သတိ ကို မွမ်းမံ ရာတွင်

A: အပ္ပမာဒ သတိ ကို ~ ဘယ်လို ပိုပြီး ပွားများလာနိုင်မလဲ။

B: အိန္ဒိယ ပုံပြင် တစ်ပုဒ် ရှိတယ်။ သူတော်စင် ကြီး တစ်ပါး က တစ်နေ့ သူ့ တပည့် ကို ခေါ်တယ်။ ဘုရင် တစ်ပါး ဆီ သွားဖို့ စေခိုင်း တယ်။ အဲ့ဒီ ဘုရင် အမည်က ဂျနဂ် လို့ ခေါ်ပါတယ်။ တပည့်ဖြစ်သူ ကို ဒီ ဘုရင် ဂျနဂ် ဆီ ကနေ လိုအပ်နေသေးတဲ့ ပညာရပ် တစ်ခု သွား သင်ယူ ပါ လို့ ပြော တယ်။ အဲ့တော့ လူငယ် လည်း ဖြစ်တဲ့ တပည့် က မေးတယ်။ “အရှင်။ အရှင် ကမှ မသင်ပေး နိုင်ရင် ~ ဒီလို ဘုရင် မျိုး ဖြစ် တဲ့ – ဂျနဂ် က တပည့်တော်ကို ဘာ သင်ပေး နိုင်မှာ မို့လို့လဲ။ အရှင်ဟာ သူတော်စင် စစ်စစ် ကြီးပဲ။ သူက ဘုရင် တစ်ပါး သက်သက် သာ ဖြစ်တယ်။ ဘာဝနာ အကြောင်း၊ ဈာန်၊ သမာပတ် တွေအကြောင်း ဘယ့်နှယ် လုပ်များ သူ သိမှာ မို့လို့လဲ။”

သူတော်စင်ကြီးက – “ကျုပ် ပြောသလို လုပ်ပါ ချစ်တပည့်။ သူ့ဆီကို သွား~ ပြီးရင် ဂါရဝတရား ရင်မှာ သိမ်းရင်း ~ သူ့ကို အရို အသေ ပြုပါ။ သင်က သာမဏေ ဖြစ်တယ် ~ သူက သာမာန် အိမ်ရှင်သာ ဖြစ်တယ် လို့ လည်း တွေးပြီး မာန် မဝင့်လိုက်နဲ့။ သူက လောကီ လူ့ဘောင် ထဲမှာ ရှိနေတယ် ~ သင်က လူ့ဘောင်လောကကို စွန့်လွှတ်ပြီးသား ဖြစ်တယ် ဆိုတဲ့ အတွေးတွေ ကို လည်း မေ့ထား လိုက်ပါ။ သင့်မှာ လိုအပ်နေတဲ့ အရာတစ်ခု သင်ယူ နိုင်ဖို့ သင့်ကို သူ့ဆီ လွှတ်တာ ဖြစ်တယ်။ ဒါ့ကြောင့် ဒီခဏ အတွက် သူဟာ သင့် ရဲ့ ဆရာသခင် လည်း ဖြစ်တယ်။ ကျုပ် ဒီနေရာမှာ သင့်ကို ကြိုးစား သင်ပေးခဲ့ပြီးပြီ ~ သင့်မှာ လိုအပ်နေသေး တယ်။ သင့် လိုအပ်ချက် ကို ဖြည့်စွက် နိုင်ဖို့ အခြေအနေ တစ်ခု ရှိရ လိမ့်မယ်။ ဒါ့ကြောင့် ဘုရင် ဂျနဂ်နဲ့ သူ့ရဲ့ နန်းတော်က သင့်ကို ဖြည့် စွမ်း ပေးနိုင် ပါလိမ့် မယ်။ သင်သွားပြီး သူ့ကို ဦးညွှတ်ပါ။ ရက် အနည်းငယ် ကြာရင် သူ သင့်ကို ကျုပ်ဆီ ပြန်လွှတ် ပါလိမ့်မယ်။”

လူငယ်လည်း လေးတုံ့လေးကန်နဲ့ ခရီးထွက်လာခဲ့တယ်။ စင်စစ် သူက ဗြဟ္မဏ၊ အိန္ဒိယ မှာ မျိုးဇာတ် အမြင့်ဆုံး။ ဘုရင် ဂျနဂ် ဆိုတဲ့ လူက ဘာလဲ။ ဂျနဂ် ဟာ ချမ်းသာတယ် ~ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ ဘုရင် ကိုယ်တိုင် ဖြစ်တယ်။ ဒါပေမယ့် ဒီ ဘုရင်က ဗြဟ္မဏ တစ်ယောက်ကို ဘာသင်ကြားပေး မှာတဲ့လဲ။ အိန္ဒိယ အမျိုးဇာတ်မှာ ဗြဟ္မဏတွေ ကသာ လူတွေကို ပညာ သင်ကြား ပေး တာ ဖြစ် ပါတယ်။ ဂျနဂ် က ဗြဟ္မဏ မဟုတ်ဘူး။ သူက ခတ္တိယ ၊ မင်းမျိုး၊ ဘုရင်မျိုး သက်သက်။ အိန္ဒိယ အမျိုးဇာတ် မှာ ဗြဟ္မဏနဲ့ ယှဉ်ရင် ခတ္တိယ ဟာ ဒုတိယ နေရာမှာသာ ရှိတယ်။ ဗြဟ္မဏ ထက် နိမ့်တယ်။ ဗြဟ္မဏ မျိုးသာ အိန္ဒိယမှာ အမြင့်မြတ်ဆုံး မျိုးနွယ် ဖြစ်တယ်။ ဒီဘုရင် မျိုး၊ ခတ္တိယ မျိုးကို သူတို့ ပညာရှိ၊ ဗြဟ္မဏ မျိုးက ဘာလို့ ဦးညွှတ် ရမှာလဲ။ ဒါမျိုး ဘယ်ခေတ်အခါ ကမှ မရှိခဲ့ဖူးဘူး။ ဗြဟ္မဏ တစ်ယောက် က ခတ္တိယ ကို ဦးညွှတ်ဖို့ ဆိုတာ အိန္ဒိယ အစဉ်အလာ ခံယူချက် အားလုံးကို တော်လှန်တာ သက်သက် ဖြစ်မယ်။

ဘယ်လိုပဲ ဆိုစေ၊ ဆရာသခင်က ဒီလို လုပ်ပါပြောတဲ့ အတွက် သူ ဒီ အတိုင်း လုပ်ရုံမှ တစ်ပါး အခြား မရှိ။ ဒါ့ကြောင့် လေးတုံ့လေးကန် ခြေလှမ်းတွေ နဲ့ သူ ထွက်လာခဲ့တယ်။ ဘုရင့် နန်းတော် ကို ရောက်တယ်။ ဘုရင် ဂျနဂ် ကို လေးလေး ကန်ကန် နဲ့ပဲ ဦးညွှတ် လိုက်တယ်။ သူ ဦးညွှတ် အရိုအသေ ပြုနေချိန်မှာ ~ သူ့စိတ်က သူ့ဆရာသခင် ကို တော်တော် စိတ်ဆိုး နေ တယ်။ ဘာလို့ဆို ~ အခု ဘုရင် ဂျနဂ် ကို အရိုအသေ ပြုနေတဲ့ သူ့ရဲ့ ပုံစံ ဟာ သူ့အတွက် အင်မတန် အရုပ်ဆိုးတယ်။ အကျည်းတန် နေတယ်။ တကယ့် ရှက်ဖွယ် လိလိပဲ။

နန်းတော်တွင်း မှာ လှပျိုဖြူ တစ်ဦး – တေးသွားအတိုင်း ကခုန် နေတယ်။ အခြား မင်းပွဲ ပရိသတ်တွေက ဝိုင် ယမကာ တွေ သောက်နေ ကြတယ်။ ဘုရင် ဂျနဂ်က အဲ့အတွင်း အုပ်စု တစ်စုမှာ ထိုင်နေတယ်။ ဝိုင်သောက်ရင်း ကခြေသည်ကို ကြည့်နေတာပဲ။ ဒီ အခြေအနေကို လူငယ်က ရွံတယ်။ ဒါပေမယ့် ဆရာသခင် မှာတဲ့ အတိုင်း ဆက်ပြီး ဦးညွှတ် ထားပါတယ်။ အဲ့ဒီအခါ ဘုရင် ဂျနဂ်က ရယ်တယ်။ “တကယ့် စိတ်အတွင်းမှာ မကြည်မလင် ၊ ပြစ်တင်မောင်းမဲ ရင်းနဲ့တော့ ဦးညွှတ်နေစရာ မလိုပါဘူး အရှင်။ ကျုပ်နဲ့ ပတ်သက်ပြီး အရှင် သာမဏေ လေး မှာ ဟန်ဆောင်စရာ ဘာမှ လိုအပ်မနေပါဘူး။ အရှင့်ရဲ့ ဆရာသခင်ကို ကျုပ် ကောင်းကောင်း သိကျွမ်း ပါတယ်။ ဒါ့ကြောင့် လည်း သူ သင့်ကို ကျုပ်ဆီ ပို့လိုက်တာပဲ။ သူက တစ်စုံတစ်ခု သင်ကြားပေး လိုက်စေချင်ပုံ ရတယ်။ ဒါပေမယ့် ကျုပ်ဆီမှာက အရှင့်ကို သင်ပေးဖို့ နည်းလမ်း မရှိဘူး။”

လူငယ်လေး ကလည်း “ကျုပ် ဂရုမစိုက်ပါဘူး။ ဆရာသခင် လွှတ်လိုက်လို့ ကျုပ် ရောက်လာတယ်။ မနက်မိုးသောက် တဲ့အခါ ကျုပ် ပြန်မယ်။ ဒီ နေရာ မှာ ကျုပ်သင်ယူ စရာ ဘယ်တစ်ခုမှ မတွေ့ဘူး။ တကယ်လို့ ဒီကနေ တစ်ခုခု သင်ယူ ရပါတယ် ဆိုရင်လည်း ကျုပ် ဘဝတစ်ခုလုံး မြှုပ်နှံထားတဲ့ သမဏ အလုပ်က အလဟဿ၊ သွားပြီပဲ။ ဒီဝိုင်တွေ သောက်ဖို့ ~ ဒီကချေသည်ကို ရှုစားဖို့~ ဒီ အနှစ်မဲ့တဲ့ ကာမဂုဏ်တွေ ခံစားဖို့ ကျုပ် ရောက်လာတာ မဟုတ်ဘူး”

ဘုရင် ဂျနဂ်က ပြုံးတယ် – “အရှင် မနက်ကို သွားမယ် ဆိုလည်း သွားပါ။ ဒါပေမယ့် အခု အရှင်ရောက်လာခဲ့ပြီပဲ။ ဒီနေ့ အတွက်တော့ မောပန်း နေလောက်ပြီ။ ဒါ့ကြောင့် ဒီတစ်ည နားနေလိုက်ပါ။ မနက်မိုးသောက်မှ သင် သွားချင်သပ ဆို သွားပါ။ သင် သွားနိုင် ပါတယ်။ ဆရာသခင် က သင့်ကို ကျုပ်ဆီ ပို့လွှတ်လိုက်တဲ့ ကိစ္စ အတွက် တစ်ညတာ ဆိုရင်လည်း လုံလောက်ပါတယ်။”

သမဏက သံသယနဲ့ ပြန်ကြည့်တယ်။ တစ်ညတည်းနဲ့ သူ့ကို ဒီဘုရင်က ဘာများ သင်ကြားပေး နိုင်မှာလဲ။ နို့ပေမယ့် ရှိစေ ~ ဒီ တစ်ည တော့ သူ နား တော့မယ်။ တစ်ညတာ မို့ သူ့အတွက် ဘာ အနှောင့်အယှက် မှ မရှိလောက် ဘူးရယ်။ သူ လက်ခံတယ် ဆိုတဲ့ အကြောင်း ခပ် မဆိတ်ပဲ နေလိုက်တယ်။ ဘုရင်က ဒီ လူငယ် အတွက် နန်းတော်ထဲက အလှပဆုံး စည်းစိမ် အရှိဆုံး အိပ်ခန်းဆောင်ကို စီစဉ် ပေးတယ်။ ပြီးနောက် – အဲ့ဒီ လူငယ် နဲ့ အတူ အိပ်ခန်းထဲ ထိ လိုက်လာတယ်။ အစားအသောက် လိုလေသေး မရှိ ပြည့်စုံအောင် ကျွေးမွေးတယ်။ နောက်ဆုံး ဒီ သာမဏေလေး အိပ်ရာဝင်ပြီ ဆိုမှ ပြန်ထွက် လာခဲ့တယ်။

ဒါပေမယ့် ဒီလူငယ်လေး က တစ်ညလုံး ကောင်းကောင်း အိပ်မရဘူး။ ဘာလို့ဆို သူ့အထက်ကို မော့ကြည့်လိုက်တဲ့ အခါ ဓားပြောင်ပြောင် တစ်လက် က အဝင်းသား မြင်နေရတယ်။ သူ့ ဦးခေါင်းထက်မှာ ဝဲနေသလိုပဲ။ ပါးပါးလွှာလွှာ နဲ့ တဲတဲကလေး ချည်ထား တဲ့ ကြိုး လည်း ရှိနေတယ်။ အချိန်မရွေး သူ့အပေါ်ကို ပြတ် ကျ လာနိုင်နေတယ်။ ခဏတိုင်း ခဏတိုင်းမှာ ဒီဓားရောင် တပြက်ပြက်နဲ့ သူ ကောင်းကောင်း အိပ်မရဘူးရယ်။ တညလုံးမှာ တဖြတ်ဖြတ်နဲ့ နိုးနေတယ်။ သူ ဒါကို ရှောင်လွှဲဖို့ ကြိုးစားရင်း သူ့ကိုယ်သူ အတတ်နိုင် ဆုံး သတိကပ်ထားနေတယ်။ အဲ့လိုနဲ့ မိုးလင်း လာပါရော။

မနက်ရောက်တော့ ဘုရင်က – “အရှင် ~ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် ပါရဲ့လား။ သက်တောင့် သက်သာ ရှိပါရဲ့လား”

လူငယ်က – “သက်တောင့် သက်သာ ရှိဖို့ ~ ဟုတ်စ။ အားလုံး ကောင်းကြပါတယ် ~ ဒါပေမယ့် အဲ့ဓားကြီးက ဘာလုပ်ထားတာလဲ။ ခင်ဗျား ကျုပ် ကို လှည့်စားပြီး ညှဉ်းပန်း တာလား။ ဒါဆိုရင်တော့ အင်မတန် ရိုင်းမိုက်တဲ့ အပြုအမူပဲ။ ကျုပ် ပင်ပန်းလာတယ်။ ဟိုး တောစွန် ဇနပုဒ် ဆရာသခင့် ကျောင်းသင်္ခမ်းကနေ ဒီကို ကျုပ် ခြေလျင် လျောက်လာခဲ့ ရတယ်။ ဒါကို သင်က ဒီလို ဆက်ဆံတယ်။ အပ်ချည်ပါးလေး နဲ့ သာ ချည်ထားတဲ့ ဒီဓားကြောင့် ကျုပ် တစ်ညလုံး ဇောချွေးပြန် နေရတယ်။ … ကျိန်းသေ ပါတယ် – ကျုပ် အခု သွားမှာပါ။ ဒီနေရာကို နောက်တစ်ခါ ပြန်လာစရာလည်း ဘာမှ မရှိဘူး – အခုသွားမှာပဲ”

ဘုရင် ဂျနဂ်က – “အရှင့်ကို ကျုပ် တစ်ခု လျောက်လိုပါတယ်။ အရှင် ပင်ပန်းလာတယ်။ ဒါနဲ့တောင် ကောင်းကောင်း အိပ်မပျော် နိုင်ခဲ့ဘူး မဟုတ်လား။ စင်စစ် သင်ရဲ့ စိတ်သန္တာန်ကသာ အိပ်မပျော် နိုင်တာ ဖြစ်ပါတယ်။ ဘာလို့ဆို အန္တရာယ် ဟာ အနီးအနား မှာ ဖြစ်ကြောင်း ကောင်းကောင်း မြင်ထား လို့ပဲ။ အရှင့်အတွက် ခဏတိုင်းဟာ သေရေး ရှင်ရေး ပြဿနာ ဖြစ်နေတယ်။ ဒါ့ကြောင့် အရှင် နိုးကြားနေတယ် ~ သတိမူမိနေတယ်။ ဒါကပဲ ကျုပ် သင်ကြားပေးနိုင်တဲ့ တစ်ခုတည်းသော အရာ ဖြစ်ပါတယ်။ အရှင် အခု သွားတော့မယ် ဆိုလည်း သွားနိုင်ပါတယ်။ ဒါမှမဟုတ် ရက်အနည်းငယ် နေပြီး ကျုပ်ကို စောင့်ကြည့်ချင်တယ် ဆိုလည်း နေနိုင်တယ်။

ကျုပ် အနေနဲ့ ရှင်ဘုရင် အဖြစ်၊ နန်းတော်ထဲမှာ ထိုင်၊ ကချေသည်တွေကို ငေး နေသည့်တိုင် ကျုပ် ဦးခေါင်းထက်မှာ အဲ့ဒီ ဓားဟာ ဝဲပျံနေ တယ်။ ကျုပ် အမြဲတမ်း သတိမပြတ် ရှိနေရတယ်။ သတိမပြတ် ထားရှိနေရခြင်း ရဲ့ အကြောင်းဟာ – မမြင်နိုင်တဲ့ အရာ – အဲ့ဒီ သေမင်း စစ်စစ် ဖြစ် ပါတယ်။ ဒါကို မြင်နေတဲ့ ကျုပ် – ကချေသည်တွေကို ဘယ်လို ယစ်မူး နိုင်မလဲ။ စည်းစိမ်အပြည့် ရှိနေတဲ့ အိပ်ရာဆောင်နန်း မှာ အရှင် အိပ်မပျော် နိုင်သလို၊ ကျုပ်လည်း သေရည်အရက်ကို ကောင်းကောင်း မျိုနေတာ မဟုတ်ဘူး။ ခဏတိုင်း အချိန်မရွေး ရောက်ရှိ လာနိုင် တဲ့ သေမင်းကိုသာ ကျုပ် သတိပြု နေတာ ဖြစ်ပါတယ်။ သေခြင်း တရား အကြောင်း ခဏတိုင်း ခဏတိုင်း သတိပြုမိတယ်။ ဒါ့ကြောင့် ကျုပ် ဒီ နန်းတော်မှာ စည်းစိမ် အပြည့် ရှိနေသည့် တိုင် ကျုပ် အတွက် ရသေ့တစ်ပါး ဖြစ်နေတယ်။ ဒါကို သင့်ရဲ့ ဆရာသခင် သိတယ်။ သူ လည်း ကျုပ် နားလည်သလို နားလည် ထားတယ်။ အရှင့်ကို ကျုပ်ဆီ စေလွှတ်လိုက်တဲ့ အကြောင်းကလည်း အဲ့ဒါပဲ ဖြစ်ပါ တယ်။ တကယ် လို့သာ ရက်အနည်းငယ် နေလိုတယ် ဆိုရင် – အရှင် ဒီမှာ နေရင်း မိမိကိုယ်ကိုယ် စောင့်ကြည့်ကြည့်ပါ။”

…………………
မေးခွန်းက ဆိုတဲ့ – “အပ္ပမာဒ သတိကို ဘယ်လို ပိုပြီး ပွားများ စေနိုင်မလဲ” အတွက် ဖြေရင် ~ “ဘဝရဲ့ ရှင်သန်နေတဲ့ ဒီတခဏတာ ကို ကောင်းကောင်း အသိဝင် ထားဖို့” သာ ဖြစ်ပါတယ်။ သေခြင်းတရား ဟာ ခဏတိုင်း အတွင်း ရောက်ရှိ လာနိုင် တယ်။ အခု ခဏမှာ ခင်ဗျား ရှင်နေ ပေမယ့် နောက်တစ်ခဏ အတွက် သူ ရောက် မလာဘူး လို့ ခင်ဗျား ကိုယ်တိုင်လည်း မပြောနိုင်သလို – ဘယ်သူမှလည်း မပြောနိုင်နေ ဘူး ရယ်။ ကျနော်တို့ အများမှာ သတိမဝင်မိကြခြင်း ၊ မေ့လျော့ နေတတ်ကြခြင်း – အကြောင်း က – “နောက် တစ်ခဏ၊ နောက် အချိန်တွေ မှာလည်း ငါ ရှင်နေဦးမှာပဲ” ဆိုတဲ့ စိတ်ကူး၊ အတွေးအထင် ကြောင့်သာ ဖြစ်ပါတယ်။ တကယ် လို့ သာ သေခြင်း တရား ဟာ နီးကပ် လာနေတယ် – လို့ တကယ် သိရင် အဲ့လူအတွက် အခု ရှင်သန် နေတဲ့ အပေါ် သတိ မပြုဘဲ မနေ ဘူး။ ဘဝ ဆိုတာ ရေမြှုပ်ပေါ် က တခဏ ကို သာ ဆိုလိုကြောင်း သိတဲ့ အခါ ~ အပ်ဖျား တစ်ချက် ဆတ်ခနဲ ထိုးဆွ ၊ ဖြတ်ခနဲ နာကျင်ပြီး ဖြတ် ခနဲ ပျောက်ပျက်သွားတဲ့ တခဏလေးပဲ လို့ သိမြင်ရင်း ~ ခင်ဗျား သတိမပြုဘဲ မနေနိုင်ဘူး။

…………………..
April 25th 2012 at 11:00 AM
…………………..
http://zayya.blog.com/
https://zayya.wordpress.com/
http://zayyablogger.blogspot.com/
……………………

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: