ကြွေကျမယ့် အသီး

ဘာဝနာပွားများတဲ့ အလုပ်ကို အမြဲမပြတ် ပြုလုပ်သူဟာ ငြိမ်းအေးမှုကို ရနေလိမ့်မယ် လို့ ပြောကြပါတယ်။

ဘာဝနာမှာ အမျိုးအစား ကွဲသလား လို့ မေးတဲ့သူ လည်း ရှိသလို၊ ငြိမ်းအေးမှု မှာလည်း အမျိုးအစား ကွဲပါသလား လို့ မေးတာ ရှိတယ်။ မေးခွန်းမေးသူ ကို တခဏ အံ့ဩမိသွားပေမယ့် အမေးရှိတာကြောင့် ဖြေကြည့်ပါမယ်။

ငြိမ်းအေးမှုမှာ အမျိုးအစား မကွဲပြားနေပါဘူး။ မှည့်နေတဲ့ အသီးဟာ တစ်ခဏ အတွင်း ကြွေကျသွားမယ်။ အဲ့ဒီ ကြွေကျသွားရခြင်း ဆိုတဲ့ သက်သက်မှာ အမျိုးအစား ရယ်လို့ ကွဲပြားခြားနား မနေပါဘူး။ နို့ပေမယ့် ကြွေမကျခင် သစ်သီး မှည့်တဲ့ အဆင့် ရောက်ဖို့ ကိုတော့ ဒီသစ်သီးဟာ အဆင့်အမျိုးမျိုးကို ကျော်ဖြတ်ခဲ့ ရတယ်။ သစ်သီး အဖူးလေးက ကြွေကျဖို့ရာ တော်တော်ဝေးတယ်။ သစ်သီး အစိမ်း လည်း ရင့်မှည့်ကြွေကျ ဖို့ ဝေးနေသေးတယ်။ မမှည့်တမှည့် အသီး ကလည်း မကြွေကျသေးဘူး၊ မှည့်ဖို့ လိုနေသေးတယ်။ ဒါပေတဲ့ နီးစပ်လာပြီလို့ ပြောနိုင်တယ် ။ နောက်ဆုံး – ရင့်မှည့်သွားပြီ ဆိုရင်တော့ တစ်ခဏ အတွင်းမှာ ကြွေကျသွားနိုင်ပါတယ်။ ဖြုတ်ခနဲ – ဖြတ်ခနဲ။

ဒါပေတဲ့ ကြွေမကျခင် အဆင့်ဆင့် တက်လှမ်းသွားရတာကတော့ ကျိန်းသေနေတယ် ။ ဟုတ်တယ်ဟုတ် ?။

သစ်သီး အဖူး၊ သစ်သီး အစိမ်း၊ သစ်သီး မမှည့်တမှည့်၊ သစ်သီး အမှည့် စသည် အသီးတွေဟာ သစ်ပင် တစ်ခုတည်းမှာ ရှိနေပါတယ်။ ဒီ သစ်ပင် အတွက် အသီး မှည့်တာ၊ အသီးစိမ်းတာဟာ ကွဲပြားခြားနား နေမှာတော့ မဟုတ်ဘူး။ သူတို့ အတွက် လိုအပ်နေတာက ဘယ်အချိန်မှာ ကြွေကျမလဲ? ကြွေကျမယ့် အချိန် အခါ သာ ဖြစ်ပါတယ်။ သစ်သီး အစိမ်းဟာ ရင့်မှည့် ကြွေကျဖို့ အချိန် တော်တော် လိုသေးတယ်။ မမှည့်တမှည့် သစ်သီးကတော့ ရင့်မှည့်လုလု အချိန်နီးကပ်လာတယ်လို့ ပြောနိုင်တယ်။ ဒီ သစ်သီး နှစ်မျိုးစလုံး ကတော့ တစ်ပင်တည်းမှာ သီးနေကြတယ်။

ငြိမ်းအေးမှု ( ဝါ ) Nirvana ( ဝါ ) ကြွေကျတဲ့ သဘောဟာ တစ်ခဏ အတွင်းမှာ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါပေမယ့် ဘယ်တုန်းကမှ ဘာဝနာ ပွားများတဲ့ အလုပ် မလုပ်သူဟာ သစ်သီး အစိမ်းပဲ။ သူဟာ ဘဝ သံသရာထဲက လူသက်သက်ပဲ။ ဘာဝနာ မပြုမချင်း ဘယ်တော့မှ ရင့်မှည့်လာနိုင်ဦးမှာ မဟုတ်တဲ့ အစိမ်း သက်သက် ဖြစ်ပါတယ်။ ဘာဝနာနဲ့ နေထိုင်သူကတော့ သစ်ပင်ကို မှီတင်းပြီး မိမိ သဘာဝကို ဖြည့်စွက်နေသလို၊ တဖြည်းဖြည်း ရင့်မှည့်မှု ဆီကိုလည်း ဦးတည် သွားနေတယ်။ သူကလည်း သစ်ပင်ပေါ်မှာပဲ ရှိနေတာ မှန်ပါတယ်။ ဘဝ အထဲမှာ ရှိနေတယ်။ အစိမ်းသက်သက် ဖြစ်နေသူရော၊ ရင့်မှည့်မှုဆီ ဦးတည်နေတဲ့ သူရော နှစ်ဦးစလုံးဟာ ဘဝထဲမှာ ရှိနေတယ်။ ဒါပေတဲ့ ကြွေကျဖို့ရာ နီးကပ်လာသူနဲ့ ကြွေကျဖို့ရာ ဝေးနေသေးသူ အဖြစ်တော့ ကွာခြား နေပါတယ်။

ဇင်မှာ အဆင့်ဆင့်ခွဲခြားတာ မရှိဘူး။ ဒါပေတဲ့ ဘာဝနာပြုပုံမှာတော့ အဆင့်ဆင့် အမည်တပ်စွဲထားတာ ရှိတယ်။ သုံးဆင့် ရှိတယ်။

ပထမ အဆင့်ကို “ချင်မိုင်း” လို့ ခေါ်ပါတယ်။ သူက “သုည၊ ဗလာ” သက်ရောက်လာခြင်း သဘောကို ဆိုလိုတယ်။ ဒီ အဆင့်ကို ရောက်ရှိသူဟာ ဘယ်အရာ ကို လုပ်လုပ် သူ့ရဲ့ အတွင်းသန္တာန်မှာ သုည၊ အနှစ်သာရ မဲ့နေတဲ့ အဖြစ် သက်ရောက်နေတယ်။ တစ်ခါတစ်လေမှာ ဒီအဖြစ် သက်ရောက်နေကြောင်း ကာယကံရှင် ကိုယ်တိုင်တောင် သိချင်မှ သိပါတယ်။ အကြောင်းက သိမ်မွေ့နူးညံ့တဲ့ အပြင် အသိမှတ် မထားဘဲနဲ့တောင် ပေါ်ပေါက် နေတတ်တဲ့ အတွက် ဖြစ်ပါတယ်။ အဲ့သလို လူမျိုးဟာ ဗဟိဒ္ဓလောကမှာ အလုပ်လုပ်ကိုင် ရှင်သန်နေပေမယ့် အဲ့ဒီ အပြင်လောက အပေါ် အရသာ ရှာမတွေ့တော့တဲ့ သူတွေ ဖြစ်လာတယ်။ သူတို့ စကားပြောတယ်။ သွားလာ လှုပ်ရှားတယ်၊ ရယ်မော ငိုကြွေးနေနိုင်သေးတယ်။ ရောင်းဝယ် ဖောက်ကား လုပ်နိုင်ပါတယ်။ ဒါပေတဲ့ သူတို့ အတွက် အပြင်ပ လောကဟာ အရသာ မရှိဘူး။ အလုပ်လုပ်နေတယ် ဒါပေတဲ့ ရသကို ရှာမတွေ့ဘူး။ သူတို့ရဲ့ ရသဟာ သူ့တို့ရင်တွင်းကို ငုံ့ဝင်တဲ့ အခါမှသာ တွေ့မြင် ရတော့တယ်။ အဲ့လို ငုံ့ဝင်လို့ မြင်လိုက်ရတဲ့ “ရသ” ဟာလည်း “သုည” သဘော ၊ တခဏတာ အတွင်း ငြိမ်းအေးသွားတဲ့ သဘောလေး သက်သက် ဖြစ်ပါတယ်။ နို့ပေမယ့် လေးနက်တယ်။

ဒုတိယ အဆင့် ကို “ချင်ဒါ” လို့ အမည်တပ်တယ်။ “ဆာတိုရီ” လို့လည်း နောက် အမည်တစ်မျိုး ပေးထားသေးတယ်။ ပထမ အနေအထားတိုင်း ရှိနေခဲ့မိသူ ပုဂ္ဂိုလ်ဟာ “သုညတ” သဘောကို အမှုအမှတ်မဲ့ ၊ ရံဖန်ရံခါ သဘောကနေ အရှင်းသား သိမြင်သွားတာကို ဆိုလို တယ်။ နိုးကြားမှု ရှိလာတယ်။ အလေးအနက် သိမြင်ထားပြီး ဖြစ်သွားတယ်။ ဒါ့ကြောင့် ဆာတိုရီ ရဲ့ သဘောဟာ တစ်ခဏ အတွင်းမှာ ဖြစ်တယ်။ လျှပ်စီးလက်သလို ဖြစ်တယ်လို့လည်း ပြောကြသေးတယ်။ ( ဒီနေရာမှာ – စာရှုသူတို့ မှားယွင်းပြီး နားလည် သွားနိုင်မှာက အမြင်အာရုံအားဖြင့် လက်ခနဲ ဖြစ်တာကို မဆိုလိုပါဘူး။ သိမှတ်စိတ်မှာ ရှင်းခနဲ ဖြစ်သွားတဲ့ အဲ့ဒီ တစ်ခဏ သဘောလေး ကိုသာ ညွှန်းဆိုပါတယ် ) ဒီ ခဏ ဟာလည်း တကယ့်ခဏလေးပဲ။ ပြီးရင် ပျောက်ကွယ် သွားတယ်။ အနှစ်သာရမဲ့တဲ့ သဘောကို အကြည်လင်ဆုံး ၊ မိမိ အသိနဲ့ မိမိ ၊ ရှင်းရှင်း တစ်ချက် သိလိုက်ရတာကလွဲရင် ကျန်တာ ပုံမှန် ဖြစ်ပါတယ်။

တတိယ အဆင့်ကို “သမာဓိ” Samardhi လို့ ဇင်မှာ ခေါ်တယ်။ ကျနော်တို့ အများစု နားလည်ထားသလို သမာဓိကို စူးစိုက်မှု ( Concentration ) အနေနဲ့ ယူထားတာ မဟုတ်ဘူး။ ငြိမ်ဝပ် သွားမှု သဘော သက်သက် ကိုသာ ခေါ်ဆိုပါတယ်။ ဆာတိုရီမှာ ရရှိလာတဲ့ တခဏ လင်းလက် သိမြင်သွားရခြင်း အဖြစ်နဲ့ ယှဉ်ရင် သူက ငြိမ်ဝပ်သွားတာ ကိုသာ ဆိုလိုတယ်။ ဆာတိုရီလို ဖြစ်ပြီး မပျောက်ကွယ်သွားဘူး ။ တခဏ ဖြစ်ပြီး ပျောက်သွားတာမျိုး မဟုတ်ဘူး။ သိမြင်မှုချည်း သက်သက်၊ အလင်းချည်း သက်သက် ရှိနေတာမျိုး။

ဒီနေရာမှာ ဆရာပါရဂူနဲ့ အိုရှိုးတို့က “အလင်းချည်း သက်သက်” ဆိုတဲ့ စကားကို သုံးပါတယ်။ ၎င်းတို့ ဆိုလိုတဲ့ အလင်းဟာ စက္ခုအမြင်အာရုံ အရ သိတဲ့အလင်း မဟုတ်ဘူး လို့ ကျနော် ပြောရပါမယ်။ စိတ်ကူး အတွေးအရ သိရတဲ့ အလင်း လည်း မဟုတ်ဘူး။ ပို မြင်သာအောင် ပြောရရင်- တွက်ရခက်နေတဲ့ သင်္ချာပုစ္ဆာတစ်ပုဒ် ရုတ်တရက် အဖြေရှာတွေ့ မိသွားတဲ့အခါ သိမြင် ခံစား လိုက်ရသလိုမျိုး၊။ ဒါကလည်း နီးစပ်တာကိုသာ ဆိုလိုပါတယ်။ ဒီအဆင့်မှာ တကယ်က “ခံစားမှု” ဆိုတာကို သုံးလို့ မရဘူး။ အတိအကျ မဟုတ်ဘူး။ ကွာခြား နေပါသေးတယ်။ အတိအကျ ဖော်ပြဖို့ စကား မရှိဘူးရယ်။

အဲ့ဒီ အဆင့်ရှိတဲ့ အခါ သစ်သီး ရင့်မှည့်သွားပြီ လို့ ပြောနိုင်ပါတယ်။ အချိန်အခါမရွေး ကြွေကျသွားနိုင်တယ်။ အဲ့ဒီ သစ်သီး ကြွေကျသွားတာ ဟာ လုံးဝ ငြိမ်းအေးသွားတာ ဖြစ်တယ်လို့ ဆရာတို့က ဆိုပါတယ်။ ဒါ့ကြောင့် ဒီလို အပြီးတိုင် ကြွေကျ သွားနိုင်ဖို့ အတွက် စာရှုသူဟာ အတင်းကာရော ခြွေချဖို့ မလိုဘူး။ ဆွဲရိုက်ချလို့ လည်း မရပါဘူး။ မိမိကိုယ်ကိုယ် ရင့်မှည့် လာအောင် ပြုလုပ် ဖို့သာ လိုပါတယ်။ အများအားဖြင့် ဓမ္မ လမ်းကို နှစ်နှစ်ကာကာ လျောက်လှမ်းကြသူ အများဟာ ပထမ အဆင့်ကို ရောက်ရှိနေကြ သူတွေ ဖြစ်တတ် ပါတယ်။ သူတို့ရဲ့ သဘာဝက ဘာဝနာ ရဲ့ အထောက်အပံ့ကြောင့် ပြင်ပ ဗဟိဒ္ဓ မှာ ရသ ကင်းမဲ့ လာတယ်။ အပြင်အပ ကို ဖဲကြဉ်သွားတယ်။ ဘာဝနာရဲ့ တွန်းအားကြောင့် မိမိ အတွင်း သန္တာန်ကိုသာ လှည့်ဝင်တယ်။

ဒီလူတွေကို သာမန်နဲ့ ဘာကွာလဲ မေးရင်၊ ဘာမှ မကွာပါဘူး။ သူတို့ အားလုံးဟာ လုပ်စရာရှိတာကို လုပ်နေကြတာ ချည်းပါပဲ။ သူတို့ရဲ့ သန္တာန်မှာ – လုပ်ကိုင်သမျှ ပြင်ပ အပေါ် “ရသ” ရှာမတွေ့ရခြင်း သက်သက်ပဲ ရှိပါတယ်။ သူတို့ရဲ့ ဘဝ ခန္ဓာအပေါ် သက်ရောက်လာမယ့် ဘယ်အရာ မဆို သူတို့ အတွက် အနှစ်သာရ ဆိတ်သုဉ်းနေတယ်။

အောင်မြင်တယ် – ကျရှုံးတယ် – ချစ်တယ် – မုန်းတယ် – သုခ ဖြစ်တယ်- ဒုက္ခ ဖြစ်တယ်- နာကျင်တယ်- ခံစားတယ် စသဖြင့် ဖြစ်စဉ် အားလုံးဟာ သူတို့ရဲ့ အတွင်း သန္တာန်အတွက် တပြေးတည်းပဲရယ်။ အားလုံး အနှစ်မဲ့နေကြောင်း – အများပြောမဟုတ်၊ စာအုပ်သိ မဟုတ်၊ ကိုယ်တိုင် ရှင်းရှင်း သိရှိသွားပြီး ဖြစ်တယ်လို့ ဆိုလိုပါတယ်။ ပြဇာတ်ထဲ တာဝန်အရ သရုပ်ဆောင်နေရသူ တစ်ဦးလို ( ဝါ ) အိပ်မက်မက် နေကြောင်း သိနေပြီး နိုးထလာတဲ့ သူတစ်ဦးလို- အသိအမြင် သက်သက် နဲ့ ရှင်သန်နေသူတွေ ဖြစ်သွားပါတယ်။ ဒါပေတဲ့ အများအမြင် မှာ သူတို့ အားလုံးဟာ မနေ့က လုပ်ခဲ့သလိုပဲ ဖြစ်ပါတယ်။ ပုံမှန်အလုပ် ကို ဒီကနေ့လည်း လုပ်မြဲ လုပ်နေကြဆဲပဲရယ်။

……………………..
Retold ~ Osho & Saya Paragu
………………………
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/
……………………..

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: