“သန္တိ” သို့

ချမ်းမြေ့မှုသည် အလှတရားကို ဆောင်ကျဉ်း၏။
ချမ်းမြေ့မှု၏ ရိုးရှင်းသော ဆိုလိုရင်းမှာ ~
အပြည့်အဝ ဖြေလျော့နားနေခြင်း ရောင်ဝန်း ပင် ဖြစ်သည်။

~ Osho

မိမိ နေထိုင်ရာ ခဏတာ အတွင်း ~ မိမိ သဘော နဲ့ မိမိ ဘယ်အရာကိုမှ ဝင်မပါဘဲ နေနိုင်ပါသလား။ ~ သက်ရောက် လာသမျှ အရာရာ အပေါ် သူ့သဘော သူဆောင် ခွင့် ပေးနိုင်မလား။ (ဝါ) အလို အလျောက် ဖြစ်တည် ခွင့် ပေးလိုက် နိုင် ပါသလား။

ဒီမေးခွန်း တွေဟာ စင်စစ် ဘာဝနာနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။ အဲ့ဒီ မေးခွန်း တွေအပေါ် “ဟုတ်ကဲ့” ချည်းသာ ဖြေနိုင်မယ် ဆိုရင် ~ စာရှုသူ ခင်ဗျားဟာ ချမ်းချမ်းမြေ့မြေ့ နေထိုင်နိုင် သူ လို့ ဆိုရ ပါလိမ့်မယ်။ အဲ့ဒီ အချိန် အခါမှာ ~ စာရှုသူ တို့ရဲ့ အဲ့ခဏတာ ဟာ တကယ်လည်း သူ့သဘော နဲ့သူ သာ ဖြစ်ပျက် ပြောင်းလဲ နေတယ်။ မိမိ အနေနဲ့ အလဟဿ ဝင်ရောက် ချယ်လှယ် နေစရာ မလိုအပ်ကြောင်း တွေ့နိုင် ပါတယ်။ ဒါဟာ ချမ်းမြေ့မှု ( သန္တိ ) ပြည့်ဝတဲ့ သူမှာသာ ထင်ရှား တယ်။ တနည်း- ဘာဝနာ ပြည့်ဝ ထုံမွှမ်း လာ နိုင် တဲ့ အခါ မှာ ပိုပြီး ရှင်းရှင်း သိမြင် လာနိုင် ပါတယ် ။

ခင်ဗျား သန္တာန် မှာ ဘာဝနာ ပြည့်ဝ လာမယ် ဆိုပါစို့။ အဲ့ဒီ အခါ ခင်ဗျား ကြုံဆုံရတဲ့ ခဏတာ ချင်း ဟာ စောင့်ကြည့်နေ တဲ့ သန္တာန် သက်သက် သာ ဖြစ်လာတယ်။ ~ လာမယ့် နောက် တစ်ခဏ ကို မျှော်လင့် ၊ သုံးသပ်နေ တာ မရှိဘူး။ ခွဲဖြတ် အားစိုက်မှု မရှိဘူး။ တကယ် လည်း မလိုအပ် နေပါဘူး ။ ရိုးရှင်း ပွင့်လင်း စွာ နဲ့ပဲ အဲ့ဒီ တခဏ ကို ကုန်ဆုံး သွား တယ်။ ဒါကို ထင်ထင် ရှားရှား တွေ့ရ ပါလိမ့်မယ် ။ နောက် တစ်နည်း ပြောရင် ~ ခင်ဗျား စင်စစ် ရရှိ တဲ့ ခဏကို အကုန် အစင် မချွင်း မချန် သောက်သုံး ပစ်လိုက် တယ်။ ထပ်ရောက် လာတဲ့ နောက် တစ်ခဏ ဟာလည်း မိမိ အလိုဆန္ဒ မပါဘူးရယ်။ သူ့ သဘော နဲ့ သူသာ ဖြစ်ပေါ် ပြောင်းလဲ သွား ပါတယ်။

ဘာဝနာ ရဲ့ သတ္တိကြောင့် ခင်ဗျား ရဲ့ သန္တာန် မှာ မှတ်တိုင် မရှိတော့ ဘူး။ ပုံသေ ကိုင်စွဲ သတ်မှတ်ချက် မထား ဘူး။ စံပုံစံ၊ ကန့်သတ်၊ ဥပဒေ ဆုပ်ကိုင် မရှိဘူး။ ဆုံးဖြတ် ချက်၊ မျှော်လင့်ချက် ဘာတစ်ခု မှ ရှိမနေဘူး။ ဒီ တခဏ ဟာ ချမ်းမြေ့တဲ့ မိမိ သန္တာန် သက်သက် ငြိမ်ဝပ် နေပါတယ်။ ချမ်းမြေ့ ကြည်လင် တဲ့စိတ်နဲ့ ရှင်သန် နေထိုင် လျက် ရှိနေတယ်။

ဘာဝနာနဲ့ ထုံမွှမ်းထားသူဟာ ဒါကို ခဏတိုင်း၊ ခဏတိုင်း၊ မြင်သိပါတယ်။ မိမိ သန္တာန် ရဲ့ ကြည်လင် ရှင်းလင်း နေတဲ့ အဖြစ် ကို လည်း တွေ့တယ်။ ဒါဟာ ရိုးရှင်းနေ တယ် မဟုတ်လား ။ ဒါပေတဲ့ အဲ့လို ရိုးရှင်း လွန်းနေ တာ ကြောင့် လည်း ဘာဝနာ ဟာ အခက်ခဲဆုံး ဖြစ်သွားရ တော့ တယ်။

ထားပါစို့ ~ အလွယ် ပြောကြည့်ပါမယ်။

ကျနော်တို့ ရရှိ ထားတဲ့ ဒီနေ့ တစ်နေ့ ( ပစ္စုပ္ပန် ) ကို အခု ခဏ စာဖတ်ရင်း ဖြစ်ဖြစ် ~ စောင့်ကြည့်နေကြည့်ပါ။ နေထိုင် နေတဲ့ ဒီတခဏ ဟာ မိမိရဲ့ မော ပန်း တကြီး ၊ အားစိုက်မှု မလိုအပ်နေဘဲ~ သူ့ချည်း သက်သက် လည်း ပြည့်စုံ လုံလောက် နေတာ တွေ့ရပါလိမ့်မယ် ။ အဲ့ဒါလေးပဲ။

နို့ပေမယ့် ~ ဒီ “အဲ့ဒါလေး” ကို မမြင်နိုင်တာ ဟာ အထပ်ထပ် စွဲနေတဲ့ ကျနော်တို့ စိတ်ကူး အတွေး တွေသာ ဖြစ် ပါတယ်။ ဒါ့ကြောင့် “အတွေး တွေ၊ မျှော်လင့်ချက်တွေ ကိုသာ အားသန်နေသူ” အဖို့ ဘာဝနာဟာ အခက်အခဲ ကြီး ဖြစ်နေ ရတော့ တယ်။ စင်စစ် ဘာဝနာနဲ့ ပြည့်ဝ ထုံမွှမ်း လာတဲ့ အခါ~ ရှုမှတ် သိမြင် ထား တဲ့ အခုခဏ အတွင်း ~ မနက်ဖြန် အတွက် အစီအစဉ် မပါဝင်နေဘူး ဆိုတာ တွေ့နိုင်တယ်။ မျှော်လင့်ချက် ရှိမနေဘူး ~ နောက် ကြောင်းပြန် လွမ်းဆွေးမှု မရှိဘူး။ အတိတ်ကို ပြေးမသွား နိုင်တော့တဲ့ အတွက် ~ အနာဂတ် အဝေးကြီးလည်း ပြေးမသွား နိုင် တော့ဘူး ရယ်။ ယုတ်စွ အဆုံး ~ ဒီ တစ်ခဏ ရဲ့ အလွန် – နောက်တစ်ခဏ အတွက် လည်း အစီအစဉ် မရှိဘူး ဆိုတာ တွေ့သိနိုင် ပါတယ် ။

ဘာဝနာ ကြောင့် ~ ခင်ဗျားရဲ့ ကနေ့ တစ်နေ့တာ ဟာ ကြည်လင် ချမ်းမြေ့ လျက်နဲ့ ကုန်ဆုံး ပြီးပြတ် သွား တယ်။ ထပ်မံ ရောက်ရှိ လာတဲ့ နောက် တစ်ရက်တာ ( ဝါ ) မနက်ဖြန် ကို အခုခဏတွေ ဖြတ်သန်း ရောက်ရှိတဲ့ အခါ ဘာဖြစ်သွားမလဲ။ ခင်ဗျား သန္တာန်ဟာ သစ်လွင် ကြည်စင်နေမယ်။ ဟင်းလင်း ဖွင့်ထား လျက်သား ရှိနေ ပါတော့တယ်။ အထူးသဖြင့် ခဏတိုင်းအတွင်း ခင်ဗျားရဲ့ အသက်ရှူ လှုပ်ရှား နေထိုင်နေသမျှဟာ ပေါ့ပါး ငြိမ်သက် သွား တယ်။ အတိတ် ပုံရိပ် တွေ မပါဝင် တဲ့အတွက် ~ နောက်တစ်နေ့ မနက် အရောက် ခင်ဗျား မြင်ရမယ့် အရာ တွေမှာ ~ Mystic ထူးခြား သစ်လွင်လျက် ရှိနေတယ်။ သူ့သဘောနဲ့သူ တည်ငြိမ် သွားကြတယ်။ ချမ်းမြေ့တဲ့ သန္တာန်ဟာ အထင်အရှား ထုံမွှမ်း ရှိနေကြောင်း ရှင်းရှင်းလင်းလင်း တွေ့သိ နိုင်ပါတယ်။

ဥပမာ ~ ခင်ဗျားရဲ့ မနက်အာရုံတက် အချိန်မှာ နေမင်း အသစ်၊ နေခြည် အသစ်၊ လေပြေ အသစ်၊ ခင်ဗျား ကြုံဆုံရတဲ့ လူတွေ အားလုံး၊ အရာအားလုံး သစ်လွင် ဖြစ်တည် နေကြကြောင်း ( အတွေးစဉ်၊ ယုတ္တိ၊ စိတ်ကူးယဉ် မပါဘဲ ) ဘာဝနာကြောင့် အကြည်လင်ဆုံး သိမြင်သွားမယ်။

မနက် အရုဏ်တက် ပန်းလေး တစ်ပွင့် ကို ကြည့်ကြည့်ပါ။ ဘာဝနာရဲ့ အလုပ်ဖြစ်တဲ့ “စောင့်ကြည့် ရုံမျှလေး” အတိုင်း စောင့်ကြည့် နေကြည့်ပါ။ အတွေး ကန့်သတ်ချက် တွေ ဝင်ရောက် မနှောက်ယှက် တဲ့ မိမိ သန္တာန်မှာ အဲ့ဒီ ပန်းကလေးဟာ လှချင်တိုင်း လှနေကြောင်း ထိတွေ့ခံစား ရနိုင် ပါတယ်။ ခွန်အား စိုက်ထုတ် စရာ ၊ ရုန်းကန် တိုးထွက် နေစရာ မလိုကြောင်း လည်း သိနေသလို၊ အဲ့ဒီ ပန်းလေးဟာ သူ့သဘာဝနဲ့သူ ဖူးပွင့် နေကြောင်း လည်း သိတယ်။ သူ တင်မက ~ နိုးကြားနေတဲ့ လူသား ၊ မိမိ ပတ်ဝန်းကျင်၊ လုပ်ကိုင် လှုပ်ရှား ကျင်လည် နေရာ ဌာနရပ်ဝန်းက အစ၊ တိရစ္ဆာန် အလယ်၊ သစ်ပင်တောတောင် ရေမြေ အဆုံး ၊ အားလုံး ဟာ အဲ့ဒီ ဘာဝနာ ပြည့်ဝနေချိန် မှာ ချမ်းမြေ့နှစ်လို စဖွယ်ချည်းသာ ဖြစ်ကြောင်း မိမိ သန္တာန်ထဲ အထင်းသား မြင်သိလာပါတယ်။

ပုံမှန် သမားရိုးကျ အားဖြင့် ~ ချမ်းမြေ့ကြည်စင် တဲ့ သန္တာန် ကို ကျနော် တို့ အများစု အပြည့်အဝ မရရှိနိုင်ကြဘူးရယ်။ အဲ့ဒါ ဘာကြောင့်လဲ လို့ မကြာခဏ မေးခွန်းထုတ် အဖြေရှာ လေ့ ရှိပါတယ်။ ဘာသာရေး ဂိုဏ်းဂဏ ၊ စနစ်၊ ဝါဒ အားလုံးဟာ ဒီနေရာမှာ အနည်းနဲ့အများ မှီတွယ် ကပ်ညိထား တယ်။ အပြည့်အဝ အခြေခံနေတယ် လို့တောင် ဆိုချင်ပါတယ် ။ စင်စစ် ကျနော်တို့ ခင်ဗျား တို့ရဲ့ သမားရိုးကျ ဘဝ~ ကြည်လင် အေးမြ မနေနိုင် ရခြင်းဟာ ~ ( မလိုအပ်ဘဲ ) ဝင်ရောက် ဝေဖန် ခွဲခြား နေတတ်တဲ့ ကျနော်တို့ သန္တာန် ကြောင့်သာ ဖြစ်ပါတယ်။ ( တနည်း ) မိမိသန္တာန် အတွင်းက စိတ်ကူး၊ အတွေး၊ စေတနာ (ဝါ) စေ့ဆော်ချက်၊ မျှော်လင့်ချက်နဲ့ မျှော်မှန်းချက် တွေကြောင့်သာ ဖြစ်တယ်လို့ ရှင်းလင်းတဲ့ အဖြေ ထွက်ရှိ ပါတယ် ။ ဒီအဖြေရဲ့ မှန်ကန်မှု ရှိမရှိ ကို သံသယ ရှိပါသလား။ စင်စစ် အဲ့သည် အကြောင်းရင်း ကို ဘာဝနာနဲ့သာ မြင်သိနိုင်တယ်။ ဘာဝနာ ဆိုလို့ အကြာကြီး မဟုတ်ဘူးရယ် ~ အခု ခဏလေး အတွင်း ခင်ဗျား သိရှိနိုင်ပါတယ်။

ဒါကြောင့် ~ ဘာသာရေး ၊ ဂိုဏ်းဂဏ ၊ ဝါဒ အစွဲ သတ်မှတ်စရာ မလိုဘဲ ~ မိမိဘဝရဲ့ ချမ်းမြေ့မှု သန္တိ ကို မိမိဘာသာ သိမြင် ရရှိ နိုင်တာ ဟာ ဘာဝနာ သာ တစ်ကြောင်းတည်း ရယ်။ သူက အခု လက်ရှိ ခင်ဗျား ရဲ့ ခဏတာ အတွင်း မိမိကိုယ်ကို ဝင်ရောက် ခွင့် မပေးဘူး။ ခွဲခြား ဆုံးဖြတ်ခွင့် မပေးဘူး ။ ခင်ဗျား ကြုံဆုံတဲ့ ဒီ ခဏတာ ဟာ သူ့ဟာသူ၊ သူ့သဘောနဲ့သူ ဆုံးဖြတ် ဖြစ်ပျက်သွားတယ်။ ဝင်ရောက် စီမံဖို့ ရောက်လာမယ့် ခင်ဗျား အလိုဆန္ဒတွေ ကလည်း ဝင်ရောက် ချယ်လှယ် မနေနိုင်တော့ဘူးရယ်။ အားစိုက် ကြိုးပမ်း မနေတဲ့ သန္တာန်နဲ့ အခု တစ်ခဏတာချင်း အတွက် အပြည့်အဝ ဖြေလျော့ ထားတယ်။ ဟင်းလင်း ဖွင့်၊ လွတ်လပ်ခွင့် ပေး ထားတယ်။

ဒါ့ကြောင့် ခင်ဗျားရဲ့ နောက်တစ်ခဏ အတွက် ဘာဖြစ် လာမတဲ့ လဲ။ သူ့အတွက် ဖြစ်နိုင်စွမ်း ရှိသရွေ့ အပြည့် အဝ ဖြစ်တည်ခွင့် ပေး ထား ပါတယ်။ မိမိအနေနဲ့ ပွဲကြည့်ပရိသတ် အဖြစ် သာ ရှိတော့ တယ်။ ဘာဝနာ ရဲ့ ပင်မ အလုပ်ဖြစ်တဲ့ မပြတ်မလပ် စောင့်ကြည့် နေရုံလေး ပဲ ။ တနည်း ဆိုရင် ~ ကျနော်တို့ အလုပ်က – အခုခဏ ကို သူ့ဘာသာ သူ ၊ သူ့သဘောနဲ့ သူ ဖြစ်တည် နိုင်ဖို့ အခွင့်ပြု လိုက်ရုံလေး သာ ဖြစ်ပါတယ်။ ကြည်လင်ချမ်းမြေ့တဲ့ သိမှု သန္တာန်လေးမျှ အတွင်း နေထိုင် ရှင်သန် နေတဲ့ အတွက် ခင်ဗျား အခု တခဏ အရာအားလုံး ဟာ ~ ချမ်းချမ်းမြေ့မြေ့ ဖြစ်ပျက် သွား၊ ကုန်ဆုံး သွားကြ ပါလိမ့်မယ်။

……………

ဘာသာ အစွဲမထား ၊ ပွင့်လင်းတဲ့ စိတ်နှလုံးသား ရှိကြမယ် ဆိုရင်
တိုက်တွန်း လိုတဲ့ Further Reading များ အဖြစ် ~

  • မဟာစည် ဆရာတော် ~ မာလုကျပုတ္တသုတ်
  • Seyyed Hossein Nasr – The Vision and Promise of Sufism
  • Osho ~ Be Silent and Know, Orange Book.

Feb 16th 2012 at 4:00 PM
……………
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/
……………..

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: