အထတော ဃူမက္ကရ ဂျိဂယာဆာ :ပါရဂူ

ကျနော့ ဆရာရင်း ပါရဂူ ၏ “ဃူမက္ကရ သျှတ္တရ” မှ ပထမ အခန်းကို ရိုက်ယူ တင်ရှိ ပါသည်။ ဆရာပါ (ကျနော်တို့ ချစ်စနိုး ဆရာပါ ဟုသာ ခေါ်သည် ) က ရာဟုလာ သံကိစ္စည်း ၏ ကျမ်းကို ဘာသာပြန် ဆို ထားခြင်း ဖြစ်သည်။ အများအားဖြင့် ပစ်ပယ် ခံထားရသော စာအုပ်လည်း ဖြစ်သည် ဟု ကျနော် ပြောလိုသည်။ အဘယ်ကြောင့် ဆိုသော် အတွင်းပိုင်း စာသား အများစု ကို ယနေ့ လူကြီးမိဘ အပါ အဝင် ဆရာများ မနှစ်သက်ကြခြင်း ကြောင့် ဖြစ်သည်။ သို့သော် ဤစာအုပ်သည် ကျနော့် အပေါ် ကျေးဇူး များစွာ ရှိပါသည်။ မှတ်မှတ်ရရ – “သိဒ္ဓတ္ထ” နှင့် “ဃူမက္ကရ သျှတ္တရ” ။ ဆရာပါ ၏ ဤစာအုပ် နှစ်အုပ် သည် ကျနော့ဘဝကို အိပ်မက်မှ လက်တွေ့သို့ လှုပ်ကိုင် နှိုးကြသည့် စာအုပ် များ ဖြစ်သည်။ ယင်းသို့ လှုပ်နှိုး ခဲ့သည့် အတွက်လည်း ကနေ့ အချိန်တွင် အကောင်း အဆိုးများ ဒွန်တွဲ ရိုက်ခတ်လျက် ရှိ သည်။ အကောင်း အဆိုး မည်သည် လောက ဓမ္မတာ ဖြစ်၍ ယင်း တို့ လှိုင်းတံပိုး ကြားတွင် – ဘဝသည် စင်စစ် အသက်ဝင်လျက် ရှိသည်။ ဤသည်ပင်လျှင် အကျိုးကျေးဇူး ဖြစ် သည်။ ယင်း ကျေးဇူး တို့ကို ရည်သန်၍ ဤအွန်လိုင်း မျက်နှာစာ တို့တွင် ကြည့်မိသည်။ ဆရာပါ ၏ သိဒ္ဓတ္ထ မှ လွဲ၍ ဤ “ဃူမက္ကရ သျှတ္တရ” ကို ရှာ မတွေ့ ။ ထို့ကြောင့် (စကားဦး နိဒါန်း မပါ) အခန်းအားဖြင့် (၁၃) ခန်းသာ ရှိသော ဆရာ့ စာ ကို တစ်ခန်း ချင်း ရိုက်ယူ တင်ရှိရန် စိတ်ကူးပါသည်။ ဤသည် မှာ ပထမ အစဦး အခန်း ဖြစ်သည်။

ဇေယျ
……………………….
အပျိုး အတွက် ဆရာ၏ စကားဦးမှ အချို့ အပိုဒ်ကို အနည်းငယ် ထုတ်နုတ်လိုသည်။

“ဘာသာရပ် ပေါင်း များစွာ နှင့် ပတ်သက်ပြီး ရာဟုလာ ရေးသွားခဲ့သော တစ်ရာကျော် နှစ်ရာ နီးပါး ရှိ ကျမ်းစာအုပ် များထဲတွင် “ဃူမက္ကရ သျှတ္တရ” အမည်ရှိ ကျမ်း စာအုပ် တစ်အုပ် ရှိသည်။ ရာဟုလာသည် တစ်သက်လုံး သူကိုယ်တိုင်လည်း ခရီးသွားသည်။ သူ၏ ခရီးမှတ်တမ်း များကို ရေးသားသော စာအုပ်များစွာ လည်း ရှိသည်။ ကမ္ဘာ့ ခရီးသည် များကိုလည်း သူ၏ စာအုပ် များထဲတွင် တစ်ခမ်း တစ်နား နေရာပေးထားသည်။

“‘ဃူမက္ကရ သျှတ္တရ’ စာအုပ်မှာ ခရီးသွားခြင်း အလုပ်ကို ကျင့်စဉ် တစ်ရပ် အဖြစ် အမွှမ်း တင် ထားသော စာအုပ် ဖြစ်သည်။ သက္ကတ သျှတ္တရ ကျမ်းကြီး ကျမ်းခိုင်များကို ‘အထတော ဂျိဂယာဆာ’ ဟူ၍ အမြတ်တနိုး ဂုဏ်ပြု အမွှမ်းတင် ထားသည်။ အဓိပ္ပာယ် မှာ သျှတ္တရ ကျမ်းစာများကို စူးစမ်းလေ့လာမှု ပြုခြင်း သည် လူ့လောက အတွက် ကြီးစွာ အကျိုးပြုခြင်း ဖြစ်၏ ~ ဟူ၍။ ရာဟုလာက သူ၏ ဃူမက္ကရ (ခြေသလုံး အိမ်တိုင် ခရီးလှည့်လည်ခြင်း အကျင့်) ကို သျှတ္တရ ကျမ်းဂန် များနှင့် နှိုင်းယှဉ် လျက် “အထတော ဂျိဂယာဆာ” ခရီးသွားလာခြင်း ကျင့်စဉ် သည် ထောက်မီ၍ မရသော အလွန် နက်နဲသော ကျင့်စဉ်မြတ် ဖြစ်သည် ဟူ၍ ဂုဏ်ပြု အမွှမ်းတင်ပြီး ရေးသား ထားသည်။ ရာဟုလာသည် သူ၏ ဃူမက္ကရ သျှတ္တရ “ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာခြင်း” နှင့် ပတ်သက်သော စာအုပ်ကို ‘သျှတ္တရ ကျမ်းစာ’ ဟူ၍ ကျမ်း စာအုပ် အမည်ပေးထားသည် ကို ထောက်လျက် ခရီး လှည့်လည် သွားလာခြင်း ကျင့်စဉ်ကို မည်မျှ အလေးထားသည် ဆိုသည်ကို သိရှိ နိုင်သည်။

“ရာဟုလာသည် ခရီးလှည့်လည် သွားလာခြင်း ကျင့်စဉ်ကို သူ ကိုယ်တိုင်လည်း ကျင့်သုံးသည်။ ဤ ‘ဃူမက္ကရ သျှတ္တရ’ ကျမ်းစာအုပ်၌ ပြည်သူ အများကိုလည်း ခရီး လှည့်လည် သွားလာခြင်း ကျင့်စဉ် ကျင့်သုံး နိုင်ရန် အတွက် ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များကို အကျယ်တဝင့် ရှင်းလင်း ပြောပြထားသည်။”

…………………………..

အထတော ဃူမက္ကရ ဂျိဂယာဆာ

“အထာတော ဃူမက္ကရ ဂျိဂယာဆာ” (ခြေသလုံး အိမ်တိုင် ခရီးကို စူးစမ်း ရှာမှီးခြင်း) ဟူသော သက္ကတ စာလုံးဖြင့် ကျမ်းစာအုပ် ကို အစပြုထားသည့် အတွက် စာဖတ်သူများ ဘဝင်မကျ ဖြစ်ပေလိမ့်မည်။ သို့သော် မဖြစ်သင့်။ အမှန်က ကျွန်ုပ်တို့သည် ကျမ်းစာ အုပ်ကို ရေးသား နေခြင်း ဖြစ်သည်။ သျှတ္တရ ကျမ်းဂန် များ၌ စူးစမ်း ရှာမှီးခြင်း ပြုလုပ် အပ်သည့် အရာမှာ ကောင်းမွန် မြင့်မြတ်သော လူ ပုဂ္ဂိုလ် တစ်ဦးချင်းနှင့် လူ့လောက အတွက် ကြီးစွာ အကျိုးပြု သော အရာ ဖြစ်၏ ဟု ဖွင့်ဆို ပြောပြ ထားသည်။ ဗျာသ သည် သူ၏ သျှတ္တရ ကျမ်းဂန် ၌ ဗြဟ္မ အား အမြင့်မြတ်ဆုံး ဟု ယူဆပြီးလျှင် ဗြဟ္မ ကို စူးစမ်း ရှာမှီးအပ်သည့် အရာ ဟူ၍ ပြုလုပ် ဖန်တီး ထားသည်။ ဗျာသ ၏ တပည့် ဇေမိနိသည် ဓမ္မကို အမြင့်မြတ်ဆုံး ဟု ထင်မှတ် ယူဆသည်။

ရှေးရှေး ရသေ့ကြီးများနှင့် အယူအဆ ကွဲပြားနေခြင်း သည် ကျွန်ုပ်တို့ အတွက် မကောင်းမှု ကျူးလွန်ခြင်း မဟုတ်ပေ။ သျှတ္တရ ကျမ်း ခြောက်ကျမ်းကို ရေးသား စီရင် ကြသော ရသေ့ကြီး ခြောက်ပါး ထဲတွင်လည်း တစ်ဝက်သည် ဗြဟ္မာကို အကောင်း မမြင်ကြပေ။ ကျွန်ုပ်၏ သဘော အရ ပြောပြရလျှင် ကမ္ဘာပေါ် ၌ အမြင့်မြတ် အကောင်း ဆုံး သော အရာမှာ ခြေသလုံး အိမ်တိုင် ခရီး လှည့်လည် သွားလာခြင်း ဖြစ်သည်။ ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာ သူထက် ပုဂ္ဂိုလ် တစ်ဦးချင်း အကျိုး နှင့် လူ့လောက အကျိုး သယ်ပိုး ဆောင်ရွက် နိုင်သူ မရှိပေ။

ဗြဟ္မသည် ကမ္ဘာလောကကြီးကို ဖန်ဆင်း တည်ဆောက်ခြင်း၊ ထမ်းဆောင် ထားခြင်း၊ ပျက်စီအောင် လုပ်ခြင်း တာဝန်ကို ယူထားသည် ဟု ပြောကြသည်။ ဖန်ဆင်း တည်ဆောက်ခြင်း၊ ပျက်စီးအောင် လုပ်ခြင်း ဆိုသည်ကို အပထား၊ ဗြဟ္မ တည်ရှိ နေသည် ဆိုသည်ကိုပင် ပစ္စက္ခ မျက်မှောက် အထောက်အထား အရ လည်းကောင်၊ အနုမာန မှန်းဆချက် အရ လည်းကောင်း ထင်ရှားအောင် ပြနိုင်ပါမည်လော။

ကမ္ဘာလောကကြီး ကို ထိန်းထားသူ၊ ထမ်းဆောင် ထားသူမှာမူ ဗြဟ္မ လည်း မဟုတ်ပေ။ ဗိရှဏု လည်း မဟုတ်ပေ။ ရှံကရ လည်း မဟုတ်ပေ။ ဒုက္ခ ရောက်နေသည့် အချိန် ဖြစ်စေ၊ သုခ နှင့် ကြုံကြိုက်နေသည့် အချိန်၌ ဖြစ်စေ ကမ္ဘာ လောကကြီးအား အကူအညီ ပေးသူ မှာ ခြေသလုံးအိမ်တိုင် ခရီးလှည့်လည် သွားလာသူ များသာ ဖြစ်သည်။ သဘာဝ အရ နေထိုင်ကြသော ကမ္ဘာဦး လူတို့သည် အဆင့်မြင့် ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာသူများ ဖြစ်ကြသည်။ လယ်ယာ ကိုင်းကျွန်း၊ ဥယျာဉ် ခြံမြေ၊ အိမ်ရာများ နှင့် ဆက်စပ်ခြင်း မရှိဘဲ ကောင်းကင်က ငှက်များကဲ့သို့ ပထဝီ မြေပြင် ပေါ်၌ အခါခပ်သိမ်း လှည့်လည် သွားလာနေကြ သည်။ ဆောင်း ဥတု ကာလ၌ တစ်နေရာ ရောက်နေသည် ဆိုလျှင် နွေဥတု ကာလ၌ ထိုနေရာ မှ ကောသပေါင်း နှစ်ရာ လောက် ဝေးသော နေရာ တွင် ရောက်ရှိကြ သည်။

ယခု ခေတ်တွင် ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာကြသူများ ၏ လုပ်ငန်းများနှင့် ပတ်သက်၍ ပြောပြဖို့ လိုအပ်လာသည်။ အကြောင်းမူကား လူပေါင်းများစွာ တို့သည် ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာသူများ ၏ လည်မျိုကို ညှစ်ပြီးလျှင် ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာသူများ၏ လုပ်ရပ်များကို ခိုးယူ လျက် မိမိ တို့၏ အမည်နာမဖြင့် ထုတ်ပြန် ကြေညာ နေ ကြသောကြောင့် ဖြစ် သည်။ ထို့ကြောင့် ကမ္ဘာလောက၌ အလုပ်လုပ် နေကြသူများမှာ ဆီဆုံတွင် လှည့်ပတ်နေသော နွားများ သာ ဖြစ်ကြ ၏ ဟူ၍ ကမ္ဘာလောကက အထင် ရှိနေသည်။ ယခုခေတ် သိပ္ပံ ပညာ၌ ချားလ်စ် ဒါဝင် ၏ နေရာ သည် အလွန် တရာ မြင့်မား သည်။ ဒါဝင်သည် သက်ရှိ သတ္တဝါ တို့၏ ဖြစ်ပေါ်လာပုံ နှင့် လူမျိုးဆက် တစ်စ တစ်စ တိုးတက်လာပုံ အကြောင်း ကို အတုမဲ့ သုတေသန ပြုလုပ် ရုံမျှ သာမက ဒါဝင်၏ သုတေသန ပြုချက်သည် သိပ္ပံ ပညာရပ် တစ်ခုလုံး အတွက် အထောက် အကူ ဖြစ်နေသည်။ သိပ္ပံ ပညာရပ် တစ်ခု လုံးသည် ဒါဝင် ပြသော အလင်းရောင် ကြောင့် ဦးတည် ချက် အရပ်မျက်နှာ ပြောင်းလဲ သွားသည် ဟု ပြောရမည်။ သို့သော်လည်း အကယ်၍ ဒါဝင်သည် ‘ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာခြင်း’ ကျင့်စဉ်ကို မကျင့်ကြံ အားမထုတ် လျှင် သူ၏ ကြီးကျယ်သော တွေ့ရှိချက်ကို အဘယ်မှာ တွေ့ရှိ နိုင်မည်နည်း။

စာအုပ် များကလည်း ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာခြင်း နှင့် ပတ်သက်သော အရသာ ကို အတော်အတန် ပေးသည် ဆိုသည်ကို ကျွန်ုပ် ဝန်ခံသည်။ သို့ရာ တွင် ဓာတ်ပုံကြည့်လျက် ဟိမဝန္တာ ၏ ထင်းရှူးတော ရှုခင်းကို လည်းကောင်း၊ ရေခဲ မကိုဋ် ဆောင်း ထား သည့် ဟိမဝန္တာ တောင်ထွတ် တောင်ထိပ်ဖျား ၏ အလှကို လည်းကောင်း၊ ယင်းတို့၏ အသွင် အပြင်နှင့် ယင်းတို့၏ ရနံ့ကို လည်း ကောင်း ခံစား နိုင် မည် မဟုတ်ပေ။ ထိုနည်းတူ ပင် ခရီးသွား ဆောင်းပါး စာတမ်းများကို ဖတ်ရှု လေ့လာခြင်း အားဖြင့် ခြေသလုံး အိမ်တိုင် ခရီးလှည့်လည်သွားလာသူ တစ်ယောက် ရရှိသော အတွေ့အကြုံ အပုံ တစ်ရာပုံ တစ်ပုံ၊ တစ်ထောင်ပုံ တစ်ပုံမျှ ကိုပင် ရရှိ လိမ့်မည် မဟုတ်ပေ။ ခရီးသွား ဆောင်းပါး စာတမ်း ဖတ်သူများ အတွက် ယုတ်စွ အဆုံး ပြော၍ ရသည်မှာ အခြား မျက်ကန်းများ ထက်မူ အလင်းရောင် အသင့် အတင့် ရရှိနိုင်သည်။ တစ်ပြိုင်နက် တည်းမှာပင် ထာဝစဉ် မဟုတ်စေ ကာမူ နေ့ရက် အတန်ကြာ မျှ ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာ သူ ဖြစ်အောင် ပြုလုပ်ပေးနိုင်သော လှုံ့ဆော် အားပေးမှုကို လည်း ရရှိ စေနိုင် သည်။

ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာသူများသည် အဘယ်ကြောင့် ကမ္ဘာ လောက ၏ အကြီးမားဆုံး ပုဂ္ဂိုလ် များ ဖြစ်သနည်း။ အကြောင်းမှာ – ယနေ့ ကမ္ဘာ လောက ကို တည်ဆောက် ဖန်တီး သောကြောင့် ဖြစ်သည်။ အကယ်၍ ကမ္ဘာ ဦး လူသည် မြစ် ကမ်းပါး၊ ချောင်း ကမ်းပါး ရှိ နွေးထွေးသော နေရာ တစ်နေရာ ၌ ခြေတိုင် စိုက်နေမည် ဆိုလျှင် ကမ္ဘာလောက ကို ရှေ့သို့ ခေါ်ဆောင် သွားနိုင် မည် မဟုတ်ပေ။ လူ၏ ခြေသလုံး အိမ်တိုင် ခရီးလှည့်လှည် သွားလာခြင်း သည် အကြိမ်များစွာ သွေးချောင်း စီး စေခဲ့သည်မှာ ယုံမှား သံသယ ဖြစ်စရာ မလိုပေ။ ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာသူများ အား သွေးခင်းသော လမ်းကို လုံးဝ လျောက် မသွား ကြရန် အခါခပ်သိမ်း မျှော်လင့်ချက် ထား၍လည်း မရပေ။

သို့သော်လည်း အကယ်၍ ခြေသလုံး အိမ်တိုင် များ အုပ်စုဖွဲ့၍ ခရီးလှည့်လည် သွားလာခြင်း မပြုလုပ် ကြလျှင် လူသား များသည် အိပ်ပျော် နေ ကြပြီး တိရစ္ဆာန် အဆင့် ထက် ရှေ့တက်လှမ်း နိုင်ကြမည် မဟုတ်ပေ။ ကမ္ဘာဦး ခြေသလုံး အိမ်တိုင် ခရီးသည်များထဲ က အာရီယန်၊ ရှ(က်) ၊ မွန်ဂို တို့သည် မည်သို့ ပြုလုပ်ခဲ့ကြသည် ဆိုသည် ကို လည်းကောင်း၊ မိမိ တို့၏ သွေးခင်းသော လမ်းဖြင့် လူသားတို့ ၏ လမ်းကို မည်သို့ မည်ပုံ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ရေးသား ဖော်ပြထားသည် ကို သည်လောက် မတွေ့ရပေ။ သို့သော် မွန်ဂို ခြေသလုံး အိမ်တိုင် ခရီးသည် များ၏ အံ့ဖွယ် သရဲ လုပ်ဆောင် ချက်များကိုမူ ကျွန်ုပ်တို့ ကောင်းစွာ သိရှိ ကြသည်။ အနောက် နိုင်ငံ ၌ သိပ္ပံ ခေတ်ကို အစပျိုးသော ကျည်ဆန်၊ သေနတ်၊ စက္ကူ၊ ပုံနှိပ်စက်၊ လမ်းညွှန် အိမ်မြှောင်၊ မျက်မှန် ကဲ့သို့သော ပစ္စည်း ဝတ္ထုများကို အနောက် နိုင်ငံသို့ ယူဆောင် သွားသူ များမှာ မွန်ဂို ခြေသလုံး အိမ်တိုင် သမားများ ဖြစ်ကြသည်။

အနောက် နိုင်ငံများ အတွက် ရှေ့သို့ တိုးတက်ရန် လမ်းဖွင့် ပေးသူများမှာ ခြေသလုံး အိမ်တိုင် ခရီးသွား ကိုလံဘတ် နှင့် ဗာစကို ဒဂါးမား တို့ ဖြစ်ကြသည်။ အမေရိက သည် လူသူ ဆိတ်သုဉ်း နေသည့် နေရာ သဖွယ် ဖြစ်နေခဲ့သည်။ အာရှ မှ နွားခြေရာ ခွက်ထဲက ဖားသူငယ် များသည် ခြေသလုံး အိမ်တိုင် ခရီး လှည့်လည် သွားခြင်း ကျင့်စဉ်၏ တန်ဖိုး ကို မေ့နေကြသည်။ ထို့ကြောင့် အမေရိက ၌ မိမိတို့ ၏ အလံကို မစိုက်ထူ ကြပေ။

ရာစုနှစ် နှစ်စု မတိုင်မီ အထိ ဩစတြေးလျသည် ဟာလာ ဟင်းလင်း ဖြစ်နေခဲ့သည်။ တရုတ်နှင့် အိန္ဒိယ သည် မိမိ တို့၏ ယဉ်ကျေးမှု အတွက် ဂုဏ်ယူ မဆုံး ဖြစ်နေကြသူ များ ဖြစ်သည်။ သို့ရာတွင် ဩစတြေးလျ သို့ သွား၍ မိမိ တို့ အလံကို စိုက်ထူ ရမှန်း မသိကြပေ။ ယနေ့ အိန္ဒိယ နှင့် တရုတ် နယ်မြေသည် လူဦးရေ ကုဋေ ၄၀ – ၅၀ တို့ဖြင့် ပိနေသည်။ ဩစတြေးလျ၌ လူဦးရေ တစ်ကုဋေ မျှပင် မရှိပေ။ ယနေ့ အာရှမှ လူများ အတွက် ဩစတြေးလျ တံခါး ပိတ်နေသည်။ သို့ရာတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀ ကျော်က ဩစတြေးလျ သည် ကျွန်ုပ်တို့ လက်လှမ်း မီသည့် ဒေသ ဖြစ်သည်။ အိန္ဒိယ နှင့် တရုတ် သည် ဩစတြေးလျ ၏ အပိုင်းအခြား မရှိသည့် ပစ္စည်း ဥစ္စာနှင့် အကန့်အသတ် မရှိသည့်နယ်မြေကို အဘယ်ကြောင့် လက်လွှတ် သွားကြရ သနည်း။ ခြေသလုံး အိမ်တိုင် ခရီး လှည့်လည် သွားလာခြင်း ကျင့်စဉ် ကို လျစ်လျူ ရှုထားသောကြောင့် ဖြစ်သည်။ မေ့ထား သောကြောင့် ဖြစ်သည်။

ကျွန်ုပ်သည် ယင်း အချက်ကို မေ့ထားနိုင် လိမ့်မည် မဟုတ်ပေ။ အကြောင်း မူကား တစ်ချိန်တုန်းက အိန္ဒိယ နှင့် တရုတ်သည် နာမည်ကျော် ခြေသလုံး အိမ်တိုင် မဟာ ခရီးသည် များကို မွေးဖွား ပေါ်ပေါက် စေခဲ့သောကြောင့် ဖြစ်သည်။ အရှေ့တောင် အာရှ ၌ သီရိလင်္ကာ၊ မြန်မာ၊ မာလာယု၊ ယဝဒွီယ၊ သျှမ်း၊ ကမ္ဗောဇ၊ စမ္ပာ၊ ဘိုနိယို၊ ဆေလီဗိဂျ နိုင်ငံ များကိုမျှသာ မကဘဲ ဖိလစ်ပိုင် အထိပင် ခြေစကြာ ဖြန့် ခဲ့ကြ သူများမှာ အိန္ဒိယ အမျိုးသား များ ဖြစ်ကြသည်။ တစ်ချိန်တုန်း ကမူ နယူး ဇီလန် နှင့် ဩစတြေးလျ တို့သည် ပင် ကျယ်ပြန့်သော အိန္ဒိယ ၏ အင်္ဂါ အစိတ်အပိုင်း ဖြစ်တော့မည် ကဲ့သို့ ထင်ရသည်။ သို့ရာတွင် နွားခြေရာ ကွက်ထဲက ဖားသူငယ် တို့ သည် ကဖျက်ယဖျက် လုပ်ခဲ့ကြသည်။ ကျွန်ုပ်တို့ နိုင်ငံ၏ ငတုံးမျာသည် ပင်လယ် ဆားငန် ရေနှင့် ဟိန္ဒူ ဘာသာ သည် ဓမ္မသောက ဖြစ်ကြသည် ဟူ၍ လည်းကောင်း၊ ပင်လယ် ဆားငန်ရေ ကို ထိရုံမျှ ဖြင့် ဟိန္ဒူ ဘာသာသည် ဆားတုံး ဆားခဲ ကဲ့သို့ အရည်ပျော် သွားလိမ့်မည် ဟူ၍ လည်းကောင်း ဆုံးမ ဩဝါဒ ပေးကြသည်။

ဤမျှ ပြောပြလျှင် ခြေသလုံး အိမ်တိုင် ခရီးသွား ကျင့်စဉ်သည် လူ့လောက ကောင်းစားရေး အတွက် မည်မျှ အသုံးဝင်သည့် အရာ ဖြစ် သည် ဆိုသည်ကို ပြောပြဖို့ အဘယ်မှာ လိုတော့မည်နည်း။ ယင်း ကျင့်စဉ်ကို လိုက်နာ ကျင့်သုံးသော လူမျိုး သို့မဟုတ် တိုင်းပြည်သည် အကျိုးထူး တရားလေးပါး ကို ခံစား ရလိမ့်မည်။ ယင်းကျင့်စဉ် ကို ပစ်ပယ်သူသည် ငရဲပြည်၌ပင် နေရာ ရလိမ့်မည် မဟုတ်ပေ။ နောက်ဆုံး ၌ ခြေ သလုံး အိမ်တိုင် ခရီးသွား ကျင့်စဉ်ကို မေ့လျော့ ထားကြသည် ဖြစ်၍ ရာစုနှစ်များစွာ အထိ နောက်ပြန် ဆုတ်နေကြရခြင်း ဖြစ်သည်။

ဤကျမ်းစာ၌ ကျွန်ုပ်တင်ပြသော ယုတ္တိ သာဓက များသည် လောကီနယ် ထဲက ဖြစ်ပြီး သျှတ္တရ ကျမ်းဂန်များ၏ အပြင်ဘက်က ဖြစ်သည် ဟု သံသယ ဖြစ်ကောင်း ဖြစ်ကြ လိမ့်မည်။ ဓမ္မနှင့် ပတ်သက်သော အထောက်အထား များကို ကြည့်ပါဦး။ ကမ္ဘာ ပေါ်ရှိ ဓမ္မနာယက ဘာသာ တရား ခေါင်းဆောင် အများစုမှာ ခြေသလုံး အိမ်တိုင် ခရီးသည်များ ဖြစ်ကြသည်။ ဓမ္မခေါင်းဆောင် များထဲတွင် အကျင့်သိက္ခာ၊ အသိဥာဏ် ပညာ၊ တက္ကဗေဒ၊ ကရုဏာ တရား များနှင့် ပတ်သက်၍ အမြင့်ဆုံး အမြတ်ဆုံး ဖြစ်သော ဗုဒ္ဓသည် ဃူမက္ကရ ရာဇာ ဖြစ် သည်။ ဒေသစာရီ ခရီးသည် ဘုရင် ဖြစ်သည်။

ဇမ္ဗူဒိပ်ကျွန်း မှ အပြင်ဘက် မထွက်သော်လည်း ဗုဒ္ဓသည် ဝါတွင်း သုံးလ မှ တစ်ပါး တစ်နေရာတည်း၌ နေထိုင် သီတင်းသုံးခြင်း ကို ‘ဝါပ’ ဟူ၍ ထင်မှတ် အောက်မေ့တော် မူ သည်။ ဗုဒ္ဓသည် မိမိ ကိုယ်တိုင် ဒေသစာရီ ခရီးသည်မျှသာ မကပေ။ မိမိ ၏ တပည့်သား သာဝက များအားလည်း ‘စရထ ဘိက္ခဝေ စာရိကံ’ ဟူ၍ ညွှန်ကြားတော် မူသည်။ ‘ရဟန်းတို့ ခရီးလှည့်လည် ကြလော့’ ဟူ၍ မိန့်တော် မူခြင်း ဖြစ် သည်။

ဗုဒ္ဓ၏ တပည့်သား ရဟန်း သံဃာ များသည် မိမိ တို့ ဆရာ အရှင်သူမြတ် ၏ အဆုံးအမကို မည်မျှ လိုက်နာ ကြသနည်း ဆိုသည် ကို ပြောပြ ဖို့ လို လိမ့်မည် မဟုတ်ပေ။ ဗုဒ္ဓ ၏ တပည့်သား ရဟန်း သံဃာ များသည် အနောက်ဘက် မကဒူနိယာ နှင့် အီဂျစ်မှ အရှေ့ ဘက် ဂျပန် အထိ လည်းကောင်း၊ မြောက်ဘက် မွန်ဂို လီးယား မှ တောင်ဘက် ဘာလီနှင့် ဗံကာ ကျွန်း များ အထိ လည်းကောင်း ခြေ စကြာ ဖြန့်တော်မူခဲ့သည် မဟုတ်လော။

ဗုဒ္ဓသည် သာလျှင် မိမိ ၏ ဒေသစာရီ ခရီးလှည့်လည် သွားလာခြင်း အားဖြင့် ခြေသလုံး အိမ်တိုင် ခရီးသည် ဘဝကို အားပေး အားမြှောက် သည် သာမကပေ။ ဗုဒ္ဓခေတ် မတိုင်မီ နှစ်ရာစုလောက်က စပြီး ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာခြင်း ခေတ်စား ခဲ့သဖြင့် ဗုဒ္ဓ ကဲ့သို့သော ဃူမက္ကရ ရာဇာများ ဤတိုင်းပြည်၌ ပေါ်ထွန်း လာနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က ယောင်္ကျားများ သာမက မိန်းမများလည်း ဇမ္ဗူ့ပြေကိုင်းကို ကိုင်ဆောင်ပြီးလျှင် မိမိ တို့၏ စွမ်းရည်သတ္တိကို ပြခဲ့ကြပြီး လျှင် နွားခြေရာ ကွက်ထဲက ဖားသူငယ် ဘဝကို စွန့်ပယ် လျက် အိန္ဒိယ တစ်နိုင်ငံလုံးတွင် လွတ်လွတ်လပ်လပ် လှည့်လည် သွားလာခဲ့ကြသည်။

မိန်းမများလည်း ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာသင့်သလော၊ မိန်းမ များလည်း ခြေသလုံး အိမ်တိုင် ခရီးသွားလာခြင်း ကျင့်စဉ် ကို ကျင့်ကြံ အားထုတ် သင့်သလော။ ယင်းမေးခွန်းကို အမျိုးသမီး အချို့က မေးကြသည်။ ယင်းအချက်နှင့် စပ်လျဉ်း ၍ သီးသန့် အခန်းကဏ္ဍ ရေးမည်။ ဤနေရာကား ဃူမက္ကရ ကျင့်စဉ်သည် မိန်းမများ အတွက် နေရာမရှိသော ဗြဟ္မဏ ဘာသာ ကဲ့သို့ ကျဉ်းမြောင်း သော ကျင့်စဉ်မျိုး မဟုတ် ဟူ၍သာ အကျဉ်းရုံး ပြောပြလိုသည်။

ဃူမက္ကရ ကျင့်စဉ် ခေါ် ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာခြင်း ကျင့်စဉ်၌ ယောင်္ကျား များနှင့် တန်းတူ မိန်းမ များလည်း အခွင့် အလမ်း ရှိသည်။ အကယ်၍ အမျိုးသမီး များလည်း ဘဝ အောင်မြင်မှု ရရှိအောင် လုပ်ပြီး ပုဂ္ဂိုလ် တစ်ဦးချင်း နှင့် လူ့လောက လူ့ အဖွဲ့ အစည်း ၏ အကျိုးအတွက် ပြုလုပ် ဆောင်ရွက်လိုလျှင် လက်နှစ်ဖက် ဖြင့် ယင်းကျင့်စဉ်ကို ကြိုဆို ကမ်းလှမ်းသင့်သည်။ ဃူမက္ကရ ကျင့်စဉ် ကို လက်မခံနိုင်အောင် ယောင်္ကျား များသည် မိန်းမ များ၏ လမ်း၌ အနှောင် အဖွဲ့များ၊ အဆီး အတားများ ဖန်တီး ထားကြသည်။ ဗုဒ္ဓသည် ယေင်္ကျားများကို သာလျှင် ခရီးလှည့်လည် သွားလာရန် ညွှန်ကြားတော် မူသည်သာ မကဘဲ မိန်းမ များ အတွက်လည်း ယင်း ညွှန်ကြားချက် ကို ပေးတော်မူသည်။

အိန္ဒိယ ရှေးဟောင်း ဘာသာတရား များထဲတွင် ဂျိန်းဘာသာတရား လည်း တစ်ခု အပါအဝင် ဖြစ်သည်။ ဂျိန်း ဘာသာတရား ကို တည်ထောင် သူ မဟာဝီရသည် မည်သည့် ပုဂ္ဂိုလ် ဖြစ်သနည်း။ မဟာဝီရလည်း ဃူမက္ကရ ရာဇာ ဖြစ်သည်။ ဒေသစာရီ ခရီး လှည့်လည် သွားလာ သည့် ဘုရင် ဖြစ်သည်။ ခရီး လှည့်လည် သွားလာခြင်း ကျင့်စဉ် အတွက် သေးသေးဖွဲဖွဲ အနှောင့်အယှက် အဟန့်အတား များမှ စ၍ ကြီးကြီးကျယ်ကျယ် အနှောင့်အယှက် အဟန့် အတား များ အထိ အနှောင့်အယှက် အဟန့် အတား အားလုံး ကို စွန့်ပယ် ထားသည်။ အိမ်ရာနှင့် သားမယား ကိုမျှသာမက အဝတ်ဝတ် ခြင်း ကိုပင် စွန့်လွှတ် ထားသည်။ ဆွမ်းခံစား ပြီး သစ်တစ်ပင် ရင်း ဝါးတစ်ပင် အောက်၌ သာ နေသည်။

မဟာဝီရသည် ဒုတိယ အဆင့် ၊ တတိယ အဆင့် ဃူမက္ကရ ရာဇာ မဟုတ်ဘဲ ပထမ အဆင့် ဃူမက္ကရ ရာဇာ ဖြစ်သည်။ တစ်သက်လုံး ခရီး လှည့်လည် သွားလာ နေ သည်။ ဝေသာလီ၌ မွေးဖွား ပြီး ခရီးလှည့်လည် သွားလာရင်း နှင့်ပင် ပါဝါ၌ ခေါင်းချ သွားခဲ့သည်။

ဗုဒ္ဓ နှင့် မဟာဝီရ ထက် သာလွန်ပြီး စွန့်လွှတ် သော၊ အကျင့်တရား ကျင့်ကြံ အားထုတ်သော၊ ကိုယ်ချင်းစာ နာ ငဲ့ညှာ ထောက်ထားမှု ရှိသော ပုဂ္ဂိုလ် မရှိဟု ဆိုလျှင် ပိုမည် မဟုတ်ပေ။

ယခုခေတ်တွင် မိမိ ၏ ကျောင်းသင်္ခမ်း ၌ ခြေတိုင်စိုက်ပြီး ဆီဆုံ နှင့် ချည်နှောင်ခြင်း ခံနေရသော ပုဂ္ဂိုလ်ပေါင်း များစွာ တို့သည် မိမိတို့ ကိုယ်ကို အတုမရှိ ‘မဟတ္တမ’ ဟု ကြေညာနေ ကြသည်။ သို့မဟုတ် မိမိလို တပည့်တပန်း များအား ကြေညာ ခိုင်း နေကြသည်။ အကယ်၍ ခရီးလှည့်လည် သွားလာခြင်း ဃူမက္ကရ ကျင့်စဉ်ကို စွန့်ပြီး မဟာပုရိသ ဖြစ်နေသည် ဆိုလျှင် ယင်းကဲ့သို့သော မဟာပုရိသ မျိုး လမ်းတကာ ၌ တွေ့မြင် နေရပေလိမ့်မည် ဟု ကျွန်ုပ်ဆိုချင်သည်။ ယင်းကဲ့သို့သော မဟာ ပုရိသ မျိုး သို့မဟုတ် မဟတ္တမမျိုးကို ဝေးဝေး က ရှောင်ကြရန် ကျွန်ုပ် သတိပေးလိုက်သည်။

ဗုဒ္ဓ နှင့် မဟာဝီရ ကဲ့သို့သော ဣဿရ ကို ငြင်းပယ်သည့် မဟာပုရိသ တို့၏ ခရီးလှည့်လည် သွားလာခြင်းကို ထောက်လျက် တခြား ဣဿရဝါဒီ ပုဂ္ဂိုလ် များသည် ဣဿရကို ယုံကြည်ကိုးစားလျက် လိုဏ်ဂူ ထဲတွင် ထိုင်ပြီး တရား အကျင့်ကို ကျင့်ကြံ အားထုတ် ကြသည် ဟူ၍ မထင်မှတ် သင့်ပေ။ အကယ်၍ ယင်းသို့ ဖြစ်လျှင် ရှံကရသည် အိန္ဒိယ နိုင်ငံ အနှံ့အပြား ဘယ်မှာ လှည့်လည် သွားလာမည်နည်း။ ရှံကရ ကို ရှံကရ ဖြစ်အောင် မည်သည့် ဗြဟ္မ သို့မဟုတ် မည်သည့် ဣဿရ ကမှ မပြုလုပ်ပေ။ ရှံကရ အား ကြီးကျယ်သူ ဖြစ်အောင် လုပ်သည့် အရာမှာ ခြေသလုံး အိမ်တိုင် လှည့်လည် သွားလာခြင်း ကျင့်ဝတ် ဖြစ်သည်။

ရှံကရသည် အမြဲမပျက် လှည့်လည် သွားလာနေသည်။ ယနေ့ ကေရလ ဒေသတွင် ရှိနေလျှင် လ အနည်းငယ် ကြာသော အခါ မိထိလာ တွင် ရောက်သွားသည်။ နောက် တစ်နှစ်၌ ကသ္မိရ သို့မဟုတ် ဟိမဝန္တာ ၏ နေရာ တစ်နေရာ သို့ ရောက်သွား သည်။ ရှံကရ သည် ပျိုရွယ်စဉ် ကပင် ကွယ်လွန် သွားသည်။ သို့ရာတွင် တိုတောင်းလှသော လူ့ဘဝ အတွင်း၌ ပင် ရှံကရသည် ‘ဘာသျှ’ သုံးကျမ်း ကို ရေး သွားရုံ မျှ သာမကဘဲ သူ၏ ကျင့်ဝတ် ဖြင့် တပည့်နောက်လိုက် များအား ခရီးလှည့်လည် သွားလာခြင်း သင်ခန်းစာ ကို သင်ပြ ခဲ့သည် ဖြစ်၍ ယနေ့လည်း ယင်း သင်ခန်းစာ အတိုင်း ကျင့်ကြံ အားထုတ် ကြသူများကို ရာပေါင်း များစွာ တွေ့မြင် နေရခြင်း ဖြစ်သည်။

‘ဗာဆကို ဒဂါးမား’ အိန္ဒိယ မရောက်မီ ကပင် ရှံကရ ၏ တပည့်များသည် မော်စကို နှင့် ဥရောပ အထိ ရောက်သွားကြသည်။ ရှံကရ ၏ ရဲဝံ့ စွန့်စားသော တပည့်များသည် အိန္ဒိယ တစ်ခွင် လှည့်လည် သွားလာရုံမျှ ပင် ကျေနပ် ရောင့်ရဲမှု မဖြစ်ကြသေးဘဲ ရုရှ အထိ လှည့်လည် သွားလာ ကြသည်။ ယင်းတို့ထဲက တစ်ယေက်သည် ခရီးလှည့်လည် သွားလာရင်း ဗော်လဂါ ကမ်းခြေ၌ ပွဲသဘင် ကြီး တစ်ခုကိုပင် တွေ့မြင်ခဲ့ရသည်။ ထို့နောက် အချိန် အတန်ကြာမျှ ထိုဒေသ ၌ နေထိုင်ပြီးလျှင် ခရစ်ယာန် ဘာသာဝင်များ ၏ အတွင်း၌ တပည့်နောက်လိုက် များကို မွေးထုတ်ခဲ့သည်။ ယင်း တပည့် နောက်လိုက် များ၏ အရေ အတွက်သည် တိုးပွား များပြား လာပြီးလျှင် ဤရာစု နှစ်၏ အစလောက်၌ တစ်သိန်း နီးပါး အထိ ရောက်ရှိ သွားသည်။

ရာမာနုဇ၊ မဓဝါကျာရယ နှင့် တခြား ဗိရှဏု ဆရာများ၏ တပည့်နောက် လိုက် များ ကျွန်ုပ်ကို ခွင့်လွှတ် စေချင်သည်။ ထိုပုဂ္ဂိုလ် ကြီးများသည် အိန္ဒိယ နိုင်ငံ၌ နွားခြေရာ ခွက်ထဲက ဖားသူငယ် ဝါဒကို အားတက်သရော ဖြန့်ဖြူး ကြသည်။ သို့သော်လည်း ဒယာနန္ဒ နှင့် ကျေတနျ တို့သည် နွံထဲက ကြာပွင့်များ ဖြစ်လာ ကြ ပြီးလျှင် ကမ္ဘာဦး ကာလ က စတင်လာခဲ့သည့် ခြေသလုံး အိမ်တိုင် လှည့်လည် သွားလာခြင်း ကျင့်ဝတ်ကို တစ်ဖန် ပြန်လည် အသက်သွင်း ကြသည်။ ထို့ကြောင့် ပထမ အဆင့် ခရီးလှည့်လည် သွားလာသူများ မပေါ်ပေါက် ခဲ့သော်လည်း ဒုတိယ အဆင့် ခရီးလှည့်လည် သွားလာသူများ သူတို့ထဲတွင် များစွာ ပေါ်ပေါက် လာကြသည်။ သူတို့သည် ‘မာနသရောဝရ’ (အနဝတတ်ရေအိုင်) ရေအိုင် အထိရောက်ဖို့ရန်ပင် ခက်ခဲ ကြိုးပမ်းကြသော ပုဂ္ဂိုလ် များ ဖြစ်ကြသည်။

ခရီး လှည့်လည်သွားလာခြင်း မဟာ ကျင့်ဝတ် ကို ကျင့်သုံးသော ဗုဒ္ဓ ဘာသာ သည် အိန္ဒိယ နိုင်ငံမှ ကွယ်ပျောက် သွားချိန် မှစ၍ ကျွန်ုပ်တို့ နိုင်ငံ၌ နွားခြေရာ ကွက်ထဲက ဖားသူငယ် ဝါဒ ထွန်းကား လာခြင်း ဖြစ်သည်။ ရာစု ခုနှစ်ရာ စု ကျော်လွန် လာခဲ့ပြီ။ ယင်း ခုနှစ် ရာစု ကာလ အတွင်း ကျွန်ုပ်တို့ ၏ နိုင်ငံ၌ မလွတ်လပ်မှု၊ သူတစ်ပါး ကျွန်ပြု ခံရမှု ဖြစ်ပေါ်လာရခြင်းမှာ ရုတ်တရက် ရှောင် တခင် ဖြစ်ပေါ်လာခြင်း မျိုး မဟုတ်ပေ။ သို့သော်လည်း လူ့အဖွဲ့အစည်း ခေါင်းဆောင်များ မည်မျှ နွားခြေရာခွက် ထဲက ဖားသူငယ် လုပ်လို ကြသော်လည်း ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာခြင်း ကျင့်စဉ်ကို ကျင့်သုံး သူများလည်း ပေါ်လာကြသည်။ ကျွန်ုပ်တို့၏ သမိုင်း၌ ‘ဂုရုနာနက်’ ၏ ခေတ် ကာလသည် မကြာလှသေးပေ။ သို့ရာတွင် သူ့ခေတ် သူ့အချိန် ကာလက ဂုရု နာနက် သည် မဟာ ခရီးသည် တစ်ဦး ဖြစ်ခဲ့သည်။ ဂုရု နာနက် သည် အိန္ဒိယ တစ်ခွင် ပြဲပြဲ စင် လှည့်လည် သွားလာခြင်း ကို လုံလောက်သည် ဟူ၍ မထင်မှတ်ဘဲ အီရန် နှင့် အာရပ် အထိ ရောက်အောင် သွားသည်။ ယနေ့ ဂုရုနာနတ် ကဲ့သို့ ရဲဝံ့ စွန့်စားစွာ လှည့်လည် သွားလာသူများ သည် အခန်းထဲတွင် အလုံ ပိတ်ပြီး နေကြသည့် မဟတ္တမ များ ထဲတွင် ရှိပါသလော။

အလှမ်းဝေးသော ရာစု နှစ် များကို အသာထားပြီး ဤနိုင်ငံမှ ဆွာမိဒယာနန္ဒ မျက်နှာလွှဲသွားသည်မှာ ရာစု တစ်စု ပင် မကြာသေးပေ။ ဆွာမိဒယာနန္ဒ ကို မည်သူက ရသေ့ တပသီ ဖြစ်အောင် လုပ်သနည်း။ ခရီးလှည့်လည် သွားလာခြင်း ကျင့်ဝတ် ကသာ လုပ်ခြင်း ဖြစ်သည်။ ဆွာမိ ဒယာနန္ဒသည် အိန္ဒိယ နိုင်ငံရှိ အဓိက ကျသော နေရာဌာန များသို့ လှည့်လည် သွားလာသည်။ စာအုပ် များကို ရေးသည်။ ဝါဒ အငြင်းအခုံ များကို ပြုလုပ်ရင်း အမြဲမပျက် ခရီးလှည့်လည် သွားလာနေသည်။ သျှတ္တရ ကျမ်းဂန် များကို သင်ကြား လေ့လာပြီး ဗာရာဏသီ ရှိ ပဏ္ဍိတ်ကြီးများ သည် နွားခြေရာခွက် ထဲမှ ဖားသူငယ် များ ဖြစ်နေကြသည်။ ထို့ကြောင့် ဒယာနန္ဒသည် သျှတ္တရ ကျမ်းဂန် များထဲက ထွက်ပြီးလျှင် အမြဲမပြတ် ခရီးလှည့်လည် သွားလာခြင်း ကျင့်ဝတ် ကို ရှာဖွေသည်။ ပင်လယ် ခရီး သွားလာခြင်း၊ ကျွန်းတကာ့ ကျွန်း များတွင် ဆန့်ကျင်ဘက် ပြုလုပ်သော ပုဂ္ဂိုလ် အားလုံးကို ပျက်ရယ် ပြုပြီးလှင် ဆွာမိဒယာနန္ဒက ‘လူသည် ထာဝရ ရပ်တည်နေသော သစ်ပင် မဟုတ်ပေ။ လှုပ်ရှား သွားလာနေသော သတ္တဝါ ဖြစ်သည်။ လှုပ်ရှား သွားလာ ခြင်းသည် လူ၏ ကျင့်ဝတ် ဖြစ်သည်။ ယင်းကျင့်ဝတ် ကို စွန့်လွှတ်သော သူသည် လူဖြစ်နိုင်ခွင့် မရှိပေ’ ဟူ၍ ပြောပြသည်။

၂၀ ရာစု အိန္ဒိယ နိုင်ငံသား ခရီးလှည့်လည် သွားလာသူများ၏ အကြောင်းကို ပြောပြဖို့ မလိုပေ။ ဤမျှ ရေးပြခြင်း အားဖြင့် ကမ္ဘာပေါ်၌ အကယ်၍ အနာဒိ အစမရှိ သော အချိန် ကာလက စ၍ သနန္တန ဓမ္မ ရှိသည် ဆိုလျှင် ယင်းမှာ ‘ဃူမက္ကရဓမ္မ’ ခေါ် ခရီးလှည့်လည် သွားလာခြင်း ကျင့်ဝတ် ဖြစ်သည်။ သို့သော်လည်း ယင်းဓမ္မသည် ကျဉ်းမြောင်းသော ဓမ္မ မဟုတ်ပေ။ ကောင်းကင် ကဲ့သို့ ကျယ်ပြန့်သည်။ ပင်လယ် သမုဒ္ဒရာ ကဲ့သို့ ကြီးမားသည်။ ကြီးကျယ်မှု နှင့် ကျော်ကြားမှု ကို ရရှိသော ဓမ္မ များသည် ‘ဃူမက္ကရ ဓမ္မ’ ကိုသာ အကြောင်းပြု၍ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ခရစ်တော် သည် ခရီးလှည့်လည် သွားလာသူ ဖြစ်သည်။ ခရစ်တော်၏ တပည့်တပန်း များလည်း ခရစ်တော်၏ အဆုံးအမကို ကမ္ဘာပေါ်ရှိ နေရာ အနှံ့အပြား သို့ ပို့ဆောင် ကြသည့် မဟာ ခရီးသည်များ ဖြစ်ကြသည်။

ရဟူဒီ တို့သည် ခရီးလှည့်လည် သွားလာခြင်း ကျင့်စဉ်ကို မေ့ထားလိုက် ကြသည်။ ယင်း၏ အကျိုးဆက်ကို ရဟူဒီ တို့သည် ရာစုနှစ် ပေါင်း များစွာ အထိ ခံစားကြရသည်။ ခရီးသွားလာခြင်း ကျင့်စဉ် ကို လျစ်လျူ ရှုထားသူများ သည် သွေးမျက်ရည် စီးကြ ရသည်။ ယခု အခါ ၌ကား ရဟူဒီ တို့သည် နှစ်ပေါင်း နှစ်ထောင် ခရီးလှည့်လည် သွားလာခြင်း အတွေ့အကြုံ အပေါ် ၌ ရပ်လျက် မိမိတို့ အတွက် နေရာဌာန ပြန်လည် ရရှိသွားကြသည်။

ယနေ့ အိန္ဒိယ နိုင်ငံသည် တင်းမာ နေသည်။ ရဟူဒီ တို့၏ နယ်မြေနှင့် တစ်ထီး တစ်နန်း စိုးမိုး အုပ်ချုပ် မှု ကို လက်ခံ ဖို့ရန် အဆင့်သင့် မရှိပေ။ နိုင်ငံကြီး အတော် များများ က လက်ခံပြီးသည့် နောက်၌မူ အချိန် ဘယ်လောက် ကြာကြာ အထိ တင်းခံ နေနိုင်မည် နည်း။ ရဟူဒီ တို့ကို ကုန်သွယ်မှု နှင့် စက်မှု လုပ်ငန်း များကိုသာ မက သိပ္ပံပညာ၊ ဒဿန ပညာ၊ စာပေ၊ ဂီတ ပညာ စသော နယ်ပယ် အသီးသီးတို့၌ တောက်ပြောင်လာအောင် ပြုလုပ် ပေးသော အရာမှာ ခရီး လှည့်လည် သွားလာခြင်း ကျင့်စဉ် ဖြစ်သည်။ ကူးသန်း ရောင်းဝယ် မှု၊ ခရီးလှည့်လည် သွားလာမှု တို့ကို ပြုလုပ် ကြသော ရဟူဒီ တို့သည် စစ်ပညာ၌ လည်း ကျွမ်းကျင် ပြောင်မြောက် လာကြသည်။

ခရီးလှည့်လည် သွားလာခြင်း ကျင့်စဉ် ထက် ကြီးမားသော ကျင့်စဉ် ကမ္ဘာလောက၌ မရှိ ဟူသော အချက်မှာ ယုံမှား သံသယ ဖြစ်နေစရာ မလိုတော့ပေ။ ခရီးလှည့်လည် သွားလာသူ ဖြစ်ခြင်း သည် လူတို့ အတွက် အလွန် တရာ ကံကောင်း ထောက်မသည့် အချက် ဖြစ်သည်။ ခရီးလှည့်လည် သွားလာခြင်း ကျင့်စဉ် သည် ယင်းကျင့်စဉ်ကို လိုက်နာ ကျင့်သုံးသူများက ကွယ်လွန်ပြီး နောက် နောက်ဘဝ စိတ်ကူးယဉ် နတ်ပြည်တို့ နှင့် ဖြားယောင်းခြင်းလည်း မပြုလုပ်ပေ။ ခရီးလှည့်လည် သွားလာခြင်းသည် သေချာသော အရာကိုသာ ပြုလုပ်ခြင်း ဖြစ်သည်။

မည်သည့် အချက်အလက် ၊မည်သည့် အရည်အချင်း နှင့် ပြည့်စုံသော လူသည် ခရီး လှည့်လည် သွားလာသူ ဖြစ်နိုင်သည် ဆိုသည့် အကြောင်းကို ရှေ့တွင် ပြောပြပါမည်။

ခရီးလှည့်လည် သွားလာရန် အတွက် ကြောင့်ကြမှု ကင်းဖို့ လိုအပ်သည်။ ကြောင့်ကြမှု ကင်းရန် အတွက်လည်း ခရီးလှည့်လည် သွားလာခြင်း လိုအပ်သည်။ ယင်း အရာနှစ်ခု တစ်ခုနှင့် တစ်ခု အညမည ဖြစ်နေခြင်းသည် အပြစ် မဟုတ်ပေ။ အကျိုးသာ ဖြစ်သည်။

ခရီးလှည့်လည် သွားလာခြင်း ထက် ကြီးမားသော စိတ်ချမ်းသာမှုကို ဘယ်မှာ ရရှိနိုင်မည်နည်း။ ကြောင့်ကြမှု ကင်းခြင်းသည် စိတ်ချမ်းမှု၏ အထင်ရှား အပြတ်သားဆုံး အသွင် ဖြစ်သည်။ ခရီးလှည့်လည် သွားလာခြင်း၌ အခက်အခဲ များလည်း ရှိသည်။ သို့ရာတွင် ယင်း အခက်အခဲ များကို ဟင်းထဲတွင် ပါသော ငရုတ်သီး ကဲ့သို့ အောက်မေ့ ရ ပေလိမ့်မည်။ ငရုတ်သီး ၌ စပ်သည့် အရသာ မရှိလျှင် ငရုတ်သီး ကြိုက်သူ သည် ငရုတ်သီးကို လက်နှင့်ပင် တို့လိမ့်မည် မဟုတ်ပေ။ အမှန် စင်စစ် ခရီးလှည့်လည် သွားလာခြင်း၌ မကြာခဏ တွေ့ရသည့် စပ်သော အတွေ့အကြုံသည် ခရီးလှည့်လည် သွားလာခြင်း ၏ အရသာ ကို တိုးမြှင့်ပေးသည်။ နောက်ခံ အနက်တွင် ရေးဆွဲ ထားသော ပန်းချီပုံသည် ပို၍ ကြွတက် လာသကဲ့သို့ ဖြစ်သည်။

ပုဂ္ဂိုလ် တစ်ဦး တစ်ယောက် အတွက် ခရီးလှည့်လည် သွားလာခြင်း ထက် ကြီးမားသော ကျင့်စဉ် မရှိ။ လူမျိုးတို့ ၏ အနာဂတ် သည် ခရီးလှည့်လည် သွားလာသူများ ၏ အပေါ်၌ တည်နေသည်။ ထို့ကြောင့် လုလင် ပျိုတိုင်း၊ လုံမ ပျိုတိုင်းသည် ခရီးလှည့်လည် သွားလာခြင်း ကျင့်စဉ်ကို ကျင့်သုံး လိုက်နာသင့်သည်။

ယင်းကျင့်စဉ် နှင့် ဆန့်ကျင်ဘက် ပြောဆိုသော အထောက်အထား အားလုံးကို မမှန်ကန် ဟူ၍ လည်းကောင်း၊ အကျိုးမရှိ အချည်းနှီး အလဟဿ ဟူ၍လည်းကောင်း မှတ်ယူမည်။ အကယ်၍ မိဘ လုပ်သူများက ဆန့်ကျင် ဘက် ပြုလုပ်လျှင် ယင်း မိဘများသည် မိမိတို့၏ သားသမီး များ တိုးတက်မှုကို ပိတ်ပင် တားဆီးသူများ သာ ဖြစ် သည်။ အကယ်၍ ဆရာသမား များက ခရီးသွားလာခြင်း ကျင့်စဉ်နှင့် ဆန့်ကျင်ဘက် ယုတ္တိများကို ထုတ်ပြလျှင် ထိုဆရာ သမားများကို ကမ္ဘာလောက အား လမ်းကောင်း လမ်းမှန် တွင် သွားခွင့် မပြုသူများ ဖြစ်သည်ဟု ထင်မှတ်မည်။ အကယ်၍ နိုင်ငံ အစိုးရနှင့် အာဏာပိုင် များက ဥပဒေ ပုဒ်မ ထုတ်လျက် ခရီး လှည့်လည် သွားလာခြင်းကို ပိတ်ပင် တားမြစ် မည် ဆိုလျှင်လည်း အကြိမ် ထောင်ပေါင်း များစွာ တွေ့ကြုံသည့် အတွေ့အကြုံ အရ ကြီးမားသော မြစ်၏ ရေစီး အဟုန်ကဲ့သို့ ခရီးလှည့်လည် သွားလာသူ ၏ အရှိန် အဟုန် ကို တားမြစ် ပိတ်ပင် နိုင်သော သူ မည်သူမျှ ကမ္ဘာလောက၌ ပေါ်ပေါက်မလာပေ ဟူ၍ မှတ်ယူရမည်။ ခရီးလှည့်လည် သွားလာသူများသည် တင်းတင်း ကျပ်ကျပ် စောင့်ကြပ်နေသော နယ်စပ်၌ အစောင့် အကြပ်များ အား မျက်စိထဲ သဲပက်ရင်း ဖြတ်ကျော် သွားကြသည်။ ကျွန်ုပ်ကိုယ်တိုင် ယင်းကဲ့သို့ ပြုလုပ် ဖူးသည်။ ပထမ အကြိမ် တိဘက် သွားစဉ်က အင်္ဂလိပ် အစိုးရနှင့် နီပေါ အစိုးရ ကိုလည်း ကောင်း၊ တိဘက် နယ်စပ် အစောင့်အကြပ် များကို လည်းကောင်း မျက်စိထဲ သဲပက်ပြီး သွားခဲ့ရသည်။

အကျဉ်းချုပ် အားဖြင့် ပြောလိုသည်မှာ အကယ်၍ တစ်စုံ တစ်ယောက် သော လုလင်ပျို သို့မဟုတ် လုံမပျိုသည် ခရီးလှည့်လည် သွားလာခြင်း ကျင့်စဉ် ကို ကျင့်သုံးမည် ဆိုလျှင် အတိုင်းအတာ ကြီးမားစွာ သတ္တိ ရှိသူ ဖြစ်ရမည်။ မည်သူ့ စကားကိုမျှ နားထောင် နေမည် မဟုတ်။ မိခင် ၏ မျက်ရည်ကိုလည်းကောင်း၊ ဖခင်၏ စိုးရိမ်ကြောင့်ကြမှု ကို လည်းကောင်း၊ လမ်းလွဲလိုက်ပြီး လက်ထပ် မိသည့် ဇနီး မယား တငိုငို တရယ်ရယ် ဖြစ်နေခြင်း ကို လည်းကောင်း၊ အကယ်၍ လုံမပျို ဖြစ်နေလျှင် မိမိ လင်ယောင်္ကျား ၏ တားမြစ် ပိတ်ပင် ခြင်းကို လည်းကောင်း ဂရုမစိုက်။ အောက်ပါ စကားကိုသာလျှင် လမ်းညွှန် အဖြစ် ထင်မှတ် ယူဆသင့်သည်။

“ကမ္ဘာလောက၌ လူ့ဘဝ ဟူသည်မှာ တစ်ကြိမ် တစ်ခါသာလျှင် ဖြစ်ပေါ်လာသည်။ ပျိုရွယ်မှု ဟူသည်မှာလည်း တစ်ကြိမ် တစ်ခါသာ ရောက်ရှိလာသည်။ ရဲဝံ့စွန့်စား လိုသော လုလင်ပျို နှင့် လုံမပျို တို့သည် ခရီးလှည့်လည် သွားလာခြင်း အခွင့်အရေး ကို လက်မလွှတ်သင့် ကြပေ။ ခရီးလှည့်လည် သွားရန် အတွက် တာစူ ကြသော ကမ္ဘာလောက သည် သင်တို့ကို ကြိုဆိုရန် စောင့်နေသည်”

………………………………
April 25th 2012 at 8:49 PM
………………

Photo ကို  flickr မှ တွေ့ရှိသည်။ အမှတ်အသား ခွင့်စကား – မထားမိခဲ့။ သက်ဆိုင်သူ ဓာတ်ပုံရှင်ကို – ခွင့်ပြုပါရန် ဤနေရာမှ ပန်ကြားပါသည်။

https://zayya.wordpress.com/
http://zayya.blog.com/
………………

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: