ဗရှိုး နဲ့ တောငန်း

ဇင်ဆရာ ဗရှိုးနဲ့ သူ့ရောင်းရင်း – ဟခုဂျို တို့ လမ်းလျောက် လာကြတဲ့ အခိုက် တောငန်း တစ်ကောင်က ဖြတ်ပျံ သွားတယ်။

ဗရှိုး – “အဲ့ဒါ ဘာလဲ”
ဟခုဂျို – “တောငန်းပါ”
ဗရှိုး – “ဘယ်မှာလဲ”
ဟခုဂျို- “ပျံသွားပြီလေ”

ဗရှိုးက ဟခုဂျိုရဲ့ နှာခေါင်းကို ရုတ်တရက် ဖြတ်ထိုး လိုက်တယ်။ ဟခုဂျိုခမျာ နာတော့ ထအော်ရော – ။
ဒါပေမယ့် ဗရှိုး ဆက်မေးတယ် – “အဲ့တော့ – ဘယ်လိုပျံသွားတာလဲ”

ဇင်ဆရာတွေ ထဲမှာ ဗရှိုးကို ကျနော် စိတ်ထဲ နှလုံး ထဲက မြတ်မြတ်နိုးနိုး ရှိတယ်။ သူက ဇင်ဆရာ တင် မကဘူး။ ကဗျာဆရာ လည်း ဖြစ်တယ်။ ပန်းချီဆရာ လည်း ဖြစ်တယ်။ ပန်းပုဆရာ လည်း ဖြစ်သေးတယ်။ သူ့ ဖြစ်စဉ် ကိုယ်နှိုက်က ဖန်တီးမှု အား အပြည့် ရှိတယ်။ ကျနော် သိမိ ထားသမျှမှာ သူ့ကို ဘယ်သူနဲ့ မှ ယှဉ်မထားမိဘူး – အကြောင်းက – သူဟာ အညွှန်းဘောင် အမျိုးမျိုးနဲ့ တွဲဆက်နေ တဲ့ သူ ဖြစ်နေလို့ပဲ။

ဇင် စတင်ခဲ့ရာ အဦးအစ ဟာ ရှင်ဗောဓိဓမ္မ ဖြစ်ပါတယ်။ သူ လည်း ကြီးမြတ်တဲ့ သူ အဖြစ် ကျနော် လေးစားသမှု ရှိတယ်။ ဒါပေမယ့် သူ့မှာ အညွှန်းဘောင် တစ်ခုတည်း ပဲ။ — ရဟန်းတစ်ပါး ဖြစ်တယ်။ တနည်း – ဇင်ဆရာ တစ်ဦး ဖြစ်တယ် ။ ကြီးမြတ်မှု ရှိတယ်။ ဗရှိုးနဲ့တော့ မတူဘူး – ကွဲပြားတယ်။

ဗရှိုး က ဗောဓိဓမ္မ လို ကြီးမြတ် နေတာ မဟုတ်ဘူး ။ သူ့ရဲ့ မြင့်မြတ်မှု က ပုံစံ တစ်မျိုး ။ သူ့ ဖြစ်တည်မှု အားလုံးဟာ အညွှန်းဘောင် အမျိုးမျိုး အောက်မှာ ရှိတယ်။ အသွင်သဏ္ဍာန် အမျိုးမျိုးနဲ့ ရှင်သန်နေတယ်။ ကျနော့ အနေနဲ့ – ရှင်ဗောဓိဓမ္မ ကို ဘယ်သူနဲ့မှ နှိုင်းယှဉ် မရသလို၊ ဗရှိုး ကိုလည်း ဘယ်သူနဲ့မှ နှိုင်းယှဉ်လို့ မရဘူး။ သူ ကိုယ်တိုင်ရဲ့ အဖြစ် ဟာ ဇင်ရဲ့ အနှစ်သာရ အပြည့်အဝ ဖြစ်ပါတယ်။

ကျနော် လက်မခံ ပေမယ့် အများစု သမုတ်ထားကြတာက – ရှင်ဗောဓိဓမ္မ ဟာ ဇင်ကို တည်ထောင်သူ ( Founder ) ဖြစ်တယ်တဲ့ – ရှိစေ။

ရှင်ဗောဓိဓမ္မဟာ ဇင်ကို ပြုစုပျိုးထောင် ပေးသူ ဆိုရင် – ဗရှိုးဟာ ဇင်ရဲ့ ပန်းတစ်ပွင့် ဖြစ်ပါတယ်။ အလားတူ အဲ့ဒီ ပန်းက ထွက်ပေါ် လာတဲ့ မွှေးရနံ့ လည်း ဖြစ်နေသေးတယ်။ အဲ့ဒီ မွှေးရနံ့ဟာ သူ့ရဲ့ ကဗျာ၊ သူရဲ့ ဖော်ပြချက်၊ သူ့ ပန်းချီကား တွေမှာ အထင်အရှား ရှိနေတယ်။ နောက်ဆုံး – အခု အထက် က ဖြစ်စဉ်မှာ ပါတဲ့ ဗရှိုးရဲ့ သာမာန် အပြောအဆို မှာတင် ထူးခြား ကွဲပြားနေတယ်။

တောငန်း တစ်ကောင်က ဖြတ်ပျံ သွားတယ်။
ဗရှိုးက မေးတယ်။ “အဲ့ဒါ ဘာလဲ”

ဒီမေးခွန်းက တောငန်း အကြောင်း ကို မေးတာမှ ဟုတ်ရဲ့လား။ ဘာလို့ဆို ဗရှိုးက ကန်းနေတာမှ မဟုတ်ဘဲရယ်။ ဗရှိုးက ဇင်ဆရာ တစ်ယောက် အနေနဲ့ မေးခွန်း ထုတ်ပေမယ့် ပြန်ဖြေသူ ဟခုဂျိုက အတွေးအနေနဲ့ ရှိနေတဲ့သူ ဖြစ်ပါတယ်။ ဗရှိုး ပြောနေတဲ့ မေးခွန်း လားရာ ကို လွဲချော်ပြီး သူ တွေးနိုင်တယ်။ ဆိုလိုတာက တောငန်းကို ဗရှိုး မမြင်လိုက်ဘူးလို့ သူ ထင်မယ် ။ ဒါပေတဲ့ ဗရှိုး မေးတာက ငန်းအကြောင်း မဟုတ်ဘူး။ ငန်း ဖြစ်ခြင်း မဖြစ်ခြင်း ပုံပန်းသဏ္ဍာန် ( Form ) ကို မေးနေတာ မဟုတ်ဘူး။ အနှစ်သာရ ( Essence ) က ဘာလဲ – ဒါကို မေးနေတာ သာ ဖြစ်ပါတယ်။

ဟခုဂျိုက ပြန်ဖြေတယ် – “တောငန်းပါဗျ” – သူ့အဖြေဟာ အချက်အလက် အမှန်ပဲ။ မေးတဲ့ မေးခွန်း အတွက် ပြည့်စုံတဲ့ အဖြေပဲ မဟုတ်လား။ ဒါပေမယ့် ဗရှိုး လို လူတစ်ယောက်ရဲ့ အမြင်မှာတော့ အဖြေမှန် မဟုတ်ဘူး။ ဒါပေမယ့် အခွင့်အရေး ထပ်ပေးတယ်။

“ဘယ်မှာလဲ”

ဟခုဂျို ထပ်လွဲပြန်တယ်။
“ပျံသွားပြီလေ”

ဗရှိုးက ဟခုဂျိုရဲ့ နှာခေါင်းကို ရုတ်တရက် ဖြတ်ထိုး လိုက်တယ်။ ဟခုဂျိုခမျာ နာတော့ ထအော်ရှာတယ်။
ဒါပေမယ့် ဗရှိုး ဆက်မေးတယ် – “အဲ့တော့ – ဘယ်လိုပျံသွားတာလဲ”

ဒီတိုတို ကျဉ်းကျဉ်း ဖြစ်စဉ်လေးမှာ အဓိပ္ပာယ် အများကြီး ပါဝင်မယ်။ တစ်ခုပဲ ပြောကြစို့။

ကျနော်တို့ ခင်ဗျားတို့ ခံယူထားတဲ့ အချိန် နဲ့ – အသိအမြင် ရှိသူ တို့ရဲ့ အချိန် ဟာ မတူညီဘူး။
ကျနော်တို့ အတွက် အချိန်ဆိုတာ ဖြတ်သန်းသွားတဲ့ အရာ၊ ကုန်ဆုံးသွားတဲ့ အရာ။
သိမြင်ထားသူ အတွက်တော့ – ကျနော်တို့ ကိုယ်တိုင်ကသာ ဖြတ်သန်း သွားတဲ့ အရာ၊ ကုန်ဆုံးသွားတဲ့ အရာ ဖြစ်ပါတယ်။

တကယ် စင်စစ် အချိန်ဟာ ပစ္စုပ္ပန်၊ လက်ရှိ တည့်တည့် တစ်ခုတည်း။ သူက အခြား ဘယ်နေရာကိုမှ မရွေ့သွားနေ ဘူး။ အခြား ဘယ်နေရာမှာမှ မရှိဘူး။ အခု ဒီနေရာနဲ့ အခု ဒီအချိန်မှာပဲ ခင်ဗျား လက်ထဲမှာ ရှိနေပါတယ်။ ဒီနေရာ-ဒီအချိန် ( Now and Here ) ကိုသာ ကျနော်တို့ စင်စစ် ပိုင်ဆိုင်တယ်။

မေးကြည့်မယ်။ အတိတ်ကို ခင်ဗျား တွေ့ဖူးလား။ အတိတ်လို့ ဆိုတာနဲ့ – ခင်ဗျား ပြန်စဉ်းစားမယ် – ပြန်အိပ်မက် မက်မယ်။ ပြန်ခံစားကြည့်မယ်။ ခင်ဗျား မှတ်စု မှတ်ရာတွေ ပြန်လှန်ရင် လှန်မယ်။ ဒါပေမယ့် ခင်ဗျား အတိတ်လို့ နာမည်တပ်ထားတာဟာ – ခင်ဗျား စဉ်းစားသမျှ၊ ပြန်တွေး သမျှတွေ သာ ဖြစ်နေမယ် မဟုတ်လား ။ စင်စစ် ကျနော်တို့ ပြန်လှန် မိကြတဲ့ ဖြစ်စဉ် အတိတ် ဟာ အချိန် တစ်ချိန် မဟုတ်ဘူး။ အခု အချိန်မှာ သိမှတ် ယူထား လိုက်ရ တဲ့ ခင်ဗျား အတွေး သက်သက်။

ဒါဆို ဆက်မေးမယ် – အနာဂတ် ဆိုတာ ဘာလဲ ။ ကျနော်တို့ ဆန္ဒ စိတ်ကူးတွေ၊ လိုချင် ဖြစ်ချင်နေတာတွေနဲ့ ကျနော် တို့ မျှော်မှန်းထားတဲ့ တိုက်အိမ်တွေ — နောက် – ဆက်ပြီး ဘာရှိဦးမလဲ – ။ ဘာပဲ ဆက် ပြောပြော – ခင်ဗျား အထင်နဲ့ အတွေးတွေချည်း ဖြစ်နေတာ တွေ့ရမယ် မဟုတ်လား။

အဲ့ဒီ လေထဲက အရာအားလုံး ပါဝင်တဲ့ မျှော်လင့်ချက် အစုအဝေးကြီး တစ်ခုကို- အနာဂတ် လို့ အမည်တပ် ၊ မျှော်မှန်း ထားလိုက် ကြတယ်။ ဒ့ါကြောင့် တကယ် စင်စစ် အနာဂတ်ဟာ အချိန် မဟုတ်ဘူးရယ် ။ အဲ့ဒီ အတိတ်၊ အနာဂတ် အကုန်လုံးဟာ ကျနော်တို့ စိတ်သန္တာန် ရဲ့ တစ်စိတ် တစ်ပိုင်း သက်သက် သာ ဖြစ်နေမယ် ။တကယ်စင်စစ် အချိန်တွေ မဟုတ်ဘူးလို့ ဆိုလိုတယ်။

ဒါဆို — လူတစ်ယောက် မှာ အလိုဆန္ဒတွေ လျော့ပါး လာတဲ့အခါ ကျနော်တို့ မနက်ဖြန် ဆိုတာ ဘာဖြစ်သွား မလဲ။ အာသာ ရမ္မက်တွေ နည်းပါး လာတဲ့ အခါ- ကျနော်တို့ မနက်ဖြန် ဘာဖြစ် သွားနိုင်မလဲ။

ဆန္ဒ၊ ရာဂ နည်းပါးလာတာနဲ့ အမျှ – ကျနော်တို့ မျှော်မှန်းလေ့ ရှိတဲ့ မနက်ဖြန် တွေ လျော့ပါးလာ ပါတယ်။ အလိုဆန္ဒ တွေ အားလုံး ကင်းပျောက် ပြုတ်ကျ သွားတဲ့အခါ – ခင်ဗျား အနာဂတ်လည်း ရပ်သွားတယ်။ ခင်ဗျား မှတ်ဥာဏ်၊ စိတ်ကူး အိပ်မက်တွေ ဖြုတ်ချလိုက်တဲ့ ခဏ – ခင်ဗျား အတိတ်လည်း ပျောက်ကွယ် သွားတယ်။ ဒါဆို ကျနော် တို့ ခင်ဗျား တို့ လက်ထဲမှာ ဘာကျန်ရစ်ခဲ့သလဲ။ – အခု ခင်ဗျား ဒီစာ ဖတ်နေတဲ့ – ပစ္စုပ္ပန် တည့်တည့်သာ ကျန်ရစ်ခဲ့ပါတယ်။

ဒါပေမယ့် တကယ်က ပစ္စုပ္ပန် လို့တောင် မခေါ်နိုင်ဘူးရယ်။ ပစ္စုပ္ပန် ဆိုတဲ့ ဝေါဟာရဟာ အတိတ်နဲ့ အနာဂတ် – စိတ်ကူးတွေ ပေါင်းစပ် ထည့်သွင်းပြီးမှ ခေါ်ဆိုရတာမျိုး မဟုတ်လား ။ ဒီနေရာမှာ နားရှုပ်သွားမလား။ အရေးပါတဲ့ အတွက် ထပ်ပြောကြည့်မယ်။

မျဉ်းကြောင်း တစ်ကြောင်း ဆိုပါစို့ ။ ပစ္စုပ္ပန်လို့ ကျနော်တို့ ခေါ်ဆိုတာ ဟာ – အဲ့ဒီ မျဉ်းကြောင်း တစ်ကြောင်း ပုံစံ ဆောင်ထားတဲ့ – အတိတ် နဲ့ အနာဂတ် ကြား အလယ်တည့်တည့် ကိုသာ ဖြစ်ပါတယ်။ အတိတ် ဆိုတာလည်း သေဆုံးပြီ၊ အနာဂတ်လည်း ပျောက်ကွယ်သွားပြီ ဆိုတဲ့ အခါ ပစ္စုပ္ပန် ဆိုတဲ့ ဝေါဟာရ ၊ အသိသညာ ဘယ်လို ရှင်ကျန်ရစ်မလဲ။

တကယ် စင်စစ် ပစ္စုပ္ပန် ကိုယ်တိုင် ဟာလည်း- ခင်ဗျား စိတ် ပဲ ဖြစ်ပါတယ်။ – အချိန် လို့ သမုတ်တဲ့ အရာနဲ့ ကျနော်တို့ စိတ်ဟာ ထပ်တူ ဖြစ်တယ်လို့ ဆိုလိုတယ်။ အချိန် ဆိုတာကို ဖယ်သတ် လာတာနဲ့ အမျှ ( ဝါ ) အတိတ် – အနာဂတ် ဆိုတာတွေ ခင်ဗျား သန္တာန်မှာ ရှင်းလင်း ထုတ်လာတာနဲ့ အမျှ ခင်ဗျား စိတ် အတွေးတွေ လည်း ကျဉ်းကျုံ့လာမှာပဲ။ နောက်ဆုံး – အချိန် ဆိုတဲ့ သတ်မှတ်ချက် သန္တာန်တွေ ပျောက်ကွယ်သွားတဲ့ အခါ ခင်ဗျား အတွေးအကြံတွေ အားလုံး ပျောက်ကွယ် သွားတယ်။ ခင်ဗျား ရဲ့ ဖြစ်တည်ချက် သက်သက် သာ ရိုးရိုးရှင်းရှင်း ကျန်နေရစ်တယ်။

ဗရှိုးရဲ့ ပြဆိုမှုဟာ အဲ့သည်နေရာ အထိ သာမက – ဟိုမှာဘက် အထိ အကျိုးသက်ရောက်မှု ရှိပါတယ်။ ဒါပေမယ့် – အခု ကျနော် ပြောတဲ့ အရာဟာ တွေးကြည့် ဖို့ မဟုတ်ဘူး ဆိုတာတော့ နားလည် စေချင်တယ် ။ လိုအပ်တာက – စင်စစ် ရရှိထားတဲ့ ခင်ဗျားရဲ့ အခု ပစ္စုပ္ပန် တည့်တည့် ကို နေကြည့်ဖို့သာ ဖြစ်ပါတယ်။ – ဒါကို – မနေကြည့်သေးသရွေ့ – အတွေးဘောင် အပြင်ဘက်က အကြောင်းအရာကို – အတွေးနဲ့ သာ တွေးကြည့် နေသေး သရွေ့ – ခင်ဗျား နားလည် နိုင်ဦးမှာ မဟုတ်ဘူး ရယ်။

အခုခဏမှာ – အခု – သိရှိနေထိုင်ခြင်း ကသာ ခင်ဗျားကို စင်စစ် နားလည် သွားစေ ပါတယ်။ ဗရှိုး – ဟဂုဂျို ရဲ့ နှာခေါင်းကို ဘာလို့ ဖြတ်ထိုး လိုက် သလဲ။ အခု ခဏမှာ တင် အဖြေ ရှိတယ်။

23.12.2011
For My Sis.
…………………….
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/
……………………..

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: