ယခု

~ ဘာဝနာ ၏ ဦးတည်ရာသည်
နက်ရှိုင်းသော အတွင်း သန္တာန်၏ သိမှုဆီသို့
ဆိုက်ရောက် သည်။
~ တစ်ပြိုင်နက်တည်းတွင်ပင်
“အတွင်း အနှစ် အချည်းနှီး ဖြစ်လျက် ရှိခြင်း” တည်း ဟူသော
ပြည့်ဝမှုဆီသို့လည်း ဦးတည်၏။

Osho

ဘာဝနာမှာ ဘာလိုအပ်သလဲလို့ မေးရင် “Just to watch and not to do anything” စောင့်ကြည့်ရုံကလွဲပြီး ကျန်တာ ဘာမှ မလုပ်ဖို့ ~ အဲ့ဒါပဲ လိုအပ် ပါတယ်။ ဒီစကားဟာ လွယ်ကူပြီး ရိုးရှင်း နေဟန် ရှိတယ်။ ဒါပေတဲ့ ကမ္ဘာမှာ လုပ်ကိုင်ရ အခက်ခဲဆုံး အရာ ဖြစ်ပါတယ်။

အပြည့်အဝ တိတ်ဆိတ် ငြိမ်သက်ပြီး နေထိုင် နိုင်ဖို့ ~ ပစ္စုပ္ပန် တခဏ အတွင်း ဖြစ်လာတဲ့ အရာကို ဖြစ်တဲ့အတိုင်း ( မိမိ အလို/မိမိ အပြု အမူ မပါ) လက်ခံနိုင်ဖို့ ဆိုတာ နိစ္စဓူဝ လူအများ ရင်ဆိုင်နေရတဲ့ လုပ်ငန်းရပ်တွေကြားမှာ ~ မလွယ်ကူတဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒီထက် ပိုပြီး အတွင်း ကျကျ ကြည့်ဖို့ ၊ နီးနီးကပ်ကပ်၊ သတိရှိရှိ ဆက် စောင့်ကြည့်ရဖို့ ဆိုရင် ပိုပြီး ခက်ခဲပါလိမ့် မယ်။ ဘာလို့ဆို ရှင်းလင်းတဲ့ အမြင်နဲ့ နိစ္စဓူဝ လုပ်ကိုင်သမျှ ကြည်လင်နေဖို့ ရာ အတားအဆီး အဖြစ် ~ မိမိတို့ သန္တာန်မှာ နှစ်ပေါင်းများစွာ သံချေး တက်ခဲ့တဲ့ ~ အယူဝါဒ၊ အသိဥာဏ် ဗဟု သုတ၊ အစွဲအလမ်းပေါင်း များစွာ က အတားအဆီး အဖြစ် ခုခံနေလို့ပဲ ဖြစ် ပါတယ်။

Inner World အတွင်းအဇ္ဈတ္တလောက အတွက် ~ မိမိသဘောနှင့် မိမိ ဘာမှ မလုပ်ခြင်း၊ ဘာမှ မဖြစ်ခြင်း ( Non-doing ) ဟာ အခရာ ဖြစ်ပါတယ်။ ဗဟိဒ္ဓ ကမ္ဘာ ( Outer – world ) အတွက် တော့ အဲ့လို မဟုတ်ဘူး။ ဝင်ရောက် လုပ်ကိုင် နေရတယ်။ လူတိုင်း နေ့ တိုင်း အားစိုက် ထုတ် လုပ်ကိုင် နေရ ပါတယ်။ တွန်းအား ရှိမှ အရွေ့ ရှိတယ် မဟုတ်လား ~ တစ်ခုလုပ်မှ တစ်ခု ဖြစ်တယ် ~ စသဖြင့်။ အဲ့ဒီ ပြင်ပ ဗဟိဒ္ဓလောက အတိုင်း လိုက်လံ ရှုမှတ် သိမ်းဆည်းရင်း ခင်ဗျားရဲ့ သန္တာန်မှာ ရည်မှန်းချက် ရည်ရွယ်ချက် အလို ဆန္ဒတွေ ဝင်လာ တဲ့ အခါ အပူ ၊ သောက၊ မာန ဝင်ရိုး ထုံးစံ ရှိပါတယ်။ ခင်ဗျား ရင်တွင်းက ရိုးသားမှု လေး ပျောက်သွားတယ်။ ဘာဝနာ က ဒါကို ပြန်လည် တူးဖော် ပေး ပါတယ်။ ခင်ဗျား ရဲ့ သိစိတ်ကို အရှင်းသား မြင်ဖို့ ရိုးရိုး သားသား စောင့်ကြည့်ရုံလေး စောင့်ကြည့် လာစေ ပါ တယ်။

ဘာဝနာကို အပြည့်အဝ မထုံမွှမ်း ထားနိုင်တဲ့ အခါ၊ ရိုးရိုး သားသား စောင့်ကြည့် မနေနိုင်တဲ့အခါ မိမိ ဘာသာ အားစိုက် ထုတ် အလုပ်လုပ် လာပါတယ်။ ခင်ဗျားတို့ ကျနော်တို့ သန္တာန်မှာ ~ မိမိ ဦးတည်ရာ၊ ရည်မှန်းချက် ရှိလာတယ် ~ အချိန်တစ်ချိန် မှာ အရာတစ်ခု ဖြစ်ဖို့ မိမိ ဘာသာ ဖြည့်တည်း လိုအပ်နေတယ် ~ ဒါ့ကြောင့် နောက်ဆုံး ခင်ဗျား ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက် လုပ်ကိုင် တော့တယ်။ ခင်ဗျား အတိတ်ကို ပြန်ကြည့်မိပြီး ~ အနာဂတ် အတွက် မျှော်လင့်တော့တယ်။ အတိတ်က ခြေလှမ်းကို ကြည့်ပြီး ခင်ဗျားရဲ့ အနာဂတ် အတွက် ခြေလှမ်းကို ပြင်ဆင်တော့တယ်။ အဲ့အတွက် ဘာဖြစ်သွားမလဲ။

အနာဂတ်ကို မျှော်လင့်တဲ့ ခင်ဗျားရဲ့ ပစ္စုပ္ပန် ခြေလှမ်းဟာ အသုံးချခံ သက်သက်သာ ဖြစ်သွားတယ်။ ခင်ဗျား ရဲ့ ပစ္စုပ္ပန်တိုင်း မှာ ရှိနေတဲ့ သာယာချမ်းမြေ့မှု ကို ခင်ဗျား လျစ်လျူ ရှုထားခဲ့ တယ်။ အသုံးချခံ အရာ အနေနဲ့ ခင်ဗျားရဲ့ ပစ္စုပ္ပန်ဟာ တကယ့်ကို အသုံးချ ပစ်လိုက်ပါတယ် ~ ဒါပေတဲ့ ခင်ဗျား လက်ထဲ တကယ်ရောက်လာနေတဲ့ အရာတွေဟာ ပစ္စုပ္ပန်တွေချည်းပဲ ရယ် ~ မျှော်ခေါ်လုပ်ကိုင် မိတဲ့ ဇော၊ အဟုန်၊ စေတနာ ကြောင့် ~ မိမိ လက်ရှိ ဟာ ချမ်းမြေ့မှု သက်သက် ကနေ ~ စင်စစ် အဝေး လွှင့်ထွက်သွားရတော့တယ်။

အတွင်း အဇ္ဈတ္တ မှာတော့ အဲ့ဒီ စိတ်ဆန္ဒ၊ အတွေးအကြံ ကို ဆန့်ကျင် ပါတယ်။ ( ဆန့်ကျင်တယ် ဆိုတာ တားဆီးတာကို ဆိုလိုတာ မဟုတ်ဘူး ~ ဘာဝနာနဲ့ ဖျက်ချခြင်း သက်သက်ကို ဆိုလိုပါတယ် ) ခင်ဗျား တစ်ခုခု ကို ဖြစ်မြောက်ဖို့ အားသွန် စိုက်ထုတ်ပြီ ဆိုပါစို့~ တစ်ခုခု လုပ်ပြီ ဆိုပါစို့။ အဲ့အခါ ~ သိမှု ချည်းသာ သွားနေတဲ့ ခင်ဗျား သန္တာန် မှာ စောင့်ကြည့် မှု ကိစ္စ အလုပ် ရပ် ဆိုင်း သွားတယ် ~ ကိုယ်တိုင် ဝင်လုပ်သူ ( Doer ) ဖြစ်သွား တယ်။ ဘာဝနာရဲ့ ပင်မ အမြုတေ ဖြစ်တဲ့ စောင့်ကြည့် သူ ( Watcher ) မဟုတ်တော့ဘူး ရယ်။ စောင့်ကြည့်သူ အဖြစ် ကနေ သွေဖယ် သွားတယ် ။ တနည်း ဆိုရင် – ဘာဝနာ မှာ မှတ်ယူ ထားနေတဲ့ သိမှု အဖြူထည် က ခင်ဗျား သန္တာန် မှာ ပျောက်ကွယ် သွားတယ်။

စင်စစ် ဘာဝနာ ဥာဏ် ၊ သိမှု သက်သက်မျှ မှာ ၎င်းရဲ့ သဘာဝ မူပိုင် ၊ ပြင်းထန်တဲ့ စွမ်းအား ရှိပါတယ်။ ကောင်းခြင်း၊ ဆိုးခြင်း၊ စွဲလမ်းခြင်း စသည် မိမိသန္တာန်ထဲက အရာရာကို တစ်စချင်း ဆွဲမျှင် ခွဲချ ပြီးတဲ့နောက် ~ တခဏချင်း ကြုံဆုံလာတဲ့ ဘယ်အရာကိုမှ မိမိ သဘော အလိုကျ ဝင်ရောက် မခွဲခြား၊ မဝေဖန်တော့ တဲ့အခါ ခင်ဗျား ရဲ့ Inner-world, Outer-world လောကနှစ်ရပ်စလုံး ငြိမ်ဝပ် ကျသွား ပါတယ်။ မူးယစ်သောက်စားထားသူနဲ့ ရှေး Mystics ဒဏ္ဍာရီ စကားတွေမှာ ပုံနှိုင်းထားပေမယ့် ~ မူးယစ်နေသူဟာ ပျံ့လွှင့်တဲ့ သန္တာန်၊ မိမိကိုယ်မိမိ အသိစိတ် ကင်းနေတဲ့ သန္တာန်သာ ရှိပါတယ် ~ ဘာဝနာ ထုံမွှမ်းထားသူက သိမှုသက်သက် သာ ရှိတော့တယ်။ သူတို့ နှစ်ဦး ဟာ အထက်နဲ့ အောက် အများကြီး ကွာခြားတယ်။

တောင်အောက်မှာ အိပ်ချင်မူးတူး လျောက်သွားနေသူနဲ့ ~ ဟိုးတောင်ပေါ် အမြင့်ကနေ ကြည်ကြည်လင်လင် ရှုကြည့်နေတဲ့သူ မတူညီ သလိုပါပဲ လို့ ပြောရမလား။ အဲ့လို ကွာခြားပါတယ်။ သူဟာ တောင်တန်းတွေ ပေါ်ကိုလည်း ကြည့်နိုင်တယ်။ နက်ရှိုင်းတဲ့ လျိုမြှောင် ချောက် ကမ်းပါးတွေ အောက်ကို လည်း ငေးမော နေနိုင် တယ်။ အညီအမျှ ကြည့်မြင် ထားလို့ရတယ်။ ဒါပေတဲ့ တောင်တန်းတွေ မြင့်မား လှပနေ တာ ~ လျိုမြှောင်တွေ နက်ရှိုင်း စိမ့်အေး နေတာ ဒါတွေ အားလုံးဟာ သဘာဝ အတွင်းက အရာတွေ သာ ဖြစ်တယ် ~ ရှုကြည့်နေသူ ခင်ဗျား အနေနဲ့ ဘာမှ ဝင်စွက် လုပ်ကိုင် နေတာ မဟုတ်ဘူးရယ်။ ရှင်သန်နေတဲ့ ခဏ ~ ရှင်သန်နေ ရုံမျှ ဟာ – သိမှု အပြည့်အဝ သာ တည်ရှိပါတယ်။ ခွန်အား စိုက်ထုတ် ဇောချွေးပြန်မနေ၊ စိတ်ဆင်ရိုင်းတွေ ရိုက်ခတ် မနေ၊ မောဟိုက် မနေဘူးလို့ ဆိုရပါမယ်။

ဒါကို လောက်ဇူက Wei~Wu Wei ( Action by Inaction ) ~ ဘာမှ မလုပ်ခြင်းဖြင့် အရာရာ ကို လုပ်ကိုင်ခြင်း ~ လို့ ခေါ်ဆိုပြီး ~ ဇင် ဆရာများ ကတော့ “အား မပါသော အား” ( Effortless Effort ) လို့ ခေါ်ဆိုကြတယ်။

Feb 15th 2012 at 3:50 PM
……………….
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/
………………

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: