သင်္ချာဘုရင်မ

ဒီရက်ပိုင်း အတွင်း ငယ်ချစ် သင်္ချာ ဘက်သို့ ပြန်လှည့် ဖြစ်သည်။ ယင်းသို့ဖြင့် ငယ်စဉ်က အားပြုခဲ့၊ နှစ်ခြိုက်ခဲ့သော စာအုပ် များ ပြန်မွှေ ဖြစ် သည်။ လက်ရှိ အနီးဆုံး မှာ – အခြား Text များလည်း ရှိပါသည်။ သို့သော် သင်္ချာဖောင့်အားဖြင့် ဤအွန်လိုင်း မျက်နှာစာများသို့ မတင် တတ် သောကြောင့်၊ အကြမ်း ဖျဉ်း သမိုင်းကြောင်း တို့ကိုသာ စဉ်းစား ပါသည်။ သင်္ချာကိန်းဂဏန်း အက္ခရာများ ကို အတော်အတန် မသိလျှင် ပင် စိတ်ဝင် တစား ရှုကြည့်နိုင်သည့် စာများမှာ – ကျနော် တို့ ကို သင်္ချာ ပညာ မြတ်နိုး စိတ် မြေတောင် မြှောက်ပေး ခဲ့သည့် W.W.Sayer၊ E.T.Bell၊ J.R.Newmann၊ G.H.Hardy၊ ဆရာဒေါက်တာ ခင်မောင်ဝင်းနှင့် ဆရာ လွဏ်းမောင် တို့ စာများ ဖြစ်သည်။

လွန်ခဲ့သော ဆယ့်ငါးနှစ်ကျော် က ဆရာ လွဏ်းမောင် သည်- ဂျီဩမေတြီ၊ အက္ခရာသင်္ချာ၊ ဂီတ၊ နက္ခတ္တ ဟူ၍ ရှေးခေတ် ခွဲခြား ခဲ့သည့် သင်္ချာလက်ခွဲ လေးခု ကို အများ စိတ်ဝင်စားလွယ်အောင် တစ်ခုချင်းကို တစ်အုပ်ချင်း ရေးသားရန် ကြိုးပမ်း လိုခဲ့သည် ဆိုပါသည်။ “လူဖြစ်တာ ယူကလစ်ပညာ လေ့လာဖို့” – ဂျီဩမေတြီ၊ “သင်္ချာဘုရင်မ” – အက္ခရာသချာင်္ (ဂဏန်းသင်္ချာ) တို့တွင်သာ ထွက်ရှိ ခဲ့ပြီး၊ “သင်္ချာပညာရှင်တို့၏ ကောင်းကင်ဘုံ ပျောက်ဆုံးသွားပြီလော” ဖြင့် အချို့ကိုလည်းကောင်း၊ အခြား သင်္ချာ ပဟေဠိများကို မဂ္ဂဇင်း စာမျက်နှာများဖြင့် လည်းကောင်း စသဖြင့် တင်ပြ ထားခဲ့သည်မှ အပ၊ အားမလို အားမရ ရှိခဲ့ သည်။ ရည်မှန်း ထားသည့် အတိုင်း ကြိုးပမ်းဆဲ – ကွယ်လွန် သွား ခဲ့ရ သည် ဖြစ်၍ – ဂီတနှင့် နက္ခတ္တ ကို မအောင်မြင် ခဲ့ – ဟု သိထားရပါသည်။

ယခု စာမှာ – ၎င်း၏ “သင်္ချာဘုရင်မ” မှ ကောက်နှုတ်ပြီး၊ မိတ်ဆက်တွင် ဦးမြင့်ဟန်၊ ပညာရေး သုတေသန ဗျူရို က ဆရာ လွဏ်းမောင်နှင့် ပတ်သက်၍ ဤသို့ ရေးသားခဲ့သေးသည်။

သင်္ချာဘုရင်မ စာအုပ် ပြုစုသူ ဦးလွဏ်းမောင်ကို ပုဂ္ဂိုလ်ရေး အရ အတွင်း ကျကျ သိပါသည်။ သူသည် သင်္ချာ မြတ်နိုးသူ တစ်ယောက် – “ဘယ်မျှ မြတ်နိုးပါသလဲ” ဟု မေးလာပါအံ့ ။ အတိတ်၏ အရိပ်တစ်ခုကို ဖော်ပြပြီး အဖြေပေးရပါမည်။

တစ်နေ့တွင် သူသည် အမြင့် ၆ ပေ ခန့် မီးခံသေတ္တကြီးတစ်လုံး ဝယ်လာသည်။ “ခင်ဗျားမှာ စိန်ရွှေ ရတနာတွေ မရှိဘဲ ဘာလုပ်ဖို့လဲဗျ” ဟု ကျွန်တော် က နောက်လိုက် သည်။ “စိန်ရွှေ ရတနာထက် အဖိုးတန်တဲ့ ပစ္စည်းတွေ ထည့်ဖို့ ဝယ်တာဗျ” ဟု ပြန်ဖြေပါသည်။ မီးခံ သေတ္တာကြီး နေရာချပြီးသည့် အခါ သင်္ချာစာအုပ်တွေကို တစ်ကန့်စီ ထည့်ထားသည်ကို တွေ့ရတော့မှ သူသည် စိန်ရွှေ ရတနာတွေထက် သင်္ချာကို ပိုပြီး မြတ်နိုး တန်ဖိုးထားသူ တစ်ယောက်ဟု ကျွန်တော် ကောက်ချက်ချမိသည်။

ကောက်နှုတ်ထားသော အောက်ပါ စာသည် – ဂဏန်း သင်္ချာ အကြောင်း – ဆိုသည်ထက် – ဂဏန်းသင်္ချာ သမိုင်းနှင့် ယင်း အပေါ် သဘောထား ၏ မိတ်ဆက် မျှသာ ဖြစ် သည်။ အခြား ပုံများနှင့် လိုလားသူ အချို့ အတွက် လက်လှမ်းမီ သမျှ Ebook များကို မူ သီးသန့် ပူးတွဲ ထည့်သွင်းသည်။

ဇေယျ
……………………………

သင်္ချာဘုရင်မ

(၁)
သမိုင်းမတင်မီ ခေတ်ကြီး ကုန်ဆုံးပြီးနောက် သမိုင်းတင်ခေတ်ဦး လောက်မှ စ၍ လူသည် ယဉ်ကျေးမှုကို ပျိုးထောင်တတ်လာသည်။ ယဉ်ကျေးမှု ကို စနစ်တကျ စတင် ပျိုးထောင် ခဲ့ကြသည့် လူ့အဖွဲ့အစည်း များ အနက် အိန္ဒိယ လူ့အဖွဲ့အစည်းနှင့် ဂရိ လူ့အဖွဲ့ အစည်း နှစ်ရပ် သည် ရှေ့တန်းသို့ ရောက်ခဲ့ကြသည်။ ယင်း လူ့အဖွဲ့ အစည်း နှစ်ရပ်သည် အခြားလူ့အဖွဲ့အစည်း များ ထက် ရှေ့ သို့ ခြေ တစ်လှမ်း ရောက်နေရခြင်းမှာ ယင်းတို့၏ ယဉ်ကျေးမှု၌ ဒဿန၊ သင်္ချာနှင့် သိပ္ပံအသိများကို ထည့်သွင်း နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည် ဟု ကောက်ချက် ချပါသည်။

၆၀၀ ဘီစီ မတိုင်ခင်ကပင် အိန္ဒိယ ရှိ ဟိန္ဒူ လူ့အဖွဲ့အစည်း ၌ သင်္ချာကို တရင်းတနှီး လုပ်ဆောင် နေပြီ ဖြစ်ကြောင်း ကိုလံဘီယာ တက္ကသိုလ် မှ သင်္ချာ ပညာ ဒေါက်တာ ဘွဲ့ရ “ခရမ်းမား” Dr. Kramer က “သင်္ချာ၏ ပင်မရေစီး” (Main Stream of Mathematics) အမည် ရှိ ကျမ်း၌ ထည့်သွင်း ဖော်ပြထား၏။ ထိုကျမ်းတွင် အရှေ့ကမ္ဘာ၊ အနောက်ကမ္ဘာ ရှိ ရှေးဦး လူ့အဖွဲ့အစည်း အသီးသီးတို့ သင်္ချာအပေါ် အလေးထားခဲ့ကြပုံများကို စုံလင်အောင် ပုံပြင် ဇာတ်နိပါတ် က အစ ထည့်သွင်း ဖော်ပြ ထားသည်။

“ဗုဒ္ဓဘာသာဝင်တို့ အလေးထားတတ်ကြသည့် ကျမ်းဂန် တစ်ဆူ ဖြစ်သော “လာလိတဝိစတိရ” ၌ ဖော်ပြ ထားသည် မှာ –

“ဗုဒ္ဓ အလောင်း အလျာ သည် ထိမ်းမြားမင်္ဂလာ ပြုချိန် ရောက်သော အခါ ရည်ရွယ်ထားသော သတို့သမီးလောင်း ‘ဂိုပ’ (Gopa) ၏ ခမည်းတော်က မိမိ၏ သမီးတော်နှင့် စုံဖက် လိုသူ ပေါင်း ငါးရာ ရှိနေ၍ အားလုံး အတွက် အရည်အချင်း စစ် စာမေးပွဲ တစ်ရပ် ကျင်းပ မည် ဟု မိန့်တော်မူသည်။ ဖြေဆို ရမည့် ဘာသာရပ် များမှာ – စာပေ အရေးအသား၊ ဂဏန်းသင်္ချာ၊ တေးဂီတနှင့် လေးအတတ် ဟူ၍ လေး ဘာသာ ဖြစ်သည်။ ထိုလေးဘာသာ စလုံး ၌ အခြား ပြိုင်ဘက် အားလုံး အပေါ် အောင်နိုင်ပြီးနောက် ဗုဒ္ဓလောင်းလျာ သည် ထိုခေတ် က အလွန် ကျော်ကြားလှသည့် သင်္ချာပညာရှင်ကြီး “အာဇုန” နှင့် ထပ်မံ ယှဉ်ပြိုင်ရသည်။ အာဇုန က ဗုဒ္ဓလောင်းလျာ အား သိပ္ပံနှင့် စပ်ဆိုင်သော ဗဟုသုတ တစ်ခု ကို ထုတ်ဖော်ပြသ ရန် တောင်းဆို သည်။

“ထိုအခါ ဗုဒ္ဓလောင်းလျာက တစ်မိုင်နှင့် ညီမျှသော ရှေးခေတ် ဟိန္ဒူ အကွာအဝေး အတိုင်းအတာ ရောက်အောင် အခြေခံ အဏုမြူ တို့ကို တွက်ချက် ဆက်စပ် ပြသည်။ အခြေခံ အဏုမြူ ခုနှစ်လုံးသည် အလွန်သေးငယ်သော မြူမှုန် တစ်လုံးကို ဖွဲ့စည်း ပေးသည်။ ဤ အလွန် သေးငယ်သော မြူငယ် ခုနှစ်လုံးသည် အတန် အသင့် သေး ငယ်သော မြူမှုန် တစ်လုံးကို ဖွဲ့စည်း ပေးပြန်သည်။ ဤ အတန် သင့် သေးငယ်သော မြူမှုန် ခုနှစ်လုံး သည် လေတွင် လွင့်မျောတတ်သော မြှူမှုန် တစ်လုံးကို ဖွဲ့စည်း ပေး ၏။ ဤနည်း အတိုင်း တစ်မိုင် အလျား ပြည့် သည့် တိုင်အောင် ဖြေဆိုပြ ခဲ့သည်။

“စာရင်းပါ ခုနှစ် (၇) အားလုံး၏ မြှောက်လဒ် ဂဏန်းလုံးရေ (၅၀) ပါရှိသော ဧရာမ ကိန်းဂဏန်းကြီး တစ်လုံးကို ပေးရပေလိမ့်မည်။ ဗုဒ္ဓ အလောင်း အလျာ ၏ အခြေခံ အဏုမြူသည် ခေတ်သုံး အဏုမြူ ထက် ပမာဏ လွန်စွာ ကြီးသေးသည် ဟု စောဒက တက်လိုက တက်နိုင် ပါ၏။ သို့သော် ၆၀၀ ဘီစီက ဟိန္ဒူတို့၏ သိပ္ပံပညာသည် ကြီးမားသော ကိန်းဂဏန်များနှင့် ပတ်သက်၍ မစိမ်းကြောင်း၊ အဆန်းတကြယ် မဟုတ်သည့် အကြောင်း ကိုသာ လျှင် ပြလိုရင်း ဖြစ်သည်” ဟု ခရမ်းမားက ဆိုသည်။

(၂)
၆၀၀ ရာစု ဘီစီ ကာလတွင် ဂရိ လူ့အဖွဲ့အစည်း ၌ ဒဿန၊ သင်္ချာနှင့် သိပ္ပံတို့ အထူးတလှယ် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ “ဂဏန်း သင်္ချာ၊ ဂီတ၊ ဂျီဩမေတြီ နှင့် နက္ခတ္တ ပညာ လေမျိုးစပ် ကွာဒရီဗီယမ်” ကို “သင်္ချာ” ဟု ပိုက်သာဂိုရ က သတ်မှတ်သည်။ ယင်းသင်္ချာကို “ဘဝ လမ်းညွှန် ဒဿန” အဖြစ် ၎င်းက ပြဋ္ဌာန်းခဲ့သည်။ ပိုက်သာဂိုရက –

“ကိန်းသီအိုရီ (ဂဏန်းသင်္ချာ) ကို လေ့လာခြင်းသည် အကျိုးအမြတ် နည်းပါးလွန်းသည် ဆိုခြင်းမှာ မှန်သည်။ သို့ရာတွင် ဤ လမ်းစဉ် သည် ဘဝသံသရာ မှ လွတ်မြောက်ရေး၊ ဘဝတစ်ဖန် ပြန်မဖြစ်ရေး လမ်းစဉ် ဖြစ်၏” ဟု ယုံယုံကြည်ကြည် ဆိုခဲ့၏။

ဤနေရာတွင် “သီအိုရီ” ဟူသော ဝေါဟာရအကြောင်း၊ ယင်းဝေါဟာရ အရေးပါလာပုံအကြောင်းကို အနည်း အကျဉ်း လေ့လာကြည့် သင့်သည်။ “သီအိုရီ” Theory သည် မူလက “အော့ဖစ်” Orphist ဘာသာရေး ဂိုဏ်းဝင်များ၏ အသုံးအနှုန်း ဖြစ်သည်။ ဂရိဗေဒ ပညာရှင် “ကွန်းဖို့”က – သီအိုရီ ဟူသည် မှာ -အသက်တမျှ မြတ်မြတ်နိုးနိုး ရှာဖွေ အားထုတ်မှု ဟု ဖွင့်ဆို ဖော်ပြ၏။ တစ်နည်း – “အရာခပ်သိမ်း အပေါ် ကြည့်ရှု ရှာဖွေ အားထုတ်နေ သူကို ထာဝရ ဘုရားသခင် အပေါ်ခံစားခြင်း နှင့် တစ်သဘော တည်း ထားသည်။ ၎င်း သေဆုံး ပျောက် ကွယ် ခြင်း သည် ဘုရားသခင် ချုပ်ငြိမ်း ပျောက်ကွယ် သွားခြင်း ဖြစ်ပြီး၊ ၎င်းဘဝ သစ် တစ်ဖန် ပြန်ဖြစ်ခြင်း ၌ ဘုရား သခင် တစ်ဖန် ရှင်သန်ပြန်သည်” ဟု ဆိုခြင်း ဖြစ်သည်။

ပိုက်သာဂိုရ အဖို့ – “အသက်တစ်မျှ မြတ်မြတ်နိုးနိုး ရှာကြံအားထုတ်မှု” Theory ဟူသည် ပိုင်းခြားသိတတ်သော တိဟိတ်ဉာဏ်နှင့် ပတ်သက် သည်ဟု ယူဆသည်။ သင်္ချာဆိုင်ရာ သိမြင်မှု အတွင်း၌ ယင်းအဓိပ္ပာယ်သည် ကောင်းစွာ ပေါ်ထွက်လာ၏။ ဤသို့ဖြင့် ပိုက်သာဂိုရ ဝါဒမှ တစ်ဆင့် ဖြတ်သန်းလာခဲ့ရာ “သီအိုရီ” သည် တစ်စ တစ်စ မျက်မှောက်ခေတ် အဓိပ္ပာယ်သို့ ကူးပြောင်းလာခဲ့သည်။ သို့ရာ တွင် ပိုက်သာဂိုရ၏ လှုံ့ဆော်မှု အောက်၌ ရောက်နေကြသူ အများ အတွက် အခြေခံ မူ တစ်ခုကို ဘဝင် တကျ စွဲစွဲမြဲမြဲ ဆုပ်ကိုင် မိစေသည်။

ဤဝေါဟာရ ဖွင့်ဆိုချက်သည် ကျောင်းသင်ခန်စာ များ၌ စိတ်မပါ့တပါ အနည်းငယ်မျှ သင်ကြားဖူးသူ များ အဖို့ ထူးဆန်းလှချည့်၊ အဓိပ္ပာယ် မရှိ ဟု မြင်ကောင်း မြင်နေနိုင် သည်။ သို့သော် သင်္ချာချစ်သူများ အတွင်း သင်္ချာက ပေးသည့်အတွေ့အကြုံ ရင့်ကျက်သူများ အတွက် ဤဝေါဟာရ သည် နှစ်လိုဖွယ် အတိရှိ၏။

လက်တွေ့ မျက်တွေ့ ဝါဒီ ဒဿန ပညာရှင်မျာသည် ရုပ်၏ ကျေးကျွန် သဖွယ် ဖြစ်နေကြပြီး သင်္ချာပညာရှင် တစ်ဦး အတွက်မှာမူ ဂီတ ပညာရှင် တစ်ဦးနှင့် ပမာတူသည်။ စီစဉ်တကျ လှပစွာ တည်ဆောက်ထားသော စိတ်ကူး လောက၏ လွတ်လပ်သော ဖန်ဆင်းရှင် တစ်ဦး ဖြစ် လျက် ရှိသည်။

ပိုက်သာဂိုရသည် ကမ္ဘာ့ပထမဆုံး သင်္ချာကျောင်းကြီးကို တည်ထောင်ပြီး “သီအိုရီ ပညာရှင်များ” – “သီအိုရီယန်” များ ကို မွေး ထုတ်ပေးခဲ့သည်။ မျိုးဆက်သစ် မွေးထုတ် နည်းကို အဦးဆုံး ကြံစည်ခဲ့သည် ဟုလည်း ယူဆနိုင်ပါသည်။ ဂိုဏ်းဝင် အပေါင်း တို့ ကျင့်ကြံ နေထိုင်ရမည့် သဘောကိုလည်း – ဥပမာငယ် တစ်ခုပေး၍ သွန်သင် ပြသ ခဲ့သေးသည်။

“ဂရိတွင် အိုလံပစ်ပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ ရှိသည်။ ဤပွဲတော် ကျင်းပချိန်တွင် – ပွဲတော်သို့ လူအများ လာရောက် သည် ဖြစ်၍ – ရောင်း ဝယ်ဖောက်ကား မှု စီးပွားရှာရန် အလို့ငှာ ရောက်လာသူများ ရှိသည်။ အိုလံပစ် ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင် မည့် သူများ ရှိသည်။ စီးပွားရေး အလို့ငှာ လည်း မဟုတ်၊ ဝင်ရောက်ယှဉ်ပြိုင်သူ လည်း မဟုတ် – ပွဲကြည့်ရန် အလို့ငှာ သက်သက် လာ သူများလည်း ရှိသည်။ ပိုက်သာဂိုရက ၎င်း အသင်းသား များ ၏ သဘောထားမှာ ထိုကဲ့သို့ ပင် – ပြိုင်ပွဲကို ကြည့်ရှုရုံ သက်သက်၊ လေ့လာရုံသက်သက်၊ အကဲခတ်ရုံ သက်သက် လာရောက် ကြည့်ရှုသူ များ ကဲ့သို့ နေထိုင်သွားရမည် ဟု သွန်သင်၏။ အကျိုး အမြတ် တစ်စုံတစ်ရာ ကိုမျှ မျှော်ကိုးမှု မရှိစေဘဲ ဤလောကသို့ လေ့လာကြည့်ရှု ရုံသက်သက် သာ ဘဝကို အသုံးချသွား ကြရန် ဖြစ် သည်။”

“ဥရောပ ဒဿန နှင့် သင်္ချာပညာကို ထူထောင်ပေးရာတွင် ပိုက်သာဂိုရသည် သင်္ချာဒဿန အမွေများစွာနှင့် ကံစွပ်မိသော မှန်းဆချက် များလည်း ပေး ခဲ့သည်။ ကံစွပ် မိသော ဟု သုံးရခြင်းမှာ – ယင်းသို့သာ မဟုတ်ပါက အရာတို့၏ အတွင်းကျဆုံး အပိုင်း သို့ ဖောက် ထွင်း မြင်နိုင် ၍ အနာဂတ်ကို ကြိုတင်ဟောကိန်း ထုတ်နိုင်သလော၊ မဟိဒ္ဓိ ပုဂ္ဂိုလ်ထူး တစ်ဦး၏ ဉာဏ်အလင်းပင် ဖြစ်ခဲ့လေသလော” ဟု အင်္ဂလိပ် သင်္ချာပညာရှင် ဝှိုက်ဟက် (A.N.Whitehead) က အံ့ဩဘနန်း ရေးသားဖော်ပြခဲ့သည်။

(၃)

ပိုက်သာဂိုရ ၏ “သင်္ချာ” ဖွင့်ဆိုချက်နှင့် ရည်ရွယ်ချက်ကို ဆက်လက် ကျင့်သုံးခဲ့သူ အထင်ကရ ပုဂ္ဂိုလ်မှာ ပလေတို (Plato) ဖြစ်သည်။ “သင်္ချာ ကို နားလည် သိမြင်အောင် စိုက်လိုက် မတ်တပ် အားထုတ် ခြင်းသည် ဘဝအတွက် (ကောင်းကျိုးချမ်းသာ) ဖြစ်၏” ဟု ပလေတို ကလည်း ဟောပြောပို့ချ ၏။ “ကောင်းကျိုးချမ်းသာ” ဟူသည်နှင့် ပတ်သက်၍ ပလေတို၏ ဟောပြောပွဲကို တက်ရောက် နားထောင်သူ အများဆုံး ဖြစ်ခဲ့ ဖူးသည် ဟု အရစ္စတိုတယ်လ်က ဇာတ်ကြောင်းပြန် ပြောပြတတ်သည်။

ယင်းဟောပြောပွဲသို့ တက်ရောက်သူတိုင်းက မျှော်လင့်ထားသည်မှာ ကံကြမ္မာနှင့် ပတ်သက်သော (ဝါ) ဓနဥစ္စာ ရတနာ ကြွယ်ဝခြင်း နှင့် ပတ်သက်သော (ဝါ) ကျန်းမာရေး နှင့် ပတ်သက်သော (ဝါ) ခွန်အားကြီးမားခြင်း နှင့် ပတ်သက်သော လက်ဆောင်တစ်ရပ် စသဖြင့် အကျိုး ရှိစေမည့် တစ်စုံတစ်ခုကို ပလေတို က ဟောပြော လိမ့်မည် ဟူသော မျှော်လင့်ချက်မျိုး ဖြစ်သည်။ တကယ် လက်တွေ့ ဟောပြောသော အကြောင်း အရာ မှာ သင်္ချာ၊ ဂီတ၊ ဂျီဩမေတြီ နှင့် နက္ခတ် ပညာတို့ သာ ဖြစ်နေ၍ ပရိသတ် က အလွန်အံ့အား သင့်သွား ခဲ့ရ သည် ဆို၏။ ထိုအရာတို့ကို ပြုလုပ်လျှင် အမှန်ပင် ဘဝအတွက် ကောင်းကျိုးချမ်းသာ ကို ရရှိမည်ဟု ပလေတိုက နိဂုံး ချုပ် ပြောကြား ခဲ့သည် ဆို၏။

ထိုသို့ ဟောပြောခြင်းကြောင့် တက်ရောက်သူ တစ်ချို့က ပလေတိုအား လှောင်ပြောင်၍ တစ်ချို့က အပြစ်တင်သွားကြသည် ဆိုသည်။ လူအများစုက မယုံကြည် မနှစ်မြို့ သည့်တိုင်အောင် ပိုက်သာဂိုရ ၏ ကွာဒရီဗီယမ် သည် ဆက်လက် စိတ်ဝင်စားသူ များထံ၌ ရှင်သန် နေဆဲ ဖြစ်သည်။

(၄)

“သီအိုရီကို ရှာကြံနိုင်သော ဉာဏ်ကြီးရှင်များ ဖြစ်အောင် ပြုမူ နေထိုင်သွားကြပါ” ဟူသော ပိုက်သာဂိုရ၏ တိုက်တွန်း သွန်သင်ချက်သည် သူ၏ ဂိုဏ်းဝင်များ သာမက၊ ဂိုဏ်းဝင်မဟုတ်သော အခြား ဂရိများ အပေါ်မှာပါ လွှမ်းမိုးမှု ရှိခဲ့သည်။ ယင်းလွှမ်းမိုးမှု အစွဲအလမ်းကြောင့် ဂရိတို့ သည် သင်္ချာ အသိပညာကို ရှာဖွေ ကြသော်လည်း ကုန်ထုတ် လုပ်ငန်း တွင် လည်းကောင်း၊ ကြီးပွား ချမ်းသာရေး အတွက် လည်းကောင်း အသုံး မပြုခဲ့ကြချေ။ အသိပညာသည် အသိပညာ အတွက်သာ ဖြစ်သည်ဟု ရည်စူး ကြ သည်။ အသိပညာသည် လူ့ အကျိုးပြု အတွက် ပင် ဖြစ်မလာခဲ့။ ယင်း အသိပညာကို လက်တွေ့တွင် အသုံးချမိပါက အလွန်နိမ့်ကျသော အဆင့် သို့ လျော့ချ သွားပြီ ဟု ယုံကြည် ကြသည်။

ယူကလစ် (Euclid) လက်ထက်တွင် တပည့်တစ်ဦးက “ဂျီဩမေတြီ ပညာဖြင့် လက်တွေ့ အဘယ်အကျိုး ကျေးဇူးများ ခံစားရ ပါမည် နည်း” ဟု ညည်း တွား ဆိုသည် ကို ကြား၍ ယူကလစ်က အစေခံ တစ်ဦးကို “ဟေ့ ဟိုသူငယ်ကို ပိုက်ဆံ တစ်ပြား ပေးလိုက်စမ်းပါ။ ငါ့ဆီ လာပြီး ပညာသင်ရတဲ့ အကျိုး ကျေးဇူးကို သူ လက်ငင်း ခံစား ရပါစေ” ဟု ထေ့ငေါ့ဖူးသည်။ ယင်း ဖြစ်ရပ်သည် ယင်းခေတ် အချိန်က သင်္ချာ အသိသညာ အပေါ် မည်မျှ ခံယူထားကြကြောင်း မီးမောင်းထိုးပြလျက် ရှိ၏။

“သီအိုရီယမ် တစ်ဦးသည် နေ့စဉ် လက်တွေ့ဘဝ၏ အထက်ကသာ နေရသည်” ဟု ပိုက်သာဂိုရ ၏ သတ်မှတ်ချက်ကို ဂရိတို့က အစဉ် တစိုက် လိုက်နာခဲ့ကြသည်။ ပိုက်သာဂိုရ (Pythagoras)၊ ပလေတို (Plato)၊ ယူဒိုဇတ် (Eudoxus)၊ ယူကလစ် (Euclid) နှင့် အာခိမိဒိ (Archimedes) အစရှိသော ပညာရှင် အဆက်ဆက် သည် ဤလမ်းစဉ် အတိုင်း ကျင့်သုံးခဲ့ကြသည်။ သို့ရာတွင် အာခိမိဒိ လက်ထက်တွင် အနည်းငယ် ပျက်ယွင်းစ ပြုလာပြီ ဟု ဆိုနိုင်သည်။ အဘယ် ကြောင့် ဆိုသော် အာခိမိဒိသည် ထိုအယူအဆကို လက်ခံထား သူ ဖြစ်သော် လည်း အချို့ကိစ္စတို့၌ လက်တွေ့ လုပ်ကိုင် အသုံးချမိသည်များ ရှိ၏။ ထိုသို့ ပြုလုပ်မိသည့် အတွက် မိမိ ကိုယ်ကိုယ် ရှက်လွန်းလှ၍ လုပ်ဆောင်ချက်များကို မှတ်တမ်း မထားခဲ့ ဟု အဆို ရှိ၏။

(၅)

ပလေတို ၏ တပည့်ဖြစ်သူ အရစ္စတိုတယ် ၏ ဒဿန များက ပိုက်သဂိုရ နှင့် ပလေတို တို့၏ ဒသနများကို အနှစ်နှစ်ထောင် နီးပါးမျှ လွှမ်းမိုး ဖုံးကွယ် သွားခဲ့ပြန်သည်။ ဆက်ခံသူ ကြိုးကြား ရှိသော်လည်း ပိုက်သာဂိုရ နှင့် ပလေတို ၏ ဒဿန အများစုမှာ အနှစ်-နှစ်ထောင် နီးပါး မျှ ငုပ်လျှိုး နေခဲ့ ရပေသည်။ ထိုသို့ ဖုံးကွယ် နေခဲ့ကြသော ဒဿနများ ပြန်လည် ထွက်ပေါ်လာသော အဖြစ်အပျက်သည် ကမ္ဘာ့ သမိုင်းတွင် မှတ်တိုင် တစ်တိုင် ဖြစ်ခဲ့သည်။ ထိုအဖြစ်အပျက်သည် ခေတ်တစ်ခေတ် အဖြစ် သတ်မှတ် ခံရလောက်အောင် လည်း ဩဇာ ကြီးမား၏။ ကမ္ဘာ့ သမိုင်း ပညာရှင်များက ထိုခေတ်ကို ရီနေဆန်းခေတ် ဟု ကမ္ဗည်း ထိုးခဲ့ကြသည်။ ပြန်လည် ဆန်းသစ်ရေး ခေတ်ဟု လည်းကောင်း၊ ဉာဏ်သစ်လောင်း အရေးတော်ပုံ ခေတ် ဟုလည်းကောင်း ခေါ်ဆိုကြပါသည်။

ထိုအချိန်တွင် အီတလီ၌ လူသားဝါဒီ (Humanist) များ ပေါ်ထွန်းသည်။ လောကတွင် လူသည် အဆင့်မြင့်ဆုံး ဖြစ်၍ လောက အကြောင်း ကို သိချင်လျှင် လူ ကို လေ့လာ ရပေမည်။ လူ့နှလုံးသား ၌ ခံစားရသော ဝေဒနာကိုလည်း နားလည်ရပေမည်။ လူ၏ စိတ်ကူးဉာဏ် ကွန့်မြူး သလောက် လူ့လောကသည် သာယာဝပြော လာပေလိမ့်မည်။ စိတ်ကူးကောင်း ရဖို့ ဆိုလျှင် ရှေးဟောင်း ဂရိ တွေးခေါ်ရှင် ပိုက်သာဂိုရ နှင့် ပလေတို တို့၏ အတွေးအခေါ်တို့ကို မြတ်နိုး တတ်ရပေဦးမည်။ သို့ဖြစ်၍ ပိုက်သာဂိုရ နှင့် ပလေတိုတို့ အမှူး ပြုသော ဒဿန ပညာရှင်များ၏ ဒဿန အမြင်ပေါင်း များစွာကို ပြန်လည် လေ့လာကြမည်။ ဤသို့ အမြင်ရှိသူများ ပေါ်ထွန်းလာခဲ့ကြသည်။

အီတလီ လူသားပဓာန ဝါဒီများသည် အတွေးအခေါ် မှန်လျှင် အလွန် တန်ဖိုး ထားကြသည် ဖြစ်၍ ပိုက်သာဂိုရ နှင့် ပလေတို တို့၏ သင်္ချာအမွေ အနှစ်များကို မက်မက် မောမော ပြန်လည် လက်ခံလာကြသည်။ တစ်ချိန်တည်း မှာပင် အနှစ် နှစ်ထောင် နီးပါး ဩဇာ ညောင်းခဲ့သော အရစ္စတိုတယ်၏ အယူအဆ များကို စိစစ် ဖယ်ရှားပစ်ပယ် လာကြသည်။ ထိုသို့ အရစ္စတိုတယ် ၏ ဩဇာကို ဖယ်ရှား လာခြင်း နှင့် ပိုက်သာဂိုရ၊ ပလေတိုတို့၏ အတွေးအခေါ်များ ပြန်လည် ဖော်ထုတ် လာကြခြင်း တို့၏ အကျိုး ရလာဒ် သည် ၁၆ ရာစု နှင့် ၁၇ ရာစု အတွင်း သိပ္ပံနည်းကျ စူးစမ်းမှု များကို တွန်းအားပေးသော အရင်းခံ အကြောင်းတရား တစ်ရပ် ဖြစ်ခဲ့၏။ ရီနေးဆန်း ခေတ် (Renaissance ) အီတလီ ဗိသုကာ အတတ်ပညာ ဆိုင်ရာတို့၌ လက်တွေ့ပိုင်းကို ကြည့်ကြည့်၊ သဘောတရား ပိုင်းကို ကြည့်ကြည့် ဤအချက်မှာ ပေါ်လွင်လျက် ရှိ၏။

အရာဝတ္ထု များ နောက်ကွယ်ရှိ သဘောတရား ပိုင်းကို နားလည် ဆုပ်ကိုင် မိသည်နှင့် တစ်ပြိုင်နက် ဤသည့် အကျိုးအားနိသင်က သူ့ ပတ်ဝန်းကျင် အပေါ် စွမ်းဆောင်နိုင်သော စွမ်းရည်သစ်များကို ပေးပါသည်။ တစ်နည်းအားဖြင့် ထိုအကျိုး အာနိသင်သည် လူသား အား ဘုရား သခင် နှင့် ပိုတူလာအောင် ဖန်တီးပေးသည် ဟု ယူဆကြသည်။ ပိုက်သာဂိုရ ဂိုဏ်းသားတို့က ထိုကဲ့သို့ သူမျိုးကို အလွန် ကြီးမြတ်သော သင်္ချာပညာရှင်ကြီး အဖြစ် ရှုမြင်လေ့ ရှိကြသည်။ အကယ်၍ လူသည် အတိုင်း အတာ တစ်ခုအတွင်း လေ့ကျင့်နိုင်စွမ်း ရှိ လျှင် လည်းကောင်း၊ သူ၏ သင်္ချာကျွမ်းကျင်မှုကို တိုးပွားစေနိုင်လျှင် လည်းကောင်း ထိုသူသည် ကိုးကွယ်ရာ အဆင့်တစ်ခုခုသို့ နီးကပ်ရောက် လာခဲ့သည် ဟု ဆို၏။ ပိုက်သာဂိုရ ၏ ဤအမြင်သည် အီတလီ လူသား ဝါဒီတို့ ကြားတွင် ပြန်လည် ရှင်သန်လာခဲ့သည်။

အထူးသဖြင့် ပိုက်သာဂိုရ ၏ ဂီတမှ ဆင်းသက်လာသော ဟာမိုနီ သီအိုရီကို ရီနေးဆန်းခေတ်၌ ပြန်လည်ဖော်ထုတ် တိုးချဲ့လာခဲ့သည်။ ဤအချက်သည် ကြီးထွား စ ပြုနေသော ခေတ်သစ် သိပ္ပံပညာ အတွက် အေးမြကြည်သာသော အသိဉာဏ် ပညာပိုင်း အရုဏ်ဦး သဖွယ် ဖြစ်ခဲ့သည်။ ၁၇ ရာစုသို့ ကူးပြောင်းချိန်တွင် သိပ္ပံပညာ၌ ခွန်အား လက်နက်တို့နှင့် ပြည့်စုံလာခြင်းမှာ ဤသည်တို့နှင့် ဆက်နွယ်နေ ပါ၏။ သိပ္ပံပညာ တစ်စခန်း ထမှုသည် ရီနေးဆန်းခေတ် ပိုက်သာဂိုရ ဝါဒ အပေါ် တိုက်ရိုက် အားဖြင့် လည်းကောင်း၊ သွယ်ဝိုက် အားဖြင့် လည်းကောင်း အခြေခံလေသည်။

အနုပညာနှင့် သိပ္ပံပညာ တို့၏ လုပ်ငန်း နယ်ပယ် နှစ်ခု အကြားတွင် ဆန့်ကျင်မှု ဟူသည် မရှိပေ။ ထိုလုပ်ငန်း နှစ်ခုသည် နယ်ပယ်များစွာ အတွင်း၌ ကိန်းဂဏန်း များဖြင့် ဖြတ်သန်း၍ သစ္စာတရား နောက်သို့ လိုက်ခဲ့ကြသည်။ ရှာဖွေလေ့လာမှု၌ အခက်အခဲ ကြုံတွေ့သူ တစ်စုံတစ်ယောက်သည် ကိန်းတို့ ၏ အဆင်အပြင်မျာကို ပိုင်းခြားလေ့လာ ရသည်။ ဤအမြင်သစ်ဖြင့် လောကကို ချဉ်းကပ်ခဲ့သည်။

အဘယ်ကြောင့် ဆိုသော် သူတို့ ကြုံတွေ့နေကြရသော ပြဿနာသည် ထိုခေတ် ကျောင်းတော် များတွင် နေရာ ရရှိနေသော အရစ္စတိုတယ် ၏ ဝါဒနှင့် အရင်းခံမှ စ၍ ခြားနားနေကြသောကြောင့် ဖြစ်၏။ သင်္ချာကို အလေးမထားဘဲ ပစ်ပယ်သော အရစ္စတိုတယ်၏ ဝါဒ အစား လေ့လာနည်း အသစ်ကို ကိုင်စွဲကြ ရခြင်း ဖြစ် သည်။ ပြဿနာ သစ်များသည် ကျောင်းတွင်း ပြဋ္ဌာန်းချက် များ အပေါ် အမှီ သဟဲ မပြုပေ။ တရားသေ မဟုတ်သည့် ပြဿနာ များ ဖြစ်ပြီး ကိန်းများ၏ သိပ္ပံပညာ အပေါ် အမှီသဟဲ ပြုနေ၏။ ဤပြဿနာ မျိုးများကို ကြုံတွေ့ လာခဲ့ရသည်မှာ အချိန် အတော်ကြာလာခဲ့ပြီ ဖြစ်၏။ နယ်ပယ် အားလုံးလောက်မှာ လိုလိုပင် အဆင့်ကျော်ပြီး လုပ်ကိုင် နေရ သည့် အန္တရာယ် ကို အမြဲလိုလို အမှတ်ရနေခဲ့ကြသည်။ ထို့ကြောင့် ပြန်လည် ဆန်းသစ်ရေးသည် မလွှဲမရှောင် သာ ပေါ်ပေါက်လာ ခဲ့ရခြင်း ဖြစ် သည်။

ဤတွင် လိုအပ်သည်ထက် ပိုမို လွန်ကဲသော ကိစ္စများလည်း ပါရှိခဲ့သည်။ အခြားမဟုတ်။ နားလည်ရန် ခက်ခဲသော ဂမ္ဘီရ ဆန်ဆန် သင်္ချာ စိတ်ကူးယဉ်မှု များ ကိစ္စ ဖြစ် သည်။ ကိန်းများ အပေါ်၌ အင်းအိုင်ခလှဲ့ များက မှီခိုနေသည် ဆိုသော အယူသည်းမှု၊ အစွဲအလမ်းများ တစ်နည်း ကိန်းများကို အင်းအိုင်သင်္ကေတ အဖြစ် မှတ်ယူနေမှု များပင် ဖြစ်သည်။ ဤအယူသည်းမှုများက အချိုးတူ သီအိုရီ ကို နောက်ပိုင်း ရာစုများ၌ ဂုဏ်သိက္ခာ ညှိုးနွမ်းစေခဲ့သည်။ ဤစိတ်ကူးယဉ်မှု များသည် နိယာမများနှင့်လည်း ဆန့်ကျင်သည်။ သို့ရာတွင် ယနေ့ခေတ် အထိ ယင်းအယူသည်းမှုများက ဆက်လက် ရှင်သန်နေဆဲ ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ ရီနေဆန်းခေတ် ကို ဖန်တီးခဲ့သော စည်းမျဉ်း အလှည့်အပြောင်း ကိစ္စသည် မဝေးသော အနာဂတ် အတွက် ထူးခြားသော စွမ်းဆောင်မှုများကို ပေါ်ပေါက်စေခဲ့သည်။

ပိုက်သာဂိုရ နှင့် ပလေတို တို့၏ ကောင်းမွေများကို ပြန်လည် ဆန်းသစ်နေချိန်၌ ကျမ်းစာများကို ပုံနှိပ်ဖြန့်ချီနိုင်ခြင်း၊ သင်ယူပုံ ဆန်းသစ်ခြင်း တို့သည် ၁၇ ရာစု အတွက် ကြီးမားသော ဒဿန စနစ်ကို လမ်းခင်းပေးလိုက်သည်။ ထို့ပြင် သိပ္ပံတော်လှန်ရေးကြီး ကိုလည်း စတင် ပေါ်ပေါက်စေ ခဲ့သည်။ ခိုင်မြဲနေသော အရစ္စတိုတယ် ၏ ရူပဗေဒနှင့် ယုတ္တိဗေဒ တို့ကို တစ်စတစ်စ ဖယ်ရှားခြင်း၊ ပိုက်သဂိုရ ဝါဒ ကို အနည်းနှင့် အများဆိုသလို အခြေခံ ပြန်ယူခြင်း တို့သည် အမှန်တရားကို ပြီးပြည့်စုံအောင် လုပ်နိုင်ရေး အတွက် ယေဘုယျ အကျဆုံး နှင့် စွမ်းအင် အကြီးဆုံး အဆိုကြမ်း တစ်ခုကို ရှာဖွေ တွေ့ရှိစေခဲ့သည်။

အီတလီ လူသား ဝါဒီတို့ ပိုက်သာဂိုရ ဝါဒနှင့် ထိတွေ့မိသောကြောင့် ပိုလန် အမျိုးသား နက္ခတ္တဗေဒ ပညာရှင် ကော်ပါးနီးကပ် (၁၄၇၃ – ၁၅၄၃ ) သည် နေစကြဝဠာ စနစ်မှန် ကို ထုတ်ဖော်နိုင်ခဲ့သည်။ ၁၇ ရာစု အစပိုင်းသို့ ရောက်သော အခါ ပိုက်သာဂိုရ ဝါဒကို အရူးအမူး လက်ခံသူ ဂျာမန်အမျိုးသား နက္ခတ္တဗေဒ ပညာရှင် “ကက်ပလာ” က ဂြိုလ်သွားလမ်းမှန် သဘောကို ရှာဖွေနိုင်ခဲ့ပြန်သည်။

(၆)

၁၇ ရာစုတွင် ဉာဏ်ကြီးရှင် အများအပြား ပေါ်ထွန်းလာသည့် အလျောက် သင်္ချာကိုင်းကွဲတိုင်း၌ တိုးတက်မှု အသီးသီး ရရှိလာခဲ့သည်။ သင်္ချာကိုင်းကွဲ များစွာ ရှိသည့် အနက် ရိုးရိုးသင်္ချာ (Pure Mathematics) သည် အခြား အသိပညာများမှ ကင်းကင်းရှင်းရှင်း ရှိနေသော အမျိုးအစား ဖြစ်သည်။ တစ်ဖန် ဂဏန်း သင်္ချာ သည် ရိုးရိုးသင်္ချာတွင်မှ အရိုးရှင်းဆုံး ဖြစ်သည်ဟု ယူဆပြန်သည်။ အရိုးဆုံး ဖြစ်သောကြောင့် လည်း ဂဏန်းသင်္ချာကို လွယ်ကူသည်ဟု မှတ်ယူထား တတ်ကြသည်။ လက်တွေ့ကြုံနေရသည့် အခြေခံ အဆင့် ၌ ဂဏန်းသင်္ချာ သည် လွယ်ကူနေသည်မှာ ထင်ရှားသော်လည်း အခြေခံ အဆင့်ကို ကျော်လွန်သည့် အပိုင်းတို့၌ကား အလွန် ခက်ခဲ လာသည်။

အခြေခံ အဆင့်ထက် ကျော်လွန်သော ဂဏန်းသင်္ချာ နယ်ပယ်ကို “ကိန်း သီအိုရီ” Theory of Number ဟု ခေါ်ကြသည်။ ကိန်းသီအိုရီ ၏ အခြေခံ စည်းမျဉ်း ဥပဒေသ များ နှင့် လုပ်ထုံးလုပ်နည်း များသည် အဓိပ္ပာယ် သတ်မှတ် ဖော်ပြရန်ပင် ခက်ခဲ၏။ ကိန်းသီအိုရီ သည် နက်နဲသော အတွေးသမား များ၏ စွမ်းရည်ကို အစဉ် တောင်းခံ လျက် ရှိသည်။ ကိန်းဂဏန်း တို့၏ အဓိပ္ပာယ်ကို ကလေးတစ်ယောက် နားလည်အောင် ပင် ဖော်ပြနိုင်သည်။ သို့သော် ယင်းတို့၏ နက်နဲသော သရုပ်တို့ကို ကိန်းသီအိုရီ ဆိုင်ရာ ပြဿနာ များက ရာစုနှစ်ပေါင်း များစွာ ဟန့်တား အာခံခဲ့ကြသည် ချည်းဖြစ်သည်။

ကိန်းသီအိုရီသည် သင်္ချာပညာရှင်များ ဖော်ထုတ်သော ပညာရပ် ဖြစ်သော်လည်း ယင်းသင်္ချာပညာရှင်များကိုပင် အဟန့် အတား ဖြစ်စေ ခဲ့သည်။ အချို့အရာ များလောက်ကို သာလျှင် သင်္ချာပညာရှင် များ တွေးခေါ်နိုင်ခဲ့သည်။ ကိန်းသီအိုရီ ၏ ဂုဏ်အင်္ဂါ များကို အဓိပ္ပာယ် သတ်မှတ် ဖော်ပြရာတွင် လည်းကောင်း၊ ယင်းတို့၏ အပြုအမှု အကျင့် စရိုက် များကို သတ်မှတ် ပြဋ္ဌာန်း ရာတွင် လည်းကောင်း ပုံသေနည်း များ၏ အကျုံးဝင်မှုကို သိမြင်ရန် သင်္ချာပညာရှင် များ ပြင်းပြင်းထန်ထန် စိန်ခေါ်ခံ ၊ အဖိနှိပ် ခံနေရဆဲ ဖြစ်သည်။

သင်္ချာ နယ်ပယ် ပေါင်း များစွာ၌ ထူးချွန်သော “ဂေါက်” Gauss သည် ကိန်းသီအိုရီ ၏ ထူးခြားအံ့ဩဖွယ်များကို ထိုးထွင်း သိမြင်ခဲ့သည်။ ၁၈၄၁ ခုနှစ် တွင် ပြုစုရေးသား ခဲ့သော သူ၏ ကျမ်းသည် – အဆင့်မြင့် ဂဏန်းသင်္ချာနယ်တွင် မရှိမဖြစ် အရေးပါသော ကျမ်းဖြစ် ၏။ ပြောင်မြောက်သော ထိုကျမ်းထဲမှ ကိုယ်ပိုင် တီထွင်ချက်တစ်ချို့၌ သူ ကိုယ်တိုင် ကြိုတင်မမြင်နိုင်လောက်အောင် ပိုမို ကျယ်ပြန့်သော ထူးခြားမှု များ ပါရှိခဲ့သည်။ ယင်းမှာ ထပ်တူညီ အသိသညာ သဘောတရား (Notation of Congruence) ဖြစ်သည်။

ဂဏန်းသင်္ချာ နှင့် ပတ်သက်၍ ၁၈၄၉ ခုနှစ်တွင် “ဂေါက်” က တပည့်ဖြစ်သူ “အိုင်စင်စတိန်း” ၏ ကျမ်းအမှာ၌ မိမိအမြင် ကို ရေးပြ ခဲ့ဖူးသည်။ ယင်းကျမ်းကို ဂျာမန် ဘာသာ မှ အင်္ဂလိပ်ဘာသာသို့ အိုင်းရစ်သင်္ချာပညာရှင် အိတ်-ဂျေ-စမစ် (H.J.Smith) (၁၈၂၆ – ၁၈၈၃) က ဘာသာ ပြန်ဆိုထားသည်။

“အဆင့်မြင့် ဂဏန်းသင်္ချာသည် ကျွန်ုပ်တို့အား မကုန်မခန်းနိုင်သည့် သိုလှောင်ရုံကြီး တစ်ခုကို လက်ဆောင်ပေးအပ်ထား၏။ ယင်း သိုလှောင်ရုံကြီး ၌ စိတ်ဝင်စား ဖွယ် ကောင်းသော မှန်ကန်ချက် များ တစ်ခုနှင့် တစ်ခု ကင်းကွာမနေဘဲ နီးကပ် ဆက်နွယ်လျက် ရှိ၏။ သိပ္ပံ ပညာရပ် ၏ မရပ်မနား တိုးတက်မှု တစ်ခုစီနှင့် အတူ ယင်းတို့ကြား အဆက်အစပ် များသည် ကျွန်ုပ်တို့ မျှော်လင့် မထားသည့် အသစ်များ ဖြစ်ကြ သည်။

“အရေးပါသော အဆိုများဆီသို့ ခြုံယူဆင်ခြင်နည်းဖြင့် ကျွန်ုပ်တို့ အလွယ်တကူ ရောက်လာနိုင်သော ထူးခြားချက် တစ်ခု ရှိသည်။ ယင်း ထူးခြားချက် မှာ နောက်ဆက်တွဲ ဆွဲဆောင်မှု တစ်ရပ်ကို ဂဏန်းသင်္ချာသီအိုရီ ၏ အထင်ကရ အပိုင်းများက ရယူ ခဲ့ခြင်း ဖြစ် သည်။

“ယင်းအဆိုများသည် ရိုးရှင်းနေပုံ ရသော်လည်း ကောက်နှုတ်ချက် အများ အပြား ပြုလုပ် ပြီးသည့် နောက်တွင် ပင် ထင်ရှားပေါ်လွင်သော သက်သေပြချက် မျိုး ရှာတွေ့နိုင် ခဲလှ၏။ အချည်းနှီး ဖြစ်ခဲ့ ရသော အားထုတ်မှု များစွာ ရှိခဲ့ပြီး သက်သေပြ ချက် များ သည် အလွန်နက်ရှိုင်း စွာ တည်ရှိနေဆဲ ဖြစ်၏။

“ငြီးငွေ့ဖွယ်ကောင်းပြီး အစစ်အမှန် မဟုတ်သော နည်းများဖြင့် သက်သေပြချက်မျာကိုလည်း ရရှိတတ်သည်။ သက်သေပြချက် နှင့် ပတ်သက်သော ရိုးရိုးနည်းများသည် ကျွန်ုပ် တို့ ထံမှ ကာလ ရှည်ကြာစွာ ပုန်းရှောင်နေကြဆဲ ဖြစ်သည်။” ဟူ၍ ကိန်းသီအိုရီ၏ ခက်ခဲပုံ ကို ရေးသား ဖော်ပြထားသည်။

ကိန်းသီအိုရီ ၏ ခက်ခဲမှုကို နဖူးတွေ့ ဒူးတွေ့ ကြုံရဖန်များလာရသော “ဂေါက်” သည် ဂဏန်းသင်္ချာ ၏ အဆင့်မြင့်မားပုံကို ရှင်းရှင်း လင်းလင်း သိမြင်လာခဲ့သည် ဖြစ်၍ “သင်္ချာသည် သိပ္ပံ၏ ဘုရင်မ၊ ဂဏန်းသင်္ချာသည် သင်္ချာ၏ ဘုရင်မ”ဟု ချီးမြှင့် ကင်ပွန်းတပ်သည် အထိ ဖြစ် ခဲ့သည်။

သင်္ချာ သည် သိပ္ပံပညာ၏ ဘုရင်မ ဖြစ်သည် ဆိုသည့်အတိုင်း ယင်းသည် အခြားအသိပညာ ကိုင်းကွဲများနှင့် မဆက်ဆံ မိအောင် ရှောင်ရှား ဖို့ ကြိုးပမ်းနေတတ်သည်။ ထိုအထဲမှ ဒဿန စစ်စစ် ရိုးရိုးသင်္ချာကို သင်္ချာပညာရှင်များ ပိုမို တန်ဖိုးထားခဲ့ကြသည်။

ထို့ကြောင့် သင်္ချာပညာရှင်များ ၌ အုပ်စု နှစ်စု ကွဲခဲ့သည်။ တစ်မျိုးမှာ သင်္ချာဘာသာ အသီးသီးတို့ကို သိပ္ပံ ဘာသာရပ် တစ်မျိုးမျိုး ၌ အသုံးကျအောင် အားထုတ်သူ သင်္ချာပညာရှင် များကို “အသုံးချ သင်္ချာပညာရှင်” များဟု ခေါ်သည်။ ကျန်တစ်မျိုးမှာ သင်္ချာကို ဒဿန သဘော လေ့လာသည့် သင်္ချာပညာရှင်များ ဖြစ်ကြသည်။ ယင်း တို့ကို ရိုးရိုး သင်္ချာပညာရှင်များ ဟု ခေါ်ကြသည်။

အသုံးချသင်္ချာ ကို အလေးပေးသူ နှင့် ရိုးရိုးသင်္ချာကို အလေးပေးသူ ဟူ၍ အချင်းချင်း ဆန့်ကျင် ဘက်ပြိုင်မှုများ ရှိလာခဲ့ကြသည်။ ဤသို့ ဖြစ်နေမှုကို ပပျောက်သွားစေရန် ရည်သန်လျက် “ရိုးရိုးသင်္ချာ နှင့် အသုံးချ သင်္ချာ နှစ်ရပ် တွဲဖက် ကွန်ဂရက်” တစ်ရပ်ကို ကျင်းပ ခဲ့ကြ သေးသည်။ ထိုကွန်ဂရက်တွင် ဂျာမန် အမျိုးသား သင်္ချာ ပညာရှင် ဒေးဗစ်ဟီးလ်ဗတ် David Hilbert (၁၈၆၂ – ၁၉၄၃ ) ကို အဖွင့် မိန့်ခွန်း မြွက်ကြားပေး ပါရန် ပန်ကြားခဲ့ကြသည်။ ဟီးလ်ဗတ်က –

“ရိုးရိုးသင်္ချာနှင့် အသုံးချ သင်္ချာတို့သည် တစ်ခုနှင့် တစ်ခု ရန်ဘက်များ ဖြစ်ကြသည်ဟု ကျွန်ုပ်တို့ မကြာခဏ ဆိုခဲ့ကြသည်။ ဤသည် မှာ မမှန်ကန်ပေ။ ရိုးရိုးသင်္ချာနှင့် အသုံးချသင်္ချာတို့သည် တစ်ခုနှင့် တစ်ခု ရန်ဘက်များ မဟုတ်ကြပါ။ ရိုးရိုးသင်္ချာနှင့် အသုံးချ သင်္ချာ တို့ သည် ဘယ်သောအခါမှလည်း တစ်ခုနှင့် တစ်ခု ရန်ဘက် များ ဖြစ်ကြ လိမ့်မည် မဟုတ်ပါ။ အဘယ်ကြောင့် ဆိုသော် ထိုနှစ်ခုကြား၌ ဘုံတူညီချက် ဟူ၍ ဘာဆို ဘာမှ မရှိခြင်းကြောင့် ဖြစ်ပါသည်” ဟု ခပ်ရှင်းရှင်း မိန့်ဆိုခဲ့သည်။

ဂျီဩမေတြီ တွင် ရှေးဂရိသင်္ချာပညာရှင်တို့ ထားခဲ့သော အခက်အခဲ ဟူသမျှကို ယနေ့ခေတ် သင်္ချာပညာရှင် များ ကျော်လွှားနိုင် ခဲ့ကြသည်။ သို့ရာတွင် ဂဏန်းသင်္ချာ၌မူ ဂရိတို့ ထားခဲ့သော အခက်အခဲများထဲမှ အများစုကို ယခုခေတ် သင်္ချာ ပညာရှင် များ ကျော်လွှားနိုင်ခြင်း မရှိကြသေး သည်က များနေဆဲ ဖြစ်သည်။ မလျော့သော ဇွဲ လုံ့လဖြင့် နည်းလမ်းသစ်များ တီထွင်လုံးပန်း ကြရပေဦးမည်။

ကိန်းသီအိုရီ ခေါ် ဂဏန်းသင်္ချာနှင့် သင်္ချာပညာရှင်တို့ အကြောင်း ကို ၁၉၂၉ ခုနှစ်တွင် ဒစ်ဆန် က ကိန်းသီအိုရီ နိဒါန်း ကျမ်း တစ်စောင် ထုတ်ဝေ ခဲ့သည်။ ထိုကျမ်းအမှာ၌ –

“နှစ်ဆယ်ရာစု အတွင်း ကိန်းသီအိုရီသည် ထိပ်တန်းသင်္ချာပညာရှင်များနှင့် ထောင်ပေါင်းများစွာသော အပျော်တမ်း ဝါသနာရှင်မျာ သုတေသန ပြုကြသော အကြိုက်ဆုံး ဘာသာရပ် ဖြစ်လျက် ရှိပြီး မကြာသေးမီ က စူးစမ်းချက် များသည် ရှေးယခင် စူးစမ်း ချက် များ နှင့် နှိုင်းယှဉ် လျှင် သာလွန် သည် ကို တွေ့ရ ပါ၏။ နောက် အနာဂတ် အဖို့၌ ရှာဖွေ တွေ့ရှိ ဦးမည့် အချက်အလက် များသည် အတိတ် က တွေ့ရှိပြီးသား များ ထက် အပုံကြီး သာလွန်ပေလိမ့်ဦးမည်” ဟု မြှောက်ပင့်ရေး ခဲ့သော်လည်း – ဂဏန်း သင်္ချာ သည် သင်္ချာ ဘုရင်မ အဖြစ် အမြင့် တစ်နေရာ တွင် ဆက်လက် တည်ရှိနေပေ လိမ့်ဦးမည်။

~ လွဏ်းမောင်
………………….
Ebooks

World of Mathematics – James R. Newman
4 Volumes in One.

Download Link – http://www.mediafire.com/?xiacf14owcea7sx/
……………
AN eminent mathematician once remarked that he was never satisfied with his knowledge of a mathematical theory until he could explain it to the next man he met in the street. That is hardly exaggerated; however, we must remember that a satisfactory explanation entails duties on both sides. Anyone of us has the right to ask of a mathematician, “What is the use of mathematics?” Anyone may, I think and will try to show, rightly suppose that a satisfactory answer, if such an answer is anyhow possible, can be given in quite simple terms. Even men of a most abstract science, such as mathematics or philosophy, are chiefly adapted for the ends of ordinary life; when they think, they think, at the bottom, like other men. They are often more highly trained, and have a technical facility for thinking that comes partly from practice and partly from the use of the contrivances for correct and rapid thought given by the signs and rules for dealing with them that mathematics and modem logic provide. But there is no real reason why, with patience, an ordinary person should not understand, speaking broadly, what mathematicians do, why they do it, and what, so far as we know at present, mathematics is.
……………………..

A Mathematician’s Apology – by G.H.Hardy.
~ The book inspir’d on non-mathematics in field of Pure Mathematics which I do so much loved.

Download Link – http://www.mediafire.com/?f1qp7hsgqkyngfi
…………..
It is a melancholy experience for a professional mathematician to find himself writing about mathematics. The function of a mathematician is to do something, to prove new theorems, to add to mathematics, and not to talk about what he or other mathematicians have done. Statesmen despise publicists, painters despise art-critics, and physiologists, physicists, or mathematicians have usually similar feelings: there is no scorn more profound, or on the whole more justifiable, than that of the men who make for the men who explain. Exposition, criticism, appreciation, is work for second-rate minds. I can remember arguing this point once in one of the few serious conversations that I ever had with Housman. Housman, in his Leslie Stephen lecture The Name and Nature of Poetry, had denied very emphatically that he was a ‘critic’; but he had denied it in what seemed to me a singularly perverse way, and had expressed an admiration for literary criticism which startled and scandalized me.

……………….
https://zayya.wordpress.com/
http://zayya.blog.com/
http://zayyah.blogspot.com/
……………….

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: