ဘီး နှင့် ဝင်ရိုး ~ ပါရဂူ

“ပထဝီ သမောနော ဝိရုဇ္ဈတိ၊ ဣန္ဒခေါလု ပမောတာဒိ သဗ္ဗတော”

ကောင်းမြတ်သော အကျင့်တရား ရှိသည့် ရဟန္တာ ပုဂ္ဂိုလ်သည် ပထ၀ီ မြေကြီး ကဲ့သို့ ခိုင်မြဲ၏။ စွဲနေသော သံမှို ကဲ့သို့ လှုပ်ရှား ယိမ်းယိုင်ခြင်း မရှိ။ ယင်း ကဲ့သို့သော ပုဂ္ဂိုလ်မျိုး သည် ရွှံ့ညွန် ကင်းသော ရေကန် ကဲ့သို့ ညစ်ကြေး ကင်းစင်၏။

ဓမ္မပဒ မှာ ဖော်ပြ ထားတဲ့ အဆိုအမိန့် ဖြစ်တယ်။ အဲဒီ အဆိုအမိန့်မှာ ပါတဲ့ “သုဗ္ဗတော” ဆိုတဲ့ စကားလုံး ရဲ့ အနက် အဓိပ္ပါယ် ကို စဉ်းစား ဆင်ခြင်ကြည့်ဖို့ လိုလိမ့်မယ်။ “သုဗ္ဗတော” ဆိုတဲ့ ဝေါဟာရ စကားလုံးရဲ့ အနက် အဓိပ္ပါယ်က “ကောင်းသော အကျင့်တရား ရှိသူ” လို့ ဆိုလိုခြင်း ဖြစ်တယ်။ အာသဝေါ ကုန်ခန်းပြီးတဲ့ ရဟန္တာ ပုဂ္ဂိုလ်များ အတွက် အသုံးပြု စကားလုံး ကို “သု” ကောင်းသော ဆိုတဲ့ ဝိသေသန နဲ့ ဘာဖြစ်လို့ တွဲသုံး ထားရသလဲ။ ရဟန္တာ ပုဂ္ဂိုလ်များ ရဲ့ အကျင့်တရား ကို “ကောင်းသော” ဆိုတဲ့ ဝိသေသန နဲ့ တွဲစပ် သုံးစွဲစရာ မလိုဘူး လို့ ထင်စရာ ဖြစ်နေတယ်။ အမှန် က အာသဝေါ ကုန်ခန်းတဲ့ ရဟန္တာ ပုဂ္ဂိုလ် များရဲ့ အကျင့်တရား များကို လည်း “ကောင်းသော” ဆိုတဲ့ ဝိသေသန နဲ့ တွဲစပ်ပြီး သုံးဖို့ လိုလိမ့်မယ်။ ဘာကြောင့်လဲ ဆိုရင် တစ်ကယ် လို့ မာန်မာန နောက်က ကပ်ပါ လာတဲ့ အကျင့်တရား ဆိုရင် ကောင်းသော အကျင့်တရား မဟုတ်ဘဲ မကောင်းသော အကျင့်တရား ဖြစ်သွားနိုင်တယ်။

မာန်မာန တရား ဟာ ဘယ် အရာဝတ္တု မျိုးကို မဆို ပုံပျက်ပန်းပျက် ဖြစ်သွားအောင် ပြုလုပ် တတ်တယ်။ အကျင့်တရား မှာ လည်း ကောင်းတဲ့ အကျင့်တရား နဲ့ မကောင်းတဲ့ အကျင့်တရား ဆိုတာ ရှိနေတယ်။ အာသဝေါ ကုန်ခန်း သွားတဲ့ ရဟန္တာ ပုဂ္ဂိုလ် များရဲ့ အကျင့်တရား ကတော့ မာန်မာန တွယ်ကပ် ပါလာခြင်း မရှိတဲ့ အကျင့်တရား မျိုး ဖြစ်တဲ့ အတွက် ကောင်းသော ဝိသေသန နဲ့ တွဲစပ် အသုံးပြု ထားခြင်း ဖြစ်တယ်။ အကျင့်တရား မှာ ကောင်းခြင်း သို့မဟုတ် လှခြင်း ဆိုတဲ့ သဘောတရား ရှိနေတယ်။ ယာဉ် ရထားထိန်း က မြင်းကို ကြိမ်လုံးနဲ့ ရိုက်ပြီး အပြေး ခိုင်းတာမျိုး မှာ ကောင်းခြင်း သို့မဟုတ် လှခြင်း ဆိုတဲ့ သဘောတရား မျိုး ရှိမနေဘဲ ယာဉ်ရထား ရဲ့ ဟန်ပန် အမူအရာ ကို နားလည်ပြီး မြင်းပြေးတာမျိုး မှာသာ ကောင်းခြင်း သို့မဟုတ် လှခြင်း ဆိုတဲ့ သဘောတရား ရှိနေတယ်။ ယာဉ်ထိန်း နဲ့ မြင်း ရဲ့ ကြားမှာ ချစ်ခင် ကြင်နာမှု တည်ဆောက်တာမျိုး ဟာ ကောင်းခြင်း သို့မဟုတ် လှခြင်း ဆိုတဲ့ သဘောတရား ရှိနေတဲ့ အဓိပ္ပါယ် ဖြစ်တယ်။

မိမိရဲ့ သန္တာန် ကို နားလည် သဘောပေါက်တဲ့ နေ့မှာ ကိုယ်ခန္ဓာ က အရိပ်လို မိမိ နောက် လိုက်လာ လိမ့်မယ်။ အရိပ်က ရွေ့လျား နေစရာ မလို ဘူး။ ကြိမ်လုံး အသုံးမပြုတဲ့ အချိန်မှာ လည်း နောက်က အရိပ် လိုက်ပါ လာလိမ့်မယ်။ မိမိကိုယ်ကို နားမလည် သမျှ ကာလပတ်လုံး အခက်အခဲ နဲ့ ရင်ဆိုင် နေရလိမ့်မယ်။ ကျိန်ပြီး ပြောတဲ့လူ တွေဟာ အမှားလုပ်တဲ့လူတွေဖြစ်တယ်။ အမှန် လုပ်တဲ့ လူတွေဟာ ကျိန် ပြောစရာ လည်း မလိုဘူး။ “သုဗ္ဗတ” ဆိုတဲ့ စကားလုံး အရ ကောင်းတဲ့ အကျင့်တရားကို ကျင့်ကြံ အားထုတ်ကြပါ လို့ ပြောကြတယ်။ ဒါပေမယ့် အဲဒီလို ပြောတဲ့လူတွေ ကိုယ်တိုင် ကောင်းတဲ့ အကျင့်တရား ကျင့်ကြံ အားထုတ်ကြသလား လို့မေးရင် ဘယ်လို အဖြေမျိုး ပေါ်လာမလဲ။

မနက်တိုင်း ထပြီး အိမ်နဲ့ ခြံထဲမှာ အမှိုက် လှဲတယ်။ သန့်ရှင်းရေး လုပ်တယ် ဆိုပါစို့။ ဘုရားကျောင်း နေ့တိုင်း သွားပြီး ကိုယ့်အိမ် မှာ နေ့တိုင်း သန့်ရှင်းရေး လုပ်မယ်။ အမှိုက်လှဲမယ် လို့ ကျိန်ပြော မလား။ အမှိုက်သရိုက် ရှိနေရင် သန့်ရှင်းရေး မလုပ်လို့၊ တံမြက်စည်း မလှဲ ပစ်လို့ ဘာလုပ်မှာလဲ။ တစ်ကယ်လို့ အဲလို အလုပ်မျိုး လုပ်တာကို အကျင့်တရား ကျင့်တယ် လို့ သဘောထားပြီး ကျောင်းကို သွားမယ်။ ဘုရား ရှေ့မှာ အာမခံတယ် ဆိုရင် တခြားလူ တွေ မရယ်ဘဲ နေပါ့မလား။ ရူးများ နေသလား။ အမှိုက်သရိုက် ရှိရင် လှဲမပစ်ဘဲ ဦးခေါင်းပေါ် တင်ထား မှာလား။ တံမျက်စည်း လှဲတာ အကျင့်တရား ဘာဟုတ်လဲ လို့ တခြားလူတွေ ပြက်ရယ် မပြုဘဲ နေကြမှာ မဟုတ်ဘူး။

မအိပ်ဘဲ နေတော့ မယ်ဆိုတဲ့အခါ အကျင့်တရား ကျင့်မယ် ဆိုတဲ့ အဓိပ္ပါယ်မျိုး ဖြစ်လာနိုင်တယ်။ ဒါပေမယ့် အိပ်တဲ့ အလုပ် ဟာ အမှိုက် သရိုက် လို ဖြစ်နေရင်တော့ မအိပ်ဘဲ နေတာ ဟာ အကျင့်တရား ကျင့်တယ် ဆိုတဲ့ အဓိပ္ပါယ် ဖြစ်လာနိုင် ပါ့မလား။ အကျင့်တရား ကျင့်တဲ့ သူ ဖြစ်လာတာ ဟာ အကျင့်တရား ဆောက်တည်မယ် လို့ ကြေငြာတဲ့ လူ မဟုတ်ဘူး။ အတွင်းသန္တာန် မှာ အကျင့်တရား ကျင့်ခြင်း ဖြစ်ပေါ် လာမှ အကျင့်တရားကျင့်သူ သို့မဟုတ် ထမ်းဆောင်သူ ဖြစ်လာလိမ့်မယ်။ အပြင်ဘက် က နေရာ တစ်နေရာ မှာ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် ရဲ့ ရှေ့မှောက်မှာ တစ်ဦး တစ်ယောက် ရဲ့ သဘောတူညီမှု၊ ချီးကျူး ထောမနာပြုမှု ရရှိစရာ မလိုဘူး။ အကျင့် တရား ကျင့်ကြံခြင်း အတွက် အပြင်ဘက်က သက်သေခံ လက်မှတ် သို့မဟုတ် ဆာတီဖီကိတ် ရစရာမလိုဘူး။

မိမိ အတွင်းသန္တာန် ထဲက အသိပညာ ဟာ လုံလောက် တဲ့ သက်သေခံ လက်မှတ် ဖြစ်တယ်။ ၀င်ရိုး ကြောင့် ပထဝီ မြေကြီး လည်နေပေ မယ့် ဝင်ရိုး ကတော့ မလည်ဘဲ ရပ်တန့် နေလိမ့်မယ်။ လှည်းဘီး မှာ ဝင်ရိုး ရှိနေတယ်။ မလည်ဘဲ တန့်ရပ် နေလိမ့်မယ်။ လှည်းဘီး လည်နေ ရင် လှည်း ရွေ့လျား နေလိမ့်မယ်။ ဘဝ အနေနဲ့ ရွေ့လျား နေလိမ့်မယ်။ ဒါပေမဲ့ အတွင်းသန္တာန် ထဲမှာ ရှိတာတွေ ကတော့ ရပ်တန့် နေလိမ့်မယ်။ စွန့်လွတ်သူ လို့ အမည် ရနေတဲ့ လူတွေဟာ ဘီးကို စွန့်လွတ်ပြီး ဝင်ရိုး ကျန်နေတဲ့လူတွေ ဖြစ်တယ်။ ဘီးမှာ ဝင်ရိုး မရှိ တဲ့နောက်တော့ ဝင်ရိုး ရဲ့အဓိပ္ပါယ် ဘယ်မှာ ရှိတော့မှာလဲ။ လှည်း မောင်း လို့လည်း ရတော့မှာ မဟုတ်ဘူး။ လှည်းက ရွေ့နေ လိမ့်မယ်။ ဘီးက လည်နေလိမ့်မယ်။ ဝင်ရိုး ကတော့ လည်မှာ မဟုတ်ဘူး။

ဝင်ရိုး လည်တယ် ဆိုရင် လှည်း ဖရိုဖရဲ ဖြစ်သွား လိမ့်မယ်။ အောက် ပုံကျ သွားလိမ့်မယ်။ ပြိုပျက် သွားလိမ့်မယ်။ ဘီးတွေ လည်း ကျွတ်ထွက် သွားလိမ့်မယ်။ လိမ့်တော့မှာ မဟုတ်ဘူး။ လည်နေ တဲ့ အရာ အားလုံးဟာ မလည်တဲ့ အရာဝတ္တု တစ်ခုရဲ့ အကူအညီ နဲ့ လည်နေကြတာ ဖြစ်တယ်။ ရွေ့လျားခြင်း ရဲ့အခြေခံ ဟာ မရွေ့လျားခြင်း ဖြစ်တယ်။ ဒီလောက တစ်ခုလုံး ရွေ့လျားနေခြင်း ရဲ့အခြေခံ ဟာ မရွေ့လျား တဲ့ အရာဝတ္တု ဖြစ်တယ်။ မိမိတို့ ကိုယ်ခန္ဓာ တစ်ခုလုံး ရဲ့အခြေခံဟာ ရွေ့လျား မနေတဲ့ စိတ်စေတသိက် မှာ ရှိနေတယ်။ ဘီး ကို အရပ်ခိုင်းဖို့ မလိုဘူး။ ဘီးကို လိမ့်နေပါစေ။ သူ အလိုကျ လိမ့်နေပါစေ။ ဝင်ရိုး နဲ့အတူ သဟဇာတ ဖြစ်ဖို့သာ လိုတယ်။

မိမိက ကမ္ဘာ လောက မှာ ရှိနေပြီး ကမ္ဘာလောက က မိမိမှာ ရှိမနေရင် လမ်း ထောင်ပေါင်း များစွာ ကို သွားနေ ပေမယ့် ဘယ် လမ်း ကမှ မိမိကို ဖောက်လွဲ ဖောက်ပြန် ပြုမှာ မဟုတ်ဘူး။ မိမိ ဘဝမှာ ခရီးပေါင်း ဘယ်လောက် သွားနေပေမယ့် ဘယ် ခရီး ကမှ ပုံပျက် ပန်းပျက် ဖြစ်အောင် လုပ်မှာ မဟုတ်ဘူး။ လိုလားချက် ရှိနေသမျှ ကာလပတ်လုံး မျှော်မှန်းချက် ရှိနေသမျှ ကာလပတ်လုံး ဈေးက တစ်စုံတစ်ခု ဝယ်လိုတဲ့ ဆန္ဒ ရှိနေသမျှ ကာလပတ်လုံး စိတ် မလှုပ်ရှားဘဲ နေမှာ မဟုတ်ဘူး။

ဒီ ကမ္ဘာ လောကကြီး ဟာ မျှော်လင့်ချက်တွေ အပြည့် ရှိနေတဲ့ လောကကြီး ဖြစ်တယ်။ တစ်စုံတစ်ခု ရလိုတဲ့ လိုအင်ဆန္ဒ၊ တစ်စုံတစ်ခု နဲ့ ထိတွေ့လိုတဲ့ လိုအင်ဆန္ဒ၊ တစ်စုံတစ်ခု ကို သုံးဆောင် ခံစားလိုတဲ့ လိုအင်ဆန္ဒ တွေဟာ ဒီ ကမ္ဘာလောက မှာ အပြည့် ရှိနေတယ်။ ဒါကြောင့် ယခုလောက် လှုပ်ရှား နေကြတာ ဖြစ်တယ်။ ယခုလောက် အပင်ပန်းခံ နေကြတာ ဖြစ်တယ်။ အာသာရမ္မက် ရှိနေသမျှ ကာလပတ်လုံး လှုပ်ရှား နေလိမ့်မယ်။ အာသာရမ္မက် ရဲ့အသွင်အပြင် ကို နားလည်အောင် လုပ်ရလိမ့်မယ်။ အာသာရမ္မက် ကို မျက်စိဖြဲပြီး ကြည့်ရလိမ့်မယ်။ အလေးအနက် ထားပြီး နားလည်အောင် လုပ်ရလိမ့်မယ်။

အဲလို လုပ်နိုင်တဲ့ အခါမှာ ဘာကိုမှ တွေ့ရတော့မှာ မဟုတ်ဘူး။ ယခုအချိန် ထိ အတွင်းဘက်ကို မကြည့်ကြသေးတဲ့ အတွက် အရှုပ် အထွေး တွေနဲ့ ရင်ဆိုင် နေကြရတာ ဖြစ်တယ်။ အတွင်းဘက် ကို လေ့လာကြည့်ရှု လိုက်ရင် လွတ်မြောက်မှု ရှိလာလိမ့်မယ်။ အရှုပ် အထွေး ဖြေရှင်း သွားလိမ့်မယ်။ လွတ်မြောက်မှု မရှိသေးသရွေ့ မိမိတို့ အတွင်းသဏ္ဍာန် မှာ ဖုံးကွယ် နေတာတွေ ကို တွေ့မြင်နိုင်စွမ်း ရှိမှာမဟုတ်ဘူး။ မျက်လုံးအကြည့် က တစ်နေရာ ကိုပဲ သို့မဟုတ် တစ်ဘက်ကိုပဲ ကြည့်နိုင်လိမ့်မယ်။ အပြင်ဘက်ကို ဖြစ်ဖြစ်၊ အတွင်း ဘက် ကိုပဲ ဖြစ်ဖြစ် တစ်နေရာ ကိုပဲ ကြည့်လို့ ရလိမ့်မယ်။ အိမ်ထဲကို သွားချင်သွား၊ ဒါမှမဟုတ် အိမ်အပြင်ဘက် ကို သွားချင် သွား၊ နှစ်နေရာ ကိုတော့ တပြိုက်နက် တည်း သွားလို့ ရမှာ မဟုတ်ဘူး။

~ ဟိုရှာ ဒီရှာနဲ့ တွေ့လာရတဲ့ ဆရာပါ့ ဆောင်းပါး နောက်တစ်ပုဒ် ပါ~

 ………………………..
ပါရဂူ
ဒီဇင်ဘာ ၂၀၀၃ ခုနှစ်ထုတ် စတိုင်သစ် မဂ္ဂဇင်း
………………………..
https://zayya.wordpress.com/
http://zayya.blog.com/
http://zayyah.blogspot.com/
………………………..

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: