ဂန္ဓရ်ဝ

အိန္ဒိယ ဒဏ္ဍာရီ မှာ ဂန္ဓရ်ဝ ဆိုတာ နတ်ဘုရားရဲ့ ဂီတသမား တွေ၊ ကောင်းကင်ဘုံရဲ့ ဂီတ ပညာရှင် တွေ ကို သုံးတယ်။ ဂီတ ကို ကောင်းကင်ဘုံ နဲ့ ဆက်စပ် တယ် လို့ သတ်မှတ်တဲ့ အနေနဲ့ ဖြစ် မယ်။ တကယ်မှာ လည်း မြင့်မြတ်တဲ့ ဓမ္မ ဆီ ဆောင်ကျဉ်းပေး တဲ့ နေရာမှာ – ဘာဝနာ နဲ့ ဂီတ ဟာ တစ်ဦးနဲ့ တစ်ဦး – အနီးစပ်ဆုံးမှာ ရှိပါတယ်။ ဂီတ နယ်ပယ် အတွင်းဘက် ကို လျှိုးဝင် ရင်း ရှေ့ ကို ခြေတစ်ဘက်စာ လွန်မြောက် လိုက်တာနဲ့ ဘာဝနာ ထဲ ဆိုက်ရောက် သွားရတယ်။

စိတ်ကူး ခံစားချက်တွေ ကနေ – ဂီတ ပေါက်ဖွားတယ် လို့ ပြောတတ် တယ် မဟုတ်လား။ ဒါပေမယ့် ဂီတ ဟာ စိတ်ကူး ခံစားချက် အတွင်း မှာ တစ်ခုတည်း မဟုတ်ဘူး။ စိတ်ကူး ခံစားချက် နဲ့ ဘာဝနာ တို့ အကြား စပ်ကြောင်း မှာ တည်တယ်။ နယ်နိမိတ်မျဉ်း ဖြစ်တယ်။ ဒါ့ကြောင့် ဂီတ ဟာ ဘာဝနာ ဘက်ကို ကူးရင် ငြိမ်ဝပ် သွား သလို ခံစားချက် ဘက်ကို ကူးရင်လည်း မျောလွင့် မြူးကြွ နေတယ်။ စိတ်လှုပ်ရှား မျောလွင့်တဲ့ အဖြစ်နဲ့ ဘာဝနာ အကြားမှာ – ဂီတ ဟာ အလွယ်တကူ အသွင်ပြောင်း သွားနိုင်တယ်။

ဘာလို့ ဆို ဂီတ ဟာ လောကီနယ် အတွင်း အဖြူစင်နိုင်ဆုံး ပီတိ ကို ပေးစွမ်းနိုင်လို့ပဲ။ နောက်ပြီး ဂီတဟာ စကားလုံးတွေနဲ့ အဓိပ္ပာယ် မသတ်မှတ် ထားတဲ့ အသံချည်း သက်သက်။ စကား ဝေါဟာရတွေ မှာ ကန့်သတ်ချက်ရှိတယ်။ လစ်မစ် ရှိတယ်။ အသံ မှာတော့ အကန့် အသတ် မရှိ၊ လစ်မစ် မရှိဘူး။ ဒါ့ကြောင့် ဂီတရဲ့ အလှအပ ဟာ အကန့်အသတ် ဘောင်တွေ ကို ကျော်လွန်ပြီး လူးလာခေါက်တုံ ပြုနိုင် တယ်။ ဘောင်တိုင်း ကို ထိုးဖောက်နိုင်တယ်။ ဘယ်နေရာမဆိုမှာ ဂီတရဲ့ အစွမ်းဟာ ဝင်ဆံ့နိုင်နေတယ်။

ဒါကို မြင်ပြီး ဂီတ ဆိုတာ အသံတွေပါမှ ဖြစ်တာ လို့ မြင်ရင်လည်း မှားမယ်။ စစ်မှန်တဲ့ ဂီတရဲ့ အလှအပ ဟာ – အသံတွေနဲ့ ဖွဲ့တည်ထား တဲ့ နောက်ကွယ်က တိတ်ဆိတ်မှု ဆီ ရည်ညွှန်းတယ်။ ဆိတ်ငြိမ်မှု ကို ဖော်ကျူးတယ်။ သူတင် ကိုယ်တင် အသံဖြစ်ရင် ပြီးရော ဂီတတွေ၊ (ဝါ) ဂန္တဝင် မမြောက်တဲ့ ဂီတတွေ မှာ Violence ခေါ်တဲ့ ရုန်းရင်းဆန်ခတ် အသံ တွေ ရှိတယ်။ ဒီ အသံတွေ ဟာလည်း စိတ်လှုပ်ရှားမှု ကို ပေးနိုင်တာပဲ။ ရုတ်တရက် ရှော့ခ် ဖြစ်အောင် လုပ်နိုင်တာပဲ။ အဲ့ဒီ ရုန်းရင်း ဆန်ခတ် အသံကြောင့် မိမိ ခန္ဓာကိုယ် ရုန်းကြွ သွားမယ်။ လိင်ပိုင်း ဆိုင်ရာ စိတ် တွေ ပေါ်ပေါက် နိုင်မယ်။ ဒါတွေပဲ အဲ့ အပေါ်ယံ ကို ခွာချ လိုက်ရင် အတွင်းက တန်ဖိုးတွေပါ ကွာကျကုန်တယ်။

ဆိတ်ငြိမ်မှု အဖြစ်ကို တစ်နည်း တစ်ဖုံ ခြံရံ ဖော်ကျူးနေတဲ့ ဂီတတွေမှာတော့ အဲ့လို မဟုတ်ဘူး။ အသံ တွေ စုံညီ နေပေမယ့် မိမိ ဆိတ်ငြိမ်မှု ကို တို့ကာ တို့ကာ ပေးရင်း – ဝပ်ကျနေတဲ့ သန္တာန်ဟာ စီးမျော နေမယ်။ မိမိကို မတူတဲ့ နယ် တစ်ခုထဲ ဆောင်ကျဉ်း သွား မယ်။ အသံတွေကို ဖယ်ချ တဲ့ အချိန် ငြိမ့်ခနဲ ကျန်ရစ်ခဲ့မယ်။ အဲ့ဒီ ဂီတဟာ – ဆိတ်ငြိမ်မှုရဲ့ တန်ခိုးနဲ့ – တန်ဖိုး မြင့်မား လာတယ်။

ဂီတ ကို ဆိတ်ငြိမ်မှု ဘက်ဆီ တိုးကပ် နိုင်လာလေ၊ ဘာဝနာ ရဲ့ အသွင် ဆောင်လာလေ ပဲ ဖြစ်ပါတယ်။ အလားတူ – အပြန်အလှန် – ဘာဝနာ အားဖြင့် ဆိတ်ငြိမ်မှု ဆီ ချဉ်းကပ် နိုင်လာလေ – မြင့်မြတ်တဲ့ ဂီတ သံကို ကြားနိုင်လာလေ ဖြစ်တယ်။ ဆိတ်ငြိမ်မှု နဲ့ အသံ၊ အသံ နဲ့ ဆိတ်ငြိမ်မှု – ဒီ နှစ်လွှာကြားမှာ – ဘာဝနာ ပြုသူ ရဲ့ လမ်း ရှိတယ်။ ည သန်းခေါင်ယံရဲ့ ဆိတ်ဝပ်နေတဲ့ အသံကို နားထောင် ကြည့်။ တိတ်ဆိတ် နေပေမယ့် သူ့မှာလည်း အသံ ရှိတယ်။ ပုစဉ်းရင်ကွဲ သံ မဟုတ်ဘူး။ ပိုးပရစ် သံ မဟုတ်ဘူး။ ဒါပေမယ့် တိကျတဲ့ အသံ ရှိတယ်။ ဒီ အသံကြောင့်လည်း တိတ်ဆိတ် နေ တာ ဖြစ်ပြီး၊ အဲ့လို တိတ်ဆိတ် နေလို့လည်း ဒီအသံ ဖြစ်နေတာ ဆိုတာ တွေ့ရမယ်။ အသံနဲ့ တိတ်ဆိတ် မှု ဟာ တစ်ခုကို တစ်ခု မှီခိုပြီး၊ တစ်ခုကို တစ်ခု အားပြု နေတယ်။

အသံ ရှိရင် တိတ်ဆိတ်မှု ရှိပါ့မလား။ တိတ်ဆိတ်မှု ရှိရင် အသံ ရှိပါ့မလား။ ယုတ္တိ မကျဟန်၊ ဆန့်ကျင်ဘက် ဝိရောဓိ ဖြစ်ဟန် ထင်ရပေ မယ့် – အဟုတ်တကယ် အားဖြင့် သူတို့တွေက အဖြည့်ခံတွေ ဖြစ်နေ တယ်။ ဒါကို သိတဲ့ အခါ – ဘဝ ကိုယ်တိုင်ဟာ လည်း ဂီတ ဖြစ် တယ်။ တွဲဘက် ညီနေ တယ်။ အသံ အနိမ့်အမြင့် ကြားက – တိတ်ဆိတ်နေကြောင်း သိမြင် လာတယ်။ အသံတွေ နဲ့ ဖွဲ့တည် ရင်း ဘဝရဲ့ တိတ်ဆိတ်မှု ကို ရှာနိုင်မယ်။ ဆိတ်ငြိမ်မှု ဆီ ချဉ်းကပ်ရင်း ဘဝ ရဲ့ ချိုမြိန်တဲ့ ဂီတသံဟာ တစ်ခါဖူးမှ မတူအောင် လူးလွန့် ထွက်ပြူ လာတော့တယ်။

………………………
August 23rd 2012 at 7:47 AM
………………………
https://zayya.wordpress.com/
http://zayya.blog.com/
http://zayyah.blogspot.com/

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: