရဟန်းဟာ ကြုံတောင့် ကြုံခဲ သူတော်စင် တစ်ပါးပါပဲလား လို့ အသိဝင်သွားတယ်။ ရဟန်းရဲ့ ခြေရင်းကို ဒူးထောက် ဦးခိုက်ပြီး – “တပည့်တော် မှားပါပြီ ဘုရား။ မသွားပါနဲ့။ ပြန်လာခဲ့ပါ။ ကျွန်ုပ်သင့် အပေါ် နားမလည် ခဲ့တာပါ။ ဒီကနေ့ သင်နဲ့ ကျွန်ုပ်ကြား ကွာခြားချက်ကို ကျွန်ုပ် ထင်ထင် ရှားရှား သိမြင်ရပါပြီ။ ဒါဟာ သူတော်စင် တို့ရဲ့ မြင့်မြတ်တဲ့ စိတ်ထား ဖြစ်ပါတယ်။ တပည့်တော် နားလည်ပါပြီ။”

ရဟန်းက – “ကျွန်ုပ် ပြန်လာလို့လည်း ရပါတယ်။ ဒါပေမယ့် သတိပြုရမှာက – သင့်အတွက် နောက်တစ်ကြိမ် ဝမ်းနည်း ကြေကွဲ စရာ ပြန်ဖြစ်သွားနိုင်တယ်။ ကျွန်ုပ် အတွက် ဟိုဘက် သွားတယ် – ဒီဘက် ပြန်လာတယ် ဆိုတဲ့ အရာအားလုံးဟာ ဘာမှ မထူးခြားဘူး။ ဒါပေမယ့် သင့်အတွက်တော့ ဝမ်းနည်း စရာ အဖြစ် ပြောင်းသွား နိုင်တယ်။ အခု သင့်ကို အဖြေပေးပြီးပြီ။ သင် ဒါကို သိမှတ်ပြီး ပျော်ရွှင်သူ အဖြစ် ရှိနေနိုင်တယ်။ အဲ့အတိုင်းပဲ ဆက်သွား နိုင်ဖို့ လိုအပ်တယ်။ ကျွန်ုပ် ပြန်မလှည့်တော့ပါ။”

ရဟန်းက ငြင်းလေ၊ ဘုရင်က အတင်းအကျပ် တောင်းပန် တိုးလျှိုး ပြန်ခေါ်လေပဲ။ သုံးကြိမ် သုံးခါ မြောက်တော့ – ရဟန်းက – “တစ်ကြိမ် တစ်ခါ ဆို လုံလောက်ပါတယ် မင်းကြီး။ သင့်ကိုယ်သင် မိုက်မဲမှု ထဲ ပြန်ခုန်မချပါစေနဲ့။ သင့်ရဲ့ နှလုံးသားကိုသာ သင်ပြန်ကြည့်ပါ။ ကျွန်ုပ် ပြန်လိုက်ခဲ့ပါမယ် ဆိုတာနဲ့ သင့်ရဲ့ ဦးနှောက်ဟာ နကို အတွေးအခေါ်တွေ၊ နကို အမြင်တွေနဲ့ ထပ်ကြည့်လာပါလိမ့်မယ်။” ရဟန်းကြီးလည်း ထွက်ခွာသွားပါတယ်။

ဖြူစင် ရိုးသားတဲ့ ဘဝဟာ လုပ်ယူလို့ မရပါဘူး။ လုပ်ယူ စမ်းသပ် ကြည့်လို့ မရဘူး။ သိမြင် သဘောပေါက်မှုနဲ့ သာ သက်ဆိုင်တယ်။ ဦးနှောက်နဲ့ မသက်ဆိုင်ဘူး။ ဒါကို နားလည်ဖို့ လိုပါတယ်။ ဖန်တီး ရယူတဲ့ ရိုးသားမှု မျိုးကို မရေတွက်နိုင်တဲ့ လူတွေ စမ်းသပ် ခဲ့ကြပြီး ဖြစ်ပါတယ်။ ဒါပေမယ့် လုံးဝ ရိုးစင်း သွားမယ့် အစား ဆန့်ကျင်ဘက် အဖြစ်တွေသာ ရရှိသွားကြတယ်။ ရိုးသားဟန် ရှိပြီး ကောက်ကျစ် သွားကြတယ်။ မိမိတို့ အတွင်းမှာ တစ်မျိုး၊ ပြင်ပ သဏ္ဍာန်မှာ တစ်မျိုး။ စကား ချိုချို၊ သဘော ဆိုးဆိုး တွေ ဖြစ်ကုန်ကြတယ်။ ဒီကနေ့ IT ခေတ် အခါမှာ ဦးနှောက်ကို အားမကိုးကြဖို့ ပြောရတာ အားနာပါတယ်။ ဒါပေမယ့် အဲ့ဒီ ဦးနှောက်၊ အတွေး အခေါ်၊ ခင်ဗျား ရိုက်ထည့်သင်ကြားခံ ထားရတဲ့ လူ့အဖွဲ့အစည်း ၊ ဓလေ့ထုံးစံတွေဟာ ခင်ဗျားကို ရှုပ်ထွေးအောင်ပဲ စိတ်ဒုက္ခ ပေးပါလိမ့်မယ်။

လိုရင်း က ခင်ဗျားရဲ့ ပစ္စက္ခအပေါ် ရှင်းရှင်းလင်းလင်း ရှုမြင်ထားတဲ့ စိတ်နှလုံးသာ ဖြစ်ပါတယ်။ တွယ်တာနှောင်ဖွဲ့မှု ကင်းတဲ့ စိတ်နှလုံးဟာ ဖြူစင် ရိုးသားမှု သရုပ်ကို အလိုအလျောက် သယ်ဆောင် လာလိမ့်မယ်။ ခင်ဗျားရဲ့ သွင်ပြင် လှုပ်ရှားမှု တိုင်းမှာ အရိပ်ထင်ဟပ်နေလိမ့်မယ်။ ခင်ဗျား ရဲ့ ရှုမြင်မှုဟာ ဖြူစင် ရှင်းလင်း နေဖို့ပဲ။ အထူးသဖြင့် – ခင်ဗျားရဲ့ ပစ္စုပ္ပန် တည့်တည့်ပေါ်က ကြည်လင်တဲ့ သိမြင်မှု စစ်စစ်သာ လိုအပ်ပါတယ်။

……………………….
Ref:

  • Osho
  • ရဲထက် – အိုရှိုးပြောသောဟင်းလင်းပြင်

……………………….
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: