ပညာ နှင့် အရွယ်: ပါရဂူ

ဃူမက္ကရ သျှတ္တရ
အခန်း (၃)

အိန္ဒိယ တစ်နိုင်ငံလုံး အိမ်ရာ စွန့်ခွာလျက် ခြေသလုံး အိမ်တိုင် ခရီးသည်များ ဖြစ်သွားလျှင်လည်း စိုးရိမ်စရာ မရှိပေ။ ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာခြင်း သည် ဂုဏ်ပြု လေးစားအပ်သော အမည်နာမ တစ်ခုလည်း ဖြစ်သည်။ အဆင့်အတန်း တစ်ခုလည်း ဖြစ်သည်။ အထူးအားဖြင့် ပထမ အဆင့် သြေလုံး အိမ်တိုင် ခရီးသည်များ ထဲတွင် သာမန် အရည်အချင်း ရှိသူများ မပါဝင် နိုင်ပေ။ ကျွန်ုပ်တို့၏ စာဖတ်သူ ပေါင်း များစွား တို့သည် ယခင်က ကျွန်ုပ်ရေးသား ခဲ့သော အခန်းကဏ္ဍ များကို ဖတ်လျက် ဝမ်းမြောက် ဝမ်းသာ ဖြစ်ကြပြီးလျှင် “ကောင်းတယ်၊ ပညာလည်း မသင်ရတော့ဘူး။ ဘာဆို ဘာမှ မလုပ်ရတော့ဘူး။ သွားမယ်။ ကမ္ဘာ တစ်ခွင် လှည့်လည် သွားလာရင် လမ်းတစ်လမ်းတော့ ပွင့်မလာဘဲ နေမှာ မဟုတ်ဘူး” ဟု အတွေးပေါ် လာကောင်း ပေါ်လာ ကြပေလိမ့်မည်။

ယင်းသို့ ခပ်ပေါ့ပေါ့ တွေးသူများ ခြေသလုံး အိမ်တိုင်ခရီးသွားခြင်း လမ်းပေါ် လျောက်သွားလျှင် အဆင့်မြင့် စံနမူနာ များကို လိုက်နာ ကျင့်သုံးနိုင်လိမ့်မည် မဟုတ်ပေ။ အဆင့်မြင့် ဂုဏ်သိက္ခာ ရှိဖို့ရန် အတွက် လိုက်နာ ကျင့်သုံးရန် တာဝန် ဝတ္တရား များ လိုအပ်သည်။

သူငယ်များ လည်း ခြေသလုံး အိမ်တိုင် ခရီးလမ်းမ ပေါ် လျောက်သွားနိုင်ခွင့် ရှိသည်ဟု ကျွန်ုပ် ပြောပြပြီးခဲ့ပြီ။ လုလင်ပျို၊ လုံမပျို များ အတွက်မှာမူ ပြောစရာ အထူး မလိုပေ။ သို့ရာတွင် လူငယ်တိုင်း၏ ယင်းကဲ့သို့ ကြိုးပမ်းမှုသည် အောင်မြင်မှု ရရှိလိမ့်မည်ဟု ဂရန်တီ မပေးနိုင်ပေ။

ခြေသလုံး အိမ်တိုင် ခရီးသည်သည် လူ့လောက အပေါ်တွင် ဝန်ပိမနေရပေ။ လူ့လောက နှင့် ကမ္ဘာလောက ရှိ ဒေသတိုင်းက လူများက သူ့ကို အကူအညီ ပေးကြ လိမ့်မည်ဟု ခြေသလုံး အိမ်တိုင် ခရီးသည် သည် မျှော်လင့်ချက် ထားပေလိမ့်မည်။ သို့သော်လည်း ခြေသလုံး အိမ်တိုင် ခရီးသည်သည် ကမ္ဘာလောကမှ ရရှိတာထက် အဆပေါင်း များစွာ ပိုပြီး ကမ္ဘာလောက အား ပေးရလိမ့်မည်။ ယင်းအမြင်ဖြင့် အိမ်ရာကို စွန့်ခွာ ထွက်သွားသူ သည်သာလျှင် အောင်မြင်သော၊ ထင်ပေါ်ကျော် ကြားသော ခြေသလုံး အိမ်တိုင် ခရီးသည် ဖြစ်လာနိုင်ပေသည်။

ခြေသလုံး အိမ်တိုင် ခရီးသည် မျိုးစေ့ကိုမူ မဆွကပင် စိုက်ပျိုး နိုင်သည်။ ဤစာအုပ်ကို ဖတ်သော၊ နားလည် သဘော ပေါက်သော သူငယ် သူငယ်မ တို့သည် အဖျင်းဆုံး ဆယ့်နှစ်နှစ် အရွယ်လောက်တော့ ရှိကြပေ လိမ့်မည်။ ကျွန်ုပ်တို့၏ ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ် အရွယ်ရှိ စာဖတ်သူ များသည် ဤစာအုပ်ကို ဂရုစိုက်၍ ဖတ်ကြ စေချင်သည်။ စိတ်ဓာတ် ခိုင်မာအောင် ထားကြစေချင်သည်။ သို့သော်လည်း ထိုအရွယ်၌ အိမ်က စွန့်ခွာ ထွက်သွား လိုသည့် ဆန္ဒကို ဖုံးဖုံး ဖိဖိ လုပ်ထားနိုင်လျှင် အလွန် ကောင်းပေ လိမ့် မည်။။ ယင်းသို့ ပြုလုပ်သည့် အတွက် အအကျိုးယုတ် စရာ အကြောင်း မရှိပေ။

ကျွန်ုပ် စာဖတ်သူ လူငယ် များသည် အထက်ပါ ကျွန်ုပ် ရေးသားသော စာကြောင်းများ ကို ဖတ်ပြီး ကျွန်ုပ် အပေါ် မယုံသင်္ကာ ဖြစ်ကြပြီးလျှင် ကျွန်ုပ်အား သူတို့ မိဘ များ ၏ သူလျှို ဟု ထင်လျက်သူတို့၏ လုံ့လ ဥဿဟ ကို ဖိနှိပ်ပြီး သူတို့ကို နောက်ပြန် ဆွဲ လိုသည်ဟု အပြစ်တင် ကြပေလိမ့်မည်။ ယင်းသို့ အပြစ်တင်ခြင်းသည် ကျွန်ုပ် နှင့် ပတ်သက်၍ မတရား ပြုမူ ရုံမျှသာ မက သူတို့အတွက်လည်း အကျိုး မရှိဟု ပြောရလိမ့်မည်။

ကျွန်ုပ် ပထမ ဆုံး အကြိမ် အိမ်က ထွက်ပြေး၍ ဗာရာဏသီ ရောက်သွားချိန် က ကျွန်ုပ်၏ အသက်သည် ကိုးနှစ် မကျော်သေးပေ။ ကျွန်ုပ်၏ ဦးလေးက ကျွန်ုပ်ကို လက် ဆွဲပြီး ဂင်္ဂါဖြစ် ဆိပ် ခေါ်သွားသည်။ ယင်းသို့ ပြုလုပ်ခြင်းသည် မိမိ ကို စော်ကားခြင်း ဖြစ်သည်ဟု ကျွန်ုပ် ထင်မှတ်သည်။ ကျွန်ုပ် ကိုယ့်ဘာသာကိုယ် လွတ်လွတ် လပ်လပ် တစ်ယောက် တည်း ဗာရာဏသီ အနှံ့သွားပြီး ကိုယ် လိုချင်သည့် စာအုပ် များကို ဝယ်ယူလိုသည်။

တစ်နေ့ ကျွန်ုပ် တိတ်တိတ် ကလေး ဦးလေး အိမ်က ထွက်ပြီး ဗာရာဏသီ မြို့တွင်း နှစ်မိုင် သုံးမိုင်လောက် လည်ပစ်လိုက်သည်။ ကိုးနှစ် အရွယ် သူငယ်တစ်ယောက် ရွာသိမ် ရွာငယ် ရွာတစ်ရွာက လာပြီး ဗာရာဏသီ မြို့ လမ်းကြို လမ်းကြားထဲ လမ်းလျောက်ခြင်း သည် အန္တရာယ် ရှိသည် ဆိုသည့် အချက်မှာ ယုံမှား သံသယ ဖြစ်ဖွယ် မရှိပေ။ သို့သော်လည်း ခြေသလုံး အိမ်တိုင် ခရီးသည်၏ အတွင်းငုပ် နေသော ဗီဇသည် ယင်းသို့ အားဖြင့် ပထမဦးစွာ ပြူထွက် လာသည် ဆိုသည်ကို ထို အချိန်က ကျွန်ုပ် မသိ နားမလည်ပေ။

နောက်တစ်ကြိမ် စွန့်စားခြင်းမှာ ကြီးကြီးကျယ်ကျယ် စွန့်စားခြင်း များထဲက ဆယ့်လေးနှစ် အရွယ်က ပြုလုပ်သော ပထမဆုံး စွန့်စားခြင်း ဖြစ်သည်။

သို့သော် လည်း အမှန်တကယ် ခြေသလုံး အိမ်တိုင် ခရီးသွားခြင်း ကျင့်စဉ်ကို ကျင့်သုံးခွင့် ရခြင်းမှာမူ ၁၆ နှစ် အရွယ်က ဖြစ်သည်။ မိမိ ၏ စာဖတ်သူများသည် ကျွန်ုပ်၏ အတု ကို ယူကြမည် ဆိုလျှင် ထိုစာဖတ်သူ များအား ကျွန်ုပ် မကန့်ကွက်။ မဟန့်တား လိုပေ။ သို့သော်လည်း စာဖတ်သူများ အား ကျွန်ုပ် ၏ အတွေ့အကြုံကို ပြောပြ လိုသည်။

တချို့ အကြောင်းအရာများကို ကြိုတင် သိထားလျှင် လူ့ဘဝ၏ ဆယ့်နှစ်နှစ် လုပ်ရမည့် အလုပ်ကို နှစ်နှစ်တည်းနှင့် လုပ်၍ ရသည်။ နှစ်နှစ် လုပ်ရမည့် အလုပ် အတွက် ဆယ့်နှစ်နှစ် လှည့်လည် သွားလာခြင်းသည် အချည်းနှီး အလဟဿ သာ ဖြစ်သည်ဟု ပြောဆိုခြင်း မဟုတ်ပေ။ တစ်ချို့သော ပုဂ္ဂိုလ် များအတွက် ဆယ့်နှစ်နှစ် လှည့်လည် သွားလာခြင်း သည်လည်း အလွန် တန်ဖိုး ရှိသော အလုပ် ဖြစ်သည်။

သို့ရာတွင် အားလုံးကို ခြုံ၍ စဉ်းစားကြည့်လျှင် ခြေသလုံး အိမ်တိုင် ခရီးသည် အနေနှင့် မည်သည့် အသက် အရွယ်တွင် ခိုင်မာသော ဆုံးဖြတ်ချက် ချသင့်သည် ဟူ၍ လည်းကောင်း၊ မည်သည့် အရွယ်တွင် အချိန် အားလျော်စွာ ပေါ်ပေါက် လာသော အနှောင် အဖွဲ့များကို ဖြတ်တောက် ပစ်သင့်သည် ဟူ၍ လည်းကောင်း သိရှိ နားလည် လာလိမ့်မည်။

သို့ရာတွင် ခြေသလုံး အိမ်တိုင် ခရီးသည်သည် ပြင်ဆင်မှု အပြည့်အဝ ပြုလုပ်ပြီးသည့် နောက်ကျမှ သာလျှင် ခရီးထွက်သင့်သည်။ စိတ်နှလုံးကို ပထမ ဦးစွာ အံဝင် ခွင်ကျ ဖြစ်အောင် လုပ်ရမည်။ ကိုယ်ကာယ ကို အံဝင်ခွင်ကျ ဖြစ်အောင် လုပ်ရာ၌ အချိန် အတန်ကြာ သွားသော်လည်း စိတ်စနောင့်စနင်း ဖြစ်မသွားသင့်ပေ။

မုရာ ဒါဗာဒ ရှိ သူဌေး တစ်ဦး၏ စီမံကိန်း ကဲ့သို့ မလုပ်ရန် အတွက် အကြံဥာဏ် ပေးလိုသည်။ ထိုသူဌေးသည် တစ်သက်လုံး ဇိမ်နှင့် နေသည်။ နွေဥတု သမယ ၌ မွှေးရနံ့ကြိုင်လှိုင် နေသော မြက်တစ်မျိုး မိုးထားသော အမိုးအောက်တွင် ပန်ကာ ဖွင့်ပြီး နေသော ထိုသူဌေး သည် ကမ္ဘာလောက၏ အပူကို ဘယ်မှာ သိမည်နည်း။ သို့သော် လည်း နေရင်း ထိုင်ရင်း ထိုသူဌေးသည် ကမ္ဘာ တစ်ခွင် လှည့်လည် သွားလာ လိုစိတ် ပေါက်လာသည်။ အုန်းခွံနှင့် လုပ်ထားသော ရေကရား ၁၀ ကိုလည်း ဖန်တီး ထား သည်။ လူ ၁၀ ယောက် ပြည့်လျှင် ကျွန်ုပ်တို့ ခရီးထွက်မည်ဟု သူက ပြောသည်။

နှစ်ပေါင်း မည်မျှ ကြာသွားသည် မသိ။ ကျွန်ုပ်နှင့် သူတစ်ဖန် ဆုံသည်။ ကျန်လူ ရှစ်ယောက်ကို ကျွန်ုပ် သည်းခံပြီး စောင့်မနေနိုင်ပေ။ ခြေသလုံး အိမ်တိုင် ခရီးသည်၏ တက်တက် ကြွကြွ ဖြစ်နေမှုကို ကျွန်ုပ် နှစ်သက် သဘောကျသည်။ တက်တက် ကြွကြွ ဖြစ်နေမှု သည် ခိုင်မာ အားကောင်းသော အနှောင်အဖွဲ့များ ကိုပင် ဖြတ်တောက်ပစ် ရာ၌ အကူအညီ အထောက်အပံ့ ဖြစ်သော စွမ်းအားဖြစ်သည်။

ယင်းသို့ ဖြစ်လျှင် ကျွန်ုပ်တို့ အား တားမြစ် ပိတ်ပင်စရာ ဘာလိုသနည်း ဟူ၍ စာဖတ်သူများက ပြောကြလိမ့်မည်။ ယင်း အမေးစကား ၏ အဖြေကို ပြောပြပါမည်။ အကယ် ၍ သင်တို့သည် တတိယ၊ စတုတ္ထ၊ ပဉ္စမ၊ ဆဋ္ဌမ အဆင့် ခရီးလှည့်လည်သွားလာသူများ ဖြစ်လိုသည် ဆိုလျှင် ဝမ်းမြောက် ဝမ်းသာ ပြုလုပ်နိုင်ကြသည်။ သို့ရာတွင် ကျွန်ုပ် သည် သင်တို့အား ပထမ နှင့် ဒုတိယ အဆင့် ခရီးလှည့်လည် သွားလာသူများ ဖြစ်စေလိုသည်။ ထို့ကြောင့် စိတ်လိုက် မာန်ပါ ထွက်မသွားခင် အထိုက် အလျောက် ပြင်ဆင် မှု ပြုလုပ် ကြရမည်။

ခရီး လှည့်လည် သွားလာသူ၏ ဘဝအတွက် ပထမ ခြေလှမ်းမှာ မိမိ ၏ အနာဂတ် ဘဝနှင့် ပတ်သက်၍ တိကျ ခိုင်မာသော ဆုံးဖြတ်ချက် ကို ချမှတ် ရခြင်း ဖြစ်သည်။ ယင်း အလုပ်ကို မြန်မြန် လုပ်လေ ကောင်းလေ ဖြစ်သည်။ တစ်ဆယ့် နှစ်နှစ် အရွယ်မှ တစ်ဆယ့် လေးနှစ် အရွယ် အထိ ယင်းကဲ့သို့သော ဆုံးဖြတ်ချက်မျိုးကို ချမှတ် သင့်သည်။ တစ်ဆယ့် နှစ်နှစ် အရွယ် မတိုင်ခင် မိမိ ၏ ပရိုဂရမ်ကို တိကျ ခိုင်မာစွာ ပိုင်းခြား သတ်မှတ်နိုင်သော ဥာဏ်စွမ်းဥာဏ်စ နှင့် အတွေ့အကြုံ ရှိသူမှာ အလွန်တရာ နည်း သည်။ သို့ရာတွင် ဆယ့်နှစ်နှစ် နှင့် ဆယ့်လေးနှစ် အရွယ်သည်လည်း အသိဥာဏ် ရှိသော သူငယ် အနေနှင့် ဆုံးဖြတ်ချက် တစ်ခု ချမှတ်နိုင်သည့် အရွယ် ပင် ဖြစ် သည်။

ပထမ အဆင့် ခရီးလှည့်လည် သွားလာသူ ဖြစ်ရန် အတွက် အသိဥာဏ် နှင့် ပြည့်စုံဖို့ လိုအပ်သည်။ ခြေသလုံး အိမ်တိုင် ခရီးလှည့်လည် သွားလာခြင်း ကျင့်စဉ်ကို လိုက်နာ ကျင့်သုံးသောသူများသည် ပထမ အဆင့် ဦးနှောက် ရှိသော လုလင်နှင့် လုံမပျိုများ ဖြစ်စေလိုသည်။ ယင်းကဲ့သို့သော အဆင့်မြင့် ခရီး လှည့်လည် သွားလာသူ များ ဖြင့် သာလျှင် လူ့အဖွဲ့အစည်း သည် အကျိုး ဖြစ်ထွန်း လာနိုင်သည်။ ဆယ့်နှစ်နှစ်၊ ဆယ့်လေးနှစ် အရွယ်တွင် မိမိ စိတ်ကို ပြုပြင် ပြောင်းလဲလျက် သာမန် အလည် အပတ် လှည့်လည် သွားလာသည့် သဘောမျိုးဖြင့် ဟိုဟိုသည်သည် လှည့်လည် သွားလာ နေသင့်သည်။

လုလင်တစ်ယောက်သည် မည်သည့် အချိန်၌ မဟာခရီး ထွက်သင့်သနည်း။ အနည်းဆုံး ဆယ့်ခြောက်နှစ်နှင့် ဆယ့်ရှစ်နှစ် ရှိရမည် ဖြစ်ပြီး အနည်းဆုံး ဆယ်တန်း ကိုးတန်း လောက် ပညာ သင်ကြားပြီး ဖြစ်သင့်သည်။ ဆယ်တန်း လောက် ပညာသင်ကြား သင့်သည် ဟူ၍ ပြောဆိုခြင်းမှာ ဆယ်တန်း အောင်ရမည် ဟူ၍ ဆိုလိုခြင်း မဟုတ်ပေ။ ဆယ်တန်း အဆင့်လောက် စာပေ၊ သမိုင်း၊ ပထဝီ၊ ဂဏန်းသင်္ချာ တတ်မြောက် ထားသင့်သည် ဟူ၍ ဆိုလိုခြင်း ဖြစ်သည်။ ခရီးလှည့်လည် သွားလာသူ တစ်ဦး တစ်ယောက် အတွက် အဖျင်းဆုံး ယင်း အသိပညာ လောက် ကိုမူ တတ်ထားဖို့ လိုအပ်သည်။ တစ်ကြိမ် ခရီးလှည့်လည် ထွက်ခွာပြီး နောက်တစ်ဖန် ကြားထဲတွင် အခြေခံ အသိပညာ ရရှိလို သည့် ကြောင့်ကြစိတ်ဖြင့် ရပ်တန့် မနေသင့်ပေ။

အိမ်က ထွက်ခွာ သွားဖို့ အတွက် အနည်းဆုံး တစ်ဆယ့် ခြောက်နှစ်၊ ဆယ့်ရှစ်နှစ် အရွယ် ရှိသင့်ပြီး၊ အများဆုံး နှစ်ဆယ့် သုံးနှစ်၊ နှစ်ဆယ့်လေးနှစ် အရွယ် ရှိသင့်သည် ဟူ၍ ကျွန်ုပ် ထင်သည်။ နှစ်ဆယ့်လေးနှစ် အရွယ်တွင် နောက်ဆုံး အချိန် ထား၍ အိမ်မှ ထွက်ခွာ သင့်သည်။ သို့မဟုတ်ပါက ဃရာဝါဒ ကိစ္စ များမြောင် လာပြီးလျှင် လူတို့၏ အသိဥာဏ်သည် ညစ်နွမ်းထုံထိုင်း သွားတတ်သည်။ စိတ်နှလုံးသည် ကျဉ်းမြောင်း သွားတတ်သည်။ ကိုယ်ခန္ဓာ အပင်ပန်း ခံနိုင်သည့် အခွင့် လက်လွှတ် ဆုံးရှုံး သွားတတ်သည်။ ဘာသာစကား များကို သင်ကြား ဆည်းပူးရန် အတွက် အသုံးအကျဆုံး၊ အသင့်လျော်ဆုံး အရွယ်၏ အဖိုးတန်သော နှစ်များ လက်ထဲက ထွက်သွား တတ်သည်။

ထို့ကြောင့် ဆယ့်ခြောက် နှစ်မှ နှစ်ဆယ့်လေးနှစ် အထိ အရွယ်သည် မဟာခရီး ထွက်ခွာသင့်သော အရွယ် ဖြစ်သည်။ ယင်းအရွယ် များထဲက နှစ်မျိုး၏ အလယ်က ရှစ်နှစ် တစ်ဝက်သည် သို့မဟုတ် အသက် နှစ်ဆယ် အရွယ်သည် အကောင်းဆုံး အရွယ် ဖြစ်သည် ဟူ၍ ယူဆနိုင်သည်။ မဟာခရီး ထွက်သင့်သော အနည်းဆုံး အရွယ် နောက်ပိုင်း ၌ လည်း နောက်ထပ် လေးနှစ် ကြိုးစားပြီး ပညာသင်ကြား ဆည်းပူး နိုင်သေးသည် ဟူ၍ ဆိုလိုသည်။

ပထမ အဆင့် ခြေသလုံး အိမ်တိုင် ခရီးသည်သည် ကဗျာဆရာ၊ စာရေးဆရာ သို့မဟုတ် အနုပညာရှင် ၏ အဖြစ်ဖြင့် လူ့လောက ရှေ့မှောက် ရောက်လာလိမ့်မည် ဆိုသည် ကို သတိမေ့မထားသင့်ပေ။ ကဗျာဆရာ၊ စာရေးဆရာ၊ အနုပညာရှင်တို့သည် အကယ်၍ အသိဥာဏ်ပညာ ခေါင်းပါး နေသည် ဆိုလျှင် ယင်းတို့၏ လက်ရာ များသည် လေးလေး နက်နက် ရှိမလာနိုင်ပေ။ အသိဥာဏ် ပညာ နည်းပါးသော ပုဂ္ဂိုလ်တို့သည် မိမိတို့ မြင်တွေ့ရသော အရာဝတ္ထု များ၏ နက်ရှိုင်းရာသို့ ဆင်း မသွား နိုင် ကြပေ။

ပထမ ဦးစွာ တိကျ ခိုင်မာသော ဆုံးဖြတ်ချက်ကို ချမှတ်ပြီးသောအခါ ဆက်၍ ပညာသင်ကြား ဆည်းပူးသူသည် မိမိ ၏ အထုံဝါသနာ သည် မည်သည့်အရာကို အားသန် သည် ဆိုသည်ကို သတိပြုရမည်။ အထုံဝါသနာ အတိုင်း ဘာသာရပ်ကို ရွေးချယ်ရမည်။

အနည်းဆုံး ဆယ်တန်းပညာလောက် တတ်ထားဖို့ ပြောပြခဲ့သည်။ ဆယ်တန်း ပညာတွင် နောက်ထပ် လေးနှစ် ဖြည့်ပေးလိုက်သည်။ ယင်းသို့ ပြုလုပ်သဖြင့် ခရီး လှည့်လည် သွားသူ များအား တက္ကသိုလ် ဘွဲ့ရအောင် သင်ကြားဆည်းပူး ဖို့ အကြံဥာဏ်ပေးနေသည် ဟူ၍ စာဖတ်သူများ တွေးတော ကြပေလိမ့်မည်။ ယင်း ထင်မြင်ချက်သည် မမှားပေ။

ကျွန်ုပ်၏ စာဖတ်ပရိသတ်သည် ကျွန်ုပ်ကို စိတ်မဆိုးဘဲ နေကြလိမ့်မည် မဟုတ်ပေ။ သည်းညည်းခံပြီး စောင့်ဆိုင်း နေနိုင်ကြမည် မဟုတ်ပေ။ သို့သော်လည်း ထိုသူများ ၏ ရှောင်တခင် ပေါ်လာသော ယင်းမကျေနပ်မှု ကြောင့် ကျွန်ုပ်သည် သူတို့ အကျိုးအတွက် ဖြစ်သော အမှန်တရားကို မပြောဘဲ နေမည် ဆိုလျှင် တာဝန် မဲ့ရာ ရောက် သွား ပေလိမ့်မည်။

မဟာခ ရီး အညွန့် အညှောင့် ပေါက်နေသည် ဖြစ်၍ အလောသုံးဆယ် ဖြစ်နေသည့် လုလင်တို့၏ လမ်းမတွင် ကျွန်ုပ် အဟန့်အတား ချထားလိုသည့် ဆန္ဒ မရှိပေ။ သို့ရာတွင် ကျွန်ုပ်၏ အနှစ် လေးဆယ်ခရီးသည် ဘဝ အတွေ့အကြုံ အရ အကယ်၍ ပြင်ဆင်မှု အချိန်ကာလ ကို စောစော ကပင် တိုးထားမည် ဆိုလျှင် နောက်ပိုင်း၌ အကျိုး များစွာ ဖြစ်ထွန်းလာနိုင်သည် ဆိုသည့် အကြောင်းကို သိရှိရသည်။ ဆယ့်နှစ်နှစ်၊ ဆယ့်လေးနှစ် အရွယ်တွင် ဆယ်တန်း အထိ ပညာ သင်ကြားပြီးလျှင် လိုအပ်သော သာမန် အကြောင်းအရာများနှင့် ပတ်သက်၍ အသိပညာ ရရှိထား ရမည်။ ထိုအခါ ကမ္ဘာ့ မြေပုံကို သိရှိ လာမည်။ ပထဝီ အကြောင်းကို နားလည် လာမည်။ ကမ္ဘာပေါ်ရှိ နိုင်ငံများ နှင့် အစိမ်းသက်သက် ဖြစ်မနေတော့ပေ။

ခိုင်မာ တိကျသော ဆုံးဖြတ်ချက်ကို ချမှတ်ပြီး နောက် လေးငါးနှစ် အတောအတွင်း မိမိတို့၏ ပတ်ဝန်းကျင် ရှိ စာကြည့်တိုက် များတွင်လည်းကောင်း၊ မိမိ ပညာ သင်သော ကျောင်းစာကြည့်တိုက် တွင် လည်းကောင်း တွေ့သမျှ ခရီးသွား အတွေ့အကြုံ စာအုပ် များနှင့် အတ္ထုပ္ပတ္တိ စာအုပ် များကို ဖတ်ရလိမ့်မည်။ ဝတ္ထု စာအုပ် ကောင်း များ သည် ခရီးလှည့်လည် သွားလာလိုသူ တစ်ဦးတစ်ယောက် အတွက် နှစ်သက် မြတ်နိုးသော အရာဝတ္ထု တစ်ခု ဖြစ်သည်။ သို့ရာတွင် ခရီးသွားလာ လိုသူ တစ်ဦး တစ်ယောက် အတွက် အကြိုက်ဆုံး၊ အနှစ်သက်ဆုံးမှာ ခရီးသွားလာခြင်း အကြောင်းကို ရေးထားသော စာများ ဖြစ်သည်။

ယခုခေတ်ပေါ် ခရီးသည် စာရေးဆရာများများ ရေးထားသော စာအုပ်များကိုလည်း ဖတ်ရမည်။ ထိုမျှသာမက ခေတ်ဟောင်း ခေတ်သစ် နိုင်ငံ အသီးသီးက ခရီးသည်များ၏ ခရီးသွား အကြောင်းအရာများ သည်လည်း ခရီးသွားလိုသူ တစ်ဦးတစ်ယောက် အတွက် စိတ်ပါဝင်စားဖွယ် ဖြစ်လာလိမ့်မည်။

ရှေးဟောင်းနှင့် ခေတ်သစ် နိုင်ငံတကာမှ ခရီးလှည့်လည် သူ အားလုံးသည် တစ်အူထုံ့ဆင်း ညီရင်းအစ်ကိုများ ဖြစ်ကြသည်။ ယင်းတို့နှင့် ပတ်သက်သော ဗဟုသုတကို ဦးစွာ ပထမ လေ့လာ ဆည်းပူးထားခြင်း သည် ခရီးလှည့်လည် သွားလာလိုသော လုလင် အတွက် အလွန်တရာ ကျေးဇူး ပြုလိမ့်မည်။ ကျောင်းတက်နေရင်း နှင့် ခရီး သွားလာခြင်း နှင့် ပတ်သက်သော စာအုပ်အုပ်ရေ တစ်ရာ နှစ်ရာ လောက်ကို ဖတ်ရှုထားသင့်သည်။

ခရီးလှည့်လည် သွားလာသူများသည် မိမိတို့၏ ခရီးအတွက် ဘာသာစကား အမျိုးမျိုးကို တတ်အောင် ပြုလုပ်ရသည်။ အင်္ဂလိပ် ဘာသာစ၀ကားသည် ကျွန်ုပ်တို့ ၏ စာသင်ကျောင်း များ၌ ယခုထက်ထိ မသင်မနေရ ဘာသာစကား အဖြစ်ဖြင့် သင်နေရတုန်းပင် ရှိသေးသည်။ ထို့ကြောင့် အင်္ဂလိပ် ဘာသာ စာအုပ်များကို ဖတ်၍ ရသည့် အဆင်ပြေမှု မျိုး ရှိနေသည်။ သို့ရာတွင် ဆယ်နှစ် ဆယ့်ငါးနှစ် နောက်ပိုင်း၌မူ ယင်းအဆင်ပြေမှုမျိုး ရှိတော့မည် မဟုတ်ပေ။ အကြောင်းမူကား အင်္ဂလိပ်စာကို ဖက်တွယ် ထားသော ခေါင်းဖြူစွယ်ကျိုး ခေါင်းဆောင်များသည် ထိုအချိန်၌ ဘဝတစ်ပါး ပြောင်းသွားကြပြီ ဖြစ်သည့် အတွက်ကြောင့် ဖြစ်သည်။

ယခုအချိန်၌မူ ခရီးလှည့်လည် သွားလာသူသည် မိမိ ကိုယ်ကို အင်္ဂလိပ်ဘာသာစကား သို့မဟုတ် အခြား ဘာသာစကား သင်ကြားခြင်းမှ လွတ်မြောက်မှု မရရှိနိုင်သေးပေ။ ကမ္ဘာမြေပြင်ပေါ် ရှိ နေရာအနှံ့အပြား၌ ဘာသာစကား အခက်အခဲ မရှိဘဲနှင့် လှည့်လည် သွားလာရန် အတွက် အင်္ဂလိပ် ဘာသာစကား ရုရှ ဘာသာစကား၊ တရုတ် ဘာသာစကား၊ ပြင်သစ် ဘာသာစကား များကို အသုံးချ၍ ရလောက်အောင် တတ်မြောက် ထားဖို့ လိုအပ်သည်။ မိမိ လှည့်လည်သွားလာသော အရပ်ဒေသ၏ ဘာသာ စကားကို တတ်မြောက် မထားလျှင် ထိုဒေသ၌ ခရီးလှည့်လည် သွားလာခြင်းသည် ထူးထူးခြားခြား ကျေနပ် အားရဖွယ် ဖြစ်လာလိမ့်မည် မဟုတ်ပေ။ ထိုဒေသနှင့် ပတ်သက်သော ဗဟုသုတလည်း အပြည့်အဝ ရရှိနိုင်လိမ့်မည် မဟုတ်ပေ။

မက်ထရစ် စာမေးပွဲ အောင်ပြီးနောက် ရှေ့အစီအစဉ်ကို ပြုလုပ်ရန် အတွက် လေးနှစ်ကြာ စောင့်ဆိုင်း နေရသည့် ကာလ အတွင်း မည်သည့် အရာများ ကို ပြုလုပ် ဆောင်ရွက် သင့်သနည်း။ ခရီးလှည့်လည် သွားလာသူ အတွက် ပထဝီ နှင့် မြေပုံ စာအုပ် အသိဥာဏ် ရရှိဖို့ အတွက် အလွန်တရာ လိုအပ်သည်။ မက်ထရစ် သို့မဟုတ် ဆယ်တန်း အထိ သင်ကြား ရသော ပထဝီနှင့် မြေပုံ အသိဥာဏ်သည် မလုံလောက် သေးပေ။ ခရီးသွားခြင်း နှင့် ပတ်သက်သော စာအုပ် အဟောင်းကို ဖြစ်စေ၊ အသစ်ကို ဖြစ်စေ ဖတ်သည့် အခါ မြေပုံကို ကြည့်ရှုရလိမ့်မည်။ မြေပုံကို ကြည့်ရှုရုံမျှ နှင့်လည်း မလုံလောက် သေးပေ။ မြေပုံ၌ အမြင့်ပိုင်းနှင့် ရေခဲပြင် စသော အမှတ် လက္ခဏာ များ ရှိနေသော်လည်း ယင်းတို့ကို ကြည့်ခြင်း အားဖြင့် ဆောင်းဥတု ကာလ၌ ထိုဒေသများ ၏ ပထဝီ မြေပြင် မည်ကဲ့သို့ ရှိနေလိမ့်မည် ဆိုသည်ကို တိတိကျကျ သိရှိ ကြလိမ့်မည် မဟုတ်ပေ။

မြေပုံတွင် လီနင်ဂရက်ကို ကြည့်သောသူသည် ထိုဒေသ၌ ဆောင်းဥတု ကာလတွင် အပူဒီဂရီ သည် ၄၅ – ၅၀ ဒီဂရီ (-၂၄, -၃၀ ဒီဂရီ စင်တီဂရိတ်) အထိ ကျသွား သည် ဆိုသည်ကို သိရှိလိမ့်မည် မဟုတ်ပေ။ အပူချိန် ၄၅ – ၅၀ ဒီဂရီအောက် ကျသွားခြင်း ကိုလည်း သာမန် ပထဝီ စာအုပ် များကို ဖတ်ခြင်းအားဖြင့် ခန့်မှန်း နိုင်လိမ့်မည် မဟုတ်ပေ။

စာဖတ်သူများသည် ဟိမဝန္တာတောင် ပေ ၆၀၀၀ အထက် နေရာများသို့ ဆောင်းဥတု ကာလတွင် မသွားဖူးကြပေ။ ထို့ကြောင့် ရေခဲပြင် အကြောင်းကိုလည်း မှန်းဆနိုင် ကြမည် မဟုတ်ပေ။ အကယ်၍ မိနစ်အတန်ကြာမျှ လက်ဝါးထဲတွင် ၅၀ သားလောက် ရေခဲတုံးကို ထည့်ထားမည် ဆိုလျှင်ကား အသင့်အတန် မှန်းဆကြည့်၍ ရပေ လိမ့်မည်။

သို့ရာတွင် ခရီးလှည့်လည် သွားလာသော လုလင်သည် အိမ်မှ မထွက်ခင် ရာသီဥတု အမျိုးမျိုး ရှိသော နေရာများသို့ သာမန်ခရီးမျှလောက် သွားပြီး ကြည့်ရှုလေ့လာ သင့်သည်။ အကယ်၍ ဇန်နဝါရီလ တွင် ဆင်းမလား သို့မဟုတ် နိုက်နီတာလ ကို ရောက်ဖူးလျှင် ရွှင်ကျန်နှင့် ဖာဟီယန် တို့၏ ‘တုသာရ’ ခရီးစဉ်မှတ်တမ်း များ အကြောင်း ကို မှန်းဆ သိရှိနိုင်ပေလိမ့်မည်။ လီနင် ဂရက်၏ အပူချိန် ၄၅-၅၀ ဒီဂရီ အောက် ကျသွားသော အအေးကိုလည်း အတော်အတန် မှန်းဆ သိနိုင်ပေလိမ့်မည်။ ယင်းသို့ ပြုလုပ်လျှင် ခရီးလှည့်လည် သွားလာရန် အတွက် ပြင်ဆင်ဆဲ အချိန် ကာလ၌ လည်း သာမန် ခရီးသွားလာ ကြည့်ဖို့ ကျွန်ုပ် အလေးအနက် ပြောပြနေသည်ကို ခရီးလှည့်လည် သွားလာသော လုလင်သည် နားလည် သဘောပေါက် လာပေလိမ့်မည်။

ကျောင်းသားသည် ပထဝီနှင့် သမိုင်းကို လေ့လာရင်း ခရီးသွားခြင်း နှင့် ပတ်သက်သော တခြား စာအုပ်များကိုလည်း လေ့လာ ဖတ်ရှုနိုင် သည်။ ကောလိပ် ကျောင်း တက်သော အခါ စာရေး သည့် အလေ့အကျင့် ကိုလည်း ပြုလုပ်သင့်သည်။ ထိုအချိန်မှာ လုလင်၊ လုံမပျိုများ၌ ကဗျာ ရေးစပ်ရန် သဘာဝ အားပေး လှုံ့ဆောင်မှု ဖြစ်ပေါ် လာသည့် အချိန် ဖြစ်သည်။ ဝတ္ထုရေး ဆရာ ဖြစ်လိုသည့် စိတ်ဆန္ဒမျိုး လည်း တက်ကြွ လှုပ်ရှားလာသည့် အရွယ် ဖြစ်သည်။

ထို့ကြောင့် လုလင် များသည် မိမိတို့၏ ကော်ပီ စာအုပ်၊ စာမျက်နှာများကို နက်သွားအောင် ပြုလုပ်သင့်သည်။ သို့သော်လည်း မိမိတို့ စပ်ဆို ရေးသားထားသော ကဗျာ သို့မဟုတ် ဝတ္ထုကို ပုံနှိပ် ဖော်ပြရန် ဆန္ဒ မစောလျှင် ကောင်းလိမ့်မည်။

အချိန် မတိုင်မီ မိမိတို့ ရေးသား စပ်ဆိုသော စာနှင့် ကဗျာ များကို စာစောင်များ၌ ပုံနှိပ်ထုတ်ဝေခြင်းသည် ဝမ်းမြောက် အားတက်ဖွယ် ဖြစ်သော်လည်း အကြိမ် များစွာ အန္တရာယ် ဖြစ် တတ်သော အကြောင်းအရာ လည်း ဖြစ်လာနိုင်သည်။ အချိန် မတိုင်မီ ကျော်ကြားမှု ရရှိသောကြောင့် မိမိတို့၏ အနာဂတ် ပိတ်သွားသော အလားအလာ ရှိသူ လုလင်များကို တွေ့မြင်နေရသည်။ ယခု ခေတ်တွင်လည်း အချိန်မတိုင်မီ ကျော်ကြားမှုက မိမိတို့ ၏ အနာဂတ်ကို ပိတ်ပစ်လိုက်သော လုလင်များ ရှိသည် ကို တွေ့ရ သည်။ သူတို့သည် အသစ် တီထွင်မှုများကို မပြုလုပ် ကြတော့ပေ။ ကဗျာရွတ်ပွဲ တစ်ခုခုသို့ ရောက်သွားသော အခါ သူတို့၏ ရေးဖွဲ့ပြီးသား ကဗျာဟောင်းနှင့် ပတ်သက်ပြီး လက်ခုပ် ဩဘာ ပေးကြသည် ဖြစ်၍ သူတို့သည် ကြိုးစား၍ အသစ် တီထွင်ဖို့ အတွက် စိတ်ဝင်စားမှု မရှိကြတော့ပေ။

ခရီးလှည့်လည် သွားလာသူသည် ယင်းကဲ့သို့သော ကျော်ကြားမှု မျိုးကို မလိုလားသင့်ပေ။ သူတို့၏ ဘဝသည် လက်ခုပ် ဩဘာသံများ ပဲ့တင် ထပ်နေစေရန် အတွက် မဟုတ်ပေ။ နှစ်နှစ် သုံးနှစ် အလုပ်လုပ်ပြီး ပင်စင်ယူလျက် ထိုင်နေရန် အတွက် မဟုတ်ပေ။ ခရီးလှည့်လည် သွားလာသူသည် ဘဝနှင့် အတူတကွ သာလျှင် ခရီးဆက် နေရ လိမ့်မည်။ နေ့အား ရက်အား သို့မဟုတ် ပင်စင် ကို မမျှော်လင့်သင့်ပေ။

ခရီးလှည့်လည် သွားလာသူများ အတွက် လိုအပ်သော စာပေနှင့် အခြား အရာများ အကြောင်းကို နောက်ပိုင်း တွင် ထပ်ပြီး ပြောပြဦးမည်။ ဤနေရာ၌မူ အထူးအားဖြင့် ခရီး လှည့်လည် သွားလာသော လုလင်များ အတွက် လိုအပ်သော ကိုယ်ကာယ ပိုင်း ဆိုင်ရာ ပြင်ဆင်မှု အကြောင်းများကို ပြောပြလိုသည်။ ခရီးလှည့်လည် သွားလာသူ ၏ ကိုယ်ခန္ဓာ သည် ပန်းပွင့်ကလေးလို ဖြစ်မနေသင့်ပေ။ သူ၏ စိတ်ဓာတ်နှင့် စွမ်းအားသည် သံမဏိ လို ဖြစ်နေသည့် အတိုင်း ကိုယ်ခန္ဓာကလည်း သံမဏိလို ဖြစ်နေ သင့်သည်။ ခရီးလှည့်လည် သွားလာသူသည် သင်္ဘော၊ ရထား၊ လေယာဉ် ခရီးများကို မသွားရ ဟူ၍ မပြောလိုပေ။ သို့ရာတွင် ယင်းခရီး သုံးမျိုး အထိသာ သတ်မှတ် ထားလျှင်မူ ပထမ အဆင့် ခရီးသည် ဖြစ်၍ ဝေးစွ၊ ဒုတိယ အဆင့် ခရီးသည်ပင် ဖြစ်လာနိုင်လိမ့်မည် မဟုတ်ပေ။

ခရီးလှည့်လည် သွားလာသူသည် ယင်းကဲ့သို့သော ယာဉ်များ မရှိသည့် နေရာမျိုး၌ ခရီးလှည့်လည် သွားလာသင့်သည်။ အချို့ နေရာများ၌ နွားလှည်း ဖြစ်စေ သို့မဟုတ် လား ဖြစ်စေ တွေ့ရလိမ့်မည်။ သို့သော်လည်း ခရီးလှည့်လည် သွားလာသူ အနေနှင့် မိမိ၏ ဝန်စည်စလယ်ကို ကျောပိုးပြီး သွားရ သည့် နေရာမျိုး လည်း တွေ့ရ လိမ့်မည်။ ကျောပေါ်တွင် ဝန်စည်စလယ် ပိုးပြီးသွားလျှင် တစ်နေ့ ခရီးလောက် သွားရုံမျှဖြင့် ခြေကုန်လက်ပန်း ကျသွားနိုင်သည်။ အကယ်၍ ကြိုတင်ပြီး အလေ့ အကျင့် ပြုလုပ် မထားလျှင် သုံးလေး ပိဿာလောက် ရှိသည့် ဝန်ထုပ်ဝန်ပိုး ပိုးပြီး နှစ်မိုင် ခရီးလောက် သွားလိုက်ရုံမျှ ဖြင့် တစ်ကမ္ဘာလုံးကို ကျိန်ဆဲ ပေလိမ့်မည်။

ထို့ကြောင့် လေးနှစ်တာ အချိန်ကာလ အတွင်း အနာဂတ် ခရီးလှည့်လည် သွားလာမည့် သူသည် မိမိ၏ ကိုယ်ခန္ဓာကို အခက်အခဲ ခံနိုင်ရုံမျှ သာ မက အထူးတလည် ခံနိုင်အောင် လည်း အလေ့အကျင့် ပြုလုပ်ထားသင့်သည်။ ကျောပေါ်တွင် ဝန်ထုပ် ပိုးပြီး သုံးလေး မိုင်လောက် ခရီးကို အသွားအပြန် သွားလာနိုင်အောင် အလေ့ အကျင့် ပြုလုပ် ရ လိမ့်မည်။ ကိုယ်ခန္ဓာကို သန်မာ တောင့်တင်းရန် အတွက် တခြား နည်းလမ်း အားဖြင့်လည်း ကျန်းမာရေး လေ့ကျင့်ခန်း များကိုလည်း ပြုလုပ် နိုင်သည်။ သို့ရာတွင် ခရီး လှည့်လည် သွားလာသူ သည် ခရီးလှည့်လည် သွားလာရင်း နပန်းလုံး၍ လည်းကောင်း၊ လက်ဝှေ့ထိုး၍ လည်းကောင်း ရန်ပြုစရာ မလိုပေ။

တောင့်တင်း သန်မာသော ကိုယ်ခန္ဓာသည် ကျန်းမာသော ကိုယ်ခန္ဓာ ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေး လေ့ကျင့်ခန်း နည်းမျိုးစုံဖြင့် ကိုယ်ခန္ဓာ တောင့်တင်း သန်မာ လာအောင် ပြုလုပ်နိုင်သည်။ သို့ရာတွင် ခရီးလှည့်လည် သွားလာသူ အတွက် အကူအညီ အများဆုံး ပေးနိုင်ခြင်းမှာ ဝန်ထုပ်ဝန်ပိုး ကြီးကို ကျောပေါ်တွင် ပိုးပြီး ငါးမိုင် ဆယ်မိုင် သွားနိုင်ခြင်း၊ ပေါက်တူးနှင့် တစ်ကြိမ်တည်း မြေကြီး နက်သွားအောင် ပေါက် နိုင်ခြင်း များ ဖြစ်သည်။ ယင်းအလုပ် နှစ်မျိုးကို ပြုလုပ်ရန် အတွက် နှစ်သုံးရက် အလေ့အကျင့် လုပ်၍ မရနိုင်ပေ။ လ အတော်များများ ကြာအောင် အလေ့အကျင့် လုပ်ရလိမ့်မည်။ ယင်းကဲ့သို့ အကျင့် ဖြစ်သွားသော အခါ မည်သည့် အရပ်ဒေသ သို့ သွားသွား မိမိ၏ ကိုယ်ခန္ဓာနှင့် ပတ်သက်သော အလုပ်ဖြင့် သူတစ်ပါး တို့၏ အပေါ်တွင် ဝန်ပိသွားအောင် လုပ်စရာ မလိုတော့ပေ။

ခရီးသွားရင်း တောအရပ် ဒေသရှိ လယ်သမား တစ်ဦးဦး၏ အိမ်ရောက် သွားလျှင် ထို လယ်သမား၏ အလုပ်ကို ကူညီ လုပ်ပေးပါက ခရီးလှည့်လည် သွားလာသူသည် ထိုလယ်သမား ၏ အိမ်တွင် တစ်လကိုး သီတင်း ဧည့်သည် အာဂန္တု အဖြစ်ဖြင့် နေ၍ ရပေလိမ့်မည်။ ပထမ အဆင့် ခရီးသည်သည် မိမိ၏ ကိုယ်ကာယ ဆိုင်ရာ လုပ်အား အတွက် ကမ္ဘာပေါ်၌ ခရီးလှည့်လည် သွားလာရင်း ကျရာ အလုပ်ကို လုပ်လျက် ခရီးသည် ဘဝကို အဆင်ပြေမှု ရှိအောင် လုပ်၍ မရသည့် ရပ်ရွာ ဒေသ ဟူ၍ ဘယ်မှာ ရှိမည်နည်း။

မိမိ၏ လုပ်အားသည် မိမိ အတွက် အိတ်ထောင် ထဲတွင် ရှိနေသော ငွေကြေး၏ အလုပ်ကို လုပ်ရုံမျှသာ မကဘဲ ယခု ချက်ချင်း တွေ့ရသော လူကိုလည်း တရင်း တနှီး ဖြစ်အောင် ပြုလုပ်သည်။ ကျွန်ုပ်၏ မိတ်ဆွေ တစ်ယောက်သည် ဂျာမနီ နိုင်ငံ တွင် ဆယ့်ခုနှစ်နှစ် ကြာ မျှ နေထိုင်ခဲ့ပြီး မကြာမီကမှ အိန္ဒိယ နိုင်ငံ သို့ ပြန်ရောက် လာသည်။ ဂျာမနီ နိုင်ငံရှိ တက္ကသိုလ် နှစ်ခုမှ ဘာသာရပ် နှစ်ခုနှင့် ပတ်သက်၍ ဒေါက်တာဘွဲ့ ရရှိလာသည်။ ဘာလင် ကဲ့သို့သော မြို့ကြီး ရှိတက္ကသိုလ်တွင် အိန္ဒိယ ဒဿနိက ဗေဒ ပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့သည်။

ဒုတိယ ကမ္ဘာစစ် ပြီးသော အခါ စစ်ရှုံး ဂျာမနီ နိုင်ငံ တွင် သူ၏ ပညာ သည် အသုံးမဝင် တော့သည့် အခြေအနေ မျိုး ရောက်ရှိ လာသည်။ ထို ပုဂ္ဂိုလ် သည် ရွာတစ်ရွာ သို့ သွားပြီး လယ်သမား တစ်ဦး ၏ နွားများ နှင့် မြင်းများ ကို ကျောင်း ရင်း၊ လယ်ယာ အလုပ် လုပ်ကိုင် ပေးရင်း နှစ်နှစ်ကြာ မျှ နေထိုင် ခဲ့ သည်။ လယ်သမား ကြီး နှင့် အတူ သူ ၏ ဇနီး မယား၊ သူ၏ သမီး သား များနှင့် တစ်အိမ်လုံး သည် ကျွန်ုပ်တို့၏ မိတ်ဆွေ ကို သူတို့ အိမ်ထောင် မိသားစု ထဲ က တစ်ယောက် အဖြစ် အသိ အမှတ် ပြုပြီး လျှင် သူတို့ အိမ်၌ ဆက်လက် နေထိုင်စေလိုသည့် ဆန္ဒ ရှိနေကြသည်။ အကယ်၍ ကျွန်ုပ်တို့ မိတ်ဆွေက လယ်သမား ကြီး၏ သမီး ရွှေရောင် ဆံပင် နှင့် မိန်းမပျိုကို လက်ထပ်ဖို့ သဘောတူမည် ဆိုလျှင်လည်း လယ်သမားကြီး အနေနှင့် အကြီးအကျယ် ဝမ်းသာ အားရခြင်း ဖြစ်ရမည့် အခြေအနေ မျိုး ရှိနေသည်။

ခရီးလှည့်လည် သွားလာကြသော လုလင်ပျို တိုင်းကို ကျွန်ုပ်ပြောပြ လိုသည်။ ချစ်ခြင်း၊ ခင်မင်ရင်းနှီးခြင်း သည် မကောင်းသော အရာ မဟုတ်သော်လည်း ဇင်္ဂမက ထာဝရ ဖြစ်လာခြင်း သည် ရွှေ့လျားနေသည့် အခြေအနေမှ ရပ်တန့်နေသည့် အခြေအနေ ဖြစ်လာခြင်း သည် အလွန် ဆိုးရွားသည်။ ထို့ကြောင့် လူတစ်ဦး တစ်ယောက် သည် ချည်တိုင်တွင် ချည်နှောင်ထားသော နွားဘဝမျိုး ရောက်မသွား သင့်ပေ။

ယခုခေတ် ကမ္ဘာတွင် ကျန်းမာမှု ရှိသော ကိုယ်ခန္ဓာဖြင့် လုပ်အား စိုက်ထုတ်ပြီး လုပ်ရသော မည်သည့် အလုပ်ကြမ်းမျိုး ကို မဆို အလေ့ အကျင့် ပြုလုပ် ထားခြင်း သည် ခြေသလုံး အိမ်တိုင် ခရီးသည် တစ်ဦးတစ်ယောက် အတွက် အလွန်တရာ ကျေးဇူး များသည်မှာ သိသာ ထင်ရှား လှပေသည်။

အကယ်၍ လုလင် တစ်ယောက်သည် နောက်ထပ် လေးနှစ် တိတိ ဆက်လက် ပညာ သင်ကြားမည် ဆိုလျှင် မိမိ၏ ဥာဏဗလနှင့် ကာယဗလ ကို ကြီးထွား လာအောင် ပြုလုပ်နိုင် သည်။ ယင်းသို့ ပြုလုပ်ပါက လုလင်သည် ကာယ ဗလနှင့် ဥာဏဗလ ကြီးထွားလာသည့် အကျိုး ကျေးဇူးကို ရနိုင်သည့် အပြင် တက္ကသိုလ် တစ်ခုခု က ဘွဲ့လည်း ရရှိလာနိုင်သည်။

ခရီးလှည့်လည် သွားလာသူ တစ်ဦး တစ်ယောက် အတွက် ဘီအေ အောင်ခြင်းသည် ထူးထူးခြားခြား လိုအပ်သော အရာ မဟုတ်ပေ။ ဘွဲ့တစ်ခုခု ရလျှင် ကြီးကြီး ကျယ်ကျယ် ထူးခြားမှု တစ်ခု ဖြစ်မလာသော်လည်း ဘွဲ့တစ်ခုခု ရမထားလျှင်မူ တစ်ခါတစ်ရံ ခရီးလှည့်လည် သွားလာသူ သည် ယင်းကဲ့သို့ ဘွဲ့တစ်ခုခု မရခြင်းကို ချို့တဲ့ ချက် တစ်ခု ဟူ၍ ထင်မှတ်ပြီးလျှင် ဒေသန္တရ အသီးသီးသို့ လှည့်လည် သွားလာနေမည့် အစား ဘီအေအောင် အောင် လုပ်လိုသည့် ဆန္ဒ ဖြစ်ပေါ်လာတတ်သည်။

ယင်း အလိုဆန္ဒမျိုးကို စောစောကပင် ဖယ်ရှားလျက် ခရီးထွက်လာပြီ ဆိုလျှင် ထိုခရီးသည်သည် တစ်ဖန် ရပ်နားတော့မည် မဟုတ်ပေ။ ဘွဲ့တစ်ခုခု ရရှိထားခြင်းသည် တစ်ချို့ နေရာများ၌ ကျေးဇူးလည်း ရှိလာနိုင်သည်။ ဘွဲ့တစ်ခုခု ရရှိထားသည့် အတွက် အကျိုးကျေးဇူး တစ်ခု ရရှိလာနိုင်သည်။ ပထမဦးစွာ တွေ့ရသော လူတို့သည် ဤပုဂ္ဂိုလ် အား ပညာတတ် ဖြစ်သည် ဟူ၍ လည်းကောင်း၊ လူယဉ်ကျေး ဖြစ်သည် ဟူ၍ လည်းကောင်း ယုံကြည် စိတ်ချ သွားတတ်ကြသည်။

ကောလိပ်ကျောင်း၌ လေးနှစ်ကြာမျှ နေလာခဲ့သော လုလင်သည် ကောလိပ်ကျောင်းတွင် မိမိ၏ အနာဂတ် လုပ်ငန်း နှင့် ကိုက်မည့် စိတ်ကြိုက် ဘာသာရပ် ကို ရွေးချယ် လိမ့်မည်။ ကျောင်းစာအုပ် များ၏ အပြင်ဘက်တွင်လည်း မိမိ၏ အသိပညာ တိုးပွား ကြီးထွားလာ စေမည့် အချက်အလက်များကို လုံလုံလောက်လောက် ရရှိ လာပေလိမ့်မည်။ ထိုအချိန် အတောအတွင်း၌ လုလင်သည် အက၊ သီချင်း၊ ဂီတ၊ ပန်းချီ အစရှိသော ခရီးလှည့်လည်သူ အတွက် အလွန်တရာ အသုံးဝင်မည့် အတတ်ပညာ များ ကိုလည်း သင်ကြား ဆည်းပူး နိုင်သည်။

ယင်းကဲ့သို့ နောက်ထပ် လေးနှစ်ကြာမျှ စောင့်ဆိုင်းနေခြင်း သည် အရှုံး ပေါ်လာနိုင်စရာ အကြောင်း မရှိပေ။ အနှစ် နှစ်ဆယ် သို့မဟုတ် နှစ်ဆယ့် နှစ်နှစ် အရွယ်တွင် တက္ကသိုလ် ပညာကို ပြီးပြတ်အောင် သင်ကြားလိုက်လျှင် ခရီးလှည့်လည် သွားလာရန် အတွက် လိုအပ်ချက် ဖူဖူလုံလုံ ရရှိသွားပြီ ဟူ၍ ထင်မှတ်စရာ မလိုပေ။

သိတတ်သည့် အရွယ် ရောက်လာလျှင် လုလင်သည် မည်သည့် အချိန်၌ မဆို အခိုင်အမာ ဆုံးဖြတ်ပြီးလျှင် အိမ်က ထွက်သွားနိုင်သည်။ နောက်ပိုင်း မိမိ ၏ ခရီးတွင် မိမိ ၏ အသိဥာဏ်နှင့် ရဲဝံ့စွန့်စားမှု သည် မိမိကို အကူအညီ ပေးလိမ့်မည်။ သို့ရာတွင် တစ်ဆယ့် နှစ်နှစ် အရွယ် ၌ အခိုင်အမာ ဆုံးဖြတ်ပြီးလျှင် ဆယ့်ခြောက်နှစ် အရွယ်၌ အပြင်ဘက် ထွက်ဖို့ရန် အတွက် အသုံးဝင်သော အတတ်ပညာများကို သင်ကြား ဆည်းပူး ပြီးသည့် အချိန်၌ အိမ်က ထွက်ပြေးခြင်းသည် ဆိုးဆိုး ရွားရွား အပြစ်ပြောစရာ အကြောင်း မဟုတ်ပေ။ သို့ရာတွင် ခရီးလှည့်လည် သွားလာခြင်း အတွက် လိုအပ်သော ပညာရပ် များကို သင်ကြား တတ်မြောက်ပြီး မိမိ ကိုယ်ခန္ဓာ အနေနှင့် မည်သည့် အလုပ်မျိုး အတွက် မဆို အဆင်သင့် ဖြစ်နေသည့် အချိန်ကျမှ ခရီးလှည့်လည် သွားလာသော သူကိုသာလျှင် မဟာခရီးသည် ဟူ၍ ပြောဆိုနိုင်သည်။ ၂၂ နှစ် သို့မဟုတ် ၂၄ နှစ် အရွယ် ၌ အိမ်က ထွက်ခွာ သွားသော ခရီးသည်သည် ယင်းကဲ့သို့သော ဥာဏဗလ နှင့် ကာယ ဗလ နှစ်မျိုးလုံး ပြည့်စုံသူ ဖြစ်လာနိုင်သည်။ ထိုအချိန်၌ ခရီးသည် လုလင် အနေနှင့် အားငယ်စရာ မလိုတော့ပေ။ ကြောင့်ကြ ပူပန်စရာ လည်း မလိုတော့ပေ။

…………..
May 1st 2012
…………..
https://zayya.wordpress.com/
http://zayya.blog.com/
http://zayyah.blogspot.com/
……………

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: