သုညတ ကိုယ်တော်

ဇင်ကိုယ်တော် တစ်ပါး ရှိတယ်။ သူ့ကိုယ်သူ “သုညတ ကိုယ်တော်” လို့ နာမည် ပေးထားတယ်။ စင်စစ် – သူဟာ ဘာမှ မသိတဲ့သူ၊ အသိ အမြင် ဘာမှ မရှိ၊ ဘာမှ နားမလည်ထား တဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် သူ မသိ၊ မတတ်၊ နားမလည် တာကို လူမသိစေချင်ဘူး။ ဒါ့ကြောင့် ထက်မြက်တဲ့ ကိုယ်တော် နှစ်ပါးကို သူ့ဘေးနား ခေါ်ထားတယ်။ တကယ်လို့သာ တစ်စုံတစ်ယောက်က တရားစကား အမေး အမြန်း ပြု လာခဲ့ရင် သူတို့ နှစ်ပါးကပဲ ဖြေ၊ သူကတော့ ဆိတ်ဆိတ် နေတယ်။ ဘာမှ ကို မပြောဘူး – အခန့်သား – ဆိုပါတော့။ ဒီလို စကား ဘာမှ မပြော၊ မဆို တဲ့ အတွက် လည်း သူ့ကိုယ်သူ သုညတ ကိုယ်တော် အဖြစ် ကောင်းကောင်း နာမည် တပ် ထားနိုင်ခဲ့တယ်။

တစ်နေ့တော့ ~ ကျောင်းကို – အာဂန္တု ရဟန်း တစ်ပါး ရောက်လာတယ်။ ဖြေကြားလေ့ ရှိတဲ့ ဟို ကိုယ်တော် နှစ်ပါးကလည်း ကံ ဆိုးချင်တော့ – အဲ့အချိန် – သူ့အနား မှာ – ရှိမနေဘူး ။ “သုညတ ကိုယ်တော်”ကြီး ဖြစ်တဲ့ သူသာလျှင် အထီးတည်း ရှိနေတယ်။ အာဂန္တု ရဟန်းက ရောက်ရောက်ချင်းပဲ ကိုယ်တော်ကြီး ကို မေးခွန်း တစ်ခု မေးတယ်။

“ဆရာတော်ဘုရား၊ ဗုဒ္ဓ ဆိုတာ ဘာလဲ”

ကိုယ်တော် လည်း ဘာဖြေရမှန်း မသိတော့၊ ကျီးကြည့် ကြောင်ကြည့်- ဟိုကြည့် ဒီကြည့်ပေါ့။ တောင်တောင် အီအီ ဟိုငေး ဒီငေး ဖြစ် သွား တယ်။ ဘာမှလည်း မပြောသာ ဘူးရယ်။ ဒါပေမယ့် အာဂန္တု ရဟန်းက ကျေနပ်သွားဟန် တူပါတယ်။ နောက်မေးခွန်းတစ်ခု ထပ်မေး တယ်။

“အရှင်ဘုရား၊ ဓမ္မ ဆိုတာ ကရော ဘာကို ခေါ်တာ ပါလဲ”

ဒီမေးခွန်း လည်း ကိုယ်တော်ကြီး မဖြေနိုင်ပြန်ဘူး။ စိတ်ပေါက်ပေါက်နဲ့ ကျောင်းသင်္ခမ်း ရဲ့ ပြတင်းပေါက်ဘက် ကို လှမ်းကြည့်တယ်။ ရှေ့က လမ်းကို မျှော်ကြည့်ဖို့ စိတ်ကူးနဲ့ပဲ။ ဒါပေမယ့် လိုက်ကာ – ကွယ်နေတော့ ဆွဲဖြုတ် ချလိုက်တယ်။ တကယ်က ကျောင်းပြင်ဘက် လမ်းကို လှမ်းငေးပြီး သူ့ကိုယ်တော် နှစ်ပါးကို မျှော်တာ။ ဒီ အာဂန္တုရဲ့ မေးခွန်း တွေနဲ့ သူ တော်တော် စိတ်ရှုပ်နေပြီကိုး။ ဒီ ကိုယ်တော် အစုတ်အပြတ် နှစ်ကောင် ဘယ်သဝေထိုးနေသလဲ မသိ။

ဒါပေတဲ့ ရဟန်းက ဆက်မေးပြန်တယ်။ “ဇင်ဆိုတာ ဘာလဲ” ~

ကိုယ်တော်လည်း သက်ပြင်းမော တစ်ချက်ချတယ်။ အဲ့ဒီနောက် မျက်လုံးမှိတ် ထားလိုက်တယ်။

အာဂန္တု ရဟန်း လည်း နောက်ဆုံး မေးခွန်း ကို မေးပါတယ်။

“သန္တိ ( ချမ်းမြေ့မှု သုခ ) ဆိုတာ ဘာလဲ”

ကိုယ်တော်ကြီး လုံးဝ စိတ်ပျက်သွားတယ်။ ဘယ်မေးခွန်းကိုမှ လုံးဝ မဖြေနိုင်ခဲ့တဲ့ အတွက် နောက်ထပ် မေးခွန်းလည်း မမေးတော့ဖို့ လက်ကာပြပြီး အရှုံးပေး လိုက်တယ်။ ဦးညွှတ်ပြလိုက်တယ်။

ဒါပေမယ့် အမေးပုစ္ဆက ပြုတဲ့ ရဟန်းဟာ အင်မတန် ပီတိ ဖြစ်သွားတယ်။ ကိုယ်တော်ကြီးရဲ့ အပြုအမူတွေကို ကြည့်ပြီး ကျေနပ် အားရသွားတယ်။ ကိုယ်တော်ကြီးရဲ့ ကျောင်းသင်္ခမ်းက ထွက်လာပြီး သူရဲ့ ကျောင်းသင်္ခမ်းကို ပြန်ရောက်တယ်။ သူ့ရောင်းရင်းတွေကို ဝမ်းသာ အားရပြောတော့တာပဲ။ သူဟာ တကယ့် ကိုယ်တော်ကြီးနဲ့ တွေ့ခဲ့တယ် ဆိုတဲ့ အကြောင်း၊ ဒီကိုယ်တော်ကြီးဟာ အသိအမြင် ရပြီး ဖြစ်တယ် ဆိုတဲ့ အကြောင်း၊ သူ အမေးပြုသမျှ အကုန်အစင် ပြန်ဖြေဆိုနိုင်ခဲ့တယ် ဆိုတဲ့ အကြောင်း ပီတိတွေ ရွှမ်းပြီး ပြောပြနေတော့တယ်။

သူက –

“ငါ သူ့ကို ဗုဒ္ဓ ဆိုတာ ဘာလဲလို့ မေးတယ်။ သူက ဟိုလှည့် ဒီလှည့် မျက်နှာမူပြတယ်။ ဟိုကြည့် ဒီကြည့် ကြည့်တယ်။ သူ ဆိုလိုတာက – လူတွေဟာ ဗုဒ္ဓကို ဟိုမှာ ဒီမှာ စသဖြင့် ရှာဖွေ ကြတယ်။ တကယ် စင်စစ်က ဗုဒ္ဓဟာ အဲ့ဒီ အရပ်မျက်နှာ တွေမှာ ရှိတာ မဟုတ်ဘူး။ အဝေး အရပ်မှာ ရှိနေတာ မဟုတ်ဘူး။ ဒီ မေးခွန်း အတွက် ဘယ်လောက် ပြည့်စုံတဲ့ အဖြေလဲ။

နောက်တစ်ခါ ဓမ္မ ဆိုတာ ဘာလဲလို့ ငါမေးလိုက်ပြန်တယ်။ သူက ပြတင်းလိုက်ကာကို ဆွဲချလိုက်တယ်။ ဟုတ်တယ်။ ဓမ္မဆိုတာ အမြင်ကို သာ ဆိုလိုတယ်။ အမှောင်တိုက်တွေ ဖယ်ထုတ်ပြီး – ရရှိလာတဲ့ – ရှင်းလင်း တဲ့ အမြင် ဟာ ဓမ္မပဲ။ ဒါကို တခဏလေးနဲ့ ပြလိုက်တယ်။ ဘယ်လောက် ဥာဏ်ပညာ ကြီးလိုက်သလဲ။

နောက်တစ်ခါ ဇင်ဆိုတာဘာလဲလို့ ငါမေးတော့ – သူက ငြိမ်သက်သွားတယ်။ မျက်လုံးပါ မှိတ်ကျသွားပြီး ဘာမှကို မပြောဘဲ ငြိမ်ငြိမ်ကလေးရယ်။ ဒါဟာ ငါတို့ စာပေတွေထဲ သင်ကြားရတဲ့ စာတစ်ပိုဒ်နဲ့ ကိုက်ညီနေတယ်။ “မျက်ဝန်းအစုံကို ပိတ်၍ လေးနက်သော တိမ်သလ္လာတို့ အလယ်တွင် နက်နဲစွာ အသံပြု တည်ရှိ၏ ထိုသူကို စစ်မှန်သော ရဟန်းဟု ဆို၏” ~ အဲ့ဒီ ကျမ်းထွက်နဲ့ အင်မတန် ကိုက်ညီတဲ့ သရုပ်ပဲ။

ငါ့နောက်ဆုံး မေးခွန်း ~ သန္တိဆိုတာ ဘာလဲလို့ မေးတော့ သူ့လက်တစ်ဖက် ဆန့်ထွက်လာတယ်။ ငါ့ကို ဝှေ့ယမ်းပြတယ်။ ပြီးတော့ ဦးညွှတ်ပြတယ်။ စင်စစ် ချမ်းမြေ့မှု ( သန္တိ ) ဆိုတာ ~ လေးနက်တဲ့ အသိကပဲ လာတယ်။ သိရှိပြီးတဲ့ ဓမ္မကိုလည်း ညီတူ ညီမျှ ဝေမျှ တယ်။ သန္တိဆိုတာ သင်္ခါရ ဓမ္မအားလုံး အပေါ် လက်ခံပေးခြင်း၊ လမ်းညွှန်မှု ပြုခြင်း ပဲ လို့ ဆိုရမယ် မဟုတ်လား။

အို~ ဘယ်လောက် ဥာဏ်ပညာ မြင့်မြတ်ဖြူစင်လိုက်တဲ့ ကိုယ်တော်ကြီးလဲ ~ သူ့ ရဲ့ ညွှန်ကြား ဖြေကြားသမျှ ဘယ်လောက်လေးနက် လိုက်သလဲ၊ သာဓု ~ သာဓု ~ သာဓု။”

အဲ့ဒီ အချိန် – သုညတ ကိုယ်တော်ကြီးရဲ့ ကျောင်းသင်္ခမ်းမှာတော့ –
ကိုယ်ရံတော် ကိုရင်ကြီး နှစ်ပါးကို ရှေ့ထားပြီး ကိုယ်တော်ကြီး ခမျာ – ဆူပူ မောင်းမဲ နေတော့ တယ်။

“မင်းတို့ နှစ်ကောင် အဲ့အချိန်က ဘယ်သွား ဂလေလိုက် နေကြသလဲ။ အဲ့အာဂန္တု ရဟန်း မေးသမျှ၊ မြန်းသမျှ ငါ့မှာ ဂွတီးဂွကျနဲ့ ၊ နေ့လည်ပိုင်းက ငါ့မှာ ရူးတော့ မတတ်ဘဲ၊ မျှော်လိုက်ရတာကွာ ~ အသုံးကို မကျဘူး! ”

……………
Ref: Osho
……………
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/
……………

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: