Sufi Whirling

ဆူဖီ တွေ အကြောင်း “အချက်အလက် တွေ အားဖြင့်” သိပ် မသိပေမယ့် – တစ်စိတ်တစ်ပိုင်း သိမိ သလောက် အတွင်းမှာ တင် ချစ်စဖွယ် ကောင်း တဲ့ ဆူဖီဆရာ တစ်ယောက် ရှိပါတယ်။ ဆူဖီ mystics ဆရာများ အကြား၊ (ဝါ) မှတ်သားမိ သမျှ ဆူဖီ သမိုင်း ကြား မှာ သူ ဟာ ကြီးမြတ် တဲ့ နေရာ မှာ အထင်အရှား ရှိပါ တယ်။ သူရဲ့ အမည် က Jalaluddin Rumi ပါပဲ။ Mevlana Jalaluddin Rumi လို့လည်း ခေါ်ပါတယ်။ ဘာမှ ကွဲပြားမနေပါဘူး ။ (မက်ဗ်လာနာ) ဆိုတာ – မြတ်နိုး ဖွယ် ကောင်းတဲ့ ဆရာသခင် ဆိုတဲ့ ဂုဏ်ပုဒ် သက်သက်။ သူ့ကို ချစ်တဲ့ စိတ်နဲ့ အများစု က အမြတ် တနိုး တပ်ခေါ် တာ ဖြစ်ပါတယ်။

ကျနော် လေးလေး နက်နက် ချစ်မြတ်နိုးသူ များများစားစား မရှိဘူး။ အနည်းငယ် လောက်ပဲ ရှိပါ တယ်။ အဲ့ အနည်းငယ် အတွင်းမှာ ရူမီ ပါဝင် တယ်။ ကျနော် သူ့ကို ချစ်ရတဲ့ တစ်ခုတည်း သော အကြောင်း က – သူဟာ – လက်ရှိ အဖြစ်၊ ယခု ရှင်သန် နေတဲ့ ဘဝ ကို မငြင်းပယ် တဲ့ သူ၊ ဘဝကို မရှုံ့ချ တဲ့သူ၊ ဘဝ ရှင်သန်မှု ကို အခိုင်အမာ ပြုတဲ့သူ မို့လို့ပဲ ဖြစ်ပါတယ်။ ရူမီ ရှာဖွေ တွေ့ရှိ ခဲ့တဲ့ ဘာဝနာ ပုံစံ ရှိတယ်။ အဲ့ဒါကလည်း အခြားသူတွေ နဲ့ မတူ ထူးခြားတယ်။ ဒီနောက်ပိုင်း နှစ် – Mystics ဆရာ တွေ အကြားမှာ – ကခုန်မှု ဘာဝနာ ကို သူ ထည့်သွင်း ထားနိုင်ခဲ့တယ်။ ဝဲပျံ ရင်း၊ မိမိကိုယ်ကိုယ် ပတ်လှည့် ကခုန် တဲ့ အက မို့ – Whirling Dance , Whirling Meditation လို့ ခေါ်ပါ တယ်။ သူ့ နောက်လိုက် ဆူဖီ ဆရာတွေ ကိုလည်း Whirling Sufis တွေ လို့ တွဲ ခေါ် တယ်။

အဲ့ဒီ အက နဲ့ ပတ်သက်လို့ နည်းနည်း ပြောချင်ပါတယ်။ ခင်ဗျား လည်း မြင်ဖူးမယ် – ကလေး ငယ်ငယ် လေးတွေဟာ သူတို့ ခန္ဓာကိုယ်ကို သူတို့ လှည့်ပတ် ကရတာ ကြိုက်တယ်။ အဲ့လို ကနေ ရရင် – ပြုံးရွှင်နေ၊ ပျော်ရွှင်နေ တတ်တယ်။ ကလေး ဖြစ်သူ က အဲ့လို လှည့်ပတ် ကနေတာ မြင်ရင် – မြင်သူ ကျနော်တို့ က – ဒီကလေး မူးဝေမှာ၊ လဲမှာ၊ ထိခိုက်မှာ – စသဖြင့် စိုးရိမ်တဲ့ အကြောင်း အမျိုး မျိုး ကြောင့်နဲ့ တားဆီး တတ် တယ်။ ဒါပေမယ့် ဘယ်လိုပဲ တားလေ့ ဆီးလေ့ ရှိတဲ့ တိုင် ကလေး တွေဟာ အဲ့လို လှည့်ပတ် ကရတာကို ကြိုက် တယ်။ ကျနော် လည်း ကြိုက်ခဲ့ တယ်။ ခင်ဗျားလည်း အမှတ်သတိ သာ ရမယ် ဆိုရင် ကြိုက်နှစ်သက်ခဲ့ကြောင်း မှတ်မိနိုင်မယ် ထင်ပါ တယ်။ ဒါပေမယ့် ကြီးပြင်း လာတဲ့ နောက်ပိုင်း – ကျနော်တို့ လူကြီး အများက — သူတို့တွေ ဘာလို့ ကြိုက်သလဲ လို့ ဘယ်နှစ်ခါ များ စူးစမ်း မိကြ သလဲ။


တကယ်တမ်းက – ကမ္ဘာတစ်ဝှမ်း လုံးက ကလေး သူငယ်တိုင်း – လူမျိုး ဘာသာ နိုင်ငံ မရွေး – အဲ့လို ကခုန် ရတာကို ကြိုက်ပါတယ်။ အဲ့ Whirling Dance ကို ခုံမင် ကြတဲ့ အဖြစ်မှာ အားလုံး အတူ အမျှ ရှိကြတယ်။ ဘာ အကြောင်းကြောင့် သူတို့ သဘောကျ ကြသလဲ။ အကြောင်း ရှိပါ တယ်။ ကလေးငယ် ဘာဝ မဖော်ပြနိုင်တာ တစ်ခုတည်းရယ်။ အပြည့်အဝ သတိ မပြုမိတာ တစ်ခု တည်း။ ခင်ဗျား လှည့်ပတ်ပြီး ကခုန် ကြည့်ပါ။ ခင်ဗျား မရပ် မနား ဆက်ကာ ဆက်ကာ လှည့်ပတ် ရင်း ကခုန် လာကြည့်ပါ။ ခင်ဗျား ရဲ့ ခန္ဓာ ပင်မက ဗဟိုမှာ တည်ငြိမ်နေပြီး၊ ခင်ဗျား အခြားခန္ဓာ၊ စိတ်အတွေး သန္တာန် အပါအဝင် အရာအားလုံး မိမိနဲ့ အကွာအဝေး တစ်ခုမှာ ဝဲလှည့်နေ ဟန် မြင်ရ (ထင်ရ) ပါလိမ့်မယ်။

အဲ့ အက တစ်ခု လုံး မှာ – ဝဲလှည့် မနေဘဲ ငြိမ်သက်နေတဲ့ အရာက- ပင်မ ဗဟိုချက် တစ်ခုတည်း။ အဲ့ဒါကလည်း ခင်ဗျား သိစိတ် သက်သက်လေး ပဲ ဖြစ်ပါတယ်။ ဝဲလှည့်နေတဲ့ အဲ့ အက တစ်ခုလုံး ဟာ ဆိုက်ကလုန်း မုန်တိုင်း နဲ့ တူတယ် ဆိုရင် – ငြိမ်သက်နေ တဲ့ ဗဟိုချက် (ဝါ) ခင်ဗျား ဟာ အဲ့ဒီ ဆိုက်ကလုန်း ရဲ့ ဗဟိုချက် ဖြစ်ပါတယ်။ အခြား နေရာ တွေ လှုပ်ရှား ဝဲလှည့်နေချိန်မှာ – အဲ့ ဗဟို ချက် သိစိတ် သက်သက်ကလေး ငြိမ်ဝပ် ကျန်နေ ခဲ့တယ်။ ဒါနဲ့ အလား သဏ္ဍာန် တူတဲ့ အဖြစ်တွေ ကို စက်ဘီးတွေ၊ ကားတွေက – ဘီးတွေ မှာ မြင်နိုင် ပါတယ်။ မိမိရဲ့ ဖြစ်တည်ချက် တစ်နေရာ တည်းသာ မလှုပ်မရှား ရပ်တန့် နေတယ်။

တစ်ခါက – ရူမီဟာ ဒီ အကကို သုံးဆယ့်ခြောက်နာရီ တိတိ ကြာအောင် မရပ် မနား ကနေခဲ့ဖူး တယ် လို့ ဆိုတယ်။ စားချိန် သောက်ချိန် မလို၊ မအိပ် မနား အဲ့အတိုင်း ကနေ ခဲ့တယ်။ အဲ့ အတွင်း မှာ စိတ်ရော လူပါ နှစ်မြှုပ်ရင်း – သူ လုံးဝ မပစ်လဲသွား မချင်း အဲ့အတိုင်း ရှိနေ ခဲ့တယ်။ သုံး ဆယ့် ခြောက် နာရီ (ဝါ) တစ်နေ့ခွဲ အချိန် ကြာ တာကြောင့် – သူ့ကို တအံ့ တဩ ငေးကြည့်နေ ကြတဲ့ လူအုပ်ကြီး ဟာ ထွက် သွား လိုက် ပြန်လာလိုက် ပြောင်းလဲ ကောင်း ပြောင်းလဲ နေ ပါလိမ့် မယ်။ ဒါပေမယ့် – သူကတော့ အဲ့အတိုင်း ဝဲလှည့်ရင်း ကခုန် နေ လျက်ပဲ။ သုံးဆယ့် ခြောက်နာရီ အကြာမှာတော့ သူ လဲကျသွားတယ်။ အဲ့နောက်တော့ အသံ ကျယ်ကြီးနဲ့ ရယ် ပါတယ်။ သူ့ တပည့်တွေ က ဝိုင်းမေးကြတဲ့ အခါ – သူက “ခင်ဗျား တို့ ကျုပ် လဲသွားတာ မြင်တယ် မဟုတ် လား။ ကျုပ် လည်း ကျုပ် ခန္ဓာကိုယ်ကြီး လဲသွားတာကို မြင်ရပါတယ်။ ဒါပေမယ့် ဒီ အချိန်တွေ အတွင်း မှာ ကျုပ် ဘယ် နေရာကို မှ သွားမနေဘူး။ ဘယ်အရာမှ ရွေ့လျား မနေဘူးရယ်။ ကျုပ် သန္တာန် တစ်ခုလုံး အငြိမ်သက်ဆုံး ရှိနေတာ သက်သက်။ ဘုရားသခင် (အလ္လာဟ်အရှင်) ကို ဖူးမျှော် ဖို့ ကျုပ် မက္ကာကို သွားစရာ ဘာလို နေဦးမလဲ။ ကျုပ် သူ့ကို ရှာတွေ့ပြီရယ်။ အငြိမ်သက်ဆုံး ရှိနေတဲ့ ကျုပ် သန္တာန်ထဲမှာ သူ့ကို အတိအကျ ရှာတွေ့ နေရပြီပဲ။”

ဆူဖီဆရာကြီး ရူမီရဲ့ နောက်လိုက်တွေ ကြားမှာ – ကျမ်းစာတွေ၊ ဓလေ့ထုံးတမ်း တွေ သိပ်မရှိဘူး။ အဲ့ဒီ Whirling Dance နဲ့ ရူမီ ကခုန်ရင်း စပ်ဆိုတဲ့ – အင်မတန် လှပတဲ့ ကဗျာ အချို့၊ သီချင်း အချို့ သာ ကျန်ရှိ ပါတယ်။ အဲ့ သီချင်းတွေကို နောက်လူတွေ စုစည်း သိမ်းထား ခဲ့ကြပြီး အခုနောက်ပိုင်း Mystic Songs of Rumi ဆိုတဲ့ အမည်နဲ့ ထုတ်ဝေတာမျိုး ရှိတယ် လို့ ဆိုပါတယ်။

Techniques –

( ဝဲလှည့် ကခုန် ရာမှာ တကယ်တော့ နည်းစနစ် ဘာမှ လို မနေဘူးရယ်။ ဒါပေမယ့် ဒီနေရာ မှာ ပြည့်စုံအောင် လုပ်လေ့ ရှိတဲ့ အချို့ကို ထည့်သွင်း ရေးကြည့် ပါမယ်။ ဘာလို့ ဆို အများစုက အဲ့လို လှည့်ပတ် ကလို့ ကြာ လာရင် ခေါင်းမူးမယ် – ဗိုက်အောင့်မယ် ထင်တတ်ကြ လို့ ဖြစ် ပါတယ်။ ထင်တဲ့ အတိုင်းလည်း ဖြစ်တတ်တာ များပါတယ်။ တကယ်က စနစ်လေး နည်းနည်း သိထားရင် အဆင်ပြေ ပါတယ်။ – အဲ့ အက မက မှီမှာ – အစားကို လျော့ထားမယ် – ကခုန်တဲ့ အခါမှာလည်း ချက်ချင်း အမြန် လှည့်ပတ် ကတာမျိုး မဟုတ်ဘဲ၊ စစချင်း မှာ ဖြည်းဖြည်း ညှင်းညှင်း စတင် ရပါ တယ်။ အဲ့ဒါဆို မမူးလည်း မမူးသလို၊ ဗိုက်အောင့် တာမျိုး လည်း မရှိ ပါဘူး။ အဲ့အတွက် နည်း စနစ်တွေ ထားရှိ တတ်ပါတယ်။ အဲ့အထဲမှာ တစ်ခုက –

ခင်ဗျား မကခုန်ခင် – အရင် ငြိမ်သက်ပြီး ရပ်နေ ရတယ်။ ခင်ဗျား အသိ၊ သတိ ကို တတ်နိုင်သမျှ ခင်ဗျား ခန္ဓာကိုယ်၊ ခင်ဗျား ခြေ ဖနောင့်၊ ခြေဖဝါး စသဖြင့်မှာ သေဝပ်ထားရှိတယ်။ လက်နှစ်ဖက်က ပုခုံး နှစ်ဖက် ကို ထိလုထိခင် ယှက်ထား ရတယ်။ တစ်ခုခု ကို ပွေ့ပိုက် ထားသလိုမျိုး ပုံစံ ဖြစ်ပါတယ်။ အဲ့ဒီနောက် ငြိမ့်ညောင်းတဲ့ ဂီတသံ အတိုင်း စပြီး လှည့်ပတ်ဖို့ ရွေ့လျား တယ်။ ဒါပေမယ့် ဖြေးဖြေး ညှင်းညှင်း လေးပဲ။ အဲ့အတိုင်း လှည့်ပတ် နေရင်း ခင်ဗျား ပိုက်ထားတဲ့ လက်နှစ်ဖက် ကို ငှက်တောင်ပံ ဖြန့် သလို တဖြေးဖြေး ဖြန့်ကား လာ ရပါတယ်။ ခင်ဗျား မျက်နှာကလည်း အဲ့ဒီ လက်တွေ နဲ့ အတူ အလိုက်သင့် ပါနေတယ်။ အဲ့ဒီ အပိုင်းကို ဆူဖီတွေက – “Latiha” လာတ်တီဟာ လို့ ခေါ်ပါတယ်။

အဲ့သည်နောက် ခင်ဗျား စတင် ကနေပြီ မို့ – ဒီအပိုင်းဟာ ပထမ အဆင့် ဖြစ်ပါတယ်။ ခင်ဗျား မျက်လုံး ဖွင့် ထား ရသေးတယ်။ လှည့်ပတ် နေ တာ ဖြစ်တဲ့ အတွက် ခင်ဗျား ခန္ဓာကိုယ်ရဲ့ ဗဟိုချက် က ဘယ်မှာ ဆိုတာ ကိုယ်တိုင် ခံစားကြည့်လို့ ရပါတယ်။ ဝဲလှည့်နေ ရင်း ခင်ဗျား ပခုံးတွေကို တစ်ဖြေးဖြေး မြှောက်လာခဲ့ပါ။ တောင်ပံ နှစ်ဖက်လို ဆန့်ကားလာတဲ့ လက်တွေမှာ – ညာဘက် လက်ဖဝါး ဟာ အပေါ်လှန် ထားပြီး ဘယ်ဘက် လက်ဖဝါးက မှောက်ထားပါတယ်။ ခင်ဗျား ခန္ဓာ တစ်ခုလုံးလည်း ပျော့ပြောင်း ညင်သာနေ ရပါတယ်။ အဲ့ အတိုင်း ဆယ့်ငါးမိနစ်လောက် ရှိလာပြီး ပြီ ဆိုရင် တဖြေးဖြေး မြန်သည် ထက် မြန်မြန် ကခုန် နိုင်လာတယ်။ ဒါက နောက်ပိုင်း အဆင့်တွေပဲ ဖြစ်ပါတယ်။ အဓိကက – သိစိတ်၊ သတိဟာ ဗဟိုမှာ အတိ အကျ ရှိနေတယ်။ ခင်ဗျား မျက်လုံးတွေလည်း တဖြေးဖြေး မှေး စင်း လာတယ်။ ဒီထက် မက ပို ပို မြန်လာတာနဲ့ အမျှ ခင်ဗျား သိစိတ် တစ်ခုလုံး ဟာ ပတ်ဝန်းကျင် အပေါ်ထက် မိမိ ခန္ဓာ ဗဟိုချက် အပေါ်မှာသာ တည်နေ ပါတော့တယ်။ အဲ့အတိုင်း လေးဆယ့် ငါး မိနစ်လောက် ကြာအောင် ကခုန် နေနိုင် ပါတယ်။

တကယ်လို့ ရပ်တန့် လိုတယ် ဆိုရင်တော့ – မြေပြင်ပေါ် သာ လှဲချ ပစ်လိုက်ရတယ်။ အကြောင်းက အဲ့လို မှ မလှဲချဘဲ – ချက်ချင်း ရပ်တန့် ဖို့ ကြိုးစားရင် ဗိုက်နာတာ၊ မူးဝေ တာမျိုး ဖြစ် တတ်သေး လို့ ပါပဲ။ မြေပြင်ပေါ် ပြားပြားဝပ် ပုံသာချလိုက်ပါ။ ပြီးရင် မျက်လုံး စုံမှိတ်ရင်း အပြည့်အဝ နားနေ နိုင် တယ်။ အနားယူပြီး လို့ အားရရင် – ထ ကခုန်ဦး မယ် ဆိုလည်း ကခုန် နိုင်သလို မတ်တပ် ရပ်လျက် သား ငြိမ်သက်နေမယ် ဆိုလည်း အဆင်ပြေ ပါတယ်။ ကျိန်းသေ တာကတော့ ခင်ဗျား မောသွားမှာ ဖြစ်တဲ့ အတွက် ရေသောက် ဖို့ပဲ။ ရေခဲရေ၊ အအေး စ တာထက်၊ ရိုးရိုးရေ က ပိုအဆင်ပြေပါတယ်။ )

…………………….

Just Sketch ~
အကြမ်းခြစ်တာ ဖြစ်ပါတယ်၊ အမှား ရှိရင် ကွန်မန့်မှာ ဝင်ပြင်သွားကြပါ။
…………………….
July 20th 2012 at 5:17 PM
…………………….
https://zayya.wordpress.com/
http://zayya.blog.com/
http://zayyah.blogspot.com/

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: