ဥုံ မဏိပဒ္မေဟုံ

ကနေ့ တရုတ် ကွန်မြူနစ် တွေ ဟာ သူတို့ လူမျိုး နှစ်ပေါင်း နှစ်ထောင် ကျော် မွေးမြူ လာ ခဲ့တဲ့ အရာ အားလုံး ကို ဖျက်ဆီး ပစ်နေတယ်။ နှစ်ပေါင်း များစွာ ပြုစု တည်ထောင် ထားခဲ့တဲ့ သူတို့ရဲ့ နည်းနာ နိဿယ တွေ၊ ဘာဝနာ နည်းနာတွေ၊ သူတို့ရဲ့ စိတ်နှလုံး ကို ထိန်း ကျောင်း ခဲ့သမျှ တွေ စတဲ့ အရာ အားလုံး အဆိပ်သင့် လျက် ရှိကုန်ကြ တယ်။ ရုပ်ကြမ်းဝါဒီ အများ အပြား နဲ့ သူ တစ်လူ ငါ တစ်မင်း ဖြစ်နေတဲ့ တရုတ် အာဏာရှင်တွေ၊ ပညာတတ်ဆိုသူတွေ အများ ဟာ – သူတို့ရဲ့ နှလုံး သဲပွတ် ကို သူတို့ ဘာသာ အဆိပ် ခပ်ပစ် နေကြတယ်။ ဒါကို ခင်ဗျားလည်း တွေ့မြင် နိုင်ပါတယ်။ ဆယ်စု နှစ် တစ်စု နှစ်စု မက ရှိလောက် နေပြီ ရယ် ။ အဲ့ဒီ ဒေသဟာ အခု တိဗက် ဖြစ်ပါတယ်။

စင်စစ် တိဗက် ဟာ ကမ္ဘာ့ ခေါင်းမိုးပါ။ ကမ္ဘာ့အမြင့်ဆုံး တောင်တန်း၊ တောင်ထွတ်တွေနဲ့ တည်ရှိနေ တဲ့ နေရာ၊ အာရှတိုက်အတွင်းက ဆီးနှင်းတွေ အုံနဲ့ ကျင်းနဲ့ ဖုံးလွှမ်းနေရာ နေရာ တစ်ခု ဖြစ်ပါတယ်။ ကနေ့ တရုတ် အစိုးရရဲ့ အာဏာပြ ညှင်းပန်းမှုနဲ့ မထိုက်တန် လောက်အောင် တိဗက်ပြည်သူတွေ မှာ ရိုးစင်းမှု ရှိတယ်။ အပြစ်ကင်းပြီး ရိုးသားတဲ့ ပြည်သူ အများသာ တည်ရှိ နေတယ်။ သတင်းတွေမှာ မြင်တွေ့နေရတဲ့ – နှိပ်စက် ညှင်းပန်းမှုတွေ အားလုံးကို ဒီ ပြည်သူ အများ ဘယ် အ ရာ ကိုင်စွဲ ခုခံနိုင်ခဲ့ကြသလဲ။ သူတို့မှာ ခုခံ ကာကွယ် စရာ ဘာမှ ရှိ မနေဘူးရယ်။ တင့်ကား မရှိဘူး – ဗုံး မရှိဘူး – လေယာဉ် မရှိဘူး – စစ်တပ်မရှိဘူး – သေနတ်မရှိဘူး – စင်စစ် ရိုးရိုး ရှင်းရှင်း နေထိုင်လာခဲ့ကြတဲ့ တိဗက် ပြည်သူတွေဟာ အခုမှ မဟုတ် – နှစ်ပေါင်း ထောင်ချီ ကြာမြင့် ကတည်းက ကာကွယ်စရာ မရှိခဲ့ ကြဘူးပဲ။

ကမ္ဘာ့ ရာဇဝင် သမိုင်းမှာ ဒီ နယ်ဒေသက ပြည်သူတွေဟာ ဘယ်သူတွေ ကိုများ တိုက်ခိုက် နှောင့်ယှက် ခဲ့ကြ ပါသလဲ။ ဘယ်သူ့ လုပ်ငန်းကိုရော ဝင်ရောက် ချယ်လှယ် စိုးမိုး ခဲ့ပါ သလဲ။ ဘယ် အာဏာ ပါဝါ ကိုရော တွန်းထိုး ရယူ နေခဲ့ကြသလဲ။ သမိုင်း တစ်ခွင် ပြန်စစ်ကြည့် ရင် ကမ္ဘာ မှာ တိဗက် ဟာ တစ်သီးတစ်သန့် အေးချမ်းနေခဲ့တဲ့ နေရာလေး ဖြစ်ပါ တယ် ။ တိတ်ဆိတ် အေးချမ်းမှုနဲ့ စိတ်နှလုံး ရေးရာ ကိုသာ ဇောက်ချ တည်ရှိ နေတဲ့ ဒေသ ဖြစ်တယ်။

ကျနော့ အနေနဲ့ ဆိုရင် တိဗက်ဟာ စိတ်နှလုံး အေးချမ်းမှု ရှာဖွေကြသူ ပါရမီရှင် အများ စုဝေးရာ – ကမ္ဘာ တစ်ခွင် ရှိသမျှ တစ်ခု တည်းသော ဒေသ ပဲ ဖြစ်ပါတယ် ။ ကျနော် ဒီနေရာမှာ ပြောလိုတဲ့ “ဥုံ မဏိပဒ္မေဟုံ” ဟာ အဲ့ဒီ တိဗက်ပြည်က စတင်တယ်။ စိတ်နှလုံးရဲ့ ကြည်စင်မှု၊ အပြည့်ဝ ဆုံး မြင့်မြတ်ဖြူစင် နေမှုကို အသံ အားဖြင့် ထုတ်ဖော် ရာမှာ အအောင်မြင်ဆုံး၊ အလှပ ဆုံး ဖော်ပြချက် ဟာ – ဒီ “ဥုံ မဏိပဒ္မေဟုံ” ပဲလို့ ကျနော် ဆိုချင်တယ် ။ သူ့ရဲ့ အဓိပ္ပာယ်ကို အမျိုးမျိုး ဖွင့်ဆိုချက် ရှိတတ်ကြပေမယ့် – အကြမ်းဖျဉ်းက –

“The Sound of Silence,
the Diamond in the Lotus.”

တိတ်ဆိတ်ခြင်း၏ အသံသည်
ကြာပွင့်တွင်းမှ ပတ္တမြားဖြစ်၏~

ဒီ အဆိုကို Mantra မန္တရ အဖြစ် သုံးတယ်။ “မန္တာန်” လို့ ဆိုမလား။ အဲ့လို ခေါ်ရင် ကျနော်တို့ မြန်မာ အများက – ဥုံဖွ ပျောက်စေ၊ အထက်လမ်း၊ အောက်လမ်း တွေ ပြေးပြေး တွေးမြင်လိုက်ကြ လွန်း လို့ – အဲ့သလို ခေါ်ရ ခက် ပါတယ်။ တကယ် က ဒီ မန္တာန် ဟာ ခင်ဗျား ရဲ့ စိတ်အတွင်း သန္တာန် ငြိမ်ဝပ်နေမှု ကို – အသံနဲ့ အပြည့်အဝ ဖော်ကျူး ထားတာ သက်သက် ။ ကျနော် တို့ အနေနဲ့ မစိမ်း လောက် တဲ့ မန္တာန် ဖြစ်ပါတယ်။ ကျနော် ငယ်စဉ် ကျောင်းတက်လို့ လိုင်းကား တိုးစီးရင် ကား ခေါင်းခန်းမှာ အမြဲတွေ့တွေ့နေကျ စာစု ဟာ အဲ့ဒီ စကားလုံး တွေပဲရယ်။

နောက်ပိုင်း – ထေရဝါဒ ဘုန်းတော်ကြီး အများ က ဒါကို တော်တော် များများ ကန့်ကွက်စကား ပြောတယ် ။ ချေဖျက် ပစ်တယ်။ အချို့ ပိဋကတ်ကျမ်းတတ် ဆရာများလည်း ပါတယ်။ “ဒီဂါထာဟာ ထေရဝါဒ မဟုတ်ဘူး။ အယောင်ဆောင်ထား တာ သာ ဖြစ်တယ်။ တန္တရ၊ မန္တရ – ဂိုဏ်းဂဏတွေ ရဲ့ ဥုံဖွ စကားတွေ ဖြစ်တယ်” ဒီတစ်ခွန်းတည်းနဲ့ ချေဖျက် ပါတယ်။ ကျနော် အခုအချိန်မှာ ပြောလိုတာက – ဥုံမဏိပဒ္မေဟုံ ဟာ ထေရဝါဒ အဖြစ် ဘယ်တုန်းကမှ အယောင်မဆောင် ခဲ့ပါဘူး ။ သူ ဟာ ထေရ ဝါဒ အတွင်းကလည်း “ဟုတ်ကို မဟုတ်ဘူး”။ နောက်ပြီး “ဥုံဖွ” လည်း မဟုတ်ဘူး။ ပျောက်စေ မန္တာန် မျိုး လည်း မဟုတ်ဘူး။ ကမ္ဘာ့ ဘာသာတစ်ခုခု မှာ အဝင်အပါ ဖြစ်တဲ့ စာ ၊ စကားမျိုး လည်း မဟုတ် ပါဘူး။

ခင်ဗျား ရဲ့ စိတ်တွင်းသန္တာန်ကို ကြည်လင်အောင် ရှင်းလင်းကြည့် မယ် ဆိုပါစို့။ မိမိသန္တာန်ရဲ့ ဟိုးအတွင်းဆုံး တိုးဝင်နိုင် လာတဲ့ အခါ တဖြေးဖြေးချင်း ကြားလာရမယ့် အသံ ဟာ တိတ်ဆိတ်မှု ဖြစ် ပါတယ်။ ဒါကို ခင်ဗျား တအံ့တဩ ပြန်မေးနိုင်တယ် ( ဒါမှ မဟုတ် မေးချင် မှမေးမယ် ) – “တိတ်ဆိတ်ခြင်း သက်သက်မှာ အသံ ရှိလို့လား” –

ဟုတ်ကဲ့ – တိတ်ဆိတ်ခြင်း သက်သက်မှာ အသံ ရှိတယ်။ ခင်ဗျား မျက်လုံး နှစ်လုံးနဲ့ မမြင်ဘဲ တည်ရှိပြီး အရာတွေ ရှိနေ သလို၊ ခင်ဗျား ရုပ်ခံ နားနဲ့ မကြားနိုင်တဲ့ အသံလည်း ရှိပါတယ်။ ဆိုပါစို့ – ကျနော် တို့မှာ အာရုံ ခြောက်ပါး ရှိတယ်။ မျက်စိ၊ နား၊ နှာခေါင်း၊ လျာ၊ ကိုယ်၊ စိတ် လို့ ရေတွက်နိုင်တယ်။ – ဟုတ်တယ် ဟုတ်။ ဒါကို အခု ကွန်မြူနစ် တရုတ်တွေ အတွက် တော့ လက်ခံနိုင် တော့မှာ မဟုတ်ဘူး။ သူတို့ အတွက်က အာရုံ ငါးပါး သာ မြင်နိုင်ဖို့ ရှိတယ်။ သူတို့ အတွက် စိတ်ကို အာရုံ တစ်ပါး အဖြစ် စာရင်းထဲ ထည့်မှာ မဟုတ်ဘူး။ ဒါ့ကြောင့်လည်း စိတ်နှလုံး ငြိမ်းအေးရာ စုစည်း တည်ရှိနေတဲ့ တိဗက် ဒေသ အတွက် အခုအခါ သွေးလွှမ်း နေတာ မဆန်းဘူး ။

ကျနော် တို့ မမြင်နိုင် တဲ့ (တနည်း) ရုပ် မဟုတ်တဲ့ – ဒီ အာရုံခြောက်ပါး ထဲက တစ်ပါး ဟာ စိတ် ဖြစ်ပါတယ်။ ဒီ “စိတ်” ရဲ့ သန္တာန် ကို – ပြင်ပ ဗဟိဒ္ဓကနေ အတွင်း အဇ္ဈတ္တ ငုပ်လျိုး သွားနိုင်မှသာ ကောင်းကောင်း မြင်ရတယ်။ ခင်ဗျား အခု မျက်လုံး၊ ခင်ဗျား အခု နား နဲ့ မြင်ကြား ထိတွေ့ နေရ တာ ဟာ ဗဟိဒ္ဓ အကာအရံ အခွံကလွဲလို့ ဘာမှ မဟုတ်ဘူး ရယ်။

အဲ့လိုပဲ – “ဥုံ” ဟာ အဲ့သည် အဇ္ဈတ္တရဲ့ အတွင်းဆုံး ငုပ်လျိုး ဝင်ရင်း အရာအားလုံးနဲ့ ထိစပ်သွားချိန်မှာ ပေါ်ပေါက်တဲ့ အသံ ဖြစ်ပါတယ်။ သူ ဟာ အတွေးလည်း မဟုတ်သလို၊ အိပ်မက် လည်း မဟုတ်ဘူး၊ စိတ်ကူး ထင်မြင်ချက် မဟုတ်၊ မျှော်လင့်ချက် မဟုတ် – တခဏလေး ပေါ်ပေါက် တတ်တဲ့ ဖြတ်ခနဲ အာရုံ တခဏလည်း မဟုတ်ဘူး။ ခင်ဗျား သိစိတ် အကြည်လင်ဆုံး အတွင်း – အစဉ်အမြဲ ရှိနေတဲ့ ဆိတ်ငြိမ်မှု သက်သက် သာ ဖြစ်တယ်။

လူမှုလူ့ဘောင်မှာ ရုန်းရင်းဆန်ခတ် ဖြတ်သန်းနေရမယ့် ခင်ဗျား စိတ်မှာ ဒီအသံကို ကြားရဖို့ ခက်ခဲနေနိုင်တယ်။ ဒါ့ကြောင့် လည်း ရှေး အတီတေ ကနေ ကနေ့အထိ – “ဥုံ” ကို “အဇ္ဈတ္တရဲ့ ရှားပါး ဂီတသံ” လို့ အမြတ်တနိုး သတ်မှတ် ခဲ့ကြ တယ်။ – အတွင်း အဇ္ဈတ္တမှာ အပြည့်အဝ ညီညွတ်နေတယ် -ချမ်းမြေ့ ကြည်စင် နေတယ် – ကြည်လင်ငြိမ်ဝပ် နေတယ် – အဲ့ဒီ ဖြစ်ရပ် အားလုံး ကို ဂီတသံ “ဥုံ” က ကိုယ်စားပြု ပါတယ်။ အဲ့ဒီ မြင့်မြတ်တဲ့ သန္တာန်ကို “ဥုံ” ဖလှယ်တယ်။

“ဥုံ” ကို အက္ခရာ “ဥ” နဲ့ ရေးထားပေမယ့် သူ့အသံထွက် အတိုင်း မြန်မာသံ ဖလှယ် ရွတ်ရင် ပီပြင် ဖို့ ခက်တယ်။ “ဥုံ” အတွက် အက္ခရာ မရှိဘူး။ ဘာလို့ ဆို “ဥုံ” ဟာ ဘာသာစကား အတွင်းက မဟုတ်ဘူး။ သူ့ကို အင်္ဂလိပ်လို “OM” လို့ အသံထွက် ဖလှယ် ရင်တောင် မပြည့်စုံ ဘူး။ တကယ်တမ်း မှာလည်း သူ့အသံကို စကားဝေါဟာရ အတွင်း- ခင်ဗျား ရှာကြံပြီး ရွတ်ဆိုလို့ မရနိုင် ဘူး။ အနီးစပ်ဆုံး နည်း တစ်ခု တော့ ရှိပါတယ်။

ခင်ဗျား အိပ်ခါနီး အချိန်၊ အိပ်ရာပေါ် လှဲလျောင်းတဲ့ အခါ အင်္ဂလိပ် အက္ခရာ “O” ကို အသံမပြတ် ရွတ်ဆို နေကြည့်ပါ။ “ဥုံ” ကို သတိမူပြီး ရွတ်ဆို နေစရာ မလိုပါဘူး – “O” (အို) ကိုသာ သံရှည် စွဲပြီး နက်နက်နဲနဲ အသံထွက် ကြည့်နေပါ။ အတန်ကြာလင့်ပြီး အိပ်ချင် ခါနီး ရှိတဲ့ အခါ အဲ့ဒီ “O” ရဲ့ အသံဟာ “ဥုံ” အသံအမှန် နားကို နီးကပ်သွားပါတယ်။ ခင်ဗျား လည်း အိပ်မပျော် သေးတဲ့ အတွက် ကြားရနိုင် ပါတယ်။ “အို” မဟုတ်ဘဲ “အ” ချည်းသာ ဆက်ခါ ဆက်ခါ ရွတ်ဆို နေရင် လည်း ဖြစ်နိုင် ပါတယ်။ “အို” က ပို လွယ်ကူတယ်။

ဒါပေတဲ့ ဒီမန္တာန် ဟာ ခင်ဗျား ရွတ်ဆိုဖို့ထက် – ကြားသိရဖို့ ဖြစ်ပါတယ်။ ခင်ဗျားရဲ့ အတွင်း အဇ္ဈတ္တ အသံ ဟာ နကိုကတည်းက “ဥုံ” အဖြစ် တည်ရှိ နေပြီးသားပဲ။ ဒါ့ကြောင့် ခင်ဗျား သန္တာန် အတွင်း နက်နက်ရှိုင်းရှိုင်း တိုးဝင်ကြည့်ပါ။ အာရုံ၊ အတွေးအကြံ၊ ခံစားချက် အားလုံး ထိုးခွင်း ရင်း အတွင်းဆုံး ဝင်ရောက် လာနိုင်တဲ့ အခါ ငြိမ်ဝပ်တဲ့ အဖြစ် (ဝါ) သူ့ရဲ့ အသံ တည်ရှိနေပြီးသားအဖြစ် ကို ခင်ဗျား မြင်တွေ့ရလိမ့်မယ်။

တိဗက်ရဲ့ စိတ်နှလုံး အမြင် အားလုံး ဟာ ဒီမန္တာန် ပေါ်မှာ အထင်ကရ ရှိနေပါတယ်။ ဒီ မန္တာန် စီးဆင်းလာခဲ့ရာ အဲ့ဒီ တိဗက် ဒေသ ကိုယ်တိုင်ကလည်း အထူးခြားဆုံး ရှိတယ်။ စင်စစ် ဒီ မန္တာန် အတွင်း မှာတင် လျို့ဝှက်ချက် ပေါင်း များစွာ တည်ရှိ နေ တယ်။ ဒီ မန္တာန်ကို ကြည့်ကြည့်ပါ။ သူ့မှာ အစဦး အသံ “ဥုံ” ဖြစ်ပြီး၊ အဆုံးသတ် အသံက “ဟုံ” ဖြစ်တယ်။ “ဥုံ” ဟာ ပန်း တစ်ပွင့် ဖြစ် ရင်- “ဟုံ” ဟာ မျိုးစေ့ ဖြစ် ပါတယ်။ ဒီ မန္တာန် ကို ထပ်ကျော့ ထပ်ကျော့ ရွတ်ဆိုကြည့်ရင် – “ဟုံ” အဆုံးသတ် ရွတ်ဆိုပြီးတဲ့ နောက် – “ဥုံ” ကို ရွတ်ဆိုရာ မှာ ပိုမို လွယ်ကူကြောင်း တွေ့ရလိမ့်မယ်။

အိုရှိုး ပြောခဲ့တဲ့ စကားအချို့ထဲမှာ – ဆူဖီတွေဟာ ဘုရားသခင် အလ္လာ ရဲ့ အမည်ကို အပြည့်အဝ သုံးနှုန်းလေ့ ၊ ခေါ်ဝေါ်လေ့ မရှိဘူး လို့ ဆိုပါတယ်။ အလ္လာ ဆိုတာ မိုဟာမက်ဒင် ဘာသာဝင် များ က ဘုရားသခင် ကို ခေါ်ဆိုတဲ့ အမည် ဖြစ်တယ် ။ ဒါပေမယ့် ဆူဖီ ဆရာတွေ က “အလ္လာဟိုး” လို့ ရွတ်ဆို တယ်။ သူတို့ ရွတ်ဆိုနေကျ “အလ္လာဟိုး” ကို ဖြေးဖြေးညှင်းညှင်း ရွတ်ဆို ကြည့်တဲ့ အခါ နောက်ဆုံး မှာ – “ဟိုး” လို့သာ ရှင်းရှင်း ဖြစ်လာတာ တွေ့ရလိမ့်မယ်။ အဲ့ဒီ “ဟိုး” အသံဟာ ပီပီ သသ ရွတ်ဆိုတဲ့ အခါ ချက်တိုင်ကနေ အထက် တစ်လျောက် – မိမိ ခန္ဓာကိုယ် တွင်းပါ သက်ရောက် ပါ တယ်။ ဆူဖီ ဆရာများက “ဟိုး” ဆိုတဲ့ အသံဟာ ခင်ဗျားဘဝ နဲ့ ဆက်နွယ်နေတဲ့ အသံ၊ ခင်ဗျား မိခင် နဲ့ ဆက်နွယ် နေတဲ့ အသံ ၊ ခင်ဗျား ဖြစ်တည်ချက် တစ်ရပ်လုံးနဲ့ သက်ဆိုင်တဲ့ အသံ လို့ ဆိုတယ်။

ဆူဖီတို့ရဲ့ အဲ့ဒီ အသံ “ဟိုး” ကို စဉ်ကာ ဆက်ကာ ကြိုးစား ရွတ်ဆို ကြည့်ပါ၊ တိဗက်တို့ရဲ့ “ဥုံ” နဲ့ အတူတူ သာ ဖြစ်ကြောင်း တွေ့ရ ပါလိမ့်မယ်။ ဒါဆို “ဟိုး” အစား “ဟုံ” ဆိုရင်ကော – ?

“ဟိုး” ထက် “ဟုံ” က ပိုပြီး နူးညံ့ပါတယ်။ “ဥုံ” အသံထွက်အမှန် ဆီ ရောက်ဖို့ ပိုမို လွယ်ကူတယ်။ ဒါပေမယ့် နောက်ဆုံး အဆုံးသတ်မှာ သူတို့ ရဲ့ အသံ ဟာ “ဥုံ” အတွင်း မှာ အတူတူ ပဲ ကျရောက် တယ် ။ ဒါ့ကြောင့် Hum is the hit to create OM in you. “ဟုံ” ဟာ ခင်ဗျား သန္တာန် အတွင်း က “ဥုံ” ကို ထိရိုက်ဖို့ အစပျိုးသာ ဖြစ်တယ်။

ခင်ဗျား သန္တာန် အတွင်း မျိုးစေ့ ကနေ ပန်းပွင့် အဖြစ် ဖူးပွင့် လာတဲ့ “ဥုံ” နဲ့ “ဟုံ” အကြားမှာ “မဏိပဒ္မေ” ရှိတယ်။ —

ဆိုကြ ပါစို့ – ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ရဲ့ အလန်းစွင့်ဆုံး အတွေ့အကြုံ တစ်ခုကို ဖော်ကျူး တဲ့ နေရာမှာ ခင်ဗျား ဘယ်သင်္ကေတ ကို ရွေးချယ် သုံးစွဲမလဲ။ အကြည်လင်ဆုံး ရှိခဲ့ဖူးမယ့် အတွေ့ အကြုံ၊ အဆုံးစွန်ဆုံး ပွင့်လန်းခဲ့ ဖူးမယ့် လှပမှု တစ်ခု စသဖြင့် စကားလုံး နဲ့ ဖော်ပြ မရနိုင်တဲ့ “အသိ” ကို ဖော်ကျူး ရာ မှာ “မဏိ” (ပတ္တမြား) နဲ့ “ပဒုမ” (ကြာ) ဟာ အထင်ရှားဆုံး သင်္ကေတ တွေ ဖြစ်ပါတယ်။ အရှေ့တိုင်း တစ်ခွင် အတွက် အလှပဆုံး ပန်းဟာ “ကြာ” ပန်းပဲ။ သူ့ထက် လှပါမယ် ဆိုတဲ့ ပန်းတွေ ရဲ့ အမည် ကို ရွတ်ဆို မယ် ဆိုရင်တောင် – စိတ်နှလုံး၊ ဝိညာဏ အတွေ့အကြုံ တို့အတွက် – နှစ်ထောင်ချီကနေ ကနေ့အထိ ပုဂ္ဂိုလ်ထူးများ – ဖော်ကျူး သုံးစွဲ သမျှ သင်္ကေတ ပန်းဟာ ဒီ ကြာပန်း တစ်မျိုး သာ ဖြစ်ပါတယ်။

သစ်လွင် တောက်ပလာမယ့် နေ့သစ် တစ်ခုရဲ့ မနက်ခင်းမှာ – ကြာပွင့် တစ်ပွင့် ကို ခင်ဗျား မြင်တွေ့မယ် ဆိုပါစို့ – အဲ့ဒီ ကြာပွင့် တင် မက- ကြာပွင့် အတွင်းမှာ ပတ္တမြားလေး တစ်လုံး တစ်လက်လက် ထ တောက်ပ နေတဲ့ အဖြစ် ကို ခင်ဗျား မြင်တွေ့ရမယ် ဆိုပါစို့။ ယခု ခင်ဗျား ရရှိ တဲ့ အတွေ့အကြုံ ဟာ ထူးခြားတဲ့ အတွေ့အကြုံ ဖြစ်လောက်ပါတယ်။ အလားတူ ~ “ခင်ဗျား အဇ္ဈတ္တ အတွင်း လျိုးဝင်ရင်း တစ်ကြိမ် တစ်ခါမှ မတွေ့ကြုံ ခဲ့ဖူးတဲ့ တိတ်ဆိတ် ချုပ်ငြိမ်းမှု ကို တွေ့ရှိရတဲ့ အခါ အဲ့သည် အတွေ့အကြုံ” ဟာ ဒီလို အတွေ့အကြုံ မျိုးပဲ ဖြစ် လိမ့်မယ် ။ ဒါ့ကြောင့် မြင်သာ ထင်သာ ရှိမယ့် အမွန်မြတ်ဆုံး ဥပမာနဲ့ ခင်ဗျား သန္တာန်တွင်းကို ထိုးခွင်းရာမှာ ဒီမန္တာန် ဟာ အထိရောက် ဆုံး ရှိတယ် လို့ ကျနော် ဆိုချင်ပါတယ်။

ဒါဟာ အတွင်း အဇ္ဈတ္တ၊ သစ္စာအမြင်ကို ကိုယ်စီ ရှာဖွေကြသူ အများ အတွက် – အရေးပါတဲ့ အမြင်တစ်ရပ် ဖြစ်ပါတယ်။ ဗုဒ္ဓ ဂေါတမရဲ့ ရုပ်ပွားတော် အချို့ကို ကြာပွင့် အတွင်း ထားရှိ တတ်ကြ ကြောင်း ခင်ဗျား အကြိမ်ကြိမ်အခါ ခါ မြင်တွေ့ဖူး လိမ့်မယ်။ ဒီ သရုပ်ဟာ သင်္ကေတ အားဖြင့် စိတ်သန္တာန်က ဖူးပွင့်လာမယ့် အမြင်ကို ရည်ညွှန်း ပြနေကြတာ ဖြစ်တယ်။ ခင်ဗျား ရဲ့ အတွင်း အဇ္ဈတ္တ မှာ အနူးညံ့ ဆုံး အသိရခက်ဆုံး ကြာမျိုးစေ့ ရှိတယ်။ ဒီ မျိုးစေ့ ဟာ ဘယ် အချိန်မှာ ပန်းတစ်ပွင့် အဖြစ် လန်းစွင့် လာနိုင်မ လဲ။ ဒီမန္တာန် အရ – ဒီ ကြာညိုဟာ လန်းစွင့် လာရုံ တင်မက အတွင်းက အမြုတေ ပတ္တမြား ကိုပါ ခင်ဗျား ထပ်မံ မြင်တွေ့ရဦးမယ် လို့ ညွှန်းဆို ထားတယ်။

အမတ လို့ ခေါ်သည် ဖြစ်စေ၊ သန္တိ လို့ ခေါ်သည် ဖြစ်စေ တိတ်ဆိတ် ငြိမ်ဝပ်မှု ကို ခင်ဗျား ကောင်းကောင်း ရှာတွေ့ မယ်။ ဒါဆိုရင် ဒီအတွေ့အကြုံဟာ လက်ရှိ လွန်းထိုး နေတဲ့ ဘဝ ထိုထို မှာ ခင်ဗျား အတွက် အမြိုက်အရသာ ပဲ မဟုတ်လား။ အဲ့ဒီ အမြိုက်အရသာ အကြောင်းကို ဒီ မန္တာန် မှာ ခင်ဗျား ကောင်းကောင်း တွေ့နိုင်ပါတယ်။ ဒါကို နားလည်ရင် ဒီ မန္တာန် အပေါ် အမြတ် တနိုး ရှိကြ တဲ့ တိဗက် ပြည်သူ ပြည်သား တွေ မျက်ဝန်း ထဲက စကား အချို့ကိုလည်း ခင်ဗျား နားလည် ပါလိမ့်မယ်။ ဒီ ဒေသက ပြည်သူတွေရဲ့ နှလုံး သား ဟာ ဒီအမြိုက်အရသာ ကိုသာ အငြိမ်ဝပ်ဆုံး ရှာဖွေ နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် လည်း သူတို့ တွေရဲ့ မျက်ဝန်း၊ အဲ့ ဒေသ နေ ပြည်သူ အများရဲ့ အပြုံး – ခင်ဗျား ရသမျှ – လက်လှမ်းမှီရာက ကြည့်ကြည့် ပါ။ ပျော်ရွှင်မှုနဲ့ အပြစ်ကင်းမှု သာ နေရာယူလျက် ရှိနေကြတယ်။

တိဗက်ပြည် တစ်ဝှမ်းမှာ ဘုန်းကြီးကျောင်းပေါင်း ရာနဲ့ ချီ ရှိတယ်။ ဘယ် ဘုန်းကြီးကျောင်းကိုမှ ကက်သလစ် Church ကျောင်း တစ်ကျောင်းနဲ့ မနှိုင်းယှဉ် နိုင်ဘူးရယ်။ ဒီ ဘုန်းတော်ကြီး ကျောင်းတွေ မှာ – ပွားများကြတဲ့ အလုပ်က တစ်ခုတည်းပဲ ။ – အဲ့ဒါက ခင်ဗျား ကိုယ် ခင်ဗျား အပြည့်အဝ ဖူးပွင့် သိမြင် နိုင်ဖို့ ဖြစ်ပါတယ်။ ဒီ ဘုန်းတော်ကြီး ကျောင်းတွေမှာ ခင်ဗျား အတွက် နည်းနာ ပေါင်း များစွာ ကို နှစ်ပေါင်း များစွာ စုဆောင်း ထားတယ်။ ဘယ်နည်းနာကို သုံးပြီး ခင်ဗျား အတွင်း အဇ္ဈတ္တက ကြာပွင့် လန်းစွင့် လာနိုင်မလဲ ။ ခင်ဗျား အတွက် အမြင့်မြတ်ဆုံး ရတနာ၊ အမြိုက် အရသာကို ဘယ်လို ဖွင့်ထုတ် ကျလာစေနိုင်မလဲ – အဲ့သည် အကျိုး ဖြစ်ထွန်း စေဖို့ ခင်ဗျား အတွက် နည်းပေါင်း များစွာ သိုမှီး ထားကြတယ်။

ဒါပေမယ့် ဒီလို ငြိမ်ဝပ်နေရာ ရတနာအစုအဝေး တိဗက် ဟာ ကံမကောင်း အကြောင်းမလှစွာ နဲ့ပဲ ဒီရာစုနှစ် အတွင်း ရုပ်ဝါဒီတွေ လက်အောက် ကျရောက် ရတော့တယ်။ ရုပ်ဝါဒီ – တရုတ် လက်ရှိ ကွန်မြူနစ် – တွေအတွက် – ခင်ဗျား အဇ္ဈတ္တ တွေ – ကြာပွင့်တွေ ဘာတွေ လာ မပြောနဲ့ – သူတို့ မသိဘူးပဲ။ သူတို့ အတွက် အဲ့ဒါတွေဟာ သင်္ကေတ၊ လျို့ဝှက်ကုတ်တွေ ဖြစ်ရင်လည်း- ဘာမှမရှု ၊ မကြည့်၊ မဆင်ခြင်၊ – စိတ်လိုလက်ရ ဖျက်ဆီး ပစ်ကြမှာပဲ ။ အခု ပျက်ဆီး ချင်တိုင်း ပျက်ဆီး နေတဲ့ သူတို့ရဲ့ အပြုအမူ ဟာ ကမ္ဘာမှာ သိမှတ် ထားစရာ သမိုင်းတစ်ရပ် ဖြစ်ပါတယ်။ အတွင်းသန္တာန် ရဲ့ အေးချမ်းမှု ကို မသိမြင်နိုင်တဲ့ – ရုပ်သက်သက် အမြင် ၊ ရုပ်ကြမ်းဝါဒီ အယူအဆ စိတ်တွေဟာ ဘယ်အရာတွေကို ဘယ်လောက် အထိ ဖျက်ဆီး နိုင်နေသလဲ ဆိုတာ ခင်ဗျား မြင်နိုင်လိမ့်မယ်။

စကားကို နည်းနည်း လွန်အောင် ပြောရင် -ဘယ်ကွန်မြူနစ်မှ တရား မထိုင်ဘူးပဲ။ သူတို့ အတွက် တရားထိုင်တာ ဟာ အထူး တဆန်း ဖြစ်နေနိုင်ပါတယ်။ ခင်ဗျား အဇ္ဈတ္တသန္တာန် – ကြာဖူးလေး ဖူးပွင့်လာနိုင်ဖို့ ခင်ဗျား တရား ထိုင်ရင်း စောင့်နေရင် – သူတို့ ကလည်း လာ ဆောင့်ကန် ပါလိမ့် မယ်။ အကြောင်းက သူတို့ ရဲ့ အမြင်မှာ “အပြင်” ပဲ ရှိတယ်။ အတွင်း မရှိဘူး။ “အပြင် ဗဟိဒ္ဓ ဆိုတာ အတွင်း အဇ္ဈတ္တ မပါဘဲ မရှိနိုင်ဘူး” ဆိုတာ သူတို့ မသိဘူး။ နူးညံ့သိမ်မွေ့တဲ့ အတွင်း အနှစ်သား ကို သူတို့ လက်မခံ နိုင်တော့ဘူး။ အဲ့ဒီ အခါ အပြင် ကို တရားသေ လက်ကိုင် ထားတယ်။ အတွင်းကို လုံးဝ ငြင်းပယ်ပါတယ်။ အဲ့ဒီ အတွက် – ဒီလို ညစ်ပတ်စုတ်ပဲ့ တဲ့ နိုင်ငံရေး သမားတွေ ရဲ့ လက်ထဲ မှာ – စစ်တပ်မရှိ၊ လက်နက်မရှိ၊ အခုအခံ အကာအကွယ် မရှိ – အေးငြိမ်း ခဲ့ရာ တိဗက်ဟာ အရုပ်ဆိုး အကျည်းတန် မှု နိဂုံး ဆီကိုသာ တရွေ့ရွေ့ သွားနေရတော့တယ်။

~ Om Manipadme Hum
…………………………
With the help of my Beloved, ~ ခင်လေးငယ် ~
…………………………
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/
………………………….

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: