မနေ့၊ မနက်၊ မနက်ဖြန် တို့၏ ပစ္စုပ္ပန်

အချိန်နဲ့ ပတ်သက်ပြီး တိတိပပ ရေးခဲ့လေ့ မရှိပေမယ့် – ရေးမိခဲ့သမျှ ရှေ့အပုဒ် ပို့စ် တော်တော်များများ ဟာ အချိန် နဲ့ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက် သက်ဆိုင် ပါ တယ်။ ဒီနေရာမှာ – ဒါနဲ့ ပတ်သက်လို့ – ဟိုတစ်နေ့က အကို တစ်ယောက် ရဲ့ အမေးစကား ရှိတယ်။ သူက ဘာဝနာ နဲ့ ဆက်နွယ်ပြီး မေးခွန်းပြုတဲ့ စကား ဖြစ်နေတဲ့ အတွက် – ကျနော်လည်း ပြန်ဖြေခဲ့တယ်။ အဲ့ အမေး၊ အဖြေ နှစ်ခုစလုံး ကို ဒီမှာ ပူးတွဲ တင်ရှိ ပါတယ်။ အဲ့ဒါ အပြင် – ဖြည့်စွက် အနေနဲ့ – နောက်ဆက် ထပ်ရေးတယ်။

(ေဇယ်)

…………….

Question: ပစ္စုပ္ပန် ရဲ့ အချိန် အပိုင်းအခြား က ဘယ်လောက် ရှိသလဲ မသိဘူးဗျ။ နောက်ပြီး – အနာဂတ် အကြောင်း (သိပ်) မစဉ်းစား ပဲ လုံးလုံး – ပစ္စုပ္ပန် တည့်တည့် မှာ နေတယ် ဆိုတာကော ဖြစ်နိုင် ပါ့ မလား ဗျာ။ သိချင်လို့ပါ။

Answer: ‎(ကျနော့ကို by name တပ် ထားတဲ့ အတွက်- ကျနော့ အနေနဲ့ ပြောရင်) ပစ္စုပ္ပန် တည့်တည့် ဟာ အချိန် မဟုတ်ဘူး အကို။ ဒါ့ကြောင့် အချိန် အပိုင်းအခြား လို့ ပြော စရာ ကို ရှိမနေပါဘူး။

ဘာလို့ ဆိုတဲ့ အကြောင်း ကို ကြည့်ကြည့်ပါမယ် ။ ကျနော်တို့ အချိန်လို့ ပြောတဲ့ အရာတွေ ( ပစ္စုပ္ပန် ဖယ်ပြီး အတိတ်နဲ့ အနာဂတ် – အချိန်ဆိုတာတွေဟာ ) ကျနော်တို့ စိတ်ကူး ထည်တွေ၊ အချက်အလက် တွေသာ ဖြစ်နေ တာ တွေ့ရပါ လိမ့်မယ်။

ဆိုပါစို့ – အတိတ် ။ ဒီ အတိတ် ဆိုတာ- ကျနော်တို့ အခုအချိန် မှာ ယခင်ဖြစ်ပြီးသားကို ပြန်လှန် တွေးတဲ့ စိတ်ကူး ထည် (ဒါမှမဟုတ်) စာအုပ် တွင်း ပါ၊ ဖြစ်ရပ် မှတ်သားချက် ၊ အချက်အလက်တွေသာ ဖြစ်ပါတယ်။

အလားတူ – အနာဂတ် ။ သူကလည်း – ကျနော်တို့ အခု အချိန်မှာ – မျှော်တွေးတဲ့ စိတ်ကူး ထည်၊ အလို ဆန္ဒ၊ (ဝါ) အနုမာန၊ စီမံ ချက်၊ မှန်းဆ ချက် တွေ သာ ဖြစ် ပါ တယ်။

ပစ္စုပ္ပန် တည့်တည့် မှာ နေလို့ ဖြစ်နိုင်ပါ့မလား ဆိုရင် — နေကြည့်ပါလို့ပဲ ကျနော် ပြောရ ပါလိမ့်မယ် အကို။ ဘာလို့ဆို – တွေးကြည့်လို့ မရဘဲ- နေကြည့်လို့ သာ – ရနေ လို့ ဖြစ်ပါတယ်။

ကျနော် တို့ စိတ်နဲ့ တွေးကြည့်ရင်သာ — မနေနိုင်ဘူး လို့ ထင်မြင်ရတယ်။– ဒါပေတဲ့ – ကျနော် တို့ (စိတ်၊နာမ် မဟုတ်တဲ့) ရုပ်ခန္ဓာ နဲ့ သဘာဝ အားလုံး ဟာ ပစ္စုပ္ပန် တည့်တည့် မှာ သာ တကယ် ရှိနေ တာ ဖြစ်ပါတယ်။

ကျနော် တစ်နေရာမှာ ပြောခဲ့ သလို၊ ပစ္စုပ္ပန်မှာ နေကြည့်ဖို့ – တွေးမယ် ဆိုရင် — ဘယ်လိုမှ မဖြစ်နိုင် ပါဘူး အကို။ ပစ္စုပ္ပန်မှာ နေကြည့်ဖို့ က –တကယ် သတိနဲ့ “နေကြည့် ဖို့” တစ်ခု တည်း သာ ဖြစ် ပါတယ်။ အဲ့အချိန်မှာ – အတွေး မဝင်နိုင်ကြောင်း ကောင်းကောင်း တွေ့နိုင် ပါတယ်။

အဲ့ဒါကို အကို သိနိုင်ဖို့ က – အချိန် လည်း သိပ်ကြာကြာ မလိုပါ ဘူး။ အခု ဒီစာဖတ်နေရင်း တစ်ခဏ ဒီ စာလုံးတွေ အပေါ်၊ ဒါမှ မဟုတ် အကို့သန္တာန် အခု – ထင်ရှားရာ အပေါ် သတိပြု ကြည့်ရင် — အကိုတွေးလို့ မရတော့ကြောင်း – အခု တွေ့ရပါလိမ့်မယ်။

ဘာဝနာ လို့ မြန်မာမှု ပြုတဲ့ ( Meditation ) တိုင်းရဲ့ အနှစ်သာရ ဟာ ဒီပစ္စုပ္ပန် တည့်တည့် နေထိုင်ခြင်း အပေါ်မှာ အခြေပြုတယ်လို့ ကျနော် နားလည်ထား ပါ တယ်။ ကျေးဇူး

…………………

What is Time?

အချိန် ဆိုတာ ဘာလဲ လို့ – မေးတဲ့ အခါ-

Chronological Time

အချိန် အတွက် အဓိပ္ပာယ် နှစ်မျိုးပြီး ခွဲဖြေရမှာ ပါပဲ။ တစ်မျိုးက – Chronological Time။ ဒါကို ပစ်ပယ်လို့ မရပါဘူး။ သူက – ကနေ့ သတ်မှတ် ခေါ်ဆိုကြတဲ့ – နာရီ၊ ရာသီ နေ့ရက် နွယ်တဲ့ အချိန် ဖြစ်ပါတယ်။ ကျနော့ အနေနဲ့ – ဒီတစ်မျိုး ကို ဖြေဖို့ မသင့်တော် ပါဘူး ။ တိကျအောင် ပြောဖို့ က- ဆိုင်ရာ ရူပဗေဒ စသည် သိပ္ပံ ပညာသည်၊ သုတေသီ များ ဖြေရှင်း တာက ပို အဆင်ပြေ ပါလိမ့်မယ်။

ဘာလို့ဆို –

(က) ကျနော် ခံယူလိုတဲ့ နယ်ပယ် မဟုတ်လို့ ဖြစ်ပါတယ်။

( ခ ) ရုပ်၊ စွမ်းအင် တို့နဲ့ ပတ်သက်တဲ့ ပြောင်းလဲမှု ဖြစ်ပေါ်မှု သဘောတရား ရေးရာ အများစုကို ကနေ့ သိပ္ပံသမားများ အဖြေရှာကြ၊ နက်နက် နဲနဲ စူးစမ်း ကြ၊ လေ့လာကြ တယ်။ အထူးသဖြင့် ရူပဗေဒ ပညာရှင်တွေမှာ – ( Lorentz၊ Maxwell၊ Einstein က စပြီး ကနေ့ Worm Hole, Singularity Point စသဖြင့် သီဝရီတွေ တင်ပြ ဖော်ထုတ် ကြတဲ့ ပညာရှင်များ အထိ ) လေ့လာကြ၊ စူးစမ်းကြရင်း — ရုပ်ပိုင်း အချက် အလက် အများနဲ့ – အချိန်ကို – အနုမာန ယူဆ၊ ဖြေရှင်းကြတာက –

“Time is the fourth Dimension of Space.”

“အချိန်ဆိုတာ – ဒေသသဘော (Space) ရဲ့ စတုတ္ထအညွှန်းဘောင် ဖြစ်တယ်။” ဒီသဘော အပေါ်မှာ အပြည့်အဝ အခြေတည် ထားနေဆဲ ဖြစ်ပါတယ်။

ကနေ့ သိပ္ပံလောက အကြားမှာ အချိန်နဲ့ ပတ်သက်လို့ သီဝရီ အများအပြားနဲ့ ကျဉ်းရယ်၊ ချုံ့ရယ်၊ ဖြေရှင်း ကြတယ်။ ဒေသသဘောရဲ့ စတုတ္ထ အညွှန်းဘောင် — လို့ ဆိုရခြင်း အဓိပ္ပာယ်ဟာ — လေးနက်မှုကို ဖြေရှင်းတာ မဟုတ်၊ ပိုပြီး လေးနက်သွားစေတဲ့ အဆို ဖြစ် ပါတယ်။ ယခင် (၂၀ ရာစု အစောပိုင်း အထိ ) အချိန် (Time) နဲ့ ဒေသ (Space) ဟာ သီးခြားဖြစ်တဲ့ ဘက်နှစ်ဘက် သာ ဖြစ်ကြောင်း မြင် ထား တယ်။ လက်ရှိ သီဝရီ အများမှာ- အချိန်နဲ့ ဒေသသဘောဟာ တစ်ခုတည်း ဖြစ်ကြောင်း အခိုင်အမာ ညွှန်းဆို တယ်။ အဲ့ဒီ ဖြေရှင်း ချက် ဟာ – ပြေရှင်းသွားတာ မဟုတ်ဘဲ – ပိုပြီး လေးနက်တဲ့ အမြင် အယူအဆ တစ်ရပ် ဖြစ်လာပါတယ်။ အချိန်နဲ့ ပတ်သက်လို့ နက်နဲ မှု လေးနက် မှု ဟာ လျော့ပါး မသွားဘူး၊ ကနေ့အထိ ဆက်လက် ကျန်ရှိနေဆဲ ပဲ လို့ ဆိုလိုတယ်။ ရှေးအတီတေ ကစပြီး လေးနက် ခဲ့တဲ့ ဒီမေးခွန်း၊ ဒီအဖြေ တွေဟာ – ကနေ့ထက် တိုင် သိရခက်ဆဲ၊ လေးနက်နေဆဲ ဖြစ်ပါတယ်။

စိန့်ဩဂတ်စတင်းရဲ့ အဆိုတစ်ခု ရှိတယ်။

“I know what time is if nobody asks me; if somebody asks me then I don’t know”

“ဘယ်သူမှ မမေးတဲ့ အခါ ကျုပ် အချိန်ကို သိပါတယ်။ မေးလာပြီဆိုရင်တော့ – ကျုပ် မသိတော့ဘူး”

Psychological Time

အချိန်ကို သိပ္ပံသမားများလို ဖြေရှင်းဖို့ ကျနော် စိတ်မဝင်စားတဲ့ အတွက်၊ ဒုတိယ တစ်မျိုးနဲ့ ဖြေပါမယ်။ အဲ့ တစ်မျိုးက – ဘာဝနာ အားဖြင့်၊ ဘာသာတရား အားဖြင့် ရှုမြင်တဲ့ အချိန်ပါပဲ။ သူ့ကို – Psychological Time စိတ်ကူးထည်နဲ့ နွယ်တဲ့ အချိန်သဘော လို့ ဆိုပါစို့။

စိတ်ကူးထည်နဲ့ နွယ်တဲ့ အချိန်သဘော ဆိုပြီး စာစကား အရ အမြင်ခက်နေနိုင်တယ်။ ဒါပေမယ့် — အဓိကက – Mind is Time – စိတ်ကူး ထည် သာလျှင် အချိန် ဖြစ်တယ် – အဲ့ဒါလေးပဲ။ ဘာဝနာ အားကြောင့် ခင်ဗျား စိတ်နှလုံး ငြိမ်ဝပ်လာတဲ့ အခါ၊ (ဝါ) အတွေး စိတ်ကူး ထည် တို့ ငြိမ်ဆိတ်သွားတဲ့ အခါ – ခင်ဗျား အတွက် အချိန် ဆိုတာ သီးခြား ထပ်ရှိမနေတော့ ဘူးရယ်။ ပြင်ပ ရုပ်ဝတ္ထု နာရီ – တ တစ်တစ် သွားနေနိုင်ပေမယ့် – ခင်ဗျား သန္တာန် အတွင်းက နာရီ ရပ်တန့် သွားတယ်။ အချိန်လည်း ရပ်တန့်သလို၊ ခင်ဗျား လောကလည်း ရပ်တန့် နေ တယ်။ ဒီနေရာဟာ ကျနော် ဖြေဆိုလိုတဲ့ – ဘာဝနာ ရှုထောင့်က အချိန် ဖြစ်ပါတယ်။

အချိန်နှင့် စိတ်အတွေး

ဘာဝနာ ထုံမွှမ်းတဲ့ မိမိ သန္တာန်မှာ ပိုပြီး နက်ရှိုင်းအောင် သာ တိုးဝင် သွားကြည့်ပါ။ နက်နက်ရှိုင်းရှိုင်း ဝင်ရောက် နိုင်လေ – အချိန် ရဲ့ အညွှန်းဘောင် ပျောက်ကွယ် သွားလေ ဖြစ်ကြောင်း မြင်ပါတယ်။ ဘာဝနာ ပြည့်ဝ ပြီး တဲ့ အခါမှာတော့- ခင်ဗျား အတွက် အချိန် ဆိုတာ သီးခြား ရှာတွေ့ မနေဘူး။ ဖြစ်တည်ချက် အားလုံး၊ ဘဝလှုပ်ရှားမှု အားလုံး၊ သဘာဝ အားလုံး ဟာ – ရုတ်ခြည်း ပစ္စုပ္ပန် မှာသာ တည်ရှိ နေကြောင်း – သိမြင် တယ်။ ရုပ်ဝတ္ထု အပါအဝင် သဘာဝ အားလုံးဟာ ပစ္စုပ္ပန် တည့်တည့်မှာသာ ရှိနေပြီး၊ စိတ်ကူး အတွေး တွေ ကသာ – အတိတ်၊ အနာဂတ် ဖန်တီးခြယ်လှယ် ပါတယ်။

ရှေး Mystics ဆရာများဟာ – ဒီအကြောင်းကြောင့် – စိတ်နဲ့ အချိန်ကို ထပ်တူပြု ဟောပြောတာ ဖြစ်တယ်လို့ ကျနော် နားလည် ပါတယ်။ စိတ်ကူး ထည် နဲ့ အချိန်ဟာ သီးခြား မဟုတ်ဘူး၊ – စိတ်ကူး ရှိရင် – အချိန် ရှိလာပြီး၊ စိတ်ကူး ပျောက်ကွယ် ရင် အချိန် ပျောက် ကွယ်ပြီး ဖြစ် တယ်။ စိတ်ကူး၊ အိပ်မက်၊ အနုမာနတွေ ဟာ အချိန်ဆန့်တန်း ဖြန့်ကျက် နိုင်မှသာ ရှင်သန်တယ်။ – စိတ်ကူးနဲ့ အချိန်ဟာ ဒင်္ဂါး တစ်ပြားရဲ့ ခေါင်း၊ ပန်း မျက်နှာစာများ ဖြစ်ပြီး၊ အချိန်နဲ့ စိတ်ကူး အညမည မှီခိုနေတာ ဖြစ်တယ်- အချိန်သာလျှင် စိတ်ကူး တို့ ရှင်ကျန် တည်ရှိဖို့ တစ်ခုတည်းသော နည်းလမ်း ဖြစ်တယ် လို့ ဆိုလိုပါတယ်။

အတိတ်၊ အနာဂတ်

စိတ်ကူး က အနာဂတ် အချိန်ကို ဖန်တီးပါတယ်။ ဘာလို့ဆို – မျှော်လင့်ချက်၊ ဆန္ဒ၊ အိပ်မက် အလိုရမ္မက်တို့ တည်ရှိနေလို့ပဲ။ စင်စစ် ကြည့်ကြည့် စေချင် ပါတယ်။ အနာဂတ် ဆိုတာ – စိတ်ကူးထည် သက်သက်ကလွဲလို့ – အခြား အဖြစ် ရှိမနေဘူး ရယ်။

အလားတူ – စိတ်ဟာ အတိတ်ကိုလည်း တမ်းစွဲပြန်တယ်။ ဒါကိုလည်း ကြည့်ကြည့်ပါ။ အတိတ်ဟာ – မိမိ မှတ်သားမှု မှတ်ဥာဏ် အဖြစ်က လွဲလို့ အခြား ရှိမနေ ပြန်ဘူးရယ်။

အတိတ်ဟာ မရှိတော့သလို၊ အနာဂတ်ဟာ မရောက်သေး ပါဘူး – ဒါပေမယ့် အဲ့ဒီ အတိတ်ရော၊ အနာဂတ်ကိုပါ စိတ်အတွေးက ဖန်တီး သိမ်းပိုက် တယ်။ အတိတ်ကိုရော၊ အနာဂတ်ကိုပါ အရှိအဖြစ် မှတ်ယူလေ့ ရှိပါတယ်။ ဒီ အတိတ်၊ အနာဂတ် တည်ရှိလာတဲ့ အဖြစ်ကြောင့် ခင်ဗျား ဆီမှာ အချိန် ရှိနေရတော့တယ်။

ရှေးဆရာ အများဟာ – ကနေ့ ပိုင်းခြားသလို- အချိန်ကို သုံးပိုင်း မပိုင်းဘူး။ အတိတ်နဲ့ အနာဂတ် အဖြစ်- နှစ်ပိုင်းသာ ပိုင်းခြားလေ့ ရှိပါတယ်။ ဒါဆို – လက်ရှိ – ကျနော်တို့ သတ်မှတ်လေ့ ရှိတဲ့ အခုတည့်တည့် အချိန်က ဘာလဲ။

ယခု (ဝါ) Mind is Time.

The Present is Timeless because the present is mindless.

ပစ္စုပ္ပန် လို့ ပါဠိသက် ခေါ်တဲ့ အခုတည့်တည့်ဟာ – အတိတ်၊ အနာဂတ်နဲ့ မတူဘူး။ ဘာဝနာ ထုံမွှမ်းထားနိုင်သူ အတွက် – အခု တည့်တည့် တခဏ ဟာ အတွေး ရှိမနေပါဘူး။ ဒါ့ကြောင့် သူ့အတွက် အခုတခဏဟာ အချိန် အပိုင်းအခြား မဟုတ်ဘူး။ အချိန် အညွှန်းဘောင် က ကင်းလွတ်တဲ့ လက်ရှိ အဖြစ်၊ ဖြစ်တည်ချက် တစ်ခုသာ ဖြစ်တယ်။ အခုအချိန်၊ အခုနေရာ တည့်တည့် – (ယခုစာရှုသူ ဖတ်နေ တဲ့ စကားလုံး တည့်တည့်၊ အချိန်တည့်တည့် အပေါ် အသိ၊ သတိနဲ့ နေကြည့်ပါ) စိတ်ကူး၊ အတွေး မရှိ၊ အသိ သက်သက် သာ ဖြစ်နေသလို၊ အချိန် အညွှန်းဘောင်က လွတ်ကင်းနေကြောင်း သိမြင်နိုင်တယ်။ အချိန်ရဲ့ သဘောကို ကျော်လွန်တဲ့ – အတိတ်၊ အနာဂတ် တို့ အလွန်- သီးခြား လောက ဖြစ်တည်နေတာ တွေ့ရပါလိမ့်မယ်။

ဒါ့ကြောင့် ကျနော့ကို အချိန်ဆိုတာ ဘာလဲ ပြောပါလို့ ဆိုလာရင် — အဲ့အချိန်ဟာ ခင်ဗျား စိတ်၊ အတွေး က လွဲလို့ အခြား မဟုတ်ဘူးပဲ။ စိတ်ကူး အတွေးဟာ အတိတ် ဖြစ်ရပ်၊ မှတ်ဥာဏ်ကို ခြေကုပ် ယူပြီး၊ အနာဂတ် (မိမိ ဖြစ်လိုရာ၊ လိုလားရာ ဆန္ဒ) ကို ဖန်တီး ပုံဖော်တယ်။ အဲ့ဒီ လူ – ဖန်တီးတဲ့ အချိန်ဟာ – အဲ့ဒီ စိတ်ကူး အတွေးက လွဲလို့ လက်ရှိ အဖြစ် မဟုတ်နေဘူးရယ်။

အတိတ်ဟာ မရှိတော့သလို၊ အနာဂတ်ဟာ မရောက်သေးဘူး။ အလားတူ – မိမိ စိတ်ကူးအတွေးက ယခုလက်ရှိမှာလည်း တည်မနေနိုင်ဘူး ဆိုရင် — အဲ့ဒီ လူဟာ အရှိအဖြစ်ပေါ် တည်မနေသူ၊ မရှိတဲ့ အရာအပေါ်သာ မှီတွယ်နေသူ၊ ဗြဟ္မဏ၊ ဟိန္ဒူဝါဒ တို့အဆိုအရ – Maya အိပ်မက်လောကမှာသာ ရှင်သန် နေသူ သက်သက်ပဲ။

အပ္ပမာဒ

ဒါ့ကြောင့် ဗုဒ္ဓရဲ့ ညွှန်ကြားစကားမှာ – “အပ္ပမာဒေန သမ္ပာဒေထ” – မမေ့လျော့ခြင်း၊ အသိ၊ သတိရှိနေခြင်း ကို အထူးညွှန်းဆိုပါတယ်။ ကျနော် နားလည်တဲ့ အနက်အဓိပ္ပာယ်ဟာ- “Live in this moment” ယခုခဏ အတွင်း အသိသတိနဲ့ ရှင်သန်နေဖို့ ဖြစ်ပါတယ်။ ဘာလို့ဆို ယခုခဏ မဆိုင်း အပေါ် အသိ၊ သတိရှိ နေထိုင်ခြင်း ကသာ – အချိန်အညွှန်းဘောင်က လွန်မြောက်ဖို့ အကြောင်း ဖြစ်တယ်။ လက်ရှိ တည့်တည့် အသိရှိ နေထိုင်ခြင်း ကသာ ဘာဝနာ အစစ်အမှန် ဖြစ်တယ်၊ အတိတ်၊အနာဂတ် – အတုနယ်ပယ်က ကင်းလွတ်တယ်။ လက်ရှိ အဖြစ် အတွင်း သိမြင်မှု သက်သက်သာ ရှိပြီး – အချိန်အားလုံး လွန်မြောက်ပြီး ဖြစ်လို့ပါပဲ။

နိဂုံး

ဒါ့ကြောင့် အချိန်ကို – Chronological Time အရ မဆိုပဲ၊ Psychological Time အရပဲ ဖြေလိုပါတယ်-

Time is mind. Time is death. Going beyond time is going beyond mind and beyond death.

အချိန်ဟာ စိတ်အတွေးအကြံ ဖြစ်သလို၊ အချိန်ဟာ သေခြင်းမရဏလည်း ဖြစ်တယ်။ အချိန် ရဲ့ အညွှန်းဘောင်က လွတ်မြောက် လာခြင်း ဟာ – စိတ် အတွေးအကြံ က လွန်မြောက် လာခြင်း ဖြစ်သလို၊ သေခြင်း တရား က လွန်မြောက် လာခြင်း လည်း ဖြစ်ပါတယ်။

………………………..
The Guest သို့ ဦးညွှတ်ရင်း
……………………….
June 1st 2012 at 1:00 PM
……………………….
https://zayya.wordpress.com/
http://zayya.blog.com/
http://zayyah.blogspot.com/

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: