မိုး မြေ ကြားက နှလုံးသား တစ်စုံ

အခုအခါ မှာ ကျနော့အတွက် ဗုဒ္ဓနဲ့ လောက်ဇူဟာ မိုးနဲ့ မြေ ဖြစ်ပါတယ်။

မိုးနဲ့ မြေ — ဆိုတဲ့ စကားကို ကွာဟချက် ကြီးလွန်းကြောင်း ပြဆိုလိုတဲ့ အခါမှာ ကျနော်တို့ သုံးလေ့ရှိ တယ်။ ဒါပေတဲ့- ကျနော် ဒီမှာ ဆိုလိုတဲ့ မိုးနဲ့ မြေ ဆိုတာ တစ်ဦးနဲ့ တစ်ဦး ယှဉ်တွဲနေတယ် ဆိုတဲ့ သဘောတစ်ခုထဲ လို့ ဆိုချင်ပါတယ် ။ မိုးကောင်းကင် မရှိဘဲ မြေပြင် မရှိစကောင်း၊ မြေပြင် မရှိဘဲ မိုးကောင်းကင် မရှိစကောင်း လို့ ဆိုလိုတာ ဖြစ်ပါတယ်။

ဗုဒ္ဓဟာ မိုးကောင်းကင်ပြင် တစ်ခွင်လုံးပဲ လို့ ဆိုခွင့်ရှိမလား ။ ကျနော် အဲ့လို ဆိုချင်ပါတယ် ။ သူက ကျနော့ အထက်မှာ အမြဲတမ်း ရှိနေတယ်။ ဒီ ကောင်းကင်ပြင် မှာ တစ်ခါတစ်လေ တိမ်တောင်တွေ မင်ရေးခြယ် နေတတ် သလို၊ တစ်ခါတစ်လေ ရှင်းလင်း ကြည်လင် နေတတ်တယ်။ နေရောင် တွေ စူးစူး ရဲရဲ တောက်ပ နေတတ်သလို၊ ညရဲ့ အသွင်အပြင်နဲ့ မှောင်မိုက် နေတတ်သေးတယ်။ နားလည်ရ ခက်ပေမယ့် တကျယ်တပြော လွတ်လပ်ရှင်းလင်း နေတဲ့ အဖြစ် ကို ရဲရဲရင့်ရင့် ပိုင်ဆိုင်ထားတယ်။ ကျနော် တအံ့တဩ ငေးမော ခဲ့ရဖူးတဲ့ အလွှာပြင် တစ်ခု ဖြစ်ပါတယ်။

ခင်ဗျားရော ဗုဒ္ဓကို ဘယ်လို မြင်ပါသလဲ။ မြေပြင်မှာ ဖြတ်လျောက်သွား၊ တရားဟောကြားနေတဲ့ လူထူးလူဆန်း တစ်ပါး အဖြစ်လား။ ကမ္ဘာကျော် ဒဿန ဆရာကြီး အနေနဲ့လား။ ဒါမှမဟုတ် လူသားတစ်ပါးက ပြောင်းလဲသွားတဲ့ နတ်ဒေဝတာလား။ အတူ မရှိ၊ အတုမရှိ ပုဂ္ဂိုလ် တစ်ဦးဦး လား။ ဒါမှ မဟုတ် ဘာမှ မဟုတ်တဲ့ သူလား။

ထပ်ဆိုပါမယ်။ ကျနော့ အတွက် ဗုဒ္ဓဟာ မိုးကောင်းကင် တစ်ပြင်လုံးပဲ ဖြစ်ပါတယ်။ ကျနော် မော့ကြည့်လိုက်တိုင်း တွေ့တွေ့နေရတဲ့ မျက်နှာပြင်လွှာ၊ တွေ့မိတိုင်းလည်း အသိရခက်တဲ့ တစ်စုံတစ်ခု ဖြစ်ပါတယ်။ အဆုံးအစမဲ့ အုံ့ဆိုင်းနေတယ်။ ဒါ့အပြင် ကျနော် စိတ်ဝင်တစား ရှိခဲ့ဖူးတဲ့ မိုးကြိုးလျှပ်စီးတွေ ထစ်ချုန်း ပြက်လက်ရာ နေရာတစ်ခု လည်း ဖြစ်သေးတယ်။ အံ့အားသင့်စရာ ကောင်းလောက်အောင် အသိရ ခက်တဲ့ အရာလို့ ဆိုရမလား။ ဆိုနိုင်ပါတယ် ။ ခင်ဗျား လည်း ဗုဒ္ဓကို ကောင်းကင်ပြင်ကြီး လို ရှုမြင်နိုင်ကောင်း ရှုမြင်နိုင်လိမ့်မယ်။ ( ဒါမှမဟုတ် အဲ့အတိုင်း မြင်ချင်မှလည်း မြင်မယ် ) ခင်ဗျား ကိုယ်ခန္ဓာတစ်ခုလုံး ကောင်းကင်ပြင်ထဲ နှစ်မြုပ်ထားလို့ ရတယ်။ ဒါပေမယ့် သူ့ထဲမှာ ရှိမှန်း သိချင်မှ သိမယ်။

သူ ဘာလုပ်ခဲ့တာလဲ။ သူ ဘာလဲ။ ကျနော် မသိပါဘူး။ တွေ့လည်း မတွေ့ခဲ့ ဖူးဘူး။ ချွင်းချန် ကျန်နေရစ်တဲ့ အမှတ်အသား တွေ၊ လက္ခဏာ တွေ သာ ရှိနေခဲ့တယ်။ ဒါတွေနဲ့တင် သူဟာ မိုးကောင်ကင် ဟုတ်မဟုတ် ခွဲခြားသိနိုင်ဖို့ ကျနော့အတွက် လုံလောက်ပါတယ်။ သူ့ရဲ့ အမှတ် လက္ခဏာ တွေမှာ တည်ငြိမ် တိတ်ဆိတ်နေတဲ့ အရိပ်အရောင်သာ ရှိတယ်။ အရိုးရှင်းဆုံး၊ အပြတ်သားဆုံး ဖြစ်တည် နေပါတယ်။ အရိုးရှင်းဆုံး မို့လည်း အသိရခက်တာ ဖြစ်နိုင်တယ်။

လောက်ဇူ။ သူကတော့ မတူညီဘူး။ ဗုဒ္ဓလို မဟုတ်ဘူး။ သီးခြား ကွဲပြား ဖြစ်တည်နေတယ်။ သူ့ကို အသိရခက်တယ် ဆိုတဲ့ စကား – သုံးစွဲလို့ မရလောက် ဘူးရယ်။ ဘာလို့ ဆို – သူ့မှာ သိစရာ ဘာမှ မရှိလို့ပဲ ဖြစ်ပါတယ်။ သူ့မှာ သူ့ရဲ့ အဖြစ် သက်သက်သာ ရှိတယ်။ “သူ” လို့ ခွဲခြား ပြောရတာဟာလည်း တကယ်တမ်း ကျနော့အတွက်တော့ မှား နေပါသေးတယ်။

သူ့ကို ဘယ်လို ရှာရမလဲ။ သူ့ကို ဘယ်နည်းနဲ့ တွေ့မှာလဲ။

တကယ် စင်စစ် “သူ” လို့ ပြောလိုက်တာနဲ့ “ကျနော်” ဆိုတာ ဒီနေရာမှာ ဖြစ်တည်ပြီးသား ရှိနေတယ်။ – “သူ” နဲ့ “ကျနော်” ကြား အကွာအဝေး တစ်ခုတော့ ရှိနေရတယ် ။ ဒီ အကွာအဝေးဟာ အိုရှိုးရဲ့ စကားနဲ့ ဆိုရင် “ချစ်ကြသူတွေရဲ့ ကျိန်စာ” လို့ ဆိုနိုင်ပါတယ်။ ချစ်ကြသူတွေဟာ ဘယ်လောက်ပဲ ချစ်နေပါစေ – အရာနှစ်ခု အဖြစ် ရှိနေတယ်။ ဘယ်လောက်နီးကပ်နေပါစေ – အဲ့အရာ နှစ်ခုကြား အကွာအဝေး တစ်ခုတော့ ရှိနေရတယ်။ ဒါဟာ ချစ်မေတ္တာရဲ့ ချေဖျက်မရတဲ့ ကျိန်စာတစ်မျိုးပဲ လို့ ဆိုတယ်။ ဒါဆို ကျနော် လောက်ဇူကို ချစ်တာ မဖြစ်လောက်ဘူး။ ချစ်တာ ထက် ပိုပါတယ်။ လောက်ဇူ နဲ့ ကျနော့်ကြား အကွာအဝေး တစ်ခု အဖြစ် ရှိမနေဘူး။ သူက ဒီမြေပြင်မှာ ကျနော်နဲ့ အနီးကပ်ဆုံး၊ “အနီးကပ်ဆုံးရဲ့ အနီးကပ်ဆုံး”။ ဒီထက် ပိုပြီး ပြောရင် “ကျနော်”ဟာ “သူ” ဖြစ်ပြီး၊ “သူ”ဟာ “ကျနော်” ဖြစ်တယ်။

ဒါ့ကြောင့် သူ့ကို “မြေပြင်” နဲ့ ကျနော် တင်စား ခေါ်ဆိုလိုပါတယ်။ သူ က ဗုဒ္ဓလို အဝေးမှာ ရှိမနေဘူး။ ဟိုးအမြင့်ကြီးမှာ အသိရခက်နေတာ မဟုတ်ဘူးရယ်။ ကျနော့်အနားမှာ၊ ကျနော့အနီးအပါးမှာ – ကျနော့ဆီမှာ – ကျနော်နဲ့ တစ်ထပ်တည်း၊ ကျနော့အဖြစ်သက်သက် တသီးတသန့် တည်ရှိ နေပါတယ်။ ဒါ့ကြောင့် သူ့ကို တွေ့ချင်ရင် ကျနော့ကိုယ် ကျနော် ပြန်တွေ့ရလိမ့်မယ်။ သူ့ကို ပြောချင်ရင် ကျနော့ကိုယ် ကျနော် ပြန်ပြောမှ ဖြစ်မယ်။ သူ့ကို မြတ်နိုးမှုဟာ ကျနော့အတွင်းသန္တာန် ကို မြတ်နိုးမှုနဲ့ တစ်ထပ်တည်း ကျပါတယ်။

ဗုဒ္ဓဟာ ဒီနှစ် နှစ်ထောင့်ငါးရာအထိ အမှတ်အသား စကား၊ ခြေရာတွေ ချန်ရစ်ခဲ့တယ်။ သူ့ရဲ့ တိတ်ဆိတ် ငြိမ်သက်နေတဲ့ အတွင်းပိုင်းက ရိုးရှင်းတဲ့ စကားလုံးတွေ နက်နက်နဲနဲ ပေါ်ထွက် လာခဲ့တယ်။ သမိုင်းအစဉ်အလာ အဆက်ဆက် ရဲ့ မှတ်တမ်း မှတ်ရာတွေမှာ သူ့ရဲ့ ခြေရာတွေ ၊ သူ့ရဲ့ သွင်ပြင် ဟန်ပန် တွေ တည်တည်ငြိမ်ငြိမ် ကပ်ပါနေပါတယ်။ ခင်ဗျား ရှုကြည့်ရင်လည်း မြင်နိုင်ကောင်း မြင်နိုင်လိမ့်မယ်။

ပြင်ပ စာအုပ်စာတမ်း၊ သမိုင်းမှတ်ရာ ဘယ်နေရာမှာ ရှာရှာ ၊ ရှာဖွေလို့ မလွယ်ရတဲ့ သူကတော့ လောက်ဇူ ဖြစ်ပါတယ်။ သူကိုယ်တိုင်မှာ ဘာအမှတ်အသားမှ မရှိဘူးရယ်။ သူက ခြေရာမရှိဘဲ လမ်းလျောက်တဲ့သူ။ စကား တစ်ခွန်းမှ မဆိုဘဲ သင်ကြားပေးခဲ့တဲ့သူ။ သူ့မှာ သမိုင်း မရှိ။ ဒဏ္ဍာရီသာ ရှိခဲ့တဲ့သူ။ ရိုးရှင်းစွာ ရှင်သန်ပြီး၊ ရိုးရှင်းစွာနဲ့ ပျောက်ကွယ်သွားခဲ့တဲ့သူ။ ဒါ့ကြောင့် အစဉ်အဆက်က ဒဏ္ဍာရီ တွေဟာ လောက်ဇူနဲ့ ပတ်သက်လို့ အနည်းငယ်သာ မှတ်တမ်း တင်နိုင်ခဲ့ကြတယ်။ ကျနော် ဖြတ်သန်း ကြုံဆုံခဲ့သမျှ ၊ မြတ်နိုးရသမျှ ဆရာ့ဆရာ တွေထဲမှာ စကား အနည်းဆုံး လူသား ဖြစ်ပါတယ်။ ဒါပေမယ့် အများဆုံး ပြောပြသွားနိုင်တဲ့ သူလည်း ဖြစ်သေးတယ်။ လောကမှာ သူပေါ်ပေါက်လာခဲ့တဲ့ ပုံက အပွင့်လန်းဆုံး ဖူးပွင့်ပြီး မထင်မရှား ပျောက်ကွယ် သွားသလိုမျိုး။

လောက်ဇူဟာ – အထက်မှာ ပြထားတဲ့ ပန်းကလေးလို -သဘာဝ ကျကျ ဖူးပွင့် နေမယ့်သူ သက်သက်။ တစ်ခွန်းမှ စကား မဆိုဘဲ ၊ မူရင်းသဘာဝ ကို သောက်သုံး ရှင်သန်နေမယ်။ အခါအခွင့်သင့်တဲ့ အခိုက် လေနဲ့ အတူ အလိုအလျောက် လွင့်မျော ပျောက်ကွယ် သွားမယ်။ စကားတွေ အတွေးစဉ်တွေ ၊ အတိတ်၊ အနာဂတ်တွေထက် – လက်ရှိ ပစ္စုပ္ပန် တည့်တည့် သည်သာ သူကိုယ်တိုင် ဖြစ်ပါတယ်။

ဒါ့ကြောင့် လောက်ဇူဟာ စကားတွေနဲ့ ဘဝကို မရှင်သန်ခဲ့ဘူး – ဘဝဟာ နေထိုင်မှု ဆိုရင် နေထိုင်မှု သက်သက်နဲ့သာ ရှင်သန်သွားတဲ့သူ ဖြစ်ပါတယ်။ အရင်းအတိုင်း၊ အရှိ အရှိအတိုင်း၊ သိမှတ်ရုံမျှ၊ စိတ်အတွေးတို့ရဲ့ ပြင်ပမှာ ဖြစ်တည် နေထိုင် သွားခဲ့တယ်။ တကယ်စင်စစ် – ဘဝဟာ သဘာဝ ကျကျ ဖူးပွင့်ပြီး စကား တစ်ခွန်း မှ ဆိုစရာ မလိုဘဲ သဘာဝ ထဲ နစ်မြုပ် တည်ရှိသွားမယ်။ ဒီအကြောင်းကြောင့် လောက်ဇူဟာ သဘာဝ လောက တစ်ခုလုံးနဲ့ စိမ့်ဝင်ပြီး ယိမ်းနွဲ့ နေတဲ့သူ ။ သဘာဝရဲ့ အရိုင်းထည် သက်သက်နဲ့ ယဉ်ကျေးခဲ့တဲ့သူ ။ ဖြူစင်တဲ့ သိမှုနဲ့သာ ကြည်လင် ဝင်းပနေတဲ့သူ ဖြစ်ပါတယ်။

သူ့ကို ခင်ဗျား တစ်ကြိမ်တစ်ခါလောက် ကြုံဆုံခဲ့မိလို့ “ကိုယ်ကျင့်တရား အကြောင်း၊ တရားမျှတမှု အကြောင်း၊ ကောင်းမှု ၊ မကောင်းမှုတွေအကြောင်း” မေးခွန်းထုတ်မယ် ဆိုရင် – သူ ခင်ဗျားကို ခွန်းတုံ့ စကားပြန်ပါ့မလား။ ကျနော် သံသယ ရှိပါတယ်။ အလွန်ဆုံး ဖြစ်နိုင်တာက – ခင်ဗျားကို “အဟက်” ဆိုတဲ့ ရယ်သံတစ်ခွန်းထဲနဲ့ အားလုံး ဖြေကြား ပေးသွားလိမ့်မယ် ။ လောက်ဇူရဲ့ အဲ့ဒီ ရယ်သံမှာ ဆန့်ကျင်ဘက် ဒွိသဘာဝတို့ ရဲ့ အရာ အားလုံး၊ မေးခွန်းအားလုံး- အဖြေအားလုံး ပေါင်းဆုံ ပျောက်ကွယ် နေကြမယ်။ ခင်ဗျားလည်း သိချင်မှ သိလိုက်မယ်။

ဒီလို ဒဿနတွေ၊ ကိုယ်ကျင့်ဗေဒတွေ၊ တွေးစရာတွေနဲ့ ပတ်သက်လာရင် – ဗုဒ္ဓကို ဒဿနဆရာ အဖြစ် အမွှမ်းတင်ကြသူတွေ ရှိတယ်။ ဒဿနိက ကို စကားလုံးများ၊ အတွေးအခေါ် နဲ့ သာ တွေးတော ကြံဆမှု လို့ ဖွင့်ဆိုကြမလား။ ဒါဆိုရင် – တကယ်တမ်း “ကျနော် မြင်မိတဲ့” ဗုဒ္ဓဟာ Anti-Philosopher ဖြစ်ပါတယ်။ ဒဿနိက တွေးခေါ်မှု၊ အယူအဆ၊ အယူဝါဒ တွေကို နင်းချေ ချေဖျက် ချတဲ့သူ။ ဒဿနိက အတွေးစဉ်တွေကြား လမ်းပျောက်ဆုံး နေသမျှ ရှင်းလင်း ဖယ်ချပစ်တဲ့သူ။ အနက်ရှိုင်းဆုံး အတွင်းသန္တာန်မှာ တိတ်ဆိတ် ငြိမ်းချမ်း နေသူ ဖြစ်ပါတယ်။ သူ့ရဲ့ အတွင်းသန္တာန်မှာ အဆုံးစွန်ထိ သိမြင် ကြည်လင်နေလိမ့်မယ်။ ဒါ့ကြောင့် ခင်ဗျား ရှာကြည့်နိုင်မယ် ဆိုရင် – ဗုဒ္ဓရဲ့ ကောင်းကင်ပြင် တစ်ခွင်လုံးမှာ အကြောင်း အကျိုးဆက်တွေနဲ့သာ ရှင်းလင်း တည်ငြိမ်နေတာ တွေ့ရလိမ့်မယ် လို့ ဆိုချင်ပါတယ်။ ဒါ့ကြောင့် သူ့ရဲ့ အမှတ်အသား အချို့ လက္ခဏာတွေမှာ ဒဿန အရိပ်အရောင်တွေ ပါနေသလို၊ ဒဿနကို ချေဖျက်ချတဲ့ အရိပ်အရောင်တွေလည်း ရှိနေတယ်။ သူ့ရဲ့ တိမ်တောင်တွေဟာ တစ်ခါ တစ်ရံ ရှင်းလင်းနေသလို၊ တစ်ခါတစ်ရံ အရောင်စုံ၊ အသွေးစုံနဲ့ ကကြိုးအမျိုးမျိုး ချယ်လှယ် ထားတယ်။ ခင်ဗျားလည်း မြင်ရလိမ့်မယ်လို့ ကျနော် မဆိုလိုဘူး။ ဒါဟာ ကျနော် မြင်ရတဲ့ ပုံစံကို ပြောရခြင်းသာ ဖြစ်ပါတယ်။

ဗုဒ္ဓမှာ ဒဿန ရှိတယ်လို့ မြင်သူတွေက ဒဿန ဆရာအဖြစ် စွပ်စွဲကောင်း စွပ်စွဲနိုင်ပေမယ့် ၊ လောက်ဇူကိုတော့ အဲ့လို စွပ်စွဲနိုင်ဖို့ ခက်ခဲပါတယ်။ တကယ်လည်း လောက်ဇူဟာ အဲ့ဒီ ဒဿန၊ အတွေး၊ အမြင်၊ အယူအဆ၊ ဝါဒ၊ Logic၊ Dogma၊ -ism တွေကနေ လုံးဝ ကင်းလွတ် နေတယ်။ သူက အမြင်၊ အယူအဆ၊ ဝါဒ ဘာတစ်ခုနဲ့မှ သက်ဆိုင်မနေဘူး ရယ်။ အကြောင်းက သူကိုယ်တိုင်ဟာ ဘဝ မို့လို့။ သူကိုယ်တိုင်က အခု ဖြစ်တည်နေလို့။ သူကိုယ်တိုင်ရဲ့ ဖြစ်တည်ချက်ဟာ ခင်ဗျားရဲ့ အတွင်း အနှစ် သန္တာန် သက်သက် မို့လို့။ သူ ဟာ ကျနော် ဖြစ်ပြီး၊ ကျနော်ဟာ သူဖြစ်တယ်လို့ ပြောခဲ့ သလို၊ — သူဟာ ခင်ဗျား ဖြစ်ပြီး၊ ခင်ဗျားကိုယ်တိုင်ရဲ့ စင်စစ်သန္တာန်ဟာ သူ ဖြစ်နေလို့ ပါပဲ။

ဒါ့ကြောင့် တစ်ဦးချင်းစီမှာ အတူမရှိ၊ အတုမရှိ ၊ သီးခြား ထင်ရှား ဖြစ်တည်နေကြရင်း – “ယခု” ကျနော့အတွက် “လက်ရှိ ပစ္စုပ္ပန် အပေါ် ကြည်လင်မှု – Delightfulness” ကို ညွှန်ပြ ပေးခဲ့ကြတယ်။

( ကျနော့ အနေနဲ့ ပဲ ) ဆိုခွင့်ရှိမယ် ဆိုရင် ဆိုချင်တာက – ဗုဒ္ဓနဲ့ လောက်ဇူဟာ မိုးကောင်းကင်နဲ့ မြေပြင်ကျယ် လို တစ်သားတည်း ပေါင်းစပ် လျက် ရှိနေပါတယ်။ တစ်ချိန်တည်းမှာ ကွဲပြားလျက် မြင့်မြတ် ဖြူစင်နေကြတယ်။ ဗုဒ္ဓနဲ့ လောက်ဇူဟာ – အိပ်ပျော်နေတဲ့ ကျနော့ကို စုံကိုင် လှုပ်နိုးပေးခဲ့သူ နှစ်ဦး ၊ ခက်မာနေတဲ့ ကျောက်ခဲကို အရည်ဖျော် ပစ်ခဲ့သူ နှစ်ဦး၊ နကိုက ဘာဖြစ်ခဲ့ဖြစ်ခဲ့ – “ယခု ဘဝ” ကို အသစ် တစ်ဖန် မွေးဖွားပေး ခဲ့သူ နှစ်ဦး ဖြစ်ပါတယ်။

…………………….

ကျနော့ နှလုံးမှ လာသော ဤစာဖြင့်
ကျနော် အမြတ်နိုးဆုံး ပုဂ္ဂိုလ်နှစ်ပါး ကို ပူဇော်ခြင်းသာ ဖြစ်ပါသည်။
…………………….
DELIGHTNESS Photo: Credit – My beloved Sis: Rachel Tin
…………………….
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/
…………………….

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: