အနှောင်အဖွဲ့ကို ဖြတ်တောက်ပစ်ပါ: ပါရဂူ

ဃူမက္ကရ သျှတ္တရ – အခန်း (၂)

တစ်ကမ္ဘာလုံး ရှိ ရသေ့၊ ရဟန်း သူတော်စင် များက ‘အိမ်ထောင်မှု သည် အနှောင်အဖွဲ့ ဖြစ်သည်’ ဟု ပြောပြီး အိမ်ထောင်မှု ကို ချိုးဖျက်လျက် အပြင်ဘက် ထွက်လာ ဖို့ ပြောပြ ကြသည်။ အကယ်၍ ခြေသလုံး အိမ်တိုင် ခရီးသွားများ လည်း အိမ်ထောင်သည် ဘဝကို ချိုးဖျက်ဖို့ လိုအပ်သည် ဆိုလျှင် ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာသူ များ၏ ရည်ရွယ်ချက် လည်း မိမိကိုယ်ကို တန်ဖိုး ထားခြင်း၊ သူတစ်ပါး အား အမှု မထားခြင်း ဟူ၍ မမှတ်သင့် ပေ။ ဃူမက္ကရ သျှတ္တရ ကျမ်း၌ ဖော်ပြထားသော ယင်း အချက်အလက် မှာ ပထမ တန်းစား ခရီးသည် များ အတွက် သို့မဟုတ် အဖြစ်နိုင်ဆုံး ဒုတိယ တန်းစား ခရီးသည်များ အတွက် ဖြစ်သည်။ ပထမ တန်းစား ခရီးသည် သို့မဟုတ် ဒုတိယ တန်းစား ခရီးသည် သည် မဖြစ်နိုင်သော ယင်း လမ်းမပေါ်၌ အခြေ မချသင့် ဟူသော အဓိပ္ပာယ် လည်း မဟုတ်ပေ။

ပထမတန်းစား ခရီးသည် တစ်ယောက် မွေးဖွား ပေါ်ပေါက် လာရန် အတွက် ဒုတိယ တန်းစား ခရီးသည် ထောင်ပေါင်း များစွာ ရှိဖို့ လိုအပ်လာ လိမ့်မည်။ ဒုတိယ တန်းစား ခရီးသည် တစ်ယောက် ဖြစ်လာဖို့ အတွက် လည်း တတိယ တန်းစား ခရီးသည် ထောင်ပေါင်း များစွာ လိုအပ်သည်။ ယင်းသို့ အားဖြင့် ခြေသလုံး အိမ်တိုင် ခရီးသည်၏ လမ်းမ၌ သိန်းပေါင်း များစွာသော လူများ ပျောက်သွား ကြမည် ဆိုလျှင် ယင်းတို့ အထဲက စံပြ ခြေသလုံး အိမ်တိုင် ခရီးသည် ပေါ်ထွက် လာဖို့ ခဲယဉ်း လိမ့်မည် မဟုတ်ပေ။

ခြေသလုံး အိမ်တိုင် ခရီး လှည့်လည် သွားလာရန် အတွက် အိမ်ထောင်မှုကို ချိုးဖျက်လျက် အပြင်ဘက် ထွက်လာခြင်း သည် ပထမ လိုအပ် ချက် ဖြစ်သည်။ မျက်စိပွင့် သည့် အချိန်မှ စ၍ ကမ္ဘာလောက တွင် လှည့်လည် သွားလာခြင်း မပြုလုပ် လိုသော လုလင် ဟူ၍ ဘယ်မှာ ရှိမည် နည်း။ အကြော များထဲတွင် သွေးပူ စီးဆင်း နေသော လူများထဲတွင် တစ်ချိန် ချိန်၌ အပြင်ဘက် ထွက်လိုသည့် အလိုဆန္ဒ မရှိသူ အရေ အတွက် အလွန် နည်းပေလိမ့်မည်။ ထို ပုဂ္ဂိုလ်များ၏ လမ်းမတွင် အဟန့်အတား များ ရှိမည်မှာ အမှန် ဖြစ်သည်။

အပြင်အပ ကမ္ဘာလောက၌ ဖြစ်ပေါ် နေသော အနှောင့်အယှက် အဟန့်အတား များထက် လူ၏ စိတ်နှလုံး ထဲတွင် ပေါ်လာသော အနှောင့်အယှက် အဟန့်အတား များက အရေအတွက် ပိုများသည်။ လုလင် များသည် မိမိ တို့၏ ရွာ၊ မိမိတို့၏ အရပ်ကို အောက်မေ့ တသပြီး ငိုကြသည်။ မိမိ သိကျွမ်းနေသော အိမ်များ၊ နံရံများ၊ လမ်းကြီး လမ်းငယ်များ၊ မြစ်များ၊ ချောင်းများ၊ ကန်များ၊ မိမိတို့၏ မျက်မှောက်က ဝေးကွာ သွားသည့် အခါ လွမ်းသလိုလို ဆွေး သလိုလို ဖြစ်ကြသည်။ ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာခြင်း သည် မိမိ၏ ဇာတိနယ်မြေအား တွယ်တာချစ်ခင် ခြင်း မပြုရ ဟူသော အဓိပ္ပာယ် မဟုတ်ပေ။

လူတို့သည် မိမိတို့၏ ဇာတိ နယ်မြေအား ထိုနယ်မြေ ဒေသနှင့် ဝေးကွာ သော နေရာသို့ ရောက်သွား မှ သာလျှင် အပြည့်အဝ ချစ်ခင် လေးစားမှု ပြုလုပ် နိုင်ပေသည်။ ထိုအချိန် ကျမှသာ မိမိ ဇာတိ နယ်မြေ ဒေသ၏ လှသော ရုပ်ပုံသည် နှလုံးသား တွင် ပေါ်ပေါက် လာသည်။ နှလုံးသား သည် ချိုမြသော အတွေးအခေါ် အမျိုးမျိုးဖြင့် ပြည့်လျှံလာ နိုင်သည်။

အနှောင့်အယှက် အဟန့်အတား ဖြစ်မှာ မစိုးရိမ်ရလျှင် ခြေသလုံး အိမ်တိုင် ခရီးသည် သည် ကိုးနှစ် ဆယ်နှစ် ကြာပြီးသည့်နောက် မိမိ ဇာတိ ဒေသကို ပြန်လာ၍ ကြည့်ရှုခြင်းသည် မိမိ၏ မိတ်ဟောင်း ဆွေဟောင်း များနှင့် တွေ့ဆုံခြင်းသည် မလိုလား အပ်သော အကြောင်း မဟုတ်ပေ။ သို့ရာတွင် ချစ်ခင်ခြင်း၏ အဓိပ္ပာယ်သည် ချစ်ခင်ခြင်းကို အထုံးအဖွဲ့ ဖြစ်အောင် လုပ်ထားခြင်း မဟုတ်ပေ။ ခြေသလုံး အိမ်တိုင် ခရီးသည်၏ဘဝ၌ လူသည် ခရီးဝေးရာသို့ ရောက်သွားလေလေ မိမိ၏ အကျိုးကို လိုလားသော မိတ်ဆွေ များ ၏ ဦးရေ ပေါများ လာလေ ဖြစ်သည်။ နေရာ အနှံ့အပြား၌ သံယောဇဉ် ကြိုးများသည် ထိုပုဂ္ဂိုလ် အား ဖွဲ့နှောင်ဖို့ အဆင်သင့် ဖြစ်နေကြသည်။ အကယ်၍ ယင်းကဲ့သို့သော ထောင်ချောက် ထဲတွင် ဖမ်းမိ လိုပါလျှင်ကား အားလုံး ၏ အလိုဆန္ဒကို မည်ကဲ့သို့ ဖြည့်ဆည်း၍ ရနိုင်မည်နည်း။

ကျွန်ုပ်ကို မွေးဖွားသော နယ်မြေဒေသ မြို့ရွာ များအား အကြိမ်တစ်ရာ ရှိခိုး ဦးခိုက် လိုက်ပါသည်။ နယ်မြေဒေသကို အောက်မေ့ တသခြင်းသည် ကျွန်ုပ်တို့ အတွက် ချစ်မြတ်နိုးဖွယ် အကောင်းဆုံးသော ရတနာ ရွှေအိုး ဖြစ်သည် ဆိုသည်မှာ သံသယ ဖြစ်ဖွယ် မလိုပေ။ သို့ရာတွင် အကယ်၍ ထိုနယ်မြေ ဒေသသည် ခြေထောက်ကို ဖမ်းဆွဲထားပြီး ဇင်္ဂမက ထာဝရ ဖြစ်အောင်၊ လှုပ်ရှားနေသူ အဖြစ်က ရပ်တန့်နေသူ ဖြစ်အောင် လုပ်မည် ဆိုလျှင်ကား ယင်းသို့ ပြုလုပ်ခြင်းသည် မလိုလား အပ်သော အကြောင်း ဖြစ်သည်။ လူတိုင်း လူတိုင်း မိမိတို့၏ ဇာတိ ဒေသနှင့် ပတ်သက်၍ တာဝန် ဝတ္တရား ရှိသည်။ ယင်းတာဝန် ဝတ္တရား သည် ကျေးဇူး ဥပကာရ တင်ရှိမှုကို အလုပ်လုပ်၍ ပြခြင်း မျှဖြင့် ကျေပွန် သွားနိုင်သည်။

မည်သည့် အရွယ်၌ ခြေသလုံး အိမ်တိုင် ခရီးသွားနိုင်ခြင်း အညွန့် အညှောင့် ပေါ်ပေါက်လာသည်၊ မည်သည့် အရွယ်၌ အပြည့်အဝ ဖြစ်ပေါ်လာသည်၊ မည်သည့် အချိန်၌ ခရီး စတင် ထွက်သင့်သည် ဆိုသည့် အကြောင်း အရာနှင့် ပတ်သက်၍ ရှေ့အပိုင်းများတွင် ပြောပြပါမည်။ သို့ရာတွင် အနှောင်အဖွဲ့ကို ဖြတ်တောက် ပစ်ရန် ပြောပြ ရင်း နှင့် အနာဂတ် ခြေသလုံး အိမ်တိုင် ခရီးသည် ၏ နုနယ်သော နှလုံးသား နှင့် ဦးနှောက်ကို နှောင်ဖွဲ့ထားရာ၌ မည်သည့် လက်ချက်က ပိုများသည် ဆိုသည်ကို မူ ပြောပြ ရမည်။ ရန်သူသည် လူကို တုပ်နှောင် မထားနိုင်ပေ။ မိမိ အား စိတ်ပါဝင်စား ခြင်း မရှိသူ ကလည်း အခြား လူတစ်ယောက်ကို တုပ်နှောင် မထားနိုင်ပေ။ အခိုင်မာဆုံး အတင်းကျပ်ဆုံး အနှောင် အဖွဲ့မှာ ချစ်ခင်ခြင်း အနှောင် အဖွဲ့ ဖြစ်သည်။ ချစ်ခင် ခြင်း၌ ပျော့ပျောင်းမှု ရှိသည် ဆိုလျှင် ထက်သန် အားကောင်းမှုလည်း ရှိသည် ဟု ဆိုရည်။ ခြေသလုံး အိမ်တိုင် ခရီးသည် များ၏ အတွေ့အကြုံ အရ သိရှိရသည်မှာ အကယ်၍ မိမိတို့ မိခင်၏ ချစ်ခြင်း နှင့် မျက်ရည်ကို ပူပန် ကြောင့်ကြ နေမည် ဆိုလျှင် ခြေသလုံး အိမ်တိုင် ခရီးသည် များထဲက တစ်ယောက်မျှ အိမ်အပြင် ဘက် ထွက်လာနိုင်မည် မဟုတ်ပေ။

ဆယ့်ငါး နှစ်၊ အနှစ် နှစ်ဆယ် အရွယ် လုလင် များ၏ ရှေ့တွင် “မင်း နှလုံးသားဟာ ဘယ်လောက် မာကျော သလဲ၊ မိခင်၏ နှလုံးသား ကို မကြည့်ဘူးလား။ မင်း အပေါ်မှာ မိခင်ရဲ့ မျှော်လင့်ချက် အားလုံး တည်ရှိနေတယ်။ ကိုးလလွယ် ဆယ်လ ဖွားခဲ့ရတဲ့ မိခင်ဟာ မင်း ထွက်သွားလို့ ရှိရင် ငိုရပါများတဲ့ အတွက် မျက်စိ ကန်း သွားလိမ့်မယ်။ မိခင် ရဲ့ အားကိုး အားထား ဟာ မင်းပဲ ဖြစ်တယ်” ဟူသော အကြောင်း ပြချက် များကို မိခင်များက ပြောပြ ကြပေလိမ့်မည်။ ယင်း အကြောင်း ပြချက် များနှင့် ဆုံးမ သွန်သင် ချက် များသည် ခြေသလုံး အိမ်တိုင် ခရီးသည် ၏ ဆုံးဖြတ်ချက်နှင့် လုံ့လဝီရိယ အပေါ်တွင် ရေအိုး အလုံး ထောင်ပေါင်း များစွာ သွန်ချ လိုက်သကဲ့သို့ မိခင် ၏ ယင်း အခြေအနေ သည် ခြေသလုံး အိမ်တိုင် ခရီးသည် ၏ စိတ်နှလုံးကို အားနည်း သွားအောင် လုပ်ပေ လိမ့်မည်။

မိခင် ၏ ချစ်ခင် ကြင်နာမှု သည် အလွန် အဖိုးထိုက် တန်သော အရာ ဖြစ်သည်။ အဖိုးတန်သည် ဟူသော စကား လောက်ဖြင့် လုံလောက် မည် မဟုတ်ပေ။ ယင်း ချစ်ခင် ကြင်နာမှု ထက် ချိုမြိန် လှသော ချစ်ခင် ကြင်နာမှုမျိုး တစ်ခြား မရှိနိုင်ပေ။ မိခင်၏ ကျေးဇူး ဥပကာရ သည် အမှန်တကယ်ပင် ဆပ်၍ မကုန် နိုင်သော ကျေးဇူး ဥပကာရ မျိုး ဖြစ်သည်။ မိခင်၏ ကျေးဇူး ဥပကာရ ကို တုံ့ပြန် ရန် အတွက် သားသည် မိမိ မိခင်၏ အမည်ကို ထွန်းလင်း တောက်ပ အောင် လုပ်ရမည်။ မိမိ ၏ ထွန်းလင်း တောက်ပ သော အပြုအမူများဖြင့် မိခင် ၏ အမည် နာမ ထင်ရှား ကျော်ကြား အောင် လုပ်ရပေမည်။ ခြေသလုံး အိမ်တိုင် ခရီးသည် ယင်းကဲ့ သို့ ပြုလုပ် နိုင်သည်။

မိခင်ပေါင်း များစွာသည် မိမိ တို့၏ ထင်ပေါ် ကျော်ကြား သော ခြေသလုံး အိမ်တိုင် ခရီးသည် သား များကြောင့် ထင်ပေါ် ကျော်ကြား သွားကြသည်။ သုဝဏ္ဏက္ခီ ၏ သား အဿဃောသ သည် ဇမ္ဗူဒိပ် အရှေ့ပိုင်းမှ ဂန္ဓာရ တိုင်း အထိ လှည့်လည် သွားလာပြီးလျှင် သူ၏ ကဗျာ၊ သူ၏ ပညာ ဖြင့် လူပေါင်း များစွာ တို့၏ စိတ်နှလုံးကို နှစ်သိမ့် စေပြီးလျှင် သာကေတ သူ မိခင် သုဝဏ္ဏက္ခီ ၏ အမည်နာမ ကို ထာဝရ တည်မြဲအောင် လုပ်ခဲ့သည်။ မိခင် များသည် မိမိတို့၏ လတ်တလော အကျိုး ကို ကြည့်လျက် မိမိ တို့၏ အနာဂတ် ခြေသလုံး အိမ်တိုင် ခရီးသည် သားကို နားလည် သဘောမပေါက် ကြပေ။ မိမိတို့၏ အိမ်ဂေဟာ၌ သာလျှင် တစ်သက်လုံး နေစေလိုကြသည်။ ပညာ မတတ်သော သာမန် မိခင် များသာ မက ပညာတတ် မိခင်များသည်ပင် ထို အကြောင်းအရာ နှင့် ပတ်သက်၍ နားလည် သဘောပေါက် ခြင်း မရှိကြ၍ ခရီးလှည့်လည် သွားလာခြင်း ကျင့်စဉ်၌ အနှောင့်အယှက် အဟန့်အတား ဖြစ်နေကြသည်။ နားလည် သဘောပေါက် သော စွမ်းရည် မရှိကြသည့် မိခင် များသည် မိမိတို့ သားများအား မျက်လုံး မှိတ်ပြီး အိမ်က ထွက်သွားဖို့ လောက်တော့ ပြောရလိမ့်မည်။ မိခင်သည် အစ ပထမ ၌မူ စိတ်မကောင်းခြင်း အမှန်ပင် ဖြစ်ပေလိမ့်မည်။ သို့ရာတွင် မိခင်များသည် တစ်သက်လုံး ငိုနေလိမ့်မည် မဟုတ်ပေ။ နေ့ရက် အတန်ကြာ ငိုပြီးနောက် သူတို့ ၏ မျက်လုံးထဲက မျက်ရည် ခန်းခြောက် သွားပေလိမ့်မည်။ အကယ်၍ မိခင်တွင် တစ်ယောက် မက သားသမီး ရှိမည် ဆိုလျှင် သား သောကကို ပို၍ ခံနိုင်ရည် ရှိလာပေလိမ့်မည်။

ပညာတတ် မိခင်များလည်း မိမိတို့ သားနှင့် ခွဲခွာ မနေလိုကြပေ။ မိခင် တစ်ယောက်၏ သားသည် ၁၀ တန်း စာမေးပွဲ ဖြေပြီး အိမ်မှ ထွက်ပြေးသွား သည်။ နှစ်နှစ် သုံးနှစ် အထိ ဘယ်ရောက် နေသည် မသိပေ။ မိခင်သည် ထိုအကြောင်းကို ပြောပြ၍ ကျွန်ုပ်၏ ကိုယ်ချင်းစာနာ မှုကို ရယူလိုသည်။ “ကျွန်မတို့ သူကို အိမ်မှာ ဘယ်လောက် ကောင်းကောင်း ကြည့်ရှု ထားသလဲ။ ဒါပေမယ့် ဒီသားဟာ ကျွန်မတို့ကို ဒုက္ခ ပေးပြီး ထွက်ပြေးသွားတယ်” ကျွန်ုပ်သည် ထိုမိန်းမကို ခရီးသည် သား၏ မိခင် ဖြစ်လာသည့် အတွက် ချီးကျူး စကား ပြောလိုက်သည်။ “ခင်ဗျား လောင်းရိပ် အောက်က အဝေးရောက် သွားတဲ့ အခါ ခင်ဗျား သားဟာ ကိုယ့်ကိုယ်ကိုယ် အားကိုးတဲ့ ယောင်္ကျား တစ်ယောက်လို ခရီးလှည့်လည် သွားလာ နေလိမ့်မယ်။ ခင်ဗျား သားသမီး သုံးယောက် ရှိသေးတယ် မဟုတ်လား။ လင်မယား နှစ်ယောက် ဟာ နှစ်ယောက် အစား သုံးယောက် ကျုပ်တို့ နိုင်ငံကို ပေးခဲ့တယ်။ အဲ့ဒါ မျိုးဆက် တစ်ဆက်မှာပဲ လူဦးရေ တစ်ဆ ရဲ့ တစ်ဝက်တိုးလာခြင်း ဖြစ်ပါတယ်။ စဉ်းစားပါ။ လူ အဆက်ပေါင်း များစွာ အထိ အဲ့ဒီ အတိုင်း သွားမယ် ဆိုရင် အိန္ဒိယ နိုင်ငံဟာ ခြေချ စရာ နေရာတောင် ရှိတော့မှာ မဟုတ်ဘူး” ကျွန်ုပ် ၏ အကြောင်းပြ ချက်ကို ကြားရသည့် အတွက် ထို မိန်းမသည် အပြင်ပန်း ကမူ ဝမ်းနည်းခြင်း မပြတော့ပေ။ သို့သော်လည်း ထို မိန်းမသည် ကျွန်ုပ်၏ စကားကို သဘောပေါက် ဟန် မတူပေ။

ပညာ မတတ်သော မိခင်သည် “ဃူမက္ကရ သျှတ္တရ” ကို ဘယ်မှာ နားလည် မည်နည်း။ သို့သော်လည်း ပညာတတ် မိခင်များ ကမူ ဤကျမ်းစာ ကို ဖတ်လျက် ကျွန်ုပ်ကို ဆဲ ကြလိမ့်မည်။ ကျိန်စာ ဆိုကြလိမ့်မည်။ ငရဲ ပို့ကြလိမ့်မည်။ ထို မိခင်များ၏ ဆဲရေး တိုင်းထွာခြင်း၊ ကျိန်စာ ဆိုခြင်း များကို ဦးထိပ် ရွက်ရန် အတွက် ကျွန်ုပ် အဆင့်သင့် ဖြစ်သည်။ ဤ ကျမ်းစာကို ဖတ်လျက် ယခု ရာစုနှစ် အဆုံး ထိ အနည်းဆုံး မိခင် တစ်ကုဋေ တို့သည် မိမိတို့၏ သားများ လက်လွတ် သွားကြစေရန် ကျွန်ုပ် လိုလားသည်။ ယင်း အတွက် အပြစ်ရှိသည် ဆိုလျှင် ယင်းအပြစ်ကို ဦးထိပ်ပေါ်တွင် ရွက်လျက် ကျွန်ုပ် ကြိုးဒဏ် ခံဖို့ အတွက် အဆင်သင့် ဖြစ်သည်။

အကယ်၍ မိခင်သည် ပညာမတတ် သော်လည်း နားလည်မှု ရှိမည် ဆိုပါက သားကို လေးဖက်တွား သွားသည့် အခြေအနေမှ မတ်တတ် ရပ်သွားနိုင်သည် အထိ သင်ပေးပြီးနောက် မိမိ ၏ တာဝန် ဝတ္တရားကို ပြုလုပ် ဆောင်ရွက်ပြီးပြီ ဟူ၍ နားလည် အောက်မေ့ သင့်သည်။

ကျေးငှက် များသည် သူတို့ ၏ ပေါက်စ ကလေးများကို ဥခွံ တွင်းမှ အပြင်ဘက်တွင် အကောင်ပေါက် လာသည် အထိ တာဝန် ယူကြသည်။ ထို့နောက် တွင် ငှက်ကလေးများသည် သူတို့၏ ကျယ်ပြန့်သော ကမ္ဘာလောက ထဲတွင် ပျံသန်း သွား ကြသည်။

မိခင်အချို့သည် ဆယ့်ငါး နှစ် ၊ ဆယ့်ခြောက် နှစ် အရွယ် သူငယ်များ မိမိတို့၏ ခြေထောက်ပေါ်တွင် ရပ်နိုင်ကြသည် ဆိုသည်ကို နားလည် ကြသည်။ လူသား များ၏ ကလေးများတွင် ကျေးငှက် များထက် ပိုပြီး စွမ်းအား ရှိသည် ဆိုသည်ကို မိခင် များ နားမလည် ကြပေ။

ဆောင်းဥတု ၌ ဆိုက်ဘေးရီးယား မှ ကျွန်ုပ်တို့ ဒေသသို့ လာကြသော ငှက်များသည် ဧပြီလ တွင် ဟိမဝန္တာ သို့ ပြန်သွားကြသည်ကို တွေ့ရသည်။ နွေဥတု၌ တိဘက်ပြည် ရေအိုင် ရှိသော တောင်များတွင် ထိုငှက်များသည် ဥ အု ကြသည်။ ဥများမှ ငှက်ပေါက်ကလေးများ ပေါက်လာကြသည်။ အရွယ် ရောက်လာ သောအခါ ငှက်ကလေးများသည် ပျံသန်း သွားကြသည်။ ယင်းငှက်ကလေးများသည် မသိဖူး၊ မမြင်ဖူး သော လမ်းမှ သဘာဝ အသိဥာဏ် စွမ်းအားဖြင့် နွေဥတု အခါ ကာလ များတွင် မြောက်ပိုင်း ဒေသများ၌ ပျံသန်းပြီး ‘ဗိုက်က’ ရေအိုင် အထိ ရောက်သွား ကြသည်။ ကျွန်ုပ်တို့ ဒေသ၌ အပူ လျော့နည်း သွားပြီး နှင်းကျစ ပြုလာသော အခါ ထိုငှက်များသည် တစ်ဖန် မသိဖူး၊ မမြင်ဖူးသော ဒေသ ဖြစ်သည့် အိန္ဒိယ နိုင်ငံ ဘက် ပျံသန်း လာကြပြီးလျှင် လမ်းခရီး ၌ နားနားနေနေ ပြုလုပ် ကြလျက် ဤဒေသသို့ ရောက်လာကြသည်။ ကိုယ့်ကိုယ်ကိုယ် အားကိုးခြင်း ကသာ ယင်းငှက်များအား ယင်းကဲ့သို့သော စွမ်းအားကို ပေးခြင်း ဖြစ်သည်။ လူများအား သူတစ်ပါးကို အားကိုးလိုသည့် စိတ်ဓာတ် သွင်းပေးသော ပညာတတ် မိခင်၏ ပညာသည် အဘယ်မှာ တန်ဖိုး ရှိမည်နည်း။

အကယ်၍ အမြှော်အမြင် ကြီးမားသော မိခင် ဖြစ်သည် ဆိုလျှင် ထိုအကြောင်း အရာ နှင့် ပတ်သက်၍ ဒုံးဝေး မနေဘဲ နားလည်မှု ရှိသော မိခင် တစ်ယောက် ဖြစ်သင့် သည်။ ခရီးလှည့်လည် သွားလာလိုခြင်း အညွှန့် အညှောက် ပေါ်လာသည့် သားအား အားပေး အားမြှောက် ပြုသင့် သည်။ ခရီး လှည့်လည် သွားလာသည့် စိတ်ဓာတ် ပေါ် လာလျှင် မိမိ တို့၏ သားအား သူ၏ စွမ်းအား လျော်စွာ ငွေ ၃၀၀, ၄၀၀ ပေးလျက် ‘သုံးလေး လ အတွင်း အိန္ဒိယ တစ်နိုင်ငံလုံး ကို လှည့်လည် ပါလား’ ဟူ၍ ပြောကြား သင့်သည်။ ယင်းကဲ့သို့ ပြုလုပ်သည့် အတွက် အကျိုး ထူးလာလိမ့်မည် ဟူ၍ ကျွန်ုပ် ထင်သည်။

အကယ်၍ မိမိ ၏ သားသည် ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာလိုသည့် စိတ်ဓာတ် မရှိလျှင် အလည်အပတ် သွားပြီး မိမိ တို့ အိမ် ပြန်လာပြီး နေလိမ့်မည်။ အကယ်၍ ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာ လိုသည့် ဗီဇ အမှန် တကယ် ရှိမည် ဆိုလျှင် ကား ထိုသားသည် ယင်းကဲ့သို့သော အမေကို သံယောဇဉ် တွယ်တာနေ လိမ့်မည် မဟုတ်။ အကြောင်းမူကား မိမိ ၏ မိခင်သည် အနှောင်အဖွဲ့ ဖြစ်နေလိမ့်မည် မဟုတ် ဟူ၍ နားလည် သောကြောင့် ဖြစ်သည်။

မိခင်သည် လုလင် အရွယ်၌ ကြီးမားသော ရည်ရွယ်ချက် တစ်ခု အတွက် အားထုတ် သော သား၏ အနှောင့်အယှက် အဟန့်အတား ဖြစ်နေမည် ဆိုလျှင် ထိုသားသည် ကြီးလာသော အခါ မယား အိမ် ရောက်သွားပြီး သားသမီး မွေးဖွား လာပါက ထိုသားသမီး သည် မိခင် အပေါ် မည်ကဲ့သို့ သဘောထားမည် ဆိုသည်ကို မိခင် တစ်ယောက် အနေနှင့် စဉ်းစား ဆင်ခြင် သင့်သည်။ ယောက္ခမ နှင့် ချွေးမ မတည့်ခြင်း၊ သားက ချွေးမ ဘက် လိုက်ခြင်း များကို မည်မျှ တွေ့မြင် နေကြရသနည်း။ မိခင် အဖို့ သား၏ ကောင်းကျိုး အတွက် အနှောင့် အယှက် အဟန့် အတား ဖြစ်မနေခြင်း သာလျှင် ကောင်းသည်။ သားအဖို့ နားလည်မှု မရှိသော မိခင်အား ဂရုစိုက် မနေဘဲ မြင့်မြတ်သော လမ်းမ ပေါ်၌ ခြေချခြင်း သည်သာလျှင် ကောင်းသည်။

မိခင် ပြီးလျှင် ခရီးလှည့်လည် သွားလာခြင်း အကြံအစည် ကို ဖျက်ဆီးပစ်ဖို့ အကြိုးစား ဆုံး ပုဂ္ဂိုလ် မှာ ဖခင် ဖြစ်သည်။ အကယ်၍ သားဖြစ်သူသည် ၁၅ နှစ်၊ ၁၆ နှစ် အရွယ်လောက် မရောက်သေးဘဲ နှင့် စွန့်စားလို သည့် စိတ် ပေါ်လာလျှင် ဖခင်လုပ်သူ သည် ကြိမ်လုံး ၏ အကူအညီ ဖြင့် သား ဖြစ်သူ အား စိတ်ပြောင်း သွားအောင် လုပ်လိမ့်မည်။ ခရီးလှည့်လည် သွားလာလိုသူ ၏ အညွန့်ကို တုတ် နှင့် ရိုက်၍ ပျက်စီး သွားအောင် လုပ်နိုင်ပါမည် လော။ တစ်ခါ တစ်ရံ အချို့ဖခင် များသည် စွန့်စား လိုသော မိမိတို့ ၏ သားကို ကြိမ်းမောင်း သော်လည်း အောင်မြင်မှု မရရှိသည့် အခါ ထို လက်နက်ကို အသုံးပြု ကြသည်။ ခရီးလှည့်လည် သွားလာလိုသော လုလင်ပျို များ အတွက် ယင်းသို့ ခံရသော ကြောင့် အကျိုးလည်း ရှိသွားနိုင်သည်။ ယင်းကဲ့သို့သော ဖခင်မျိုး နှင့် ပတ်သက်၍ စိတ်ကောင်း နှလုံးကောင်း မထားတော့ဘဲ မျက်စိ မှိတ် လျက် ထွက်ခွာသွားပြီး အောင်မြင်မှု ရရှိသည် နှင့် တစ်ပြိုင်နက် ထိုကဲ့သို့ ခံခဲ့ ရသည်ကို မေ့မေ့ ပျောက်ပျောက် ဖြစ်သွား ကြသည်။ သို့ရာတွင် ဖခင် အားလုံးသည် ယင်းကဲ့သို့ မမိုက်မဲ ကြပေ။ မိုက်သည် ထားဦး~ တုတ်ကို အသုံးပြုသည်မှာ ၁၅ နှစ်သား အရွယ် သူငယ် အတွက် လောက်သာ ဖြစ်သည်။

မိမိ တို့၏ သား ထွက်ခွာ သွားသော အခါ ပျောက်သွားသော သားကို ရှာခြင်းသည် ဖခင်၏ တာဝန် ဖြစ်သည်။ မိခင်မှာမူ အိမ်၌ပင် တငိုငို တရယ်ရယ် ဖြစ်နေ ရသည်။ မိခင် နှင့် ဖခင် နှစ်ဦးလုံး တူညီစွာ ကြောင့်ကြမှု ဖြစ်ကြရသည်။ တစ်ခြားသား များ ရှိစေကာမူ သား တစ်ယောက် ထွက်ပြေးသွားသော အခါ ဖခင်က မျိုးဆက် ပြတ်ပါပြီ ဟူ၍ လည်းကောင်း၊ မိမိတို့ ၏ နာမည် ကျန်တော့မှာ မဟုတ် ဟူ၍ လည်းကောင်း ထင်မြင် ယူဆသည်။ မိမိ တို့၏ အမျိုး အနွယ် အကြောင်းကို စဉ်းစားမည် ဆိုလျှင် မည်သူ မဆို မိမိ တို့၏ အမျိုးအနွယ် အရေအတွက်ကို ရေတွက် ကြည့်စမ်းပါ။ အရေအတွက် သိန်းပေါင်း များစွာ ရှိလာလိမ့်မည်။

လူပေါင်း ၅၀၊ ၁၀၀ တို့သည် အကယ်၍ မိမိတို့ ၏ အမျိုး အနွယ်ကို ဆက်လက် တည်မြဲအောင် မလုပ်နိုင်လျှင် မျိုးဆက် ပြတ်သည် ဟူ၍ ဘယ်မှာ ပြော၍ ရမည်နည်း။

သား ထွက်ပြေး သွားသည့် အတွက် မျိုးနွယ် စဉ်ဆက် တိုးပွားမှု မရှိလျှင် အမည် နာမ ချုပ်ငြိမ်း သွားသည် ဟူ၍ ပြောကြသည်။ ပညာတတ် လူအတော်များများ ကို ကျွန်ုပ် မေးကြည့်ဖူးသည်။ မည်သူမှ မိမိတို့ အဘိုး ၏ အဖေ၊ ဘေး၏ အမည်ကို မပြောနိုင် ကြပေ။ မိမိတို့ စတုတ္ထ မျိုးဆက် ၏ အမည် နာမကို မပြောပြနိုင်ဘဲ နှင့် အမည် နာမ တည်တံ့နေဖို့ အကြောင်း ပြောခြင်းသည် မိုက်မဲသော အယူအဆ မဟုတ်လျှင် အခြား ဘာဟုတ် နိုင်ဦးမည်နည်း။

ရှေးခေတ် ကာလက “အပုတ္တဿဂတိ နတ္ထိ” ဟု ပြောဆိုခြင်း သည် မှန် ကောင်း မှန်ပေလိမ့်မည်။ အကြောင်းမူကား လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ အလွန်က ကျွန်ုပ်တို့ တိုင်းပြည်၌ တောတွေ က များပြီး လူနေ အိမ်ခြေက နည်းသည်။ တောထဲတွင် သားရဲ တိရစ္ဆာန်များ ရှိနေကြသည်။ ထိုအချိန်က လူများသည် လူအရေအတွက် များအောင် လုပ်ပြီးလျှင် လူ့အရေအတွက် အင်အားဖြင့် ရန်သူများကို နှိမ်နင်း လျက် ရိက္ခာ အတွက် ပစ္စည်း ဝတ္ထုများကို အများအပြား စိုက်ပျိုး နိုင်အောင် ကြိုးစား အားထုတ်ကြ သည်။ သို့ရာတွင် ယခု ခေတ်၌ မူ လူဦးရေ အဆမတန် များပြား လာသောကြောင့် ကျွန်ုပ်တို့ အတွက် အခက်အခဲ တွေ့နေ ကြရသည်။

စဉ်းစား ကြည့်ပါ။ ၁၉၄၉ ခုနှစ်က ကျွန်ုပ်တို့၏ တိုင်းသူ ပြည်သား များအား ရိုးရိုး ထမင်း ကျွေးရန် အတွက်ပင် တန်ချိန် လေးသန်း မျှသော ဆန်စပါးကို နိုင်ငံခြား တိုင်းပြည်များမှ မှာယူရသည်။ ယခု အချိန်၌ ကျွန်ုပ်တို့၏ တိုင်းပြည်တွင် ဆန်စပါးကို တိုးချဲ့ စိုက်ပျိုးမှု မပြုလုပ်ဘဲ နိုင်ငံခြား တိုင်းပြည်များမှ ဆန်စပါး တင်သွင်းမှု ရပ်ပစ်လိုက်ပါက ကျွန်ုပ်တို့ နိုင်ငံသူ နိုင်ငံသား များသည် သိန်းပေါင်း များစွာ သေကျေ ပျက်စီး သွားကြလိမ့်မည်။ ယင်းကဲ့သို့ လူဦးရေ တိုးပွား များပြား လာခြင်းသည် ကြီးမားသော ပြဿနာ ဖြစ်လာသည့် အတွက် ယခု အချိန်၌ မူ “သပုတ္တဿဂတိ နတ္ထိ” ဟူ၍ ပြောရမလို ဖြစ်နေသည်။

နားလည်မှု မရှိသော ဖခင်သည် သားကို မွေးပြီး ဖခင် ၏ ကြွေးမြီ က လွတ်ကင်းသွားအောင် ကြိုးစား ကြလိမ့်မည် ဟု ကျွန်ုပ်တို့ မျှော်လင့် ကြသည်။ မိဘ လုပ်သူများ သည် အကယ်၍ အကျော်အစော နှင့် အမည် နာမကို လိုလားသည် ဆိုပါလျှင် မိမိ တို့ သားအား စွန့်စား ခွင့် ပေးရမည်။ အမြဲမပြတ် မိဘ အနီး၌ သာ နေသော သားသည် မိမိ မိဘကို ချစ်ရာ မရောက်ပေ။ ဖခင် နှင့် အတူ နေသည့် အခါ ဖခင် နှင့် သား၏ ချိုမြိန်သော ဆက်ဆံရေး သည် အရောင်မှိန်သွားပြီး လျှင် အကြိမ်များစွာ တင်းမားသည့် အသွင် ဆောင်လာနိုင်သည်။ ဖခင် အတွက် အကောင်းဆုံးမှာ သား၏ အကြံအစည်ကို အနှောင့်အယှက် မပေးခြင်း ဖြစ်သည်။ မိမိ တို့၏ သားသည် ငယ်ငယ် ရွယ်ရွယ် နှင့်လည်း သေသွား နိုင်သည်။ ထိုအခါ ဖခင် အနေနှင့် ဘယ်မှာ အားကိုးရာ ရနိုင်မည်နည်း။ ရည်ရွယ်ချက် ကြီးကြီး မားမား ထားသော သားသည် အယူအဆ လွဲမှားသော ဖခင်အား ဂရုစိုက် နေစရာ မလိုပေ။ အားလုံးကို စွန့်လွှတ်လျက် မိမိ အိမ်မှ ထွက်ပြေးသွား သင့်သည်။

ခြေသလုံး အိမ်တိုင် ခရီးလမ်းမ ၌ ခြေချသူ များ၏ ရှေ့မှောက်တွင် ရှိသော အနှောင်အဖွဲ့သည် ရှေ့မှောက်တွင် ရှိသော လူပေါင်း များစွာ တို့သည် မိမိတို့ ၏ ကလေးများ ကို အိမ်ထောင်ချ ပေးကြသည်။ ခရီးလှည့်လည် သွားလိုကြသော ၁၅ နှစ်၊ ၁၆ နှစ် အရွယ် သူငယ်များ အား ခရီးလမ်းမ ၌ ခြေချမည် ပြုသော အခါ သူတို့၏ ခြေထောက် တွင် မိန်းကလေး တစ်ယောက်ယောက် ၏ အနှောင် အဖွဲ့ဖြင့် ချည်နှောင် ထားလိုက် ကြသည်။ ယင်းဥပဒေ မဲ့ အနှောင်အဖွဲ့ ကို ချိုးဖျက် ပစ်ဖို့ ရန် လူတိုင်းတွင် အခွင့်အရေး ရှိသည်။ “မင်း ထွက်သွားလျှင် မင်းမိန်းမ ဘာလုပ်မလဲ” ဟူ၍ စကားတင်း ဆို တတ်ကြသည်။

ကျွန်ုပ်တို့၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သစ်၌ ၂၁ နှစ်ကျော်မှ မဲဆန္ဒ ပေးပိုင်ခွင့် ရှိသည့် လူအဖြစ် သတ်မှတ် ထားသည်။ ၂၁ နှစ် အရွယ် မတိုင်ခင် မိမိတို့ ၏ အဆိုးအကောင်းကို နားမလည် ဟူ၍ လည်းကောင်း၊ မိမိတို့ ၏ တာဝန် ဝတ္တရား ကို ကောင်းစွာ မသိနိုင်သေး ဟူ၍ လည်းကောင်း၊ ဆိုလိုသည့် အဓိပ္ပာယ် ဖြစ်သည်။ ထို့ကြောင့် ၂၁ အရွယ် မတိုင်ခင် လုလင်နှင့် လုံမ၌ လက်ထပ် ထိမ်းမြား ရမည့် တာဝန် မရှိသေးပေ။ အရွယ် မတိုင်ခင် လက်ထပ် ထိမ်းမြားခြင်း ကို တရားမှု နှင့် အသိဥာဏ် တရား ဥပဒေမဲ့ ဟူ၍ ထင်မှတ် ယူဆသည်။

လုလင်ပျို နှင့် လုံမပျို တို့သည် ယင်းကဲ့သို့ အနှောင်အဖွဲ့မျိုးကို အနည်းငယ် မျှပင် ဂရုစိုက်စရာ မလိုပေ။ “တာဝန် မရှိသေး သော်လည်း အနှောင်အဖွဲ့ ဖွဲ့နှောင် ပြီးပြီ ဖြစ်၍၊ အနှောင်အဖွဲ့ကို ဖြတ်တောက်ပြီး သွားဖို့ မသင့်” ဟူ၍ ပြောကောင်း ပြောကြမည်။ ကမ္ဘာ လောက၌ ဆင်းရဲ ဒုက္ခ များ ရှိနေကြသည်။ ကြောင့်ကြ စိုးရိမ် မှုများ ရှိနေကြသည်။ ယင်းတို့ကို အမြစ် အရင်းက ဖြတ်မပစ်ဘဲ သစ်ရွက် များပေါ်တွင်သာ ရေလောင်းလျက် သစ်ပင်များကို စိမ်းလန်း စိုပြည် လာအောင် လုပ်၍ မရပေ။ အကယ်၍ လူကြီးများသည် တာဝန်ကို နားမလည်ဘဲ၊ မသိ နားမလည် သေးသူ တစ်ဦးအား ထောင်ချောက်ထဲတွင် ဖမ်းမိအောင် လုပ်မည် ဆိုလျှင် သားကောင်က ထိုကဲ့သို့ ထောင်ချောက် ထဲတွင် ခြေထောက် ထည့်ထားလိမ့်မည် ဟု မျှော်လင့်ချက် ထားခြင်း သည် ဘယ်မှာ သင့်လျော် မည် နည်း။

ခရီးလှည့်လည် သွားလာလိုသော သူသည် အကယ်၍ ယင်းကဲ့သို့သော လွဲမှားသော အယူအဆ မျိုးကို စွန့်မည် ဆိုလျှင် အိမ်နှင့် စည်းစိမ် ဥစ္စာကို မိမိ ပခုံးပေါ် တင်ပြီး ယူမသွားရပေ။ ခရီးလှည့်လည် သွားလာသော သူသည် မည်သည့် အခြေအနေ မျိုး၌ မဆို လက်ထပ်ထိမ်းမြား ထားသော မယားကို စွန့်ခွာ သွားခြင်း ဖြင့် တိုင်းပြည် အမြင်နှင့် ကြည့်လျှင် အကျိုး ဆုတ်ယုတ်ခြင်း မရှိဘဲ အကျိုးပင် ရှိလာနိုင်သည်။

မိမိ ၏ ဇနီးသားမယား အား သံယောဇဉ် တွယ်တာနေသော ခရီးလှည့်လည် သွားလာသူ လုလင်၏ စိတ်နှလုံးထဲတွင် ယင်းကဲ့သို့သော ချစ်ဇနီးကို စွန့်ခွာ သွား၍ မည်ကဲ့သို့ အကျိုး ကျေးဇူး ရှိမည်နည်း။ စွန့်ခွာ မသွားခြင်း ၌သာလျှင် အကျိုးရှိလိမ့်မည် ဟူသော အတွေးမျိုး ပေါ်ပေါက် လာပေလိမ့်မည်။ ခြေလေး ချောင်း ရှိခြင်းသည်၊ မိန်းမနှင့် ယောင်္ကျား အတူတကွ နေထိုင်ခြင်းသည် ခရီး လှည့်လည် သွားလာခြင်း၌ ကြီးမားသော အနှောင့်အယှက် အဟန့်အတား မဖြစ်ပေါ်ပေ။ သို့ရာတွင် ခက်သည်မှာ ခြေလေးချောင်း ဟု သတ်မှတ်ထား၍ မရပေ။ ခြေလေးချောင်း မှ ခြေခြောက်ချောင်း ဖြစ်လာလိမ့်မည်။ ခြေရှစ်ချောင်း ဖြစ်လာလိမ့်မည်။ ယင်းသို့ ဖြစ်လာသော အခါ၌ တစ်ယောက် အစား နှစ်ယောက် ၏ တာဝန် ဖြစ်လာပေလိမ့်မည်။ အများ၏ တာဝန် ဖြစ်လာလိမ့်မည်။

မိန်းမ နှင့် ယောင်္ကျား အတူတကွ နေသော်လည်း ကိုယ့်ခြေထောက် နှင့် ကိုယ် သွားကြသည်သာ ဖြစ်သည်။ တစ်ယောက်က တစ်ယောက်ကို ပခုံးပေါ် ထမ်းသွား၍ မရပေ။ ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာမည့် သူ၌ ခြေလေးချောင်း ရှိသည်မှာ အလွန် တရာ နည်းပါးလှသည်။

မိတ်ဆွေ သင်္ဂဟ များအား သံယောဇဉ် တွယ်တာနေခြင်း နှင့် ပတ်သက်၍ လည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ တာဝန် အမျိုးမျိုးကို ထမ်းဆောင်နေသူ များ အတွက် ခရီးလှည့်လည် သွားလာခြင်း လမ်းစဉ်သည် အမြင့်မြတ်ဆုံး လမ်းစဉ် ဖြစ်သည် ဟူ၍သာလျှင် ပြောရပေတော့မည်။

အပြင်အပ က အနှောင် အဖွဲ့များ၊ အပြင်အတွင်းက အနှောင်အဖွဲ့လည်း ရှိသေးသည်။ စိတ်ဓာတ် ပျော့ညံ့ခြင်းသည် အတွင်း အနှောင်အဖွဲ့ ဖြစ်သည်။ အစ ပထမတွင် ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာခြင်း လမ်းမပေါ်တွင် လျောက်သွားရန် လိုလားသော သူသည် မိမိ မသိဖူး၊ မကြုံဖူးသော လမ်းဖြစ်၍ ထိတ်လန့် စိုးရိမ်စိတ် ပေါ်လာတတ်သည်။

ခရီးသည်ပေါင်း များစွာ တို့သည် ဘုရားသခင် ကို အားကိုးလျက် အမိုက်မှောင်ထဲ ခုန်ဆင်းကြသည်။ သို့ရာတွင် ဆင်ခြင် စဉ်းစားဥာဏ် နှင့် ပြည့်စုံသည့် ပထမ တန်းစား လုလင်များ ထဲတွင် ဘုရားသခင်ကို မျက်ကန်း ယုံကြည်သူ ဘယ်နှစ်ဦး ရှိသနည်း။

သို့သော်လည်း မိမိ အတွေ့အကြုံ အရ ပြောရမည် ဆိုလျှင် အမိုက်မှောင်ထဲ တွင် ခုန်ဆင်းရန် အတွက် အနည်းငယ် မျှပင် ထိတ်လန့် ကြောက်ရွံ့ မနေသင့်ပေ။ လူတို့သည် နေ့စဉ် နေ့တိုင်း ယင်းကဲ့သို့ အမိုက်မှောင်ထဲ ခုန်ဆင်း နေကြသည်။ ဒေလီ နှင့် ကာလကတ္တား လမ်းများ ပေါ်၌ နှစ်စဉ် နှစ်တိုင်း လူပေါင်း မည်မျှ မော်တော်ကား နှင့် ဓာတ်ရထား တိုက်၍ သေကုန်ကြသနည်း။ ယင်းကို ကြည့်လျက် မိမိတို့၏ အိမ်မှ လမ်းပေါ် ထွက်ခြင်း သည်လည်း ပြောရလိမ့်မည်။ ကိုယ့်အိမ်ထဲတွင် ကိုယ်နေသော်လည်း မည်မျှ စိတ်ချ ရသနည်း။ ငလျင် လှုပ်သည့် အတွက် အိမ်အမိုး နှင့် နံရံများ ပြိုကျပြီး လူပေါင်း မည်မျှ သေဆုံး သွားကြသနည်း။ မီးရထား မှောက်သည့် အတွက် လူအများ သေဆုံး ကြရသောကြောင့် မီးရထားနှင့် ခရီး မသွားရ ဘူးလား။

ထိုနေ့က ဆီလီဗိုရီ မှ ကာလကတ္တား သို့ လေယာဉ် နှင့် သွားရမည့် အကြောင်း ကြားသိရသော အခါ ကျွန်ုပ်နှင့် မော်တော်ကား အတူ စီးလာသော ပုဂ္ဂိုလ် တစ်ယောက်က “ကျွန်ုပ်လည်း လေယာဉ်ပျံ နှင့် တော့ သွားချင်ပါတယ်။ ဒါပေမယ့် လေယာဉ်ပျံ စီးရမှာ ကြောက်နေတယ်” ဟု ပြောသည်။ ကျွန်ုပ်က ပြန်ပြောလိုက်သည်။ “ဘာဖြစ်လို့ ကြောက်ရတာလဲ။ လေယာဉ်ပျံပေါ်က ကျတဲ့ သူတွေဟာ ယောဂီတွေ သေသလို သေကြရတယ်။ ဘယ်သူမှ ခြေလက် အင်္ဂါ ပျက်ပြီး အသက်ရှင် ကျန်နေတယ်လို့ မရှိဘူး။ ပွဲချင်းပြီး သေသွား ရတယ်။”

ကျွန်ုပ်၏ အဖော်သည် ယောဂီ သေသလို သေဖို့ရန် အတွက် အဆင်သင့် မရှိပေ။ ကျွန်ုပ်က ပြောပြရပြန်သည်။ “လေယာဉ်စီးတဲ့ သူတွေ အားလုံး လေယာဉ်ပျံ ပေါ်က ကျပြီး သေကြရသလား၊ သေတဲ့ လူတွေ အရေအတွက် အလွန် နည်းတယ်။ တစ်သိန်းမှာ တစ်ယောက် လောက် ပဲ ရှိလိမ့်မယ်။ တစ်သိန်းထဲမှာ တစ်ယောက်လောက်သာ သေဖို့ ကြုံလာတယ် ဆိုရင် မိတ်ဆွေက ၉၉၉၉၉ ယောက်ကို ထားခဲ့ပြီး ဘာကြောင့် တစ်ယောက်နှင့် အတူ နေချင်ရ တာလဲ”

ကျွန်ုပ်ပြောသည်ကို ထိုပုဂ္ဂိုလ်သည် သဘောပေါက် သွားပုံ ရသည်။ ဗာဂဒို ဂရာ လေဆိပ်မှ ကျွန်ုပ်တို့ နှစ်ယောက် လေကြောင်း ခရီး ဖြင့် လာခဲ့ကြရာ နှစ်နာရီလောက် အကြာတွင် ကာလကတ္တား သို့ ရောက်ရှိ လာကြသည်။

လေယာဉ် ပေါ်တွင် ဘေးဘက်ရှိ ပြတင်းမှ ကမ္ဘာလောကကို ကြည့်ရှုသော်လည်း ကျေနပ် အားရခြင်း မရှိသောကြောင့် ထိုပုဂ္ဂိုလ်သည် လေသူရဲ ၏ အနီးသို့ သွားလျက် ကြည့်ရှုရန် ကြိုးစား အားထုတ်သည်။ လေယာဉ် ပေါ်တက်လာပြီး သည့်နောက်၌ သူ၏ အကြောက်အရွံ့သည် ဘယ်ရောက် သွားသနည်း။

ထိုနည်း အတိုင်းပင် ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာခြင်း လမ်းမ ပေါ်တွင် ခြေမချ ခင် အချိန်၌ အတွေ့အကြုံ မရှိသေးသောကြောင့် ထိတ်လန့် ကြောက်ရွံ့စိတ် ဖြစ်ပေါ်လာတတ်သည်။ အိမ်က ထွက်ပြေးကြသော လူပေါင်း သိန်းသန်း များစွာ ထဲတွင် ထမင်း မစားရသောကြောင့် သေသွားသူ လူ ဘယ် နှစ်ယောက် ရှိသနည်း။ တစ်ခါတစ်ရံ အခက်အခဲ တွေ့ချင် တွေ့လိမ့်မည်။ သို့ရာတွင် ယင်းအခက်အခဲမှာ ခရီးလှည့်လည် သွားလာခြင်း ဟင်း အမယ် ထဲတွင် ဆားခတ်သလို ဖြစ်လာလိမ့်မည်။

ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာသူ ၏ လမ်းသည် ပန်းခင်းသော လမ်း မဟုတ်စေကာမူ လက်ကမ်းမည်သူ များ နေရာအနှံ့အပြား၌ ရှိနေသည် ဟူ၍ နားလည် ထားရမည်။ ယင်းကမ်းသော လက်များသည် ဘုရားသခင် ၏ လက်မဟုတ်ပေ။ လူသား ၏ လက်များသာ ဖြစ်သည်။

လူသား ၏ ယနေ့ ကိုယ်ကျိုး၊ ကိုယ့်စီးပွား ကြည့်လေ့ ရှိသည့် စိတ်ဓာတ်ကို ကြည့်လျက် လူတို့သည် စိတ်ပျက် အားလျော့သည့် အကြောင်းကို ဖြန့်ဖြူး ကြသည်။ သို့ရာတွင် သူစိမ်း တစ်ရံဆံ တစ်ပြည်ရပ်ခြားက ပုဂ္ဂိုလ်ကို ဘုရားသခင် အဖြစ်နှင့် အကူအညီ ပေးရန် အဆင်သင့် ဖြစ်လာသူမှာ လူသား စိတ်ဓာတ် ဖြစ်သည်။ လူတစ်ဦး တစ်ယောက်သည် သူစိမ်းတစ်ရံဆံ ဖြစ်လာလေ ထိုသူ၏ အပေါ်၌ ထောက်ထားငဲ့ညှာမှု များလေလေ ဖြစ်သည်။ မိမိတို့၏ ဘာသာစကား ကို နားမလည်သူ တစ်ယောက် မိမိတို့ ဒေသ ရောက်သွားလျှင် ထိုဒေသက လူများသည် ထိုသူအား နည်းမျိုးစုံဖြင့် အကူအညီ ပေးဖို့ရန်မှာ မိမိတို့ ၏ ဝတ္တရား ဖြစ်သည် ဟူ၍ သတ်မှတ် ယူဆ ထားကြသည်။

အကယ်၍ ကျွန်ုပ်တို့သည် မိမိတို့၏ အသက်ကို သေလွယ် ပျောက်လွယ် ဟူ၍ ထင်မှတ် ယူဆကြမည် ဆိုလျှင် မှန်မည် မဟုတ်ပေ။ လူ့အသက်သည် သေခဲသော အရာ ဖြစ်သည်။ ပင်လယ်ထဲတွင် သဘောင်္ပျက်သွားသော အခါ ပျဉ်ပြားတစ်ချပ် နှင့် အသက်ရှင်သွားသူများ အများ အပြား ရှိသည်။ အသက်ကယ် သင်္ဘောများလည်း ရောက်လာ ပေလိမ့်မည်။ တောနက် ထဲတွင်လည်း လူတို့ကို အကူအညီပေးရန် အတွက် မိမိတို့၏ အသိဥာဏ်မှ တစ်ပါး အခြားလူများလည်း ရောက်ရှိ လာပေလိမ့်မည်။

အမှန်မှာ လူသား ၏ စိတ်ဓာတ်သည် တိုးတက်မှု ရှိလာသည် ဖြစ်၍ အသက်အန္တရာယ် သည် လွယ်လွယ် ကူကူနှင့် ရောက်ရှိ မလာနိုင်ပေ။ မိမိ၏ မြို့ကို စွန်ခွာ ထွက်သွား ကြည့်စမ်းပါ။ မြို့ပေါင်း ထောင်ပေါင်းများစွာက လက်ကမ်းဖို့ ရန် အတွက် အဆင်သင့် ဖြစ်နေသည်ကို တွေ့ရလိမ့်မည်။ မိတ်ဆွေ သူငယ်ချင်း ထောင်ပေါင်း များစွာက စောင့်ကြို နေကြလိမ့်မည်။ သင်သည် တစ်ကိုယ်တည်း မဟုတ်ပေ။ ခြေမဲ့ လက်မဲ့ မဟုတ်ပေ။

မိမိ၏ ပျော့ညံ့နေသော စိတ်ဓာတ်ကို စွန့်ပယ် ပစ်လိုက်ပါ။ ကမ္ဘာလောက ကို အနိုင်ရရှိလာပေလိမ့်မည်။ ကမ္ဘာလောကရှိ မည်သည့် နေရာဌာန ကို မဆို သွားနိုင်ပေ လိမ့်မည်။ ပိုက်ဆံ တစ်ပြားမှ မရှိဘဲနှင့်လည်း သွားနိုင်ပေလိမ့်မည်။ ရဲဝံ့စွန့်စားမှု ရှိဖို့သာ လိုသည်။ အပြင်ထွက်ဖို့သာ လိုသည်။ သူရဲကောင်း ကဲ့သို့ သေခြင်းတရားကို ရယ်ပစ် လိုက်ဖို့သာ လိုသည်။ သေခြင်းတရား ရောက်လာနိုင်သည် ဆိုလျှင် သေခြင်းတရား ထက် ကြီးကျယ်သော အခြား မည်သည့် အရာ ရှိဦးမည်နည်း။ သေခြင်းတရားသည် မည်သည့် နေရာ၌ နေနေ ရောက်ရှိ လာနိုင်သည်။

လူသည် တစ်ခါတစ်ရံ၌ အခက်အခဲ အကျပ်အတည်းကိုလည်း ရင်ဆိုင် ရသည်။ သို့ရာတွင် ခြေင်္သေ့ကို အမဲလိုက်ရန် သွားသော သူသည် အကယ်၍ ထိတ်လန့် ကြောက်ရွံ့နေမည် ဆိုလျှင် ရှေ့သို့ ခြေလှမ်း တိုးသွားရန် လိုအပ်ပါသလော။ အကယ်၍ အနာဂတ် ခြေသလုံး အိမ်တိုင် ခရီးသည် သည် အသက်နှင့် အတွေ့အကြုံ နုသေးသည် ~ နည်းသေးသည် ဆိုလျှင် ပထမ ဦးစွာ အနီး အပါး ၌သာလျှင် ပျံသန်း ကြသည်။

ဦးစွာ ပထမ ပျံသန်းမှု ပြုရာ၌ အိမ်မှ ငွေကြေး အနည်းငယ် ရရှိနိုင်သည် ဆိုလျှင် ယူစရာ မလိုဟူ၍ မပြောလိုပေ။ သို့ရာတွင် အိမ်က ပေးသော ငွေကြေးကို သုံးစွဲလျက် ပထမတန်းစား သို့မဟုတ် ဒုတိယ တန်းစား ခရီးသည် ဖြစ်မလာပေ။ ခြေသလုံး အိမ်တိုင် ခရီးသည် သည် မိမိ၏ အိတ်ကို အားကိုး အားထား မပြုဘဲ မိမိ ၏ အသိဥာဏ်၊ မိမိ ၏ လက်ရုံး ၊ မိမိ ၏ စွမ်းအားကိုသာ အားကိုးအားထား ပြုလုပ်သင့်သည်။ မိမိ ၏ အိမ်က ယူလာသော ငွေကြေးသည် ဘယ်နှစ်ရက် အထိ ခံမည်နည်း။ နောက်ဆုံး တွင်မူ မိမိ၏ အသိဥာဏ် နှင့် မိမိ ၏ အားကိုးသာ လျှင် အားကိုး အားထားရာ ပြုရပေလိမ့်မည်။ ……. ။

………………….
April 27th 2012 at 12:30 AM
………………….
https://zayya.wordpress.com/
http://zayya.blog.com/
………………….

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: