ဇေယျ ဖြစ်မဖြစ်

ဒီကိစ္စက ထင်သလောက် မလွယ်ဘူး။ တစ်ယောက်သောသူ က “ခင်ဗျား ဘယ်သူလဲ” လို့ မေးရင် ~ ကျွန်တော်က “ကျွန်တော် ဇေယျ ပါ” လို့ ဖြေမယ်။ အဲ့ဒီမှာ မေးသူက မယုံရင် အခြား ပုဂ္ဂိုလ်တွေကို လိုက် မေးမယ်။ ကျွန်တော်ကို လက်ညှိုး ထိုးပြီး ပြောမယ်။ “သူ ဘယ်သူလဲ”။ သူတို့က လည်း ကျွန်တော် ဟာ “ဇေယျ ပါ” လို့ပဲ ပြောကြမှာပဲ။

အချို့က သည့်ထက် ပိုပြီး ကျွန်တော် “ဇေယျ ဟုတ်သလား” ဆိုတာကို သိချင် တော့ မှတ်ပုံတင် ကတ်ပြား တောင်းကြည့် မယ်။ မှတ်ပုံတင် ကတ်ပြား ထဲမှာ ကျွန်တော် ငယ်စဉ်က ရိုက်ထားတဲ့ ပုံ ပါတယ်။ ကျွန်တော်ဟာ “ဇေယျ” ဖြစ်တယ် လို့လည်း ဆိုမယ်။ ဒါ့ကြောင့် ကျွန်တော်ဟာ “ဇေယျ” ဖြစ်ကြောင်း အားလုံး လိုလို က လက်ခံ သွားကြ တယ်။

ကျွန်တော့် အတွက် ပြဿနာ တစ်ခု ရှင်းသွားတာပေါ့။ အဲ့ဒီလို စိတ်ပေါ့ပေါ့ ပါးပါး ဖြစ်နေတဲ့ အချိန်မှာ လူတစ်ယောက် က လာပြီး ကျွန်တော် ဟာ “ဇေယျ” မဟုတ် ပါဘူး လို့ ပြောပြန် တယ်။ ဒီတော့ ရှင်းနေ တဲ့ ပြဿနာက ပြန်ရှုပ်သွားရတယ်။ ဒါပေမယ့် ကိစ္စ မရှိဘူး။ ကျွန်တော့် ကို ထောက်ခံ မယ့် သူတွေ ကလည်း အများသား။

သူတို့ အားလုံးကပဲ စုဝေး လာကြပြီး၊ ကျွန်တော် ဟာ ဇေယျ ဖြစ်ကြောင်း ထောက်ခံ ပြောကြ တယ်။ လူ တစ်ယောက် က ဆိုရင် ကျွန်တော့် မှတ်ပုံတင် ကို ကိုင်ပြီး “ဒီလူ ဟာ ဇေယျ မဟုတ်ရင် ဘယ်သူ ဖြစ်မှာလဲ” လို့ ဒေါသ တကြီး ပြော တယ်။ တစ်ယောက် ကတော့ “မှတ်ပုံတင် မပြနဲ့။ မှတ်ပုံတင်က ရုပ်ငယ်တယ်။ အခု ရုပ်က ကြီးတယ်။ ဒါပေမယ့် အများက “ေဇယ်” ဆို “ေဇယ်” လိုက်ပေါ့” လို့ ပြောတယ်။

အဲ့အခါ ကျွန်တော့ကို ဇေယျ မဟုတ်ဘူး လို့ ပြောတဲ့သူ က မေးခွန်း တစ်ခု မေး ပါတယ်။ “ဒီရွာမှာ ပညာ အရှိဆုံးသူ က ဘယ်သူလဲ” တဲ့။ အဲ့အခါ အများက “ဒီရွာမှာ ပညာအရှိဆုံး သူဟာ ရွာ ဦးကျောင်း ဆရာတော်ကြီး ဖြစ်တယ်” လို့ ပြောကြ တယ်။

အဲ့ အခါ ကျွန်တော့ ကို ဇေယျ မဟုတ်ဘူးလို့ ပြောတဲ့ သူက – “ကျွန်တော်တို့ အားလုံး ရွာဦးကျောင်း ကို သွားပြီး ဆရာတော့် အဆုံးအဖြတ်ကို ခံယူမယ်” လို့ ပြောတယ်။

ဒီ အဆိုပြုချက် ကိုတော့ ဘယ်သူမှ မငြင်းရဲဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ အားလုံး ရွာဦးကျောင်း ကို သွားကြတယ်။ အဲ့ဒီလို သွားတတယ် ဆိုပေတဲ့- ကျွန်တော်တို့ အားလုံး ရိုးရိုး တန်းတန်း သွား တာတော့ မဟုတ်ဘူး။ သူတို့က ကျွန်တော့် ကို သေသေ ချာချာ ရေမိုးချိုး ပေးတယ်။ ပိုးပုဆိုး ကို ဝတ်၊ ကတ္တီပါ ဖိနပ် စီးခိုင်းတယ်။ ခေါင်းကိုလည်း ကျကျနန ဆီလိမ်း တယ်။ သပ်သပ် ရပ်ရပ် ဖြီး သင်တယ်။

အဲ့တော့ ကျွန်တော်တို့ အုပ်စု ထဲမှာ ပါတဲ့ ကောင်မလေး တစ်ယောက် က “ကိုဇေယျကြီး ဒီလို ဆို တော်တော် ချောတာ ပဲ” လို့ ပြောတယ်။ ဒီလို ပြောလိုက် လို့ – ကျနော့ကြောင့် နဲ့ပဲ – သူတို့ ရည်းစား ချင်း ရန်ဖြစ်ကြသေးတယ်။ ကောင်မလေးက – “ချောတယ် ပြောတာ က ကြိုက် တယ် ပြောတာ မှ မဟုတ်တာ။ ဒါလောက် သဘောထား မသေးနဲ့” လို့ သူ့ကောင်လေး ကို ပြော တယ်။

ကောင်လေးက “ငါကလွဲရင် မင်းအဖို့ ဘယ်ယောင်္ကျား မှ မရှိ ရဘူး။ ငါက မင်းရဲ့ တစ်ယောက် တည်း သော ယောင်္ကျားပဲ” လို့ ဆိုတယ်။ ဒါပေမယ့် ကောင်မလေး က အာဂ ကောင်မလေး။ “ရှင့် အပြင် ကျွန်မ အဖေက ယောင်္ကျား မဟုတ် ရတော့ ဘူးလား။ ကျွန်မက မိုးပေါ်က ကျလာရမှာလား” လို့ မေးတယ်။ အဲ့ဒီ မှာတင် မနေသာ တော့တဲ့ ကောင်မလေး အမေက ~ “စကားမများ ကြနဲ့။ အခုက -“ဇေယျ ဟာ ဇေယျ ဟုတ်သလား” ဆိုတဲ့ ပြဿနာ ဖြစ်နေတာ။ ငါ့သမီး အဖေ ~ ငါ့ယောင်္ကျား ဟာ “ယောင်္ကျား ဟုတ် သလား” ဆိုတဲ့ ပြဿနာ ဖြစ်နေတာ မဟုတ် ဘူး။ ငါ့သမီး အဖေ ဟာ ယောင်္ကျား ဖြစ် မဖြစ် ဆရာတော်ကြီး ကို သွား လျောက်ထား ဖို့ မလိုဘူး။ ငါ့သမီး အဖေ ဟာ ယောင်္ကျား ဆို တာ ငါ အသိဆုံး၊ ငါ့ထက် သိတဲ့သူ ဘယ်သူမှ မရှိဘူး။ ငါ့ထက် သိတဲ့ လူရှိရင် လည်း အဲ့ဒီ ကောင်မတော့ သေရော့ပဲ” လို့ ပြောတယ်။ အဲ့မှာ တင် ယောင်္ကျား မိန်းမ ပြဿနာ အဆုံးသတ် သွားတယ်။

အဲ့ဒီနောက် ကျွန်တော် တို့က ရွာဦးကျောင်း ဆရာတော်ကြီး သီတင်းသုံးတဲ့ ကျောင်းအပေါ်ထပ် ကို တက်သွားကြတယ်။ အဲ့ဒီလို တက်သွားတော့ ဝတ်ကောင်း စားလှ ဝတ်ထားတဲ့ ကျွန်တော် က ရှေ့ဆုံးက ။ ကျွန်တော့ ကို ဇေယျ မဟုတ်ဘူး လို့ ပြောတဲ့ ရသေ့ လိုလို ဘာလိုလို လူက နောက် က။ အဲ့ဒီ နောက် မှာ ကျွန်တော့် မှတ်ပုံတင် ကို လက်မှာ ကိုင်ထားတဲ့ ကျွန်တော့် ဦးလေး ပါတယ်။ နောက်ဆုံး မှာ လူတစ်အုပ်လုံးပဲ။

‘ဝတ်ကောင်းစားလှ’ ဝတ်ထားတဲ့ ကျွန်တော့ကို မြင်မြင်ချင်း ~ ဆရာတော်ကြီးက – “အံမယ် ~ ဒကာ ဇေယျ ~ ဘယ်သွားမှာမို့ ဝတ်ကောင်း စားလှတွေ ဝတ်ထားတာလဲ” လို့ မေးတယ်။

အဲ့ဒီ အခါ ကျွန်တော့် နောက်က လိုက်လာတဲ့ လူအုပ်ကြီးက – “ဆရာတော့်ကို မောင်ဇေယျ က လာကန်တော့ တာပါ ဘုရား” လို့ လျောက်တယ်။ ပြီးတော့ အားလုံးရဲ့ မျက်လုံး က ရသေ့ လိုလို ပုဂ္ဂိုလ် ဆီ ရောက်သွားတယ်။

အဲ့ဒီ အခါ ရသေ့လိုလို ပုဂ္ဂိုလ်က “ဆရာတော် ဘုရား ၊ အားလုံးသော သတ္တဝါ တွေဟာ ခန္ဓာငါးပါးနဲ့ တည်ဆောက် ထားတာမို့ “ဇေယျ” ဆိုတာ ရှိနိုင်ပါ့မလား ဘုရား” လို့ လျောက်တယ်။

ဆရာတော် ကြီးက ရိတ်ပြီးစ ဦးခေါင်းကို သူ့ညာလက်နဲ့ အသာ အယာ ပွတ်တယ်။ နောက်တော့ မျက်နှာထား က ငြိမ်သက်သွား ရင်း ကျောင်းဒေါင့်မှာ ထောင်ထားတဲ့ ကြိမ်လုံးကို ဖြတ်ခနဲ လှမ်းယူ တယ်။

“ငါ့ ကြိမ်လုံး ရှိတယ် မရှိဘူး တွေးချင် ငြင်းချင် သလား။ ငြင်းချင် တဲ့ သူတွေ ~ အခု ချက်ချင်း ကျောင်းတိုင်ကို ဖက်ကွာ” လို့ သက်ပြင်း မှုတ်ထုတ် ရင်း အော်ပြော တယ်။ ပြောရင်း ဆိုရင်း ပဲ – သင်္ကန်း လက် ကတော့ ကို ပင့်လိုက်သေး တယ်။ အဲ့ဒီနေ့ ကမန်း ကတန်း ကျောင်း က ပြန်ပြေး လာကြတော့- ရသေ့ကြီး မျက်နှာ မအီ မလည် ဖြစ် ကျန်နေ ခဲ့တာ ခုထိ မြင်ယောင် နေ သေးတယ်။

…………….
April 24th 2012 at 12:05 PM
Imitated by substitution of the names on Article of Sayar Khin Maung Win.

…………….

Facebook photo-ess:
https://zayya.wordpress.com/
http://zayya.blog.com/
http://zayyablogger.blogspot.com/

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: