စောရ နှင့် နာဂါဇုန

Q: ဘာဝနာပဲ ပြောပြီး၊ အကျင့်သီလ စောင့်ထိန်းမှု နဲ့ ပတ်သက်လို့ ဘာမှ ပြောတာ မတွေ့ရဘူး။ ကိုယ်ကျင့် သိက္ခာမှာ- ဘယ်ဟာ မှန်ပြီး ဘယ်ဟာ အမှားလို့ ဘယ်လို ဆုံးဖြတ်မလဲ။

A: ဘယ်ဟာ အမှား၊ ဘယ်ဟာ အမှန် ပါ ဆိုတာ တွေ ကို ဆိုင်ရာ ဘာသာရေး အားလုံး မှာ ကိုယ်စီ သတ်မှတ် ပြဌာန်း ထား တယ်။ “ဒါ လုပ်ပါ – ဟိုဟာ မလုပ်နဲ့။ ဒါ ကုသိုလ်၊ ဟိုဟာ အ ကုသိုလ်၊ ဒါ က ကိုယ်ကျင့်သီလ၊ ဟိုဟာ က ဖောက်ပြားမှု အပြစ် – စသဖြင့် ခွဲခြား ပြော ကြား ထားပြီး ဖြစ်ပါ တယ် ။ ဒါပေမယ့် အဲ့ဒီ ခွဲခြား သတ်မှတ် တာ ဟာ မှန်တယ် လို့ ကျနော် မမြင်ဘူး။ ဒါ့အပြင် အဲ့ဒီ သတ်မှတ် ခွဲခြား၊ ပညတ် ချက် ဟာ စင်စစ် အကျိုး သက်ရောက်မှု မရှိနေ ဘူးရယ်။

ဘဝ တစ်ခုလုံး ဟာ အမြဲ ပြောင်းလဲ နေပါ တယ် ။ ခင်ဗျား တခဏလေး စိုက်ကြည့်ရုံနဲ့ ကိုယ့် ဘာသာ သိနိုင်တယ်။ ဘယ် အရာ မှ မကျိန်းသေ ရင်တောင် – ပြောင်းလဲနေ တဲ့ ဖြစ်စဉ် ကတော့ ကျိန်းသေ ရှိကို ရှိ နေတယ်။ ခင်ဗျား အပါအဝင် အရာရာ တိုင်း ဘယ် တစ်ခုမှ မချွင်းမချန် ဆက်ခါ ဆက်ခါ ပြောင်းလဲ နေ တယ်။ အဲ့ဒီ အပြောင်း အလဲ တွေ ကြားထဲမှာ – ဒါကို အမှန်၊ ဟိုဟာ ကို အမှား လို့ – Ready-made အဖြေတွေ – ခင်ဗျား ဘယ်အကြောင်းနဲ့ ယူထား မလဲ။ ဘယ်လို ယူထား မလဲ။ အသင့် ထုပ်ပိုး ပြီးသား အဖြေတွေ နဲ့ ခင်ဗျား ရှေ့မှာ ရှိမယ့် အပြောင်းအလဲ တိုင်း၊ ဖြစ်ရပ် တိုင်း ကို ဘယ်လို ရင်ဆိုင် မလဲ။

ဒီကြား ထဲ က – “ဘယ်လို အခြေ အနေ ဖြစ်ဖြစ် ဒါပဲ လုပ်ရမယ် – ဒါမှ အမှန်ပါ” လို့ ကျနော် က ပြောမယ် ဆိုပါစို့။ ခင်ဗျား လည်း ကျနော့ ကို ခင်မင်ရတဲ့ မိတ်ဆွေ တစ်ဦး မို့ ချစ်ခင် ယုံကြည် လို့၊ လက်ခံ စွဲမြဲ ထားမယ် ဆိုပါစို့။ ခင်ဗျား ကိုယ်တိုင်တောင် မသိတဲ့ ဖြစ်ရပ် တစ်ခု ကြုံ ဆုံတဲ့ အခါ – ကျနော် ပြောမယ့် အဲ့ဒီ Moral Code နဲ့ – ခင်ဗျား ဘယ်လို ရင်ဆိုင် မလဲ။ ခင်ဗျား ကိုယ်တိုင် အသိ မပါဘဲ – မှတ်သား မိလို့ သက်သက် – လုပ်ရတဲ့ အလုပ် ဟာ ခင်ဗျား ရင်တွင်းထဲ Dilemma သာ ပေါ်ပေါက်သွား ဖို့ ရှိတယ်။ ခင်ဗျား အတွက် အဟန့် အတား သာ ဖြစ်နေ ပါလိမ့်မယ်။

ဘာသာရေး အားလုံး နီးပါးဟာ အဲ့ဒီ ကိုယ်ကျင့် ဗေဒ အမှန်တွေ၊ အမှားတွေ ကို – ကိုယ်စီ ကိုယ်စီ ရေး မှတ် ပြဋ္ဌာန်း ထားပြီး သားရယ် ။ သီလတွေ၊ ပညတ်တော် တွေ ထုတ်ထား တယ်။ အဲ့ဒါ ကြောင့် လည်း အဲ့ဒီ ဘာသာတရားတွေ ပေါ်ထွန်းပြီး နှစ်ပေါင်း ထောင်ချီ ကြာမြင့် လာတဲ့ ယခုထက် တိုင် – ကနေ့ လူ့အဖွဲ့အစည်းမှာ အမှန်တွေ – အမှားတွေ မေးနေရတုန်း။ တွန်းထိုး ခြေတင် ပြုနေ ရတုန်း ပဲ။ ခေတ်တွေ သာ အဆက်ဆက် ပြောင်း လာခဲ့တယ်။ လူတွေ ဘာဖြစ်လာ သလဲ။ ကြိုတင် မှတ်သား ပြီး အဖြေ မူသေ တွေနဲ့ – နှလုံး မပါ၊ အသိ မရှိ၊ စက်ရုပ်တွေ သာ ဖြစ်လာ ခဲ့တယ်။ ကြည့်ကြည့်ပါ။ အကလေးငယ် တောင် ပညတ်တော် တွေ၊ ကို ပြောပြ နိုင် ပါ တယ်။

ပညတ်တော် တွေ ကို ရေရွတ် ရင်း ဘယ် အကြောင်း အကျိုး မှ များများ စားစား ထောက်ပြ စရာ မလို ဘူး။ – Instruction တွေ အလွယ် တကူ ပေးနိုင် တယ်။ ဒီလို နဲ့ ကနေ့ လူ အများ ဟာ ရာစုနှစ် နဲ့ ချီ – ဝန်စုတ်ကြီး ထမ်း လာ ခဲ့တယ်။ အချက်အလက် တွေ ကို အသိမပါဘဲ ဥစ္စာသိမ်းသလို သော့ခတ် သိမ်းလာ ကြတယ်။ ဒါပေမယ့် ဗုဒ္ဓ၊ ခရစ်၊ ဂျုဒ၊ မိုဟာမက်ဒ် တို့ ချမှတ်ထားတဲ့ ကိုယ့်ကျင့် စည်းမျဉ်း တွေမှာ – တစ်ခုနဲ့ တစ်ခု ညီမျှတာတွေ မညီမျှတာတွေ ရှိတယ်။ ခင်ဗျား ဘယ်လို သွားပြီး ရင်ကြားစေ့ မလဲ။ ဒီကြား ထဲမှာ ကနေ့ အထိ တွန်းထိုး နေ တဲ့ ပညတ် သတ်မှတ်ချက် – အရာတွေ အများအပြား ထပ်ကာ ထပ်ကာ ထွက်ရှိနေဆဲ ဖြစ်ပါတယ်။

ကျနော် ပုံပြင် တစ်ပုဒ် ပြောကြည့် ပါမယ်။ အဲ့ပုံပြင် ကနေ ကျနော် ဖြေလိုတဲ့ အဖြေ ရနိုင်မယ် ထင်တယ်။

နာဂါဇုန ဆိုတဲ့ သူတော်စင်ကြီး တစ်ပါး ရှိပါတယ်။ သူ့ဆီမှာ အလှူခံ စားမယ့် ခွက်အညစ် (သပိတ်) တစ်လုံးကလွဲရင် – အခြား ဘာမှ မရှိဘူး။ ဒါပေမယ့် သူ့ကို မင်းဧကရာဇ် တွေ ကလည်း လေးစား တယ်။ သူကြွယ် သူဌေး တွေကလည်း အမြတ်တနိုး ရှိတယ်။ အဲ့ဒါနဲ့ အလား တူ – မင်းမိဖုရား၊ သူဌေး ကတော် တွေ ကလည်း မြတ်နိုး ကိုးကွယ် ကြတယ်။ တစ်နေ့ – နာဂါဇုန မြို့တွင်း ဆွမ်းခံ ထွက်တော့ – မင်းမိဖုရားက လာ ကန်တော့ တယ်။ “အရှင် နာဂါဇုန။ အရှင့်မှာ – ခွက်ဟောင်းလေး တစ်လုံးနဲ့ လှည့်လည် အလှူခံ နေရ တာကို တပည့်တော်မ မကြည့်ရက် နိုင် ဖြစ်ရပါတယ်။ အရှင် ဟာ ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ပါ။ ဘုရင်တကာ ဦးခိုက်ရတဲ့ သူတော်စင်ကြီး တစ်ပါးပါ။ တပည့်တော်မ အရှင့်အတွက် ရွှေသပိတ် တစ်စုံ လှူဒါန်း လိုတဲ့ အာသီသ ရှိပါတယ်။ ဒီ ရွှေသပိတ်မှာ – စိန် ကျောက် နီလာ တွေ စီချယ် ထား တယ်။ တစ်တိုင်းပြည် လုံးက – အဖိုးအထိုက်ဆုံး ရတနာ တွေ ပေါင်းစု ထားပါတယ် အရှင်။ ချီးမြှောက်သော အားဖြင့် မငြင်းပယ်စေလိုပါ။ လက် ခံတော် မူပါ” လို့ ပြောတယ်။

ဒီ မိဖုရားရဲ့ စိတ်အတွင်း မှာတော့ – ဒီ အရှင်နာဂါဇုန ဟာ သူတော်စင်ကြီး ဖြစ်တဲ့ အတွက် – ဒီလို ရွှေငွေ ရတနာတွေကို ငြင်းပယ် လိမ့်မယ်လို့ တွေးထင်ထားပါတယ်။ “ငါ ဟာ ရွှေငွေ တွေနဲ့ မအပ်စပ်တဲ့ သူတော်စင် ပါ။ စည်းစိမ် ဥစ္စာကို စွန့်ပယ် ထားပြီး ငါ့အတွက် ဒါတွေ မလိုအပ်ပါ” လို့ ဒီ သူတော်စင်ကြီး အငြင်းစကား ဆိုမှာပဲ လို့ တစ်ဖက်မှာ တွေးထားပြီးသားပဲ။ ဒါပေမယ့် တကယ့် လက်တွေ့မှာ – နာဂါဇုန က မဆိုင်းမတွပဲ – “ကောင်းပြီ၊ ချစ်သမီး၊ ငါ့သပိတ်ဟောင်းကို သင့်ထံ စွန့်ကြဲလိုက်ပြီ။ ရွှေသပိတ်ကို ပေးတော့”

မိဖုရား လည်း အံ့အားသင့် သွားတယ်။ သူ တွေးထား၊ ထင်ထားတာနဲ့ တစ်ခြားစီ ဖြစ်နေ တာမို့ -စိတ်ထဲ ကသိကအောက် လည်း ဖြစ် သွားတယ်။ ဒါဟာ လူအများရဲ့ ထုံးစံ ဖြစ်ပါတယ်။ သူတော်စင် လို့ ဆိုတာနဲ့ ဘယ်လို အချက်တွေ နဲ့ ကိုက်ညီ နေရမယ် ဆိုတဲ့ အကြောင်း ယခင် သိထား ကြားထားတာတွေနဲ့ တွေးထင် လိုက်ကြတာချည်းပဲ။ အများစုဟာ သူတို့ ကိုယ်တိုင် မကျင့်ကြံ မရှိနိုင် ရင်တောင် – သူတော်စင် ဆိုတာ ဘယ်လို ၊ ဘယ်ဝါ၊ ဘယ်အချက်တွေ ကိုက်ညီ ရမယ်လို့ ပြဋ္ဌာန်း ထားပြီး စိတ် ရှိနေတတ်ပါတယ်။

နာဂါဇုန က ရွှေ သပိတ် ကို လက်ခံ လိုက်ပြီး ပြန်ကြွ သွားတယ်။ ဒါကို သူခိုး တစ်ယောက် က မြင်ပါတယ်။ သူတော်စင်ကြီး လက်ထဲ က သပိတ် ကိုလည်း မြင်တယ်။ အဖိုးထိုက်တန်တဲ့ ရတနာမှန်း လည်း သိတယ်။ “ဒီလို ရတနာမျိုး တစ်စုတစ်ဝေးတည်း တွေ့ရဖို့၊ ကြုံရ ဖို့ အင်မတန် ခဲယဉ်း တယ်။ ငါ ခိုးခဲ့သမျှ ပစ္စည်းတွေ အားလုံး စုရင်တောင် ဒီသပိတ်ရဲ့ တန်ဖိုးကို မှီမှာ မဟုတ် ဘူး။ ဒီ ဦးပြည်း ရဟန်းကြီး က ဒီလောက် တန်ဖိုးရှိတဲ့ သပိတ်ကို ဘယ်လို သိမ်းဆည်းမလဲ။ သူ့ဆီမှာ ဘာအခုအခံ အကာအကွယ်မှ မရှိဘူး။ သူ့လက် ထဲက ဒီ ရတနာ ကို လူတိုင်း ယူနိုင် နေတယ်။ ငါကော – ဘာလို့ ယူလို့ မရရမှာလဲ”

အဲ့လိုနဲ့ သူခိုး က သူတော်စင်ကြီး နောက်က လိုက်လာ ခဲ့ တယ်။ နာဂါဇုန က ဒီ သူခိုးရဲ့ ခြေသံကို ကြားပါတယ်။ တစ်စုံတစ်ယောက် လိုက်လာနေတယ် လို့ သိထားတယ်။ အဲ့လိုနဲ့ သူ သီတင်းသုံး ရာ ကျောင်းသင်္ခမ်း ကို ရောက်လာတယ်။ ကျောင်းသင်္ခမ်း ဆိုပေမယ့် ယိုင်တိ ယိုင်နဲ့ ခနော်နီ ခနော်နဲ့ အဆောက် အဦ သက်သက်။ တံခါး မရှိတဲ့ အပြင်၊ ဘေးနံရံ တစ်ချို့မှာ ပြိုပျက် နေ တာတွေ တောင် ရှိသေး တယ်။ သူခိုးက ဒါကို မြင်တော့ ပို စိတ်ဝင်စား သွားတယ်။ ဒီတန်ဖိုးကြီး သပိတ် ကို ဒီသူတော်စင်ကြီး က – ဒီလို ကျောင်းသင်္ခမ်း မျိုး နဲ့ ဘယ်လို ထိန်းသိမ်း မလဲ။ နာဂါဇုန လည်း ကျောင်းသင်္ခမ်း ထဲ ဝင်သွားတဲ့ အခါ – သူက ကျောင်း အပြင် အကွယ် တစ်နေရာ ကနေ ပုန်းရင်း စောင့်နေတယ်။

နာဂါဇုန က ကျောင်း ထဲ ရောက်မဆိုက်ပဲ – ရွှေသပိတ် ကို အပြင်ဘက် လွှတ်ပစ် လိုက်တယ်။ အဲ့ဒီမှာ မှ – သူခိုးလည်း ပိုပြီး အံ့အား သင့် သွားတယ်။ လွှတ်ပစ်လိုက်တဲ့ ရွှေသပိတ် က ပုန်း နေတဲ့ သူ့ အနား ကို ရောက်တယ်။ သူ သပိတ်ကို တုန်ရီ နေတဲ့ လက် အစုံ နဲ့ – ကောက်ကိုင် လိုက်ပါ တယ်။ တကယ်တမ်း ဒီ သူခိုး ဟာ သူခိုးတကာ့ သူခိုး ထဲမှာ ထိပ်တန်း က ရှိတဲ့ သူခိုး။ စောရ နက္ခတ် ယှဉ်ပြီး ဖွားလို့ – မခိုးရ မနေနိုင်အောင် ခိုးနေ ခဲ့ ပေမယ့် ခိုးတဲ့ အလုပ်ကလွဲရင် ကျန်နေရာတွေ မှာ စောင့်စည်းမှု ရှိတဲ့ သူခိုး။ သူ သပိတ်ကို ကိုင်ပြီး ကျောင်းသင်္ခမ်းထဲ ခပ်မြန်မြန်ပဲ ဝင်လာ လိုက်တယ်။

“အရှင်။ တပည့်တော်ဆီ ဒီ ရွှေသပိတ် စွန့်ကြဲတဲ့ အတွက် ကျေးဇူးတင် လှပါတယ်။ အရှင်ဟာ ရှားပါး လှ တဲ့ ပုဂ္ဂိုလ်ပါ။ ဒီလို တန်ဖိုး ကြီးမား တဲ့ ပစ္စည်း ကို ဘာ မဟုတ်တဲ့ အမှိုက်သရိုက်လို စွန့်ပစ် နိုင် ခဲ့တယ်။ အရှင့် ကို ကန်တော့ခွင့် တပည့်တော် မှာ ရှိပါသလား။ တပည့်တော် ကို ဝင်ခွင့် ပြုပါ။”

နာဂါဇုန က – “ဝင်လာ နိုင်ပါတယ်။ အသင် စောရ။ အသင် ဝင်လာ နိုင်အောင် လို့လည်း – ဒီ သပိတ် သင့်ဆီ ပစ်ပေး တာပါ”

ဒီ စကား ကို သူခိုးက ကောင်းကောင်း နားမရှင်းဘူး။ နားမလည်ဘူး။ ဒါပေမယ့် နာဂါဇုနရဲ့ ဟန်ပန်၊ သူ့ရဲ့ တိတ်ဆိတ် ကြည်လင် နေ တဲ့ မျက်ဝန်း မျက်ဆံ၊ ဒါတွေက သူ့ကို ဖမ်းစား ထားပါ တယ်။ “အရှင့်ကို ကြည့်ပြီး တပည့်တော် မနာလို ဖြစ်မိတယ်။ အခြားသူတွေနဲ့ မတူ၊ အရှင် ကို မြင် တဲ့ အခါ – မိမိ ကိုယ်ကိုယ် သိမ်ငယ် သလို ဖြစ်သွား တယ်။ အရှင့်လို ငြိမ်သက် ချမ်းမြေ့နေတဲ့ အဖြစ် ကို တပည့်တော် ကြိုးပမ်း နိုင်ပါသလား။ လောဘ ဒေါသတွေရဲ့ အလွန်ကို တပည့်တော် အခု ဘဝမှာတင် ကူးမြောက် နိုင် ပါသလား။ အရာရာကို မတွယ်ငြိတဲ့ အရှင့်လို စိတ်၊ အရှင့်လို အဖြစ် ကို တပည့်တော် ရနိုင်ပါသလား။”

နာဂါဇုန က – “သင်မှ မဟုတ်ဘူး။ လူတိုင်း ဖြစ်နိုင်ပါတယ်။”

ဒါပေမယ့် သူခိုးက ကြားဖြတ်ပြောတယ်။ “တခဏ သည်းခံပါ အရှင်။ တပည့်တော် တစ်ခု လျောက် စရာ ရှိပါတယ်။ သူတော်စင် ပုဂ္ဂိုလ်တော်တော် များများ အနားကို သွားပြီး၊ ကမ္မဋ္ဌာန်း ဘာဝနာ တွေ အတွက် မေးမြန်း တဲ့ အခါ – သူတို့ ပြောပြောနေတတ်တဲ့ စကား ရှိ တယ်။ တပည့်တော်ရဲ့ ခိုးတတ် တဲ့ အကျင့်ကို အရင် စောင့်ထိန်းပါ။ သူတစ်ပါး ဥစ္စာကို ခိုးယူခြင်း သီလကိုမှ မလုံရင် အခြား မြင့်မြတ်ရာ ကို တပည့်တော် ဘယ်လိုမှ မရောက်နိုင်ဘူး လို့ ဆိုပါတယ်။ တပည့်တော်လည်း လိုချင် စိတ်ကြောင့် အကြိမ်ကြိမ် ကြိုးစား ခဲ့ပါတယ်။ ဒါပေမယ့် အကြိမ်ကြိမ် မစောင့်ထိန်း နိုင် ဖြစ် ရတာ ချည်းပဲ။ တပည့်တော် ဆက်လက် ခိုးမြဲ ခိုးနေခဲ့ပါတယ်။ ဒါ့ကြောင့် အရှင်လည်း တပည့်တော် ကို အဲ့လို သွန်သင်မယ် ဆိုရင်တော့ ဒီနေရာမှာတင် ရပ်ထားလိုက်ပါ အရှင်။ တပည့်တော် ပြင်လို့ ရမယ် မဟုတ်ပါ”

အဲ့တော့ နာဂါဇုနက ရယ်တယ်။ “ဒါဆို သင် တွေ့ခဲ့ရတဲ့ သူတွေဟာ – သူတော်စင် မဟုတ် တာတွေ ဖြစ်ပါ လိမ့်မယ် စောရ။ သင် ခိုးတတ် တာကို ဘာ စိုးရိမ် ကြောင့်ကြ စရာ လိုသလဲ။ ခိုးပါ။ ဆက်ခိုးပါ။ သင် ခိုးဝှက်တဲ့ အတတ် ပညာကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုပါ။ သင် လုပ်တဲ့ အလုပ်တစ်ခုကို အပြည့်အဝ လုပ်နိုင်တာကိုက – အဲ့ပညာရပ် အတွက် ဆရာတစ်ဆူ ဖြစ်ပါတယ်”

သူခိုးလည်း ဒီစကားကြားပြီး တုန်လှုပ် သွားတယ်။ “ဒီပုဂ္ဂိုလ် ဘယ်လို ပုဂ္ဂိုလ် ပါလိမ့်” လို့ လည်း တွေးမိရင်း – “ဒါဆို အရှင်- တပည့်တော် ဘယ်လို ကျင့်ကြံ ရပါမလဲ။ အမှန်၊ အမှား ဘယ်လို တွေ ဆုံးဖြတ် ရပါမလဲ”

နာဂါဇုနက – “ဘယ်ဟာ မှန်တယ်။ ဘယ်ဟာ မှားတယ် လို့ ကျုပ် ဆုံးဖြတ် မပေးဘူး သူငယ်။ သင် လုပ်ရမှာ တစ်ခုတည်း။ သင် ခိုးမှာ လား – ဒါဆို ခိုးပါ – အပြည့်အဝ ခိုးပါ။ သင် ခိုးတဲ့ အဖြစ် ကို အပြည့် အဝ သိနေပါစေ။ ညအမှောင်ထဲ ဖြတ်သန်း လာမယ်။ ခိုးလိုတဲ့ အိမ်တံခါး နားကို ကပ် မယ်။ သော့ဖျက်ပြီး ဝင်မယ်။ ခိုးလိုတာကို ယူမယ်။ အဲ့ဒီ တစ်ခဏတိုင်း အပေါ် အသိ အပြည့်အဝ ရှိနေပါ။ သိရုံလေး သိနေပါစေ။ ဟုတ်ပလား။ သင် ဘာလုပ်လုပ် – အသိ မပြတ်ပါစေနဲ့ ။ အဲ့ တစ်ခုတည်း တင်းတင်းကျပ်ကျပ် ကျုပ် မှာပါ တယ်။ အဲ့ဒါပါပဲ။ သင် နောက်ခုနှစ်ရက် မြောက်ရင် ကျုပ်ဆီ လာ တွေ့နိုင် တယ်။”

နောက် ခုနှစ်ရက် မြောက်တဲ့ အခါ – သူခိုးလည်း နာဂါဇုန ဆီ ပြန်ရောက်လာပြီး တရိုတသေ ဝပ်တွား ကန်တော့တယ်။ “အရှင့်ရဲ့ တပည့်အဖြစ် လက်ခံပါ အရှင်။”

နာဂါဇုနက – “သင်ခိုးတဲ့ အလုပ်ကြီး ဘာဖြစ်သွားလို့တုန်း”

သူခိုး က – “အရှင်ဟာ အင်မတန် ဉာဏ်များတဲ့ သူတော်စင် ပဲ။ တပည့်တော် အရှင့်စကားကို တစ်သွေ မတိမ်း နားထောင်ခဲ့ပါတယ်။ ဒါ့ကြောင့် အသိမပြတ် ကပ်ထားနေခဲ့တယ်။ အဲ့ဒီ အသိ ရှိနေ တဲ့ အခိုက်မှာ – တပည့်တော် ဘယ်လို ခိုးလို့ ရတော့မှာတဲ့လဲ။ ခိုးဖို့ အာရုံရောက် ရင်း သတိ မရှိချိန် မှာသာ ခိုးဖို့ ကြံစည် လုပ်လိုက် ပေမယ့် – အသိသတိ ရှိနေတဲ့ အခါ – တပည့်တော် လုပ်နေ သမျှဟာ ဘာ အနှစ်သာရမှ ရှိမနေတော့ဘူးပဲ။ မိမိ ကိုယ်ကိုယ် ပြန်မြင် မိတာ က – ငါ ဘာလုပ် မှာလဲ။ ဘာအတွက်လဲ၊ ငါ အချိန်မရွေး ပျက်ပြုန်း သွားနိုင်တယ်။ အခု ငါ ခိုးနေတာ ဘာအတွက် လဲ။ စင်စစ် တပည့်တော်မှာ အခုခဏ ရှိနေတာထက် ဘာမှ လိုအပ် မနေကြောင်း – အသိသက်သက် ရှိနေချိန်မှာ အပြည့်အဝ မြင်ပါတယ် အရှင်။

“သိရုံမျှလေးသာ ရှိနေတဲ့ အဲ့ဒီ သတိ ခဏတာလေးဟာ တပည့်တော် ဘဝမှာ အင်မတန် ချိုမြိန်တဲ့ တခဏတာလေး ဖြစ်ကြောင်း သိရှိ လာရ ပါတယ်။ ဒီ ရွှင်လန်းမှုထက် တပည့်တော် ဘာ လိုအပ် နေ ရဦးမလဲ။ ဒီ ရွှင်လန်းမှု ၊ ဒီရတနာ အမြုတေကို သင်ကြားပေးခဲ့တဲ့ သင် ဟာ – ဦးပြည်းရဟန်း ဥစ္စာ မဲ့ပေမယ့် – စင်စစ် ချမ်းသာ နေသူ ဖြစ်ကြောင်း တပည့်တော် သိလိုက်ရပါတယ်။ တစ်ပြိုင်နက် တည်းမှာ – အရှင့် ဆီက ယူလာခဲ့တဲ့ ရွှေသပိတ်ဟာ အတုအယောင် မျှသာ ဖြစ်ပြီး – တပည့်တော် ရဲ့ ယခင် အချိန်တွေဟာ အဲ့ဒီ အတုတွေနဲ့ ပျော်ပါး နေခဲ့တာသာ ဖြစ်ကြောင်း မြင်ပြီး ဖြစ်ပါတယ်။”

အဲ့ဒီနောက်ပိုင်း – သူခိုးဟာ နာဂါဇုနရဲ့ တပည့်သား ဖြစ်သွား ခဲ့တော့ တယ်။

Note: I cannot say to you what is right or wrong. I can say only on thing to you; be conscious — that is right. Don’t be unconscious because that is wrong. And then whatsoever you do in consciousness is right. But people are living in unconsciousness. And let me tell you, in unconsciousness you may think you are doing something right, but it can’t be right. Out of unconsciousness, virtue cannot flower; it may appear virtuous but it can’t be. Deep down it will still be something wrong. If you are unconscious and you give money to a poor man or begger, watch; your ego is strengthened. This is sin.

………………..
~ Dhammapada
………………..
August 1st 2012 at 4:33 PM
………………..
https://zayya.wordpress.com/
http://zayya.blog.com/
http://zayyah.blogspot.com/

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: