ဟိုမှာဘက် ကမ်းမှ သည်

လောက်ဇူ ရဲ့ ဆိုစကား က

“တည်ငြိမ်သော အရာသည် ဖမ်းကိုင်ရ လွယ်ကူသည်။
မထင်ရှားသော အရာသည် နိမိတ်ဟောရ လွယ်ကူသည်။
ကျိုးပျက်လွယ်သော အရာသည် ကျေမွသွား ဖို့ရာ လွယ်ကူ၍
သေးငယ်သော အရာသည် လွင့်ပါသွားဖို့ရာ လွယ်ကူသည်။

ထို့ကြောင့်
မရှိလာခင် ကတည်းက ခွဲခြမ်းစိတ်ဖြာ၍၊
မရင့်မြည့် ခင်ကတည်းက ထိန်းသိမ်းစောင့်ရှောက်အပ်၏။
မိုင်ထောင်ချီသော ခရီးသည် ခြေတစ်လှမ်းမှသာ စတင်၏။

ထို့ကြောင့်
လုပ်ကိုင်သော သူသည် ပျက်စီး၍
ဆုပ်ကိုင်သော သူသည် လွတ်ထွက်လျက် ရှိ၏။
ယင်းကို သိသောသူသည် မလုပ်ကိုင်၊ ထို့ကြောင့် မပျက်စီး။
ယင်းကို သိသောသူသည် မဆုပ်ကိုင်၊ ထို့ကြောင့် လွတ်ထွက်သွားခြင်း မရှိ။”

ရှေးဒဏ္ဍာရီ တစ်ပုဒ်မှာ မြင့်မြတ်တဲ့ “ဓမ္မ” အသိကို ရှာဖွေသူ ရဟန်း တစ်ပါး ရှိခဲ့တယ်။ ဓမ္မ ဆိုတာ ဘာလဲလို့ သိဖို့ ရာအတွက် ခရီး အတန်တန်လည်း လှည့်လည် သွားလာ ခဲ့တယ်။ နှစ်ပေါင်း များစွာ ကြာတဲ့ အထိပဲ ဆိုပါတော့။ နောက်ဆုံး အကြိမ်မှာ ဗုဒ္ဓ သီတင်းသုံးခဲ့ရာ တိုင်းပြည်ကို ရောက်လာတယ်။ သူ က ဗုဒ္ဓနဲ့ မျက်နှာချင်းဆိုင် ကိုယ်တိုင် ကိုယ်ကျ တွေ့ချင်တယ်။ ဗုဒ္ဓ ဘယ်မှာ ရှိလဲ လို့ လမ်းခရီး တစ်လျောက် မေးမြန်းရင်း စုံစမ်းရင်း လာခဲ့တယ်။ အဲ့လိုနဲ့ အဆင့်ဆင့် လမ်းညွှန်ရင်း မြစ်ကမ်းနဖူး တစ်ခု ကို ရောက်သွားတယ်။

သူ့ရဲ့ ရှေ့မှာ ကျယ်ပြောတဲ့ မြစ်ပြင်ကျယ် တစ်ခု ရှိတယ်။ ရေတွေလည်း တသွင်သွင် စီးနေတာ ကို မြင်နေရတယ်။ သူ ကြားသိလာတဲ့ သတင်း စကားတွေ အရ – ဒီမြစ်ရဲ့ ဟိုမှာဘက်ကမ်းမှာ ဗုဒ္ဓ ရှိတယ်။ အားလုံး ကလည်း ထောက်ခံတယ် – ဟုတ်တယ် – ဒီမြစ်ရဲ့ ဟိုမှာ ဘက်ကမ်းမှာ ဗုဒ္ဓ ရှိသတဲ့။ သူ ရောက်အောင် သွားဖို့ ဆုံးဖြတ် လိုက်တယ်။ ဒါပေမယ့် ခက်နေတာက သမ္ဗာန် ၊ ကူးတို့ တစ်စင်းမှ မရှိဘူးရယ်။ ဒီ မြစ်ပြင်ကျယ်ကို ဘယ်လို ဖြတ်ရမလဲ။

သူ အဲ့ဒီ ကမ်းနဖူးမှာ ကူးတို့ လှေ ဘယ်မှာ ရနိုင်မလဲ အတော်ကြာကြာ ရှာနေခဲ့တယ်။ ဒါပေမယ့် မြစ်ကမ်းမှာ နေထိုင်ကြသူတွေက သူ့ကို ပြောပြကြတယ်။

“ခင်ဗျားကို အဲ့ဒီ ဘက်ကမ်းဆီ ဘယ်သူမှ ခေါ်သွားရဲမှာ မဟုတ်ဘူး။ ခေါ်သွားမယ့် လူလည်း မရှိဘူး။ ဘာလို့ဆို အဲ့ဘက်ကမ်းကို ရောက်သွားသူတွေဟာ ဘယ်တော့မှ ပြန်မလာ ကြတော့ဘူး။ ဒါ့ကြောင့် ဒီက လူတွေ အကုန်လုံး ဘယ်သူမှ ခင်ဗျားကို ပို့ပေးမှာ မဟုတ်ဘူး။ ခင်ဗျား သွားချင် လွန်းရင် ကိုယ့်ဘာသာ ကိုယ် ကူးခတ် သွားချည်တော့”

မြင်ပြင်က အကျယ်ကြီး၊ ရေစီးကလည်း သန်သန် နဲ့ မို့ ရဟန်းငယ် ခမျာ ကြောက်ကလည်း ကြောက်ရှာသေးတယ်။ အခြားနည်းလမ်းလည်း ရှာမတွေ့တာက တစ်ကြောင်း၊ သူတွေ့သိချင်လွန်းတဲ့ စိတ်ဆန္ဒက တစ်ကြောင်းကြောင့် ဒီ အတိုင်း လက်ပစ်ကူးဖို့ စတော့တယ်။ လူတွေကလည်း သူ့ကို စုတ်တသပ်သပ်နဲ့ မေ့ထား လိုက်ကြတယ်။ ဘယ်တော့မှ ပြန်မလာ နိုင်တော့မယ့် သနားစရာ လူတစ်ယောက် အဖြစ် သတ်မှတ်လိုက်ကြတယ်။

ရဟန်းငယ် လည်း စိတ်ဇောနဲ့ ကူးခတ်လာရင်း မြစ်ဧရာရဲ့ အလယ် လောက်ကို ရောက်သွားတယ်။ ကမ်းနဖူးက လူတွေ အမြင်မှာ – ဒီကိုယ်တော်ကို မတွေ့ရ တော့ဘူး ရယ်။ မြင်ကွင်းက ပျောက်သွားပြီ ဆိုပါတော့။ ရဟန်းဟာ ဆက်ပြီး ကူးခတ် လာတဲ့ အခိုက် ရုတ်တရက် ဟိုမှာဘက်ကမ်း ဆီကနေ သူ့ဆီကို တစ်စုံတစ်ခု မျောလာတာ တွေ့ရတယ်။ တဖြေးဖြေးနဲ့ အဲ့ဒီ တစ်စုံတစ်ခုက ရုပ်လုံးပေါ်လာတယ်။ – အလောင်းတစ်လောင်း ဖြစ်နေတယ် ဆိုတာ သိလိုက်တယ်။ အဲ့အလောင်းက သူ့အနားကို တစ်ဖြေးဖြေး နီးကပ်လာနေတယ်။

ဒါကို သိတော့ ကြောက်တယ်။ အဲ့ဒီ အလောင်း – သူ့အနား မရောက်လာခင် သူ ခပ်ဝေးဝေး ကို ကူးသွားနိုင်မှ ဖြစ်မယ်။ ဒါပေမယ့် ဘယ်လိုပဲ အားစိုက် ကူးခတ်၊ ရှောင်ရှားနေလည်း အလောင်းက သူ့အနားကို တဖြေးဖြေး မျောလာနေတုန်းပဲ။ မကြာခင် သူ့အနား ရောက်လာတော့တာပဲ။ သူ အပင်ပန်းခံပြီး ဘယ်လောက်ပဲ ရှောင်နေပါစေ- အလောင်းက သူနဲ့ လက်တစ်ကမ်း အကွာ အထိ ပိုပြီး နီးကပ်လာတယ်။

ရဟန်းငယ် လည်း ဒီအလောင်း ကို ရှောင်လို့ မရကြောင်း နားလည်သွားတဲ့ အခါ – ဘယ်က အလောင်းကောင်လဲ ဆိုတာ ကြည့်လိုက်တော့မယ် လို့ ဆုံးဖြတ်လိုက်တယ်။ သူ့ အမြင်မှာ ဒီအလောင်းရဲ့ ကိုယ်ပေါ်က သင်္ကန်းစ ကိုလည်း မြင်ရတယ်။ ဦးပြည်း ကတုံး ဖြစ်နေတာလည်း တွေ့ရတယ်။ ဒါ ရဟန်း တစ်ပါးပါးရဲ့ အလောင်း ဖြစ်မယ် လို့ တွေးလိုက်တယ်။ သူ အလောင်းနားကိုပဲ ကူးသွား လိုက်တော့တယ်။

အလောင်းကောင်ရဲ့ မျက်နှာပြင်ကို မြင်ရတဲ့ အခါ – ကြောက်လည်း ကြောက်၊ အံ့အားလည်း သင့်သွားတယ်။ ရူးသွပ်တဲ့ သူတစ်ယောက်လို အလောင်းကောင်ကို ကိုင်ပြီး အော်ရယ်နေ မိတယ်။ အကြောင်းက အဲ့ဒီ အလောင်းဟာ သူကိုယ်တိုင်ရဲ့ အလောင်း ဖြစ်နေပါတယ် ။ သူ့မျက်လုံးကို သူ မယုံနိုင် ပေမယ့် တကယ် ဖြစ်နေကြောင်း ။ သူ သေသေချာချာ ပြန်ကြည့်တယ်။ ခဏခဏ ကြည့်တယ်။ ဟုတ်တယ် – ဒီအလောင်းဟာ သူ့အလောင်း ဖြစ်နေတယ်။

ဒါကို သိလိုက်ပြီး မကြာခင်မှာ အဲ့ ဟိုမှာဘက်ကမ်းက အလောင်းတွေ တစ်လောင်းပြီး တစ်လောင်း ရေစီးနဲ့ အတူ မျောပါလာတာ တွေ့ရ တယ်။ သူ ကိုယ်တိုင်ရဲ့ အလောင်းတွေ ချည်း ပဲရယ်။ ဒီအလောင်းတွေ အကုန်လုံး ဟာ သူကိုယ်တိုင်ရဲ့ အတိတ်တွေချည်းပဲ လို့ သူ မျက်မြင် တွေ့လိုက်ရတယ်။ သူ သင်ကြားခဲ့တဲ့ အရာတွေ၊ သူပိုင်ဆိုင်ခဲ့တဲ့ အရာတွေ လည်း အဲ့အလောင်းတွေမှာ တွယ်ကပ် မျောပါလာနေတယ်။ သူ့ရဲ့ အတ္တ၊ သူ့ရဲ့ စိတ်သန္တာန်၊ သူ ခံစား ခဲ့ရတဲ့ ချစ်ခြင်း၊ မုန်းခြင်း ခံစားချက် တွေ အကုန်လုံးဟာ အဲ့ဒီ အလောင်းကောင်တွေမှာ တွယ်ညိ နေကြတယ်။ သူ ဖြတ်သန်းခဲ့ရာ ဘဝတစ်ခုလုံး အလဟဿ၊ ဗလာချည်း သက်သက် ဖြစ်နေပါပကော….

အခု – သူ ။ သူ့ အသိဟာ ရုတ်ခြည်း ရှင်းလင်း ငြိမ်ဝပ် သွားတယ်။ တစ်ပြိုင်နက်ထည်းမှာ ဟိုမှာဘက်ကမ်း ထိ ရောက်သွားစရာ မလိုတော့ ကြောင်း သူသိလိုက်ပါတယ်။ ဟိုမှာဘက်ကမ်းနဲ့ ဒီဘက်ကမ်း တွေဟာ သူ့အတွက် အရေးမပါ၊ အရေးမကြီး တော့ဘူး ။ သူ တစ်ချိန်က တွေးထင်ခဲ့ တာဟာ ဗုဒ္ဓနဲ့ တွေ့ဆုံပြီး ခဲ့ရင် ဘယ်တုန်းကမှ မသိနိုင်တဲ့ တရားထူး ကို ရရှိလိမ့်မယ် လို့ မျှော်မှန်း ထားခဲ့တယ်။ သူ မျှော်မှန်းတဲ့ တရားထူး ဆိုတာ မသိနိုင်တဲ့ အခြေအနေ တစ်ခု၊ အံ့အားသင့်စရာ ဖြစ်ရပ်တစ်ခု ဖြစ်မယ် လို့ သူ ထင်မှတ်ထားခဲ့တယ်။

အခု သူကိုယ်တိုင်ရဲ့ အတွင်းရော၊ အပြင်မှာပါ သူ စိတ်ကူးနဲ့ ဘယ်လိုမှ ထပ်တူ မကျတဲ့ အသိနဲ့ ဗုဒ္ဓကို ရှာတွေ့ ခဲ့ပြီ ဖြစ်ပါတယ် ။ သူ့သန္တာန်မှာ ရှိတဲ့ ကြောက်စိတ်တွေ၊ တွေးတော မျှော်လင့် ခဲ့သမျှတွေ ရုတ်ခြည်း ပျောက်ဆုံး ကုန်ကြပြီပဲ။

တကယ်လည်း သူ့ အသိတစ်ခုလုံးမှာ အလင်းချည်း သက်သက်သာ ရှိနေပါတော့တယ်။ သူ ပေါ့ပေါ့ပါးပါး ရယ်လိုက်တယ်။

ပြီးခဲ့တဲ့ အချိန်ပိုင်း က တွေဝေ ငေးမာခဲ့ရာ ဒီမှာဘက်ကမ်း ဆီ ကို ဝမ်းမြောက်တဲ့ စိတ်နဲ့ ပြန်ကူး လာခဲ့တယ်။ ကမ်းကို ရောက်တော့ သူတွေ့ခဲ့ဖူးတဲ့ လူတွေ ကို သူ တွေ့သိခဲ့သမျှ ပြောပြဖို့ ကြိုးစားတယ်။ “ဟိုဘက်ကမ်းဟာ ဒီဘက်ကမ်းနဲ့ ဘာမှ မကွာခြားပါဘူး။ သိမြင်ဖို့ တစ်ခုတည်း လိုအပ်တာ ဖြစ်ပါတယ်” လို့ ပြောတယ်။ လူအများက သူ့ကို တအံ့တဩ တစိမ်းဆန်ဆန် ကြည့် တယ်။ “ခင်ဗျား ဘယ်သူလဲ။ ဘယ်ကလဲ။ ဟိုဘက်ကမ်းကို ဘယ်တုန်းက သွားခဲ့တာ မို့လို့လဲ။ အဲ့ဒီ ဘက်ကမ်းကို ဒီနေရာကနေ သွားကြသမျှ ကျုပ်တို့ အားလုံး သိတယ်။ ဘယ်သူမှ ပြန်မလာကြဘူး။ ခင်ဗျား အဲ့ဘက်ကမ်းကို သွားတာ ဆိုရင် ကျုပ်တို့ သိမှာပဲ။ ခင်ဗျား အဲ့ဘက်ကို တစ်ခါမှ မရောက်ဖူးပါဘူး။ ခင်ဗျား လိမ်နေတာပဲ” လို့ ပြောတယ်။

ရဟန်းက – “စောနကလေးမှ ကျုပ် ဒီကနေ ကူးသွားတာလေဗျာ။ သမ္ဗာန်တောင် ရှာနေခဲ့သေးတယ်။ မှတ်မိရဲ့ မဟုတ်လား။ ခင်ဗျားတို့ပဲ ကျုပ်ကို လိုက်မပို့နိုင်ဘူး – ဒီ အတိုင်းသာ ကူးသွားတော့လို့ ပြောကြသေးတယ် မဟုတ်လား” ဆိုတော့

— သူတို့က “ခင်ဗျား အဲ့ရဟန်း မဟုတ်ပါဘူး။ အဲ့ရဟန်းက သွားနှင့်ပြီ။ သူပြန်မလာနိုင်တော့ဘူး။ နောက်ပြီး အခု ခင်ဗျားက အဲ့ရဟန်းမှ မဟုတ်ဘဲ”

လူတွေ အကုန်လုံး သူ့ကို တစ်ယောက်မှ မမှတ်မိတော့ပါဘူး။ ရဟန်းငယ် ဟာ — မသွားခင်က “သူ”နဲ့ အခု ပြန်ရောက်လာတဲ့ “သူ” အတူတူပါပဲ ဆိုတဲ့ အကြောင်း ဘယ်လောက် ပြောပြော ဘယ်သူမှ လက်မခံတော့ဘူး။

တကယ် စင်စစ် ဟိုမှာဘက်ကမ်း သွားခဲ့သူတွေ အားလုံး ပြန်မလာ နိုင်ခဲ့တာ မဟုတ်ပါဘူး။ အားလုံး ပြန်လာခဲ့ကြသူတွေ ချည်း ဖြစ်ပါတယ်။ ဒါပေမယ့် အများဟာ အရင်တွေနဲ့ အတူအညီ မမြင်နိုင်တော့ဘူး။ တကယ်မှာလည်း မတူညီကြတော့ဘူး ။ လုံးဝ သစ်လွင်သွားတဲ့ အဖြစ်ကို အသိ တစ်ခုတည်း အတွင်းမှာ ရရှိပိုင်ဆိုင်ပြီး ဖြစ်ပါတယ်။ အဟောင်းတွေ ကုန်ဆုံးသွားတယ်။ အဟောင်းအမြင်း အတိတ်တွေဟာ အိပ်မက် တွေဖြစ်ကြောင်း၊ ဘဝကို အိပ်မက်တွေနဲ့သာ ရှင်သန်နေခဲ့တာ ဖြစ်ကြောင်း သိလိုက်ကြတယ်။ အဲ့ဒီ ခဏမှာ ယခင် မျက်လုံး မှိတ်၊ အိပ်ပျော် နေသမျှ မျက်လုံး ဖွင့်ရက်သား နိုးကြားသွားတယ် ။ အိပ်မက်တွေ အားလုံး အပြည့်အဝ ထားရစ် ခဲ့လိုက်ကြတယ်။ သိမြင်မှု အသစ် တွေနဲ့ ဒီမှာ ဘက်ကမ်းကို အားလုံး ပြန်ရောက်ကြပါတယ်။ ဒါပေမယ့် ဒီဘက်ကမ်းက လူအများ – ဘယ်သူမှ မမှတ်မိတော့၊ မသိတော့ဘူးရယ်။

9.1.2012
12:05 AM
……………………..
Photo Credit – My Beloved Sis : Rachel Tin
……………………..
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/
…………………….

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: