သတိကြောင့် ကြည်စင်၏

He watches.
He is clear.
How happy he is!

သူ စောင့်ကြည့်၏ ~
သူသည် ကြည်စင် လျက် ရှိ၏။
ထို့ကြောင့် သူသည် အဘယ်မျှ ရွှင်လန်း ချမ်းမြေ့ရ ပါသနည်း။

ဒီစကား ဟာ ရိုးရှင်း တယ်။ ဒါ့ကြောင့်လည်း လှပနေပါတယ်။ တည့်မတ်မှန်ကန်တဲ့ အရာမှန်သမျှ အစဉ်အမြဲ ရိုးရှင်းနေတတ်တယ်။ ဒါ့ကြောင့် လှပ တယ်လို့ ခေါ်ပါမယ်။

ဘဝ ရှင်သန်နေ သမျှမှာ လေ့ကျက် ထုံမွှမ်းထားသင့်တဲ့ တစ်ခုတည်းသော အရာဟာ – စောင့်ကြည့်မှု (သတိ၊ အပ္ပမာဒ) (ဝါ) Watchfulness ။ ဒီတစ်ခု တည်းသာ ဖြစ်ပါတယ်။

စောင့်ကြည့်ပါ။ ခင်ဗျား နိစ္စဓူဝ ဘာလုပ်နေလုပ်နေ စောင့်ကြည့်နေကြည့်ပါ။ ခင်ဗျား စိတ်သန္တာန် တွင်း ဖြစ်ပေါ်လာတဲ့ အတွေးစဉ် တိုင်းကို လည်း သတိ မပြတ် စောင့်ကြည့် ပါ။ ခင်ဗျား ရယူလိုတဲ့ အလိုဆန္ဒ၊ လိုဘ၊ ဒေါသ ဖြစ်ပေါ် လာရင် လည်း မပြတ် သာ စောင့်ကြည့်နေ ပါ။ နောက်ဆုံး မှာ မျက်တောင် ခတ် မိတာလေးက အစ – အသိ ကင်းလွတ်ပြီး မခတ်မိသည် အထိ စောင့်ကြည့်နိုင် လာပါလိမ့်မယ်။ ခင်ဗျား လမ်းလျောက် တာ၊ စကားပြော တာ၊ စားသောက် နေတာ၊ ရေချိုးသန့်စင်တာ ~ စသဖြင့် တစ်ခုမှ မလွတ်အောင် စောင့်ကြည့်နေ ကြည့် ပါ။ ခင်ဗျား သန္တာန် မှာ ၂၄ နာရီ ဖြစ်ပေါ် သမျှ ထင်ရှားသမျှ အပြည့်အဝ စောင့်ကြည့် နေနိုင်ပါစေ။

ဥပမာ စားသောက်တဲ့ အခါ ဆိုပါစို့ ~ အတွေးတစ်ခြား၊ အစားတစ်ခြား၊ ဗိုက်ဝရင် ပြီးရုံ မစားဘူး။ (ဝါ) သတိ လွတ်ကင်းပြီး မစား ဘူး – စားတဲ့ ထမင်း လုပ် တိုင်း၊ အစား တစ်လုပ်တိုင်း ကို အသိ အပြည့်နဲ့ စားနိုင်ဖို့ ဖြစ်ပါတယ်။ ထမင်းလုပ် ကို ကိုင်တယ်။ ခံတွင်းထဲ ထည့် တယ်။ တစ်ချက် ချင်း ကြိတ်ဝါးတယ်။ ခံတွင်း ကနေ လည်ချောင်း အတွင်း မြိုချတယ်။ ( နှေးနှေး ကွေးကွေး လိုက်လုပ်နေစရာ မလိုဘူး ) အဲ့ ခဏ တိုင်း ကို အသိအပြည့် မပြတ် မလပ် ဖြစ်နေ ရုံလေးပဲ လိုအပ်ပါတယ်။ အဲ့ဒီ အခါ ခင်ဗျား စားသောက် နေတဲ့ အစား တစ်လုပ် တိုင်း အပေါ် နှစ်သိမ့် ကြည်စင်မှု အပြည့် ရှိကြောင်း တွေ့ရပါလိမ့်မယ်။ အဲ့ဒီ စောင့်ကြည့်မှု သတိနဲ့ ပြည့်စုံတဲ့ အခါ – ခင်ဗျား ရရှိတဲ့ အစား အသောက် က လည်း ခံတွင်းအရသာ ထက် သန္တိ၊ ကြည်စင်မှု အရသာက ပိုမို ချိုမြိန်နေပါလိမ့်မယ်။ အစားအသောက်ရဲ့ (ဝါ) ဟင်းကောင်း မကောင်း အတွက် ဃာန လျာ အရသာ မဟုတ်ဘူး။ စောင့်ကြည့်ရင်း ကြည်စင် လျက် ရှိနေတဲ့ သန္တိ အရသာဟာ အခြား အရာရာ ထက် သာလွန် နေ ပါတယ်။ အခု ခဏအတွင်း ကြည့်ကြည့်ပါ။ အဲ့ဒီ အခါလည်း ဒါကို ကောင်းကောင်း သိမြင်နိုင်ယ်။ ခင်ဗျား သတိမထား~ သတိ လွတ်ကင်းနေ မယ် ဆိုရင်တော့ ကမ္ဘာ့ အကောင်းဆုံး ဟင်းလျာ စား နေရင်တောင် ဘာအရသာ၊ ဘာ အသိမှ ရမှာ မဟုတ်ဘူးရယ်။

အချို့က ခဏတိုင်း အသိ သတိ အလွယ်တကူ မထားနိုင် တာကြောင့် – နှေးနှေး ပြုမူတတ်တယ်။ ဒါဆိုရင်လည်း ပြဿနာ မရှိပါဘူး ~ အဆင်ပြေ ပါတယ်။ အဓိက က~ ပြုမူနေတဲ့ အချိန် အတွင်း လုပ်သမျှ အပြည့်အဝ သိနေဖို့၊ သိစိတ် အပြည့်အဝ ရှိနေဖို့ ပဲ လိုအပ်တယ်။ ခင်ဗျား လျှာ အရသာ၊ အနံအရသာ၊ ထိတွေ့မှု၊ စိတ် ခံစားချက် စသည် ဖြစ်တိုင်း ဖြစ်တိုင်း မှာ “သိတယ်” ဆိုရုံမျှလေး ဟာ ~ လွယ်ကူနေ တာတော့ မဟုတ်ဘူး။ လွယ်မယောင်နဲ့ လက်တွေ့မှာ ~ ခက်ခဲတဲ့ အကျင့် ဖြစ်ပါ တယ်။ ခင်ဗျား နှစ်ဆယ့်လေး နာရီ မဆိုထားနဲ့ – အလေ့ အကျင့် မရှိ ရင် ~ နှစ်ဆယ့်လေးမိနစ် (ဝါ) နှစ်ဆယ့်လေး စက္ကန့်တောင် အပြည့်အဝ မဖြစ်ဘူး။

ဒါ့ကြောင့် ခင်ဗျား နှစ်ဆယ့်လေးနာရီ အပြည့်အဝ ဖြစ်တည်အောင် ကြိုးပမ်းနေတဲ့ ကြားမှာ – မကြာခဏ မေ့မေ့ နေခဲ့ မှာပဲ။ ဒါဆိုရင် လည်း~ မကျေလည် စရာ၊ ဒေါသ ဖြစ်စရာ၊ ဝမ်းနည်း စရာ မလိုဘူး။ “ငါ ပါရမီ မပါပါဘူးကွာ” လို့ ငြီးငြူ တတ်တဲ့သူ ရှိတယ်။ အဲ့လို့ ငြီးငြူ စရာလည်း မလိုဘူး။ အကြောင်းက ~ အဲ့လို မေ့မေ့ နေ တတ် တာ က သဘာဝကျ တယ်။ ခင်ဗျား အဲ့လို နှစ်ဆယ့်လေးနာရီ အမြဲမပြတ် သတိ ရှိနေဖို့ တစ်ကြိမ်တစ်ခါ မှာမှ မလုပ်ခဲ့ဖူးဘဲ။ ဒါ့ကြောင့် အား မလျော့ ပါနဲ့။ အားလျော့ တဲ့ စိတ်ကြောင့် တခဏ လုပ်လိုက်တဲ့ ခင်ဗျား သတိ အကျင့် ဟာ ~ ကျန်တဲ့ မေ့မေ့လျော့လျော့ ကာလတွေ ကြားမှာ ပြန်လည် ပျောက်ရှ သွား ပါလိမ့်မယ်။ “ငါ လွဲ သွားပြန်ပြီ၊ ငါမေ့ သွား ပြန်ပြီ” လို့ အမှတ်ပြန်ရမိရင် – အဲ့ဒီ အမှတ်ရ မိတဲ့ နေရာ က ပြန် စပါ။ ပြန် စောင့်ကြည့်နေ ပါ။ “ဒါ ငါနဲ့ မထိုက်တန် ဘူး ထင်တယ်၊ ငါ့ အချိန် မကျသေး ဘူး ထင် တယ်၊ အခြားအရာတွေ လုပ်ဖို့ ကျန်သေးတယ်” လို့ အတွေး ဝင်ရင်း – သတိပြန်ရမိရင်လည်း – အဲ့ဒီ “ဒါ ငါနဲ့ မထိုက်တန် ဘူး ထင်တယ်” ဆိုတဲ့ အတွေး အဆုံးမှာ တင် ~ ပြန်စပါ။ သတိ မကြာ ခဏ ပြတ်လတ် ကျန်ခဲ့လို့ မိမိ ကိုယ်ကိုယ် ပြစ်တင် ရုံ ပြစ်တင် နေ ရင် အဲ့ဒါ အချိန် သက်သက် ကုန်ဆုံးစေ တာ သာ ဖြစ် ပါလိမ့်မယ်။ မေ့လျော့နေ ခဲ့တယ် ဆိုတဲ့ ခဏတွေဟာ အတိတ် အဖြစ် ကျန်ခဲ့ တယ်။ ဟုတ်တယ် ဟုတ်?? ခင်ဗျား “အခု” သတိပြန် ထားနိုင်တယ်။ “အခု” တည့်တည့် ပြန်စောင့်ကြည့်နိုင်တယ်။

အဲ့ဒီအခါ ခင်ဗျား ဘဝ တစ်ခုလုံးဟာ – အခု တည့်တည့် ဆိုတဲ့ ပစ္စုပ္ပန် အတွင်း မှာသာ အပြည့်အဝ ရှင်သန်နေတော့ တယ်။ ခင်ဗျား က ပြော မယ် ~ “အခု ကို – ကျနော် မေ့သွား တယ်ဗျာ” ~ အဲ့တော့ ဘာဖြစ်သေးလဲ။ အဲ့ “အခု” ပြီးရင် သူ့ရဲ့ နောက်မှာ – နောက် “အခု” ရှိနေ ပါ တယ်။ ပြန် စောင့်ကြည့်နေရုံပဲ။ ပထမ – တစ်နေ ကုန်ပေါင်း မှ စက္ကန့်ပိုင်းလောက်။ နောက်- တစ်နေကုန် အားလုံးပေါင်းမှ မိနစ် ပိုင်း။ နောက်- တစ်နေ ကုန် အားလုံးပေါင်း နာရီပိုင်း စသဖြင့် (ဇွဲသာမလျော့ရင်) တိုးတိုး လာနိုင် ပါလိမ့်မယ်။ ဒီလိုနဲ့ – နှစ်ဆယ့် လေးနာရီ အပြည့်အဝ ခင်ဗျား သတိ စောင့်ကြည့် နိုင်တဲ့ အခါ ဒီအလေ့အလာ ထုံမွှမ်းနိုင်အား – ကောင်းကောင်း ရလာသလို၊ ခင်ဗျား ရှင်သန် နေထိုင် သမျှ ကြည်လင်မှု ရှိနေကြောင်း လက်တွေ့ တွေ့မြင် နိုင်တယ်။ နောက်ဆုံး – ခင်ဗျား အသိစိတ်ပျောက်ကင်းပြီး အိပ်စက်ချိန် မှာ တောင် သတိ စောင့်ကြည့် မှု မပြတ်အောင် ထားနိုင်တယ်။ ဒီစကားကို အကျင့်မရှိသူအနေနဲ့ အံ့ဩကောင်း အံ့ဩနိုင်တယ်။ ဒါပေမယ့် တကယ် ရှိပါ တယ်။ အဲ့လို သာ သတိမပြတ် ရှိမယ် ဆိုရင် – ခင်ဗျား သန္တာန်မှာ ကြည်လင်မှု အပြည့်အဝ ရှိလာပြီ လို့ ပြောနိုင်ပါလိမ့်မယ်။

“ကြည်လင်မှု” အကြောင်း ပြောကြည့်မယ်။ စောင့်ကြည့်မှု သတိ ရှိနေရုံနဲ့ – ဘာလို့ ကြည်လင်မှု ရှိတယ် ဆိုရသလဲ။ ခင်ဗျား ရှင်သန် နေ ထိုင်၊ လုပ်ကိုင်ရာ ခဏတိုင်းကို မပြတ် စောင့်ကြည့် နိုင်လာတဲ့ အခါ- ခင်ဗျား နိစ္စဓူဝ – လော- နေတဲ့ စိတ်၊ လှုပ်ခတ် နေတဲ့ စိတ်အတွေးတွေ တဖြေးဖြေး ငြိမ်ဝပ် ကျသွားလို့ပဲ ဖြစ်ပါတယ်။ အဲ့ဒါကို မှန်မမှန်။ အချိန် သိပ်များများ မလိုဘူး။ အခု ဒီစာ ဖတ်ရှုနေချိန်မှာလည်း စမ်း ကြည့်နိုင် တယ်။ တခဏ စောင့်ကြည့် ရင် ~ ဒီစာတွေပေါ် မျက်လုံး ပြေးနေတဲ့ ခဏ၊ ဒီစာလုံးတွေ ကို အတွေးတွေ အဖြစ် ဖလှယ် ဝင်ရောက် သွားတဲ့ ခဏ၊ ခင်ဗျား ကြံတွေးနေတဲ့ အတွေးစဉ်တွေရဲ့ ခဏ ~ အဲ့ဒီ ခဏတိုင်းကို စောင့်ကြည့် ကြည့်ပါ။ ခင်ဗျားတွေးနေ တဲ့ ခဏ တခဏ ချင်း စီဟာ – လောလော လတ်လတ် ငြိမ်သက် သွားတယ်။ အဲ့ဒီ ငြိမ်သက်မှု ကနေ ချမ်းမြေ့မှု အရသာ (သန္တိ) က အလိုလို ထွက်ပေါ် တယ်။ ဒါက တခဏချင်း အားဖြင့် ကိုသာ ဆိုလိုတယ်။ ခင်ဗျား သတိမေ့ထားခဲ့ရင် – ဒုံရင်းက ဒုံရင်းပဲ။ မိမိ သန္တာန်ကို မိမိ – မပြတ် မလပ် – အသေး စိတ် စောင့်ကြည့်နိုင်လေ ~ တစ်ပေါက်ပေါက် ဖောက်နေတဲ့ ခင်ဗျား အတွေးတွေ – ထပ်မပေါက်နိုင်၊ ထပ်မဖြစ် လာနိုင်တော့လေ ပဲ။

ကျနော်တို့ အတွေးတွေ အားလုံးထဲမှာ နေ့တိုင်းနေ့တိုင်း ဖြစ်ပေါ်သမျှဟာ – အလဟဿ အတွေးတွေ အများဆုံး ပါဝင်ပါတယ်။ အဲ့ဒီ အတွေးတွေ ဖြစ်ထွန်း နေသမျှကို – စောင့်ကြည့်မှု သတိ၊ သိမှု သက်သက် က အစားထိုး ပစ်ပါတယ်။ သူက – ခင်ဗျားကို အတွေး အိပ်မက်တွေ၊ အလို ရမ္မက်တွေ ထဲက ဆွဲထုတ်တယ်။ လက်တွေ့ ရှင်သန် နေမှု ဆီသာ တွန်းပို့တယ်။ အဲ့ဒါ ခင်ဗျား လုပ်တာ မဟုတ်ဘူး။ ခင်ဗျား စောင့်ကြည့်နေ ရင် အဲ့ဒါ သူ့ဘာသာသူ ဖြစ်ပါတယ်။ အဲ့ဒီ အခါ အလဟဿ ပါ ဆိုတဲ့ – အတွေးတွေ အားလုံး လျော့ပါးသွားတယ်။ ခင်ဗျား စောင့်ကြည့် မှု ကျပ်ကျပ် ရှိလာလေ၊ သူတို့ လျော့ပါးသွားလေပဲ။ ခင်ဗျား အပြည့်အဝ သတိရှိနိုင်တဲ့အခါ – အဆုံးသတ် မှာ သူတို့ သေ ဆုံး သွားကြ တယ်။ ခင်ဗျားဆီမှာ ခင်ဗျားရဲ့ နိုးကြားမှု စင်စစ်၊ ရှင်သန် နေမှု စစ်စစ် သာ ကျန်ရစ်တယ်။ အဲ့ဒီ အခု ခင်ဗျား ရင်တွင်း က အလိုဆန္ဒ၊ ရမ္မက်၊ အတွေး၊ စိတ်ကူးယဉ် အရှုပ်အထွေး တွေ သေဆုံးရခြင်း အကြောင်းကြောင့် တစ်ခုတည်းနဲ့ – ခင်ဗျား သန္တာန် ရှင်းလင်း ကြည်စင် နေတာ ဖြစ်ပါတယ်။ အဲ့ဒီ ကြည်စင်မှုဟာ လွတ်မြောက်မှု မောက္ခရဲ့ အစဦး ပဏာမ လို့ ကျနော် ခေါ်ဆို လိုတယ်။

……………….
အထက်ပါ ~ He watches, He is clear; How happy he is! သည်
အောက်ပါ ဓမ္မပဒ ပုဒ်ကို စာမဆန် စေလို၍ အလွယ်ပြန်ရှင်းခြင်း ဖြစ်သည်။

အပ္ပမာဒေ ပမောဒန္တိ၊ အရိယာနံ ဂေါစရေ ရတာ

မမေ့လျော့ခြင်း တရားနှင့် ပြည့်စုံ သည် ဖြစ်၍
အရိယာတို့၏ တရား၌ ရွှင်လန်း မွေ့လျော်၏။
……………….
May 6th 2012 at 8:00 PM
……………….
https://zayya.wordpress.com/
http://zayya.blog.com/
http://zayyah.blogspot.com/
………………..

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: