အမျိုးသားရေးဝါဒ ပျောက်ကွယ်သွားခဲ့ရင်

Q: အမျိုးသားရေးဝါဒ (Nationalism) ပျောက်ကွယ်သွားရင် ဘာဝင်လာမှာလဲ။

J. Krishnamurti: သိသာတာက- အသိဉာဏ်ပညာပါပဲ။ ဒါပေမယ့် အခုမေးခွန်းမှာ ကျုပ် စိုးရိမ်တာက အမျိုးသားရေး ဝါဒ ပျောက်ကွယ်သွားရင် ဘာဝါဒ အစားထိုး ဝင်လာမလဲလို့ မေးတာမျိုး ဖြစ်နေမှာကိုပဲ။ အစားထိုးတယ် ဆိုတာ အသိဉာဏ်ပညာ မပါတဲ့ အပြုအမူမျိုးပါ။ – ဆိုပါစို့ ကျုပ် ဘာသာတစ်ခုကနေ ထွက်ပြီး အခြားဘာသာတစ်ခုကို ကူးပြောင်းမယ်၊ ဒါမှမဟုတ် နိုင်ငံရေးပါတီတစ်ခုကနေ အခြားပါတီတစ်ခုကို အစားထိုး ဝင်ရောက်မယ်၊ ဒီလိုဆိုရင် ဒီလို အစားထိုးမှုမျိုးဟာ အသိဉာဏ် မပါတဲ့ ကိစ္စမျိုး ကိုပဲ ညွှန်းဆိုပါတယ်။

အမျိုးသားရေး ဝါဒ ဘယ်လို ပျောက်ကွယ်သွားမလဲ။ ဒီဝါဒရဲ့ အကျိုးသက်ရောက်မှုကို ကျုပ်တို့ သေသေချာချာ နားလည်ခဲ့ရင်၊ သူ့ကို သေချာစေ့ငှ စစ်ကြောနိုင်ခဲ့ရင်၊ သူ့ရဲ့ အတွင်း၊ အပြင်လက္ခဏာတွေကို အူမချေးခါး သတိပြုနိုင်ခဲ့ရင် ပျောက်ကွယ် သွားမှာပဲ။ သေချာ စေ့ငှ ကြည့်တတ်သူ တစ်ယောက်အတွက် အမျိုးသားရေးဝါဒဟာ ပြင်ပလက္ခဏာ အားဖြင့် လူအချင်းချင်း ခွဲခြားထားတယ်၊ လူတန်းစား အလွှာ သတ်မှတ်ချက်တွေ၊ စစ်ပွဲတွေ၊ ဖျက်လိုဖျက်ဆီး ကိစ္စရပ်တွေ သူ့ကြောင့်ပဲ ဖြစ်နေရတာ မြင်ရလိမ့်မယ်။ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာ အတွင်းလက္ခဏာ အားဖြင့်လည်း အလားတူပါပဲ။ ငါဟာ ဘယ်နိုင်ငံသား၊ ငါဟာ ဘာလူမျိုး၊ ငါ့ဝါဒက ဘာဝါဒလို့ လက်မ ထောင်လိုက်တာဟာ မိမိရဲ့ အရုပ်ဆိုးတဲ့ အတ္တကို ကြီးထွားအောင် လုပ်နေတာပဲ မဟုတ်လား။ ကျုပ်ဟာ ရွာငယ်ဇနပုဒ်မှာနေနေ၊ မြို့ကြီးပြကြီး ဘယ်နေရာမှာပဲ နေနေ ကျုပ်ဟာ ဘာမှမဟုတ်တဲ့ သူပါ။ ဒါပေမယ့် ကျုပ်ကိုယ်ကျုပ် ဟိန္ဒူလို့ ဆိုလိုက်တာနဲ့၊ အိန္ဒိယသားလို့ ကမ္ဗည်း ထိုးလိုက်တာနဲ့၊ ကျုပ်ကိုယ်ကျုပ် ဂုဏ်ပုဒ်၊ အနုမာန၊ လူသားတစ်ယောက်ရဲ့ အတ္တမရသ ရလိုက်သလို ခံစားမိမှာ။ လူသားတွေမှာ စိတ်ပိုင်းဆိုင်ရာအရ ဒီလို တံဆိပ်ကပ်ဖို့ မရှိမဖြစ် လိုအပ်နေရဲ့လား။ ဒါဆိုရင်တော့ လူသားအများကြားမှာ ရှုပ်ထွေးမှုတွေ၊ တိုက်ပွဲတွေ ပေါ်လာကြမှာ ဓမ္မတာပဲ မဟုတ်လား။

J.-Krishna-Murti1

ဒါ့ကြောင့် အမျိုးသားရေးဝါဒဟာ ပြင်ပလက္ခဏာအားဖြင့် စစ်ပွဲတွေကို ဖန်တီးနေသလို၊ အဇ္ဈတ္တလက္ခဏာအားဖြင့် သိမ်ငယ်မှု၊ ရှုပ်ထွေးမှုတွေကို ဖန်တီးပေးနေပါတယ်။ ဒါကိုသာ လူတွေ နားလည်ခဲ့ရင် အမျိုးသားရေး ဝါဒ၊ ဒီဝါဒ ဖြစ်စဉ်တစ်ခုလုံး ပျောက်ကွယ်သွားမှာပဲ။

ဒီလို နားလည်ဖို့ကလည်း အသိဉာဏ်ပညာ ဝင်လာနိုင်မှသာပဲ။ သူ့ကို ဂရုပြု လေ့လာနိုင်မှ၊ ဒီအမျိုးသားရေး ဝါဒ၊ မျိုးချစ်ဝါဒ ဆိုတာကြီးရဲ့ သဘောအားလုံးကို ထုခွဲ စစ်ဆေးနိုင်မှ ဖြစ်လိမ့်မယ်။ ဒီလို စစ်ဆေးနိုင်မယ့် အဖြစ်ကနေသာ အသိဉာဏ်ပညာ ဝင်လာနိုင်မှာ ဖြစ်ပါတယ်။ သူ့အတွက် အခြားအစားထိုး ဝါဒ တစ်ခု မလိုဘူးရယ်။ – ခင်ဗျားဟာ အမျိုးသားရေး ဝါဒ အစား ဘာသာရေး တစ်ခုခုကို အစားထိုးမယ် ဆိုပါစို့။ ဒါဆိုရင်လည်း သူဟာ ခင်ဗျားရဲ့ အရုပ်ဆိုးတဲ့ အတ္တမကို ကြီးထွားလာစေမယ့် နောက်ကိရိယာ တစ်မျိုး ဖြစ်ဦးမှာပဲ။ စိတ်ပိုင်းဆိုင်ရာ အရ တက်ကြွမှုတွေ၊ ခင်ဗျားရဲ့ ယုံကြည်ရာကို ပုံစံအမျိုးမျိုးနဲ့ အစာသွတ်နေဦးမှာပဲ။ ဒါ့ကြောင့် အစားထိုးတဲ့ ဖြစ်စဉ်တိုင်းဟာ ဘယ်လောက်ပဲ မြင့်မြတ်ပါတယ် ဆိုဆို ခင်ဗျားရဲ့ မသိမှု၊ မောဟပုံစံတစ်မျိုးသာ ဖြစ်တယ်။

ဆေးလိပ် ဖြတ်ချင်တဲ့ သူတစ်ယောက် ပီကေ ပြောင်းစားသလို၊ ကွမ်း ပြောင်းဝါးသလို အတူတူ ပဲ ဖြစ်နေလိမ့်ဦးမယ်။ ဒီနေရာမှာ ခင်ဗျားဟာ ဆေးလိပ်ရဲ့ အကျိုးအပြစ်ကို နားလည်ရင်၊ သူ့ရဲ့ အရသာ၊ သူ့ရဲ့ ဖြစ်စဉ်အားလုံးကို နားလည်သဘောပေါက်မယ် ဆိုရင် ဆေးလိပ်သောက်တဲ့ အကျင့်ဟာ အလိုလို ပျောက်ကွယ်သွားမှာပဲ။ အမျိုးသားရေးဝါဒနဲ့ သူ့ရဲ့ အဆိပ်အတောက်တွေဟာလည်း အလားတူပဲ ဖြစ်ပါတယ်။ ခင်ဗျားမှာ အသိဉာဏ်ပညာ ကိန်းအောင်း နိုင်လာမှသာ သူက ပျောက်ကွယ်သွားလိမ့်မယ်။ ဒီလိုအသိဉာဏ်ပညာ ရှိဖို့ကလည်း စာအုပ်တွေ ဖတ်ရုံနဲ့ မပြီးသေးဘူး၊ စစ်ဆေးရုံနဲ့လည်း မပြီးသေးဘူး၊ သူ့ရဲ့ အကြောင်းအကျိုး အားလုံးကို ခင်ဗျား နားလည်းသွားမှ ပြီးလိမ့်မယ်။

ဒါ့ကြောင့် ဉာဏ်ပညာ ဝင်လာရင် အစားထိုးမလိုဘူးလို့၊ အသိဉာဏ်ပညာသာ ရှိကြရင်၊ ဒီရူးသွပ် ပေါ့သွမ်း ဆိုးဝါးတဲ့ အမျိုးသားရေးဝါဒ၊ မျိုးချစ်ဝါဒဟာ အလိုလို ပျောက်ကွယ်သွားမှာပဲလို့ ကျုပ် ပြောရတာပဲ။

…………………………
J.Krishnamurti ~ the First and Last Freedom
………………………….
Jan 13rd 2015 at 7:29 PM

About zayya
Just Be. That's Enough! Shared words with Silence.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: