ဖက်ခွက်စား

ဗုဒ္ဓဘာသာမှာ ဂီတ၊ အက၊ ပြဇာတ် စသည် အနုပညာတွေကို အိမ်နိမ့်စံ ထားထားတယ်။ ဒါပေတဲ့ စင်စစ် အနုပညာ ဟာ ဘာသာရေး ( Religion ) နဲ့ သိပ္ပံ ( Science ) တို့ နှစ်ခု ကြား တည့်တည့်မှာ တည်ရှိတယ် လို့ ကျနော် မြင်ပါတယ် ။ အနုပညာ မှာ အဲ့ဒီ အမည်နှစ်ရပ်ရဲ့ အရည်အသွေးတွေ အညီအမျှ ရောစွက် ပါဝင်နေတယ်။ အနုပညာရဲ့ ခေါင်းဘက်ပိုင်း ကို နည်းပညာ၊ အတတ်ပညာတွေနဲ့ သက်ဆိုင် မယ် လို့ ဆိုရင် ပန်းဘက်ခြမ်းဟာ ဘာသာရေးရဲ့ နက်နဲတဲ့ သိမြင်မှုကို အခြေခံထား တယ်။

ဆိုပါစို့ ~ ပန်းချီတစ်ချပ် ရေးဆွဲတာမျိုး။ သိပ္ပံသမားတွေလည်း ပန်းချီရေးဆွဲနိုင်ပါတယ်။ ပန်းချီ ဝါသနာ ထက်သန်တဲ့ သိပ္ပံ ပညာရှင်တွေ လည်း မြင်တွေ့နေရတာပဲ မဟုတ်လား။ ရိုးရှင်းပါတယ် ။ ဘာသာတရားက အထိုက် အလျောက် ပေးစွမ်း တဲ့ အေးချမ်းမှုမျိုး ကို ဘာသာရေး မလုပ်သူ လည်း အနုပညာ မှာ ရှာတွေ့နိုင်တယ်။ ဒါ့ကြောင့် ကမ္ဘာ့ဘာသာ ပေါင်းစုံ တို့ရဲ့ ပြယုဂ် မှာ အနုပညာဟာ နက်နက် နဲနဲ စိမ့်ဝင်နေ တယ်။

ယဉ်ကျေးမှု ဆိုတဲ့ ခေါင်းစဉ်အောက်မှာလည်း အနုပညာဟာ ပင်မကျတဲ့ တစ်နေရာကို ယူထားပါတယ်။ အနုပညာ အတိမ်အနက်နဲ့ လူမှု လူ့ဘောင် ရဲ့ သရုပ် ကို တွဲဖက် မြင်တွေ့ရလေ့ ရှိတယ်။ အနုပညာမှာ ဘာသာရေးရဲ့ အရိပ်အရောင်ဟာ အထူးသဖြင့် ထင်ဟပ်တယ်။ ဒါပေတဲ့ အများ အားဖြင့် ဘာသာရေး ဟာ အနုပညာ ကို ရှုံ့ချတယ်။ အနုပညာဟာ ဘာများ အမှား ရှိလို့ပါလဲ ~ အဲ့ဒါကို ပြောလိုပါတယ်။

တကယ်က – ဘာသာရေး ထုံမွှမ်း ထားသူ၊ ဘာသာရေး အပေါ် နားလည်သဘောပေါက်သူ ဟာ ဆုတောင်းဝတ်ပြု သလို၊ ဘာဝနာ ပွားများသလို၊ ပန်းချီ ကား တစ်ချပ် အပြည့် အဝ ခံစားသိမှတ် ရေးဆွဲနိုင်တယ်လို့ ကျနော် မြင်ပါတယ် ။ ဒါပေတဲ့ နည်းပညာပိုင်း တွေ ချယ်လှယ်ထားတဲ့ ပန်းချီကားကို မဆိုလိုဘူး။ ~ ဘာဝနာ လေးနက် စိမ့်ဝင် နေတဲ့ ပန်းချီကား ကိုသာ ဆိုလိုတယ်။ ဘာသာရေး ဘက်ကို နီးကပ်တဲ့ အနုပညာ ဟာ ပိုပြီး လေးနက် ကြည်စင်တယ်။ ဒါဟာ တကယ် ဟုတ်မဟုတ် လေ့လာကြည့်စေချင်တယ်။

လက်ရှိ ခေတ်သစ် ပန်းချီတွေ ကို ကြည့်ရင် – နည်းပညာအသားပေးလွန်းတဲ့ ပန်းချီကားတွေဟာ သိပ္ပံ ဘက်ကို နွယ်မယ်။ အကြမ်းထည် ဆန်တယ် ။ သူတို့တွေ လည်း ဆိုင်ရာ ဂုဏ်အင်္ဂါ ရှိနေပါ တယ်။ ကြည့်သူရဲ့ ဟဒယအတိုင်း လှပနေ နိုင်တယ်။ ဒါပေတဲ့ ခံစားမှု အနှစ်သာရ နက်နဲမှုကတော့ ဆိတ်သုဉ်း နေမယ်။

ဒီနေရာမှာ – အိုရှိုး ပြောကြားခဲ့တဲ့ စကားရပ် တစ်ချို့ကို ဥပမာပြုပြီး ထုတ်ယူ ကြည့်ပါမယ်။ ဂီတ၊ စာပေ၊ အနုပညာ စသည် တို့မှာ – ဇင်ရဲ့ စိမ့်ဝင်နေ မယ့် အရာတွေ ရှိပါမယ်။ အထူးသဖြင့် – ပန်းချီ ကိုပဲ ကျဘမ်းပြောကြည့်မယ်။

ဇင်ဆရာ တွေလည်း ပန်းချီ ဆွဲလေ့ရှိတယ်။ သူတို့ ပန်းချီတွေဟာ အခြား ပန်းချီတွေနဲ့ မတူဘူးရယ်။ ဇင် ပန်းချီကား တစ်ချပ်ကို ကြည့်ရင် နူးညံ့ တဲ့ ခံစားချက် တစ်ရပ် ဖြတ်ခနဲ ဖြစ်ပေါ်ကြောင်း၊ ကြည်ရွှင်တဲ့ သန္တာန် ဖြစ်တတ်ကြောင်း စိတ်ပညာ ဆရာတွေ အပါအဝင် အနုပညာရှင်တွေ လက်ခံထားကြတယ်။ ပေါ့ပါးတဲ့ ကြည်နူးမှု မျိုး ဖြစ်တယ် လို့ ခေါ်နိုင်မယ် ထင်ပါတယ်။

သမားရိုးကျ ပျော်ရွှင် ချမ်းမြေ့မှုမျိုး ကို ဂစ်တာ တီးရင်း၊ ခေတ်သစ် ပန်းချီတစ်ချပ် ကြည့်ရှုရင်း ခံစား ရရှိနိုင်တယ်။ ဒါပေတဲ့ ဇင်ပန်းချီကား တွေက အဲ့ဒီ ဘောင်တွေထဲက လွတ်ထွက်ရင်း ~ ပစ္စုပ္ပန် ခဏတာ အပေါ် အာရုံ ငြိမ်ဝပ်သွားစေတယ်။ ဘဝအမြင် ကို ပေးတယ်လို့ ပြောရင် ရနိုင်ပေမယ့် ချဲ့ကားရာ ကျနိုင်ပါတယ်။ ပီကာဆို၊ ဒါလီ နဲ့ အခြား ပန်းချီဆရာ အကျော်အမော် အချို့ အတွက် ပန်းချီ အနုပညာ ဟာ ဇင်နဲ့ ယှဉ်ရင် နည်းပညာ ဆန်နေနိုင်ပါသေးတယ်။ သိပ္ပံ သဘော ပါဝင်နေနိုင် သေးတယ်။

ဒါဆို ဟုတ်ပြီ။ ဇင်ပန်းချီကား တစ်ချပ်နဲ့ ပီကာဆိုရဲ့ ပန်းချီကား တစ်ချပ် ဘာများ ကွာလို့လဲ လို့ ခင်ဗျား မေးကောင်း မေးမယ်။ စင်စစ် ~ အသွင်သဏ္ဍာန် ဘာမှ မကွာခြား ပါဘူး ~ ရေးဆွဲတဲ့ အမြင်ဘောင် ၊ သိစိတ် ကသာ သိသိသာသာ ကွာခြား နေတာ ဖြစ်ပါတယ်။ ဆိုလိုတာ က ဇင်ရဲ့ ပန်းချီကား တွေမှာ ဘာဝနာ အရှိန်အဝါ ရှိနေတယ်။ ဘာဝနာ က ရရှိတဲ့ သိမြင်မှု သက်သက် စိမ့်ဝင်နေတယ်။

ဇင်ပန်းချီကား တစ်ချို့ကို ခင်ဗျား ကြည့်ဖူးလား။ ပန်းချီ ပိတ်ကား အတွင်းမှာ တောင်တန်းတွေ အကြီးကြီးတွေ ရှိနိုင်တယ်။ သစ်ပင် စိမ့်စမ်းတွေ တကျယ် တပြော ကြီး ရှိနေနိုင်တယ်။ လစန္ဒာနဲ့ အမှောင်တွေ ထူထူပိန်းပိန်း ရှိနေနိုင်တယ်။ ဒါပေတဲ့ ခင်ဗျား မြင်တွေ့ ရမှာ က ပျောက်ကွယ်နေတဲ့ လူသားရဲ့ အသွင်သန္တာန်ပဲ ဖြစ်ပါတယ်။ ပါဝင်နေတဲ့ လူရိပ်တွေဟာ သေးငယ် လွန်း တယ်။

အနောက်တိုင်း ပန်းချီကားတွေဟာ တစ်ချပ်လုံး အပြည့် ဆေးရောင်မျိုးစုံ ဆွဲ ချယ် ထားနိုင်တယ်။ လူသားတွေရဲ့ ပုံပန်းသဏ္ဍာန်ဟာ ထင်ရှား သိသာ နေလိမ့်မယ်။ ဇင်မှာ အဲ့ဒီ ပန်းချီတွေဟာ အချိုးမကျဘူးလို့ မြင်တယ်။ ဇင်ရဲ့ ပန်းချီတွေမှာတော့ ပန်းချီကား တပြည့်လုံး ချယ်ချင်မှ ချယ်လိမ့်မယ်။ လူသားလည်း ပါဝင်ချင်မှ ပါဝင်မယ်။ သဘာဝရဲ့ အဖြစ်သာ ကဲမိုး နေတတ်ပါတယ်။ လူသား တွေရဲ့ အဖြစ်ကို သဘာဝ တောတောင် ရေမြေတွေကသာ ဖုံးလွှမ်းထားတယ်။ တကယ် စင်စစ် လူသားဟာ ဒီလောကဓာတ် ရဲ့ သေးငယ်တဲ့ တစ်နေရာလေး သာ ပိုင်ဆိုင်ထားတယ် မဟုတ်လား ။ ဒါကို ဇင် ပန်းချီကား တွေက အတိအကျ ဖော်ပြတယ်။

ဒါ့ကြောင့် ဇင် ပန်းချီကားတွေဟာ စုတ်ချက်ကြမ်းကြမ်း ရှိနေတတ်တယ်။ ဆွဲသားနေစဉ် ခဏ ~ သိရှိခံစားစိတ်ဟာ နောင်တစ်ချိန် ကြည်ရှုသူရဲ့ နှလုံးအိမ်ကို တိုက်ရိုက် သက်ရောက် ပါတယ်။ ပန်းချီကား အတွင်း စိမ့်ဝင်နေတဲ့ တိတ်ဆိတ် ငြိမ်သက်မှု သက်သက်ဟာ ရှုကြည့်သူရဲ့ ဘဝင်စိတ်ထဲ ရုတ်ခြည်း ဝင်ရောက် နိုင်တယ်။ ဒါ့ကြောင့် ဇင်ပန်းချီတွေက အခြားနဲ့ မတူဘဲ ဘာတွေ ကွဲပြားနေ လို့ပါလဲ မေး ရင် ~ ဇင် ပန်းချီတွေဟာ ခံစားမှုထက် ဘာဝနာကို တိုက်ရိုက် ညွှန်းဆိုနေပါတယ်။ အဲ့ဒီ အချက်ကြောင့် အခြား ပန်းချီတွေနဲ့ မတူ၊ ကွဲပြားနေရတာပဲ ဖြစ်ပါတယ်။

Osho

ပန်းချီ တစ်ခုတည်း ကို ဆိုနေပေမယ့် ဂီတ၊ ကဗျာ၊ စာပေ၊ သဘင် တွေမှာလည်း ဘာဝနာ စိမ့်ဝင်မှု ရှိရင် ရှိတဲ့ အလျောက် “ဘာသာရေး နွယ် တဲ့ အနုပညာ” တစ်ရပ်ဟာ သီးခြား ရှိနေပါတယ်။ စင်စစ် အနုပညာ ကို ရှုံ့ချကြတဲ့ ဘာသာစွဲ ကျမ်းကိုင်ဆရာ တစ်ချို့ ရဲ့ စကားမှာ ~ အနုပညာဟာ လူသားတွေရဲ့ အသိကို အဆိပ်ခတ် နှောင့်ယှက်တယ် ~ ဒ့ါကြောင့် အပြစ်ကြီးတယ် ~ တစ်ဆက် တည်း အနုပညာဖန်တီးသူ အနုပညာရှင်တွေဟာ အပြစ်သားတွေ ဖြစ်တယ်~ လို့ ပါရှိတယ်။ အဲ့စကား ဟာ ကျေးဇူးကန်း တာလည်း ဖြစ်သလို- အနုပညာ နဲ့ လူကို နားမလည်ရာလည်း ကျပါတယ်။

ဘာသာရေး ဂိုဏ်းဂဏ တံဆိပ်တစ်ရပ် – နှစ်ထောင်ပေါင်းများစွာ ကြာရှည်တည်တံ့ဖို့ အနုပညာက ဆောင်ကျဉ်းပေးတာ အားလုံး သိပါ တယ်။ ဒါကို ပစ်ပယ်ထားလို့ မရဘူးရယ်။ ဒါ့အပြင် လူမှု ဆိုင်ရာ ယဉ်ကျေးမှု ကို ပြဋ္ဌာန်း ရှေ့ဆောင် တဲ့ အရာတွေအထဲ အနုပညာ ပါဝင် နေသေး တယ်။ ဒါကိုရော ငြင်းပယ်မလား မေးရပါလိမ့်မယ် ။ စင်စစ် ဘာသာ၊ သာသနာကို အနူးညံ့ဆုံးနဲ့ ရေရှည် တည်တံ့အောင် ဖော်ကျူးပြနေ တဲ့ ပြယုဂ် ဟာ အနုပညာ ဖြစ်ပါတယ်။ လူတွေ ရဲ့ စိတ်ကို နူးညံ့သိမ်မွေ့ စေနိုင်တဲ့ လောကီ ပညာ ဟာလည်း အနုပညာ သာ ဖြစ်တယ်။ ယဉ်ကျေးမှု အဆက်ဆက် မှာ အနုပညာ ကို အသုံးချပြီး ဘာသာ၊ သာသနာ၊ နိုင်ငံရေး၊ လူမျိုးရေးတွေကို ဖော်ဆောင် “ကိုယ်စားပြု” ခဲ့ကြတယ်။

တကယ်က အဲ့ဒီ စွပ်စွဲချက်တွေမှာ ပါဝင်တဲ့ စကားတွေ အတိုင်း ~ လူတွေ ရဲ့ အသိ ကို အစွဲ အဖြစ် အဆိပ်ခတ် တာဟာ အနုပညာ မဟုတ်ပါဘူး ။ လူတွေ ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ တလွဲဆံပင်ကောင်း အသုံးချရင် အသုံးချသူ လွဲမှာပဲ။ ကျနော် ဒီပို့စ် တစ်ခု လုံး ပြောလိုတဲ့ စကားဟာ ဒါပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် စင်စစ် အနုပညာဟာ ( အထက်မှာ ဆိုခဲ့တဲ့ အတိုင်း ) ဘာသာရေး ( Religion ) နဲ့ သိပ္ပံ ( Science ) တို့ နှစ်ခု ကြား တည့်တည့် မှာ တည်ရှိ တယ်။ လေးနက်တဲ့ အသိ၊ နက်နဲတဲ့ ဘာဝနာ ပြည့်ဝ ဖော်ကျူးရင် ဖော်ကျူးနိုင်တဲ့ အလျောက် အနုပညာဟာ ဘာသာရေး ဆန်နေ မှာပဲ။ ဆိုလိုတာက အနုပညာဟာ သိမှုဆီကိုလည်း ညွှန်းဆိုနိုင်နေကြောင်း နားလည်ထားရပါလိမ့်မယ်။ ဒါဟာ ဘာအပြစ်များ ရှိနေပါ သ လဲ။ တစ်ဖက်မှာ – အနုပညာကို ပျော်ပါး၊ စွဲလမ်းဖို့ ရာ သက်သက် အတွက် သုံးရင်လည်း ရနေတယ်။ ဒါ့ကြောင့် အမှား လို့ ကဲ့ရဲ့မယ် ဆိုရင် မျက်လုံးတစ်ဖက် ကန်းနေတဲ့ သူလို့ ပြန်ပြောရပါလိမ့်မယ်။ စစ်စစ် အနုပညာကို အကောင်း အဆိုး ဝေဖန် မယ် ဆိုရင် အဲ့ဒီ အနုပညာအပေါ် ခံစားသူရဲ့ ဟဒယ ၊ အနုသယကိုလည်း ကြည့်မြင် ဝေဖန်ရပါလိမ့်မယ်။

အနုပညာ သမား တစ်ဦးကို “ဖက်ခွက်စား၊ အနိမ့်စား၊ ငရဲသား” လို့ ဝေဖန်မယ် ဆိုရင် အဲ့ဒီ “ဖက်ခွက်၊ အနိမ့်၊ ငရဲ” တွေနဲ့ အတူ အနုပညာ ကိုလည်း ဝေဖန်သူ ကာယကံရှင်က နားလည်ထားဖို့ လိုပါမယ်။ ဆိုလိုတာက – လူက မှားတာလား ~ အနုပညာ က မှားသလား ခွဲခြားနိုင် ဖို့တော့ လိုလိမ့်မယ်။

……………..
Feb. 3rd. 2012 at 5:30 PM
………………
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/
………………

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: