ပန်းတိုင်

ဘဝမှာ ဘာရည်ရွယ်ချက် ရှိသင့်သလဲ။ ဘဝရဲ့ ရည်ရွယ်ချက်က ဘာလဲ။

Answer: ဘဝမှာ – ဘဝ ကိုယ်တိုင်စစ်စစ်ကလွဲလို့ ဘာ ရည်ရွယ်ချက် မှ ရှိမနေဘူးဗျ ။ ဘာလို့ဆို – ဘဝဟာ ခင်ဗျားတို့ အခု ပြောပြောနေတဲ့ ဘုရားသခင် ဆိုတဲ့ ဝေါဟာရရဲ့ အခြား နာမည် တစ်မျိုး မို့လို့ပဲ။ လောကမှာ အခြားရှိသမျှ အရာတွေ အားလုံး ရည်ရွယ်ချက် ကိုယ်စီ ရှိနိုင်တယ်။ အဲ့ဒီ ရည်ရွယ်ချက်ကို သွားမယ့် လမ်းကြောင်းတွေလည်း ရှိနေနိုင်တယ်။ ဒါပေမယ့် နောက်ဆုံး အဆုံးသတ်မှာ သူတို့ အားလုံး ဘယ်ရောက်သွားမလဲ။ အဆုံးသတ် တစ်နေရာမှာ လုံးဝ ပျောက်ကွယ်သွားမှု စင်စစ် က စောင့်နေပါတယ်။ အဲ့ဒီကို သွားနေတဲ့ ဖြစ်စဉ် တွေချည်း သက်သက်ဟာ ဘဝ ဖြစ်ပါတယ်။

ခင်ဗျား အဲ့ဒါကို ဖြစ်တည်မှု ( Existence ) လို့ ခေါ်နိုင်တယ်။ ( God ) လို့လည်း ခေါ်နိုင်တယ်။ ဘဝ ( Life ) လို့လည်း ခေါ်နိုင်တယ်။ ကျနော့ အတွက်တော့ ဒီအမည်တွေဟာ ဖြစ်စဉ်တစ်ခု တည်းအပေါ် စကားအမျိုးမျိုး ပေးထားတာ လို့ မြင်တယ်။

ဘာသာရေး အယူအဆ ရေးရာ သမားတွေက ဘဝ ကို “ဘုရားသခင်” လို့ အမည် တပ် ခေါ်တယ်။ အဲ့ဒါဟာ အန္တရာယ် ကြီးတယ်။ အကြောင်းက – ဘုရားသခင် ဆိုတဲ့ စကားလုံးဟာ ငြင်းပယ်လို့ ရနေလို့ပဲ ဖြစ်ပါတယ် ။ ခင်ဗျား ဘုရားသခင် အကြောင်း ကို ငြင်းခုံနိုင်တယ်။ ဒါပေမယ့် ဘဝကို တော့ ငြင်းလို့ မရဘူး။ ဘုရားသခင် ရှိမယ် မရှိဘူး ပြောနိုင်တယ်။ ကမ္ဘာရဲ့ သက်တမ်း တစ်ဝက်နီးပါးဟာ ဘုရားသခင်ကို ယုံတယ်၊ မယုံဘူးနဲ့ အငြင်းပွားခဲ့ကြတယ်။ ဒါပေမယ့် ဘဝ ရှိတယ် မရှိဘူး ဘယ်တုန်းက အငြင်းပွားခဲ့သလဲ။ ကမ္ဘာရဲ့ လူဦးရေတစ်ဝက် လောက်ဟာ ဘုရားသခင်ကို မယုံကြည်တဲ့သူ တွေ ဖြစ်နေနိုင်တယ်။ ကွန်မြူနစ်၊ ဆိုရှယ်လစ် တွေ၊ ဗုဒ္ဓဝါဒီ၊ ဂျိန်းဝါဒီတွေ၊ Free thinkers – လွတ်လွတ်လပ်လပ် တွေးခေါ်လိုသူတွေ၊ Atheists လို့ အမည်တပ်လေ့ ရှိတဲ့ ဘုရားမဲ့တွေ။ စသဖြင့် — သူတို့ အားလုံးဟာ ဘုရားသခင် ဆိုတဲ့ ဝေါဟာရ အပေါ် ငြင်းပယ် နိုင်တယ်။ ဒါပေမယ့် ဘဝကို တော့ လုံးဝ မငြင်းပယ် နိုင်ဘူးရယ်။

တကယ်တမ်း ထိုးနှက်လာတဲ့ အခါမှာလည်း ဘုရားသခင် ဆိုတဲ့ စကားလုံးဟာ ကာကွယ်ရ ခက်ခဲ နေတတ်ပါတယ်။ အကြောင်းက – ဘုရားသခင် ဆိုတဲ့ အဲ့ဒီ ဝေါဟာရဟာ လူတွေ ဖန်တီးတာ သက်သက် ဖြစ်နေလို့။ အထင်အရှား မရှိလို့။ သက်သေ သာဓက မရှိလို့။ သိသာမြင်သာ ရှိမနေလို့။ သက်သေမရှိ၊ အယူအဆ အခြေခံ မရှိလို့ပဲ ဖြစ်ပါတယ်။ အဲ့လိုနဲ့ ဒီ God ဆိုတဲ့ စကားလုံးဟာ တဖြေးဖြေး အခြေအမြစ်မဲ့၊ အနှစ်မဲ့လာတယ်။ ပျက်လုံး တစ်ခု ဖြစ်လာတယ်။ ခင်ဗျား ဘာဖြစ်နေနေ ပြောချင်သလို ပြောလို့ရနေတဲ့ ထည်လဲသုံး ဝေါဟာရ တစ်မျိုး ဖြစ်သွားတယ်။ ယုံကြည်မှုသာ ရှိမနေဘူး ဆိုရင် အဲ့ဒီ လူအတွက် ဘုရားသခင်ဟာ ဟာသ စကားလုံး သက်သက်ပဲ။

ဒါ့ကြောင့် “ဘုရားသခင်” ဆိုတဲ့ စကားလုံး အစား “ဖြစ်တည်မှု” လို့ သုံးစွဲတာက ပိုပြီး သင့်တော် ပါတယ်။ ဒီ ရာစုနှစ်ရဲ့ အတွေးအခေါ် သမား အများစုဟာ လည်း ဖြစ်တည်မှု ပဓာန ဝါဒီ တွေ ချည်း ဖြစ်နေ တာ တွေ့ရတယ်။ သူတို့ထဲက တော်တော်များများ လည်း – ဘုရားသခင် ဆိုတဲ့ စကားကို မကြိုက်ဘူး။ ဖြုတ်ချ ပစ်တယ်။ ဖျက်ပစ်တယ်။ ဖြစ်တည်နေမှု သက်သက်သာလျင် – သူတို့ အတွက် လုံလောက်တယ် လို့ တွေးခေါ်ထားသူ တွေ ရှိတယ်။

ကျနော့် အနေနဲ့ ဆိုရင် – ဘုရားသခင် ( God ) ကိုရော၊ ဖြစ်တည်မှု ( Existence ) ကိုရော မကြိုက်ဘူး။ God ကလည်း စိတ်ကူးယဉ် လွန်းတယ် ။ လေထဲ ဆောက်ထားတဲ့ တိုက်အိမ်သက်သက် နဲ့ အလိမ်အညာ သက်သက် လို ဖြစ်နေတယ်။ Existence ဆိုတာ ကလည်း ခွဲပိုင်းကြည့်ရင် – သုံးစွဲ နေကြပုံက ရှင်သန်မှုကို ရည်ညွှန်း မနေဘူး။ သူ့တို့ စကားရဲ့ လားရာဟာ အသေသား ကိုလည်း ဖော်ပြနိုင်နေတယ်။ ဆိုလိုတာ က အသိဥာဏ်ပညာ ရှိမှုကိုလည်း ဖော်ညွှန်းသလို၊ မရှိမှုကိုလည်း ဖော်ညွှန်းနေတယ်။ —- အဲ့ဒီ Existence မှာ လစ်ဟာပြီး ကျန်ခဲ့တာ တစ်ခုရှိတယ်။ အဲ့ဒါကတော့ ကျနော် ဒီနေရာမှာ ပြောချင်တဲ့ သိမှု ( Consciousness ) ပဲ။ Existence ကို အခုတော်တော်များများ လက်ခံထားပုံက အဲ့ဒီ သိမှုသဘော ကို မဖော်ပြပေးနိုင်ဘူး။

ဒါ့ကြောင့် ကျနော် “ဘဝ” ဆိုတဲ့ စကားလုံးကိုသာ ရွေးချယ်ပါတယ်။ ဘဝ ( Life ) ဆိုတဲ့ စကားလုံး အတွင်းမှာ လိုအပ်သမျှ အရာရာ ပါဝင်တယ်။ နောက်ပြီး ဒီစကားအတွက် သက်သေပြချက် မလိုဘူး။ ခင်ဗျား အခု ရှိနေရင် အထင်အရှား ရှိနေပြီးသားပဲ။ ခင်ဗျား ရှင်သန်နေတဲ့ အတိုင်း ခင်ဗျား သန္တာန် ဖြစ်စဉ်ဟာ အခု စာဖတ် ချိန်မှာလည်း အထင် အရှား ရှိနေပြီးသား ဖြစ်နေပါတယ်။ သက်သေပြချက်၊ အယူအဆ၊ ငြင်းခုန်စရာ ဘာတစ်ခုမှ ပေါ်ပေါက် စရာ မရှိတဲ့ အရှင်းလင်း ဆုံး စကားလုံး ဖြစ်နေတယ်။ ခင်ဗျား ရှင်သန်နေတာကို ခင်ဗျား မငြင်းပယ်နိုင်ဘူး။ ယူဆ တွေးခေါ်နေစရာလည်း မလိုနေဘူး မဟုတ်လား။ ဒါ့ကြောင့်လည်း လူ့သမိုင်းတစ်လျောက်က အတွေးအခေါ် သမားတွေမှာ ဘဝကို ငြင်းပယ်ပြီး တွေးခေါ်ကြသူ သိပ်မရှိဘူး။ တစ်ဦးတစ်ယောက်မှ မရှိဘူးလို့ တောင် ပြောချင်ပါတယ်။ သူတို့ရဲ့ စူးစိုက်မှုဟာ ဘဝအပေါ်မှာ ရှိတယ်။ စူးစိုက် ရှာဖွေနည်းပဲ ကွာခြားကောင်း ကွာခြားမယ်။ ဘဝကို လက်ခံကြတယ်။

လူသန်းပေါင်း များစွာ “ဘုရားသခင်” ကို ငြင်းပယ်ကောင်း ငြင်းပယ် ထားနိုင်ပေမယ့် – မငြင်းပယ်နိုင်တာက “ဘဝ” စင်စစ် ဖြစ်ပါတယ်။ ခင်ဗျား ရင်အုံမှာ တဒိတ်ဒိတ် ခုန်နေတယ်။ ခင်ဗျား အသက်ရှူနေတယ်။ ခင်ဗျား မျက်လုံးဖွင့်ထားတယ်။ အခု ဒီစာကို ဖတ်နေတယ်။ အခုပဲ ခင်ဗျား ချစ်နိုင်တယ်။ အခုပဲ မုန်းနိုင်တယ်။ ပျော်ရွှင်နေနိုင်တယ်။ ငိုကြွေးနေနိုင်တယ်။ အခု ခဏ ဘဝ အတွင်းမှာ ခင်ဗျားရဲ့ ဖြစ်တည်မှု သက်သက်ဟာ အသွင်သဏ္ဍာန် အမျိုးမျိုး ပုံစံ အမျိုးမျိုး ဖြစ်တည် နိုင်တယ်။ အခုခဏ အတွင်းမှာ ဖြစ်တည်ခွင့် အပြည့်နဲ့ ဖြစ်နိုင်စွမ်း အပြည့် နေရာယူ ထားပါတယ်။ ခင်ဗျား တင်မကဘူး။ သစ်ပင်၊ တောတောင်၊ မြစ်ချောင်း၊ အင်းအိုင်၊ သတ္တဝါ အားလုံး အကျုံးဝင်နေတယ်။

ဒါ့ကြောင့် – ခင်ဗျား မေးတဲ့ မေးခွန်း ကို ပြန် ကောက်မယ်။ ဘဝရဲ့ ရည်ရွယ်ချက် ဆိုတဲ့ စကား ဟာ လွဲနေပါတယ်။ ဘဝမှာ ရည်ရွယ်ချက် ထားရမယ့် သီးခြား မရှိဘူး။ အခြား ရည်ရွယ်ချက် ၊ အခြား ဖြစ်တည် သမျှ ၊ ခင်ဗျား လုပ်သမျှ အားလုံး ဟာ ဘဝ တည့်တည့် ဆီကိုသာ အဆုံးသတ် ရည်ရွယ် နေတယ်။ ဆိုလိုတာက ဘဝ ကိုယ်နှိုက်က ရည်ရွယ်ချက် ဖြစ်နေတယ် ။ သူ့မှာ အခြား ရည်ရွယ်ချက်မှ ထပ် ရှိစရာ မလိုအပ်ဘူး။

အခုခေတ် အခါမှာ ဘာသာရေး လို့ အမည်တပ်ထားတဲ့ တံဆိပ် တော်တော် များများက ဘဝကို ငြင်းပယ်ထားတယ်။ ကျနော်တို့ အားလုံးရဲ့ ကြိုးပမ်းအားထုတ်သမျှ အန္တိမဟာ ဘဝ ဖြစ်မနေဘူး။ ဘဝ ရဲ့ အလွန်- ( စိတ်ကူးထည်နဲ့ တွေးဆထားတဲ့ ) ဘုရားသခင်၊ ကောင်းကင်ဘုံ၊ နတ်ပြည်၊ ငရဲပြည် စသည် လက်ရှိကို ငြင်းပယ်ထားတဲ့ အနုမာန မှန်းဆချက်တွေ ချည်း ဖြစ်နေပါတယ်။ လက်ရှိ ရှင်သန်နေတဲ့ ဘဝကို ဘာလို့ ငြင်းပယ် ထားရတာတဲ့လဲ။ အကြောင်းက သေခြင်းတရားကို ရှောင်ရှားချင်လို့။ သေခြင်းတရား အပေါ် ကြောက်ရွံ့မှု ရှိနေကြလို့သာ ဖြစ်ပါတယ်။

ကျနော်တို့ ဘာသာ အယူဝါဒ အများစုကို ကြည့်ရင် – သေဆုံးပြီး၊ ပျောက်ကွယ်ပြီး သူ အများစု ကိုသာ ယုံကြည်ကိုးကွယ် နေကြတာ တွေ့ရတယ် ။ ဟုတ်တယ်ဟုတ် ??? ။

အဲ့ဒါဟာ မတော်တဆ တိုက်ဆိုင်မှု မဟုတ်ဘူး လို့ ကျနော် ထင်ပါတယ်။ ကျနော်တို့ တော်တော်များများက သေလွန်ပြီးတဲ့ သူတော်စင် တွေကိုသာ ကိုးကွယ် တတ်ကြတယ်။ တကယ်လို့သာ သူတို့ သက်ရှိထင်ရှားရှိနေရင် ခင်ဗျား ကိုးကွယ်ချင်မှ ကိုးကွယ်မယ်။ ငြင်းဆန်နေမယ်။ သံသယ ပွားနေမယ်။ စွပ်စွဲ ကဲ့ရဲ့ နေနိုင်တယ်။ သူတို့ သက်ရှိထင်ရှား ရှိနေမယ် ဆိုရင် – ခရစ်တော်ကို ခဲနဲ့ ပေါက်ကြသလို ခင်ဗျား သူတို့ကို ခဲနဲ့ ပေါက်ရင် ပေါက်နိုင်သေးတယ်။ ကားစင်ပေါ် တင်ကောင်း တင်လိမ့်ဦးမယ်။ သူတို့သာ ခင်ဗျား ရှေ့မှာ ထင်ထင်ရှားရှား ရှိနေမယ် ဆိုရင် ဆော့ခရတ္တိ ( Socrates ) ကို အဆိပ် သောက်ခိုင်း သလို သူတို့ အဆိပ်သောက် သေစေဖို့ ခင်ဗျား မဲထည့်ရင် ထည့်လိမ့်ဦးမယ်။ သူတို့ သေလွန်ပြီး နောက်မှ ရုတ်ရုတ်သဲသဲ ကိုးကွယ်သမှုတွေ ရှိလာတယ်။ ဘာဖြစ်လို့ပါလဲ။ ဘာလို့ ချက်ချင်း ပြောင်းလဲ သွားရတာလဲ။

ဒီလို ပြောင်းလဲ သွားတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ သဘောထားကို သေသေချာချာ ခြုံငုံမိထား၊ တွေးမိထားဖို့ လိုအပ်ပါတယ်။ ရှင်သန်နေသူတွေကို ပြစ်တင် တတ်ပြီး သေလွန်ပြီးသူတွေကို ဘာလို့ ထိုင်ကန်တော့တတ်ရသလဲ။

အကြောင်းက သေလွန်၊ ပျောက်ကွယ် သွားကြပြီ ဖြစ်တဲ့ သူတို့ ရဲ့ အဖြစ်ဟာ ခင်ဗျား သန္တာန်မှာ မပြောင်းမလဲ ဆက်လက် တည်ရှိသွားလို့ပဲ။ ရှင်သန်နေတဲ့ သူတော်စင် တစ်ပါးဆိုရင် ခင်ဗျား ယုံကြည်ချင်မှ ယုံကြည်မယ်။ သံသယ ရှိကောင်း ရှိနေနိုင်သေးတယ်။ မနက်ဖြန် ခါမှာ သူ့စိတ် မပြောင်းလဲ သွားဘူးလို့ ဘယ်သူ ပြောနိုင်မလဲ။ ဒီနေ့ သူတော်စင်၊ နောက်နေ့ သူယုတ်မာ မဖြစ်သွားနိုင်ဘူးလို့ ဘယ်လို ပြောနိုင်မလဲ။ ခင်ဗျား အဲ့လို တွေးနေနိုင်တယ်။ ခင်ဗျား အတွေးထဲမှာ – သူတော်စင်လည်း ရာဇဝတ်သား ဖြစ်နေနိုင်တယ် မဟုတ်လား။ ရှင်သန်နေသူ တစ်ယောက်ကို သူတော်စင် တစ်ပါး အဖြစ် ကျိန်းသေ အပ်ချ မတ်ချ ယုံကြည်ဖို့ ဆိုတာ – ကျနော်တို့ ကောက်ကျစ်တတ်တဲ့ အသိဥာဏ်က လက်ခံနိုင်ဖို့ ခက်ခဲ တတ်ပါတယ်။ သေလွန်သွားပြီး သူတို့ကိုသာ ခင်ဗျား အတွေးထဲ စီစဉ်ထားတဲ့ ကောင်းကင်ဘုံ ရောက်သွားပြီ၊ ဒါမှမဟုတ် ၊ ဘုရားသခင် ဆီ ရောက်သွားပြီ လို့ စိတ်ကူး အတွေးနဲ့ ကျေနပ်နေနိုင်တယ်။ သူတို့ရဲ့ လွတ်လပ်တဲ့ အဖြစ်ကို ခင်ဗျားရဲ့ ကောင်းကင်ဘုံ စိတ်ကူးထဲမှာ ထည့်သွင်း ဖန်တီးပေးလိုက်တယ်။ ခင်ဗျား ဘာသာ နှစ်သိမ့် ကျေနပ်ပြီး ကိုးကွယ်အစရာ အဖြစ် ပုံပေါ်သွားတယ်။ ကျနော်တို့ သန္တာန်မှာ ဒီလိုတွေနဲ့ ဘယ်လောက် ရူးသွပ်လိုက်ကြပါသလဲ။

အဲ့ဒါရဲ့ အခြား အစွန်းတစ်ဖက်မှာ Miraculous အံ့ဖွယ်ဆန်းပြား လုပ်ပြနိုင်တဲ့ ပုဂ္ဂိုလ်မျိုးတွေ့ရင် ထင်ကြေး အမျိုးမျိုးနဲ့ စွတ်ယုံကြည်လိုက်ကြတယ်။ ကိုယ် ရော ၊ စိတ်ပါ နှစ်ပြီး ယုံကြည်ဖို့ အဆင်သင့် ရှိကြပြန်တယ်။ ဒါကရော ဘာဖြစ်လို့လဲ။

တကယ်က ဒီ အစွန်းနှစ်ဖက် စလုံးဟာ ကျနော်တို့ အနာဂတ်မှာ မလွဲမသွေ တွေ့ကြုံလာရမယ့် သေခြင်း တရားအတွက် ကြောက်ရွံ့နေတဲ့ စိတ်မှာသာ အရင်းခံ နေပါတယ်။ ကျနော်တို့ သန္တာန်မှာ သေခြင်းတရားရဲ့ နောက်ကွယ်က အကြောင်းကို မမြင်မသိ ရဘူးရယ်။ အဲ့အတွက် ကျနော်တို့ အားထုတ်မှု အားလုံး အရာ ထင်ချင်တယ်။ တစ်ခုခု ထင်ထင်ရှားရှား ရှိချင်တယ်။ ရှိလောက်မယ့် အရာ မှန်သမျှ တွေးထင် ယုံကြည်ထားတယ်။ သေလွန်ပြီးနောက်မှာ မိမိ ဖြစ်လိုရာ ဖြစ်နိုင်ဖို့ စိတ်ကူးပုံဖော်ထားတယ်။ ဒါဟာ ကနေ့ခေတ် ဘာသာတရားတိုင်းကို မောင်းနှင်နေတဲ့ နောက်ကွယ်က အားတစ်ရပ်လို့ ကျနော် မြင်ပါတယ်။

ဒါ့ကြောင့်လည်း လက်ရှိဘဝကို ငြင်းပယ်တယ်။ ဘဝရဲ့ အလွန်၊ ဘဝကို ကျော်လွန်ပြီး ရည်ရွယ်ချက်တစ်ခု ရှိနေရ ဦးမယ်လို့ မျှော်မှန်း လျောက်လှမ်းတယ်။ အဲ့လိုနဲ့ ဘယ်သူတော်စင် ဘယ်လူသား၊ ဘယ်နှစ်ယောက် “ဘဝ” ကနေ လွတ်ထွက်သွားဖူးပါသလဲ။ စိတ်ကူးနဲ့ မှန်းဆတဲ့ အရာတွေ အတွက် စင်စစ် ရရှိနေတဲ့ “ဘဝ” ကို ငြင်းပယ်တာ ဟာ မိုက်မဲလွန်းရာ ကျ နေမယ် မဟုတ်လား။

ခင်ဗျားသာ အတုအယောင်ထဲမှာ မနေချင်ဘူး ဆိုရင် ၊ ခင်ဗျား ဘဝရဲ့ တကယ့် ရည်ရွယ်ချက် အစစ်အမှန်ကို လိုလားတယ် ဆိုရင် – တကယ် လက်ရှိ ရှိနေတဲ့ ဘဝ စင်စစ်ကို သိမြင်လက်ခံ ရုံမှ တစ်ပါး အခြား မရှိဘူးလို့ ကျနော် ဆိုချင်ပါတယ်။

စင်စစ် “ရည်ရွယ်ချက်” ဆိုတဲ့ စကားဟာ ပန်းတိုင် ဆိုတဲ့ ဝေါဟာရနဲ့ တွဲဖက်ပြီး အနာဂတ် တစ်ချိန်ချိန်မှာ ဖြစ်ရမယ့် အရာတစ်ခုလိုလို ခင်ဗျား စိတ်ကူးမှာ တွေးထင် ထားနိုင်တယ်။ ဆိုလိုတာက “ပန်းတိုင်” ဆိုတာ ဖြစ်ဖို့ ခင်ဗျားမှာ အနာဂတ် – တစ်ချိန်ချိန် လိုအပ်နေတယ်။ ဘာလို့ အခု လက်ရှိ ခင်ဗျားကို ငြင်းပယ် ထားရတာလဲ။ အခု ခဏတိုင်း ခဏတိုင်းမှာ ခင်ဗျား ပန်းတိုင် ရှိနေပါတယ်။ ခင်ဗျား လက်ထဲကို ပန်းတိုင်တွေ အစစ်အမှန် ရောက်ရောက်နေတယ်။ အနာဂတ် ဆိုတာ စိတ်ကူး ထင်ယောင်ထားတာကလွဲရင် အခြား မဟုတ်ဘူးရယ်။ ခင်ဗျား အနောက်ကို မျှော်ကြည့်၊ ခင်ဗျား ချန်ထားရစ်ခဲ့တဲ့ ခြေရာတွေဟာ ခင်ဗျား မဟုတ်တော့ဘူး။ မှတ်ဥာဏ်တွေ သက်သက်သာ ကျန်နေရစ်တယ်။ အတိတ်ဟာ ခင်ဗျား မဟုတ်တော့သလို၊ အနာဂတ်ဟာ ခင်ဗျား မဟုတ်သေးဘူး။

တကယ့် အစစ်အမှန်ဟာ ဒီခဏလေးရယ်ပါ။

ဒီခဏတာလေးမှာ လစ်ဟာမှု မရှိ၊ နောက်ကျိမှု မရှိ၊ ကြောက်ရွံ့မှုမရှိ၊ ကြည်ကြည်လင်လင် ရှင်းရှင်းလင်းလင်း နေထိုင်နိုင်ခြင်းသာ ဘဝရဲ့ ရည်ရွယ်ချက် ဖြစ်သင့် တယ် မဟုတ်လား။

ဆိုလိုတာက အခုခဏ သာ ခင်ဗျား ရှင်သန်နေတယ်။ အခုခဏ သာ ခင်ဗျား ပန်းတိုင် ဖြစ်ပါတယ်။ အခု ဘဝ သာ ရည်ရွယ်ချက် ဖြစ်တယ်။ အခြား မဟုတ်ဘူး။ အခု ခဏမှာ အပြည့်အဝ ကြည်လင်နေမယ် – အတိတ်၊ အနာဂတ် အနှောင့်အယှက်ကင်းနေမယ် – ( ဆိုလိုတာက အတွေးအထင် စိတ်ကူးစိတ်သန်း အနှောင့်အယှက်တွေ ကြည်လင်နေမယ် ) ဒီခဏ အတွင်းမှာ ကြည်လင် ရှင်းသန့် နေမယ် ဆိုရင် ခင်ဗျားကိုယ်တိုင်ဟာ ခင်ဗျား ရဲ့ ဘုရား သခင် စစ်စစ် ဖြစ်ပါတယ်။ ဒီထက် ကျော်လွန်ပြီး ဘာမှ မရှိဘူးရယ်။

……………

Footnotes

  • This moment is the only reality.
  • And to live this moment without any inhibition, without any repression, without any greed for the future, without any fear — without repeating the past again and again, but being absolutely fresh in every moment, fresh and young, unhampered by memories, unhindered by imaginations — you have such purity, such innocence, that only this innocence I call godliness.
  • The world of life and consciousness is almost like the sky — birds fly but they don’t leave any footprints. As you live deeply, sincerely, honestly, you don’t leave any footprints and nobody has to follow you. Everybody has to follow his own, still, small voice.
  • My emphasis on meditation is so that you can hear your still, small voice — which will give you the guidance, the sense of direction. No scripture can give it to you. No religion, no religious founder can give it to you because they have been giving it to humanity for thousands of years and all their efforts have failed. They have only created retarded people, unintelligent people, because they insisted on believing. The moment you believe in someone, you lose intelligence. Belief is almost like poison to your intelligence.
  • I say to you not to believe in anyone, including me. You have to find your own insight.

……………

Ref: Osho: Life’s aim is Life itself.

……………

http://zayya.blog.com/

https://zayya.wordpress.com/

http://zayyablogger.blogspot.com/

…………..

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: